နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, October 26, 2010

ငါသည်ကား တစ်ထပ်တည်းသောဆွမ်းကိုသာစားသည်တဲ့...

ဒီအကျိုးတွေ ရမယ်တဲ့...

တစ်ခါတစ်ရံ လိုက်နာကြည့်ပါလား...

သင် ဤသို့ကျင့်ပါ...

သင် ဤသို့ကျင့်ပါ...

သူ့ကို ဘယ်လိုသဘောထားရမလဲ...

သူ့ကို ဘယ်လိုသဘောထားရမလဲ...

သံယောဇဉ် ခုနှစ်ပါး တစ်ပါးမှ မထားမိစေနဲ့...

သံယောဇဉ် ခုနှစ်ပါး တစ်ပါးမှ မထားမိစေနဲ့...

သင့်အတွက် ကောင်းကျိုးတရားများ ဖြစ်ပွားစေရန်...

သင့်အတွက် ကောင်းကျိုးတရားများ ဖြစ်ပွားစေရန်...

ဘာကြေင့် သင် ပြင်းစွာတပ်မက်ရသနည်းဆိုသော်...

ဘာကြေင့် သင် ပြင်းစွာတပ်မက်ရသနည်းဆိုသော်...

ငြင်းခုံရခြင်း၏ အခြေခံတရားများ...

ငြင်းခုံရခြင်း၏ အခြေခံတရားများ...

Monday, October 25, 2010

ဣနြေ္ဒ မစောင့်စည်းသော ရဟန်း...



ဗိဠာရသုတ်

(ကြောင်)


ရဟန်းဘ၀မှာ မပျော်မွေ့သော ရဟန်းတော်တစ်ပါးကို အကြောင်းပြု၍ ရခဲသော ရဟန်းဘ၀ကြီး မဆုံးရှုံးစေခြင်းငှာ၊ ဤဗိဠာရသုတ်တော်ကို တင်ပေးလိုက်ပါတယ်... သတိတရား လက်ကိုင်ထား၍ ရှောင်နိုင်ကြပါစေ...

ဣနြေ္ဒ မစောင့်စည်းသော ရဟန်း...

သာဝတ္ထိနိဒါန်း
ထိုအခါ ရဟန်းတစ်ပါးသည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ လှည့်လည်၏၊ ထိုရဟန်းကို ''အသျှင်သည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ မလှည့်လည်ပါလင့်'' ဟု ရဟန်းတို့ ပြောဆိုကုန်၏။ ရဟန်းတို့က ပြောဆိုအပ်သော်လည်း ထိုရဟန်းသည် မရှောင်ကြဉ်၊ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျှက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-

''အသျှင်ဘုရား ရဟန်းတစ်ပါးသည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ လှည့်လည်ပါ၏၊ ထိုရဟန်းကို 'အသျှင်သည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ မလှည့်လည်ပါလင့်'ဟု ဆိုကြပါကုန်၏၊ ရဟန်းတို့က ဆိုဆုံးမအပ်သော်လည်း ထိုရဟန်းသည် မရှောင်ကြဉ်ပါ'' ဟု လျှောက်ကုန်၏။

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား ကြောင်သည် ''ဤကြွက်ငယ်သည် အကြင်အခါ အစာရှာရန် ထွက်လာလတ္တံ့၊ ထိုအခါ ထိုထွက်လာရာ အရပ်၌ပင် ထိုကြွက်ငယ်ကို ဖမ်း၍ စားအံ့'' ဟု ကြွက်ငယ်ကို ရှာသည်ဖြစ်၍ အိမ်ခြံစပ် အညစ်အကြေးရှိရာ အမှိုက်ပုံ၌ ရပ်တည်နေ၏၊ ရဟန်းတို့ ထိုအခါ၌ ထိုကြွက်ငယ်သည် အစာရှာရန် သွား၏၊ ထိုကြွက်ငယ်ကို ကြောင်သည် ဖမ်းယူလျက် ကောင်းစွာ မစားဘဲ အဆောတလျင် မျိုချလိုက်၏၊ ထိုကြွက်ငယ်သည် ထိုကြောင်၏ အူမကို လည်းကောင်း၊ အူသိမ်ကို လည်းကောင်း ကိုက်ခဲ၏။ ထိုကြောင်သည် ထိုအကြောင်းကြောင့် သေခြင်းသို့လည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့လည်း ရောက်ရာ၏။

ရဟန်းတို့ ဤအတူသာလျှင် အချို့သော ရဟန်းတို့သည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မစောင့်စည်းသောကိုယ် မစောင့်စည်းသောနှုတ် မစောင့်စည်းသောစိတ် မထင်သော သတိ၊ မပိတ်ဆို့အပ်ကုန်သော ဣနြေ္ဒတို့ဖြင့် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းခံဝင်၏။

ထို ရဟန်းသည် ထိုရွာ၌ မလုံမလဲ ဝတ်ရုံသော မာတုဂါမကို မြင်ရသောကြောင့် တပ်စွန်းခြင်း 'ရာဂ'သည် ထို ရဟန်း၏ စိတ်ကို ဖျက်ဆီး၏၊ ထိုရဟန်းသည် တပ်စွန်းခြင်း 'ရာဂ' ဖျက်ဆီးအပ်သော စိတ်ဖြင့် သေခြင်းသို့လည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့လည်း ရောက်ရာ၏။

ရဟန်းတို့ အကြင် ရဟန်းသည် သိက္ခာချ၍ လူထွက်၏၊ ထိုရဟန်း၏ ဤလူထွက်ခြင်းသည် အရိယာ၏ အဆုံးအမ၌ သေသည်မည်၏၊ ရဟန်းတို့ ဝုဋ္ဌာနကံ သံဃာဒိသိသ်အာပတ်တို့တွင် တစ်ပါးပါးသော ညစ်နွမ်းသော အာပတ်သို့ ရောက်ခြင်းသည် သေလောက်သော ဆင်းရဲမည်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''စောင့်စည်းအပ်သောကိုယ် စောင့်စည်းအပ်သောနှုတ် စောင့်စည်းအပ်သောစိတ် ထင်သောသတိ ပိတ်ဆို့အပ်သော ဣနြေ္ဒတို့ဖြင့် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းခံဝင်ကုန်အံ့'' ဟု ဤသို့လျှင် သင်တို့ကျင့်ရမည်ဟု ဟောတော်မူ၏။ ၂၃၂

၁ဝ - ဗိဠာရသုတ်၊ ၉ - သြပမသံယုတ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, October 8, 2010

အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံ...


အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံ


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်ဆန္နသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို။ အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဆန္နသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို အဘယ့်ကြောင့် မကုစားလိုဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြ ကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြ ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေ၍- ''ရဟန်းတို့ ဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊
ရဟန်းတို့ မလျောက်ပတ်။ ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောက်ျားသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို အဘယ့်ကြောင့် မကုစားလိုဘိ သနည်း။ ရဟန်းတို့ ဤဆန္န ပြုမိသောအမှုသည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှာ လည်းကောင်း။ပ။ ကဲ့ရဲ့တော်မူပြီးနောက်။ပ။ တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-

ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် (ပြုအပ်သော) သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုလော့။
ရဟန်းတို့ ဤသို့ ပြုရမည်၊ ရှေးဦးစွာ ဆန္နရဟန်းကို စောဒနာ ရမည်၊ စောဒနာပြီးနောက် အောက်မေ့စေရမည်၊ အောက်မေ့ စေပြီးနောက် အာပတ်သို့ တင်ရမည်၊ အာပတ်သို့ တင်ပြီးနောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို၊ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြု၏၊ ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်းမရှိသော ဥက္ခေပနီယကံ ပြုလုပ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောကြားပါ၏။ ပ ။
သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောကြားပါ၏။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို၊ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြု၏၊ ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံ ပြုလုပ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်'' ဟု သိစေရမည်။


ယခုခေတ် အာပတ်သင့်သောရဟန်းများကိုလည်း တွေ့ဖူးပါ၏... ဒေသနာမကြားသောသူများကိုလည်းတွေ့ဖူးပါ၏... သို့သော် အာပတ်ကို မကုစားသောရဟန်းအား ဥက္ခေပနီယကံ ပြုခြင်းမျိုး မတွေ့ဖူးသေးပါ... ကံပြုခဲ့ပါလျှင်လည်း ကံပြုခံရသောရဟန်းသည် အရေးလုပ်မည် မထင်တော့ပါပေ... အမုန်းခံရဖို့ အလားအလာသာ ရှိပေသည်... ဤသည်ကား မိမိအထင်သာ...


ရဟန်းတို့ ''ဆန္နရဟန်းကို အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုအပ်ပြီ'' ဟု ကျောင်းတိုက် အဆက်ဆက်သို့လည်း ပြောကြား ကုန်လော့ဟု မိန့်တော်မူ၏။ 56

၆ - အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံ၊
ကမက္ခန္ဓက၊ စူဠ၀ဂ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သံဃာပိုင် ပစ္စည်း မစွန့်ထိုက်...


သံဃာပိုင် ပစ္စည်း မစွန့်ထိုက်...


ရဟန်းတို့ ...


ဤမစွန့်ထိုက်သော ဘဏ္ဍာပစ္စည်း ငါးမျိုးတို့ကို သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်ကုန်၊ စွန့်သော်လည်း စွန့်ရာ မရောက်ကုန်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



ငါးမျိုးသော ဘဏ္ဍာတို့ကား အဘယ်တို့နည်း။



၁။ 'အရံ အရံရာ' ဤကား မစွန့်ထိုက်သော ပဌမဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၂။ 'ကျောင်း ကျောင်းရာ' ဤကား မစွန့်ထိုက်သော ဒုတိယ ဘဏ္ဍာအစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၃။ 'ညောင်စောင်း အင်းပျဉ် ဘုံလျှို 'ဖုံ' ခေါင်းအုံး' ဤကား မစွန့်ထိုက်သော တတိယဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၎။ 'ကြေးအိုးကြီး ကြေးအိုး စရည်း ကြေးအင်တွဲ ကြေးဖျဉ်း ပဲခွပ် ပုဆိန် ဓားမ ပေါက်တူး ဆောက်' ဤကား မစွန့်ထိုက်သော စတုတ္ထဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၅။ 'နွယ် ဝါး ဖြူဆံမြက် ပြိတ်မြက် မြက် မြေညက် သစ်ဘဏ္ဍာ မြေဘဏ္ဍာ' ဤကား မစွန့်ထိုက်သော ပဉ္စမဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



ရဟန်းတို့ ဤငါးမျိုးသော ဘဏ္ဍာတို့ကို မစွန့်ထိုက်ကုန်၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏ ဟု မိန့်တော်မူ၏။



၃ - တတိယအခန်း၊ သေနာသနက္ခန္ဓက၊ စူဠ၀ဂ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။