နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, August 23, 2010

သိက္ခာသုံးပါး...



ပဌမ သိက္ခတ္တယသုတ်၊


ရဟန်းတို့ အကျင့်'သိက္ခာ' တို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ် သုံးမျိုးတို့နည်း ဟူမူအဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့တည်း။

ရဟန်းတို့ အဓိသီလသိက္ခာ ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလ ရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤပါတိမောက္ခ သံဝရသီလကို အဓိသီလ သိက္ခာဟု ဆိုအပ်၏။

ရဟန်းတို့ အဓိစိတ္တသိက္ခာ ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့ စတုတ္ထဈာန်သို့ ရောက်၍ နေခြင်းကို အဓိစိတ္တသိက္ခာဟု ဆိုအပ်၏။

ရဟန်းတို့ အဓိပညာသိက္ခာ ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဆင်းရဲတည်း'' ဟု ဟုတ်တိုင်းမှန်စွာ သိ၏။ပ။ ''ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့ သစ္စာ လေးပါး သိခြင်းကို အဓိပညာသိက္ခာ ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့် 'သိက္ခာ' တို့သည် ဤသုံးမျိုး တို့တည်း ဟု မိန့်တော်မူ၏။ 90

၉ - ပဌမ သိက္ခတ္တယသုတ်၊ သမဏ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, August 5, 2010

သင်တို့လည်း ဤသို့ ကျင့်ရပေမည်...


စုံသလားမမေးနဲ့...
ချစ်သားရဟန်းတို့အတွက် ပြည့်စုံလှပေသော မြတ်ဗုဒ္ဓ၏ အဆုံးအမ...
ဒကာဒကာမတို့ သင်တို့လည်း ကျင့်ရပေမည်...

သည်တစ်ချီတော့ သိက္ခာဝါကြီးသူတို့ကို ဦးစားပေးရန် မလို...

Wednesday, August 4, 2010

ကိလေသာကင်းသော၊ အပြစ်မရှိသော...


အနင်္ဂဏသုတ် မှ... (ကိလေသာကင်းသော၊ အပြစ်မရှိသော)


အသျှင်မဟာမောဂ္ဂလာန်က ''ငါ့သျှင်သာရိပုတြာ ငါ့အား ဥပမာတစ်ခု ပေါ်လာပါသည်'' ဟု အသျှင်သာရိပုတြာအား လျှောက်ကြား၏။

ငါ့သျှင်မောဂ္ဂလာန် ထို့ပမာကို ဖော်ပြောပါလော့ ဟု မိန့်ဆို၏။

ငါ့သျှင် ငါသည် အခါတစ်ပါး၌ တောင်တို့ဖြင့်။ ခံရံထားသော ရာဇဂြိုဟ်ပြည်၌ နေပါသည်။ ငါ့သျှင် ငါသည် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံ ဝင်သောအခါ ယာဉ်လုပ်သမား၏သား သမီတိသည် ယာဉ်၏ အကွပ်တံကူကို ရွေနေစဉ် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းသည် အနီး၌ ရပ်တည်နေပါသည်။

ငါ့သျှင် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းအား-
''ဤယာဉ်လုပ်သမား၏သား သမီတိသည် ဤအကွပ်တံကူ၏ ဤသည့်အကွေး ဤသည့် အကောက် ဤသည့် အနာအဆာကို ရွေခဲ့ပါမူ ဤအကွပ်တံကူသည် အကွေးအကောက် အနာအဆာ ကင်းလျက် စင်ကြယ်သည် ဖြစ်၍ အနှစ်၌ တည်ရာ၏'' ဟု စိတ်အကြံ ဖြစ်ပေါ်လာ၏။

ငါ့သျှင် ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်း၏ စိတ်အကြံ အတိုင်း ယာဉ်လုပ်သမား၏သား သမီတိသည် ထိုအကွပ်တံကူ၏ ထိုသည့်အကွေး ထိုသည့်အကောက် ထိုသည့် အနာအဆာကို ရွေလေ၏။ ငါ့သျှင် ထိုအခါ ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်းသည် ''မိမိစိတ်ဖြင့် သူတစ်ပါး စိတ်ကို သိသကဲ့သို့ ရွေလေယောင်တကား'' ဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ နှစ်သက် ဝမ်းမြောက်သော စကားကို မြွက်ဆိုလေ၏။

ငါ့သျှင် ဤဥပမာအတူပင် အကြင် ပုဂ္ဂိုလ်တို့သည်...

ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန်ဘဲ အသက်မွေးမှုအတွက်သာ ရဟန်းပြုကုန်၏၊
သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသူများ မဟုတ်ကြကုန်၊

စဉ်းလဲတတ်ကုန်၏၊
လှည့်ပတ်တတ်ကုန်၏၊
လိမ်လည် ကောက်ကျစ် တတ်ကုန်၏၊
ပျံ့လွင့် ကုန်၏၊
မာန်ထောင် ကုန်၏၊
လျှပ်ပေါ်လော်လည်ကုန်၏၊
နှုတ်ထွက် ကြမ်းကုန်၏၊
ပရမ်းပတာ ပြောဆိုကုန်၏၊
ဣနြေ္ဒတံခါး ပိတ်ဆို့ မထားကုန်၊
အစားအစာ၌ အတိုင်းအရှည်ကို မသိကုန်၊
နိုးကြားမှု၌ အားမစိုက်ကုန်၊
ရဟန်းတရား၌ မငဲ့ကွက်ကုန်၊
သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားမှု မရှိကုန်၊
လာဘ်များရန်သာ ကျင့်ကုန်၏၊
အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ နာယူကုန်၏၊
ဆုတ်ယုတ်ကြောင်း၌ ရှေ့သွား ပြုကုန်၏၊
နိဗ္ဗာန် 'ဥပဓိ ဝိဝေက'၌ တာဝန်မဲ့ ဖြစ်ကြကုန်၏၊
ပျင်းရိကုန်၏၊
လုံ့လ နည်းကုန်၏၊
သတိ ကင်းကုန်၏၊
ဆင်ခြင်ဉာဏ် မရှိကြကုန်၊
မတည်ကြည် ကြကုန်၊
စိတ်လေကြ ကုန်၏၊
ပညာမဲ့ကြ ကုန်၏၊
ထိုင်းအ,သူများ ဖြစ်ကြ ကုန်၏၊

အသျှင်သာရိပုတြာသည် ဤတရား ဒေသနာတည်းဟူသော ပဲခွပ်ဖြင့် ထိုပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ)စိတ်ဖြင့် သိသကဲ့သို့ ရွေလေယောင်တကား။

အကြင် အမျိုးသားတို့သည်ကား သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ မစဉ်းလဲ တတ်ကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါး ပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက် ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေလေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ (အဆုံးအမ သာသနာတော်ကို) လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန်'ဥပဓိ ဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ ဝီရိယ ရှိကုန်၏၊ (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်နေ ကုန်၏၊ သတိရှိ ကုန်၏၊ ဆင်ခြင်Óဏ် ရှိကုန်၏၊ တည်ကြည် ကုန်၏၊ စိတ်မလေလွင့်ကုန်၊ ပညာ ရှိကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို ကြားကြကုန်၍ ''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်း သုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု (အမြိုက်အရသာကို သောက်ကုန်ဘိသကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း) နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင် တကား။

ငါ့သျှင် ဥပမာသော်ကား ငယ်ရွယ်နုပျို၍ အလှပြင်လေ့ရှိသည့် ဦးခေါင်းနှင့် တကွ ရေချိုးပြီးသော မိန်းမ၊ သို့မဟုတ် ယောက်ျားသည် ကြာပန်းကို ဖြစ်စေ၊ မိုးဆွေပန်းကို ဖြစ်စေ၊ စစ်ကြီးပန်း စံပယ်ပန်းကို ဖြစ်စေ ရခဲ့သော် လက်နှစ်ဖက်ဖြင့် ခံယူကာ ဦးခေါင်းပေါ်၌ ပန်ဆင်ရာ သကဲ့သို့ အကြင်အမျိုးသားတို့သည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြု ကြကုန်၏၊

မစဉ်းလဲကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ စိတ်မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါးပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက်ကုန်၏၊ ရဟန်း တရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ လုံ့လ ရှိကြကုန်၏၊ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ် နေကုန်၏၊ သတိ ရှိကုန်၏၊ ဆင်ခြင်ဥာဏ် ရှိကုန်၏၊ တည်ကြည်ကုန်၏၊ စိတ်မလေလွင့် ကုန်၊ ပညာရှိ ကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို နာကြားရ ကုန်၍-

''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်းသုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု အမြိုက်အရသာကို သောက်ကုန်ဘိ သကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင်တကား'' ဟု လျှောက်ကြား၏။

ဤသို့လျှင် ထိုအဂ္ဂသာဝက ရဟန္တာ အရှင်မြတ်ကြီး နှစ်ပါးတို့သည် အချင်းချင်း ကောင်းစွာ ဟောပြောသော စကားကို ဝမ်းမြောက်ကြလေ ကုန်သတည်း။ 63

၅ - အနင်္ဂဏသုတ်၊ မှ၊ မူလပရိယာယ၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆရာငါးဦးကိုပြခြင်း...



ဆရာငါးဦးကိုပြခြင်း


မောဂ္ဂလ္လာန် လောက၌ ဆရာငါးဦးတို့သည် ထင်ရှား ရှိကုန်၏၊
ငါးဦးတို့ကား အဘယ်သူတို့နည်း။

မောဂ္ဂလ္လာန် ဤလောက၌ ဆရာအချို့သည်...
စင်ကြယ်သော သီလ မရှိဘဲလျက် ''စင်ကြယ်သော သီလ ရှိ၏''၊ ''ငါ၏ သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် စင်ကြယ်သော သီလ မရှိဘဲလျက် 'စင်ကြယ်သော သီလ ရှိ၏'၊ 'ငါ၏ သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူဤဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏။ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှားလတ္တံ့'' ဟု သိကုန်၏။ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် သီလမှ စောင့်ကုန်၏။ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ သီလမှ စောင့်ခြင်းကို တောင့်တ၏။


မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာ အချို့သည် စင်ကြယ်သော အသက်မွေးခြင်း မရှိဘဲလျက် ''စင်ကြယ်သော အသက် မွေးခြင်း ရှိ၏''၊ ''ငါ၏ အသက် မွေးခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် စင်ကြယ်သော အသက် မွေးခြင်း မရှိဘဲလျက် 'စင်ကြယ်သော အသက် မွေးခြင်း ရှိ၏'၊ 'ငါ၏ အသက် မွေးခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ်သော စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏၊ အကြင်အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှားလတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် အသက် မွေးခြင်းမှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ အသက် မွေးခြင်းမှ စောင့်ခြင်းကို တောင့်တ၏။


မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာ အချို့သည် မစင်ကြယ်သော တရားဟောခြင်း ရှိလျက် ''စင်ကြယ်သော တရား ဟောခြင်း ရှိ၏''၊ ''ငါ၏ တရား ဟောခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော တရားဟောခြင်း ရှိလျက် 'စင်ကြယ်သော တရား ဟောခြင်း ရှိ၏'၊ 'ငါ၏ တရား ဟောခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏။ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် တရား ဟောခြင်းမှ စောင့်ကုန်၏။ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ တရား ဟောခြင်းမှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာအချို့သည် မစင်ကြယ်သော ပြောကြားခြင်း ရှိလျက် ''စင်ကြယ်သော ပြောကြားခြင်း ရှိ၏''၊ ''ငါ၏ ပြောကြားခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော ပြောကြားခြင်းရှိလျက် 'စင်ကြယ်သော ပြောကြားခြင်း ရှိ၏'၊ 'ငါ၏ ပြောကြားခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန် အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ ထား၏၊ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလာန် ဤသို့သော ဆရာကို တပည့်တို့သည် ပြောကြားခြင်းမှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ ပြောကြားခြင်းမှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာအချို့သည် မစင်ကြယ်သော ဉာဏ် အမြင်ရှိလျက် ''စင်ကြယ်သော ဉာဏ် အမြင် ရှိ၏''၊ ''ငါ၏ ဉာဏ် အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော ဉာဏ်အမြင် ရှိလျက် 'စင်ကြယ်သော ဉာဏ် အမြင် ရှိ၏'၊ 'ငါ၏ ဉာဏ် အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေး ပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏၊ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် ဉာဏ်အမြင်မှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ ဉာဏ်အမြင်မှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် လောက၌ ဤဆရာ ငါးဦးတို့သည် ရှိကုန်၏။
မောဂ္ဂလ္လာန် ငါမူကား စင်ကြယ်သော သီလ ရှိသောကြောင့် ''စင်ကြယ်သော သီလ ရှိ၏''၊ ''ငါ၏သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ငါ့ကိုလည်း တပည့်တို့သည် သီလမှ မစောင့်ကုန်၊ ငါသည်လည်း တပည့်တို့၏ သီလမှ စောင့်ခြင်းကို မတောင့်တ။ စင်ကြယ်သော အသက်မွေးခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော တရား ဟောခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော ပြောကြားခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော ဉာဏ်အမြင် ရှိသောကြောင့် ''စင်ကြယ်သော ဉာဏ်အမြင် ရှိ၏''၊ ''ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ငါ့ကိုလည်း တပည့်တို့သည် ဉာဏ်အမြင်မှ မစောင့်ကုန်၊ ငါသည်လည်း တပည့်တို့၏ ဉာဏ်အမြင်မှ စောင့်ခြင်းကို မတောင့်တ ဟု မိန့်တော်မူ၏။ 334

ဆရာငါးဦးကိုပြခြင်း၊ သံဃဘေဒက္ခန္ဓ၊ စူဠ၀ဂ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။