နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, December 31, 2011

ကျဆုံးလေသူအတွက်


ပြောရင်းဆိုရင်း ရှေ့တန်းတိုက်ပွဲ တစ်နေရာမှာ ညီလေးကျဆုံးရလေပြီ... 
ညီလေးအတွက် ဖြစ်မဲ့ဘေးတွေ သိနေရက်နဲ့ 
အကိုကြီးတို့ မကာကွယ်လိုက်နိုင်တာ စိတ်မကောင်းပါဘူးကွာ... 

ဘာဘဲဖြစ်ဖြစ် ရောက်ရာဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါညီလေး... 
အဖေ့အဆုံးအမတွေက နေရာတကာမှာ အသုံးချရင်ရပါတယ်... 
 
သာသနာတော်မှ ကျဆုံးသွားပြီဖြစ်တဲ့ညီလေးရဲ့ 


Tuesday, December 27, 2011

ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...


မနက်က ဆွမ်းလာကပ်ရင်းနဲ့ ပြောဖြစ်ကြတာလေးပါ...
ယူတုန်းကတော့ ကြိုက်လို့ယူကြ အတွေးအခေါ်မတူတော့ စိတ်ဆင်းရဲကြနဲ့...
တော်ကြားပေါင်းမယ် တော်ကြာကွဲမယ်...

ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...
ဟီးးး မဆုံချင်တော့ပါဘူးဘုရား...

ဒကာကြီး နောင်ဘဝမှာ မပေါင်းချင်တော့ဘူးဆို လွယ်လွယ်လေးပဲ...
အတွဲလေးမျိုး ဘုရားဟောထားတာရှိတယ်...

ဒကာကြီးက နောင်ဘဝ မတွေ့ချင်တော့ဘူးဆိုရင်
သူအမြဲလုပ်နေတဲ့ ကုသိုလ်တွေကို အတူတူမလုပ်နဲ့တော့...
ဒကာမကြီးက ကုသိုလ်ကောင်းမှုလုပ်တာများတော့ သူကနတ်ပြည်သွား...
ဒီတော့ ဒကာကြီးက မတွေ့ချင်ဘူးဆိုရင်တော့ အပါယ်သွားပေါ့...
ဒါတော့ မဖြစ်ဘူးဘုရား သူ့သွားခိုင်းရမယ်...
အော်... ချစ်တာချစ်တာ သံယောဇဉ်တွေ ရှိတုန်းကလည်းလွန်လွန်ကဲကဲ...
ပါးသွားပြီဆိုတော့လည်း ဖွဲနဲ့ဆန်ကွဲ တန်ဖိုးမထား မမြင်ကြတော့ဘူး...

အရှင်ဘုရား လေးမျိုးဆိုတာ ပြောပြပါဦးဘုရား...

ဒီလိုဒကာကြီးရဲ့...
ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေကို သဒ္ဓါတရားတူမျှစွာ အတူပြုကြရင်...
နတ်သမီးနတ်သားစုံတွဲတဲ့...
ဒီဘဝလည်းကောင်း သံသရာမှာလည်း အတူတူပျော်ပျော်ပါးပါးပေါ့...

ဒီဘဝမှာ အမျိုးသားကကုသိုလ်တွေပြု အမျိုးသမီးကမပြုဘူးဆိုရင်တော့...
အမျိုးသားကနတ်သားနဲ့တူ အမျိုးသမီးကငရဲသူတဲ့...
ဒီဘဝမှာလည်း အဆင်မပြေ နောင်ဘဝကျရင်လည်း မတွေ့ရတော့ဘူးပေါ့...

ဒီဘဝမှာ အမျိုးသားကကုသိုလ်မပြု အမျိုးသမီးကကုသိုလ်တွေပြုဆိုရင်တော့...
အမျိုးသားကငရဲသားနဲ့တူ အမျိုးသမီးကနတ်သမီးနဲ့တူတယ်တဲ့...
အသွင်မတူတော့အဆင်မပြေ နောင်ဘဝကျရင်လည်း မတွေ့နိုင်တော့ပါဘူး...

ဒီဘဝမှာ နှစ်ဦးလုံး အကုသိုလ်တွေ အတူတူပြုကြရင်တော့...
ငရဲသူ ငရဲသားစုံတွဲတဲ့...
နောင်ဘဝ ငရဲဘုံမှာ တူတူတွေ့ဆုံကြပြီး ပင်ပန်းကြတော့မှာပေါ့...

ဒီတော့ တွေ့လည်းမတွေ့ချင် အပါယ်လည်းမသွားချင် ဘယ်လိုလုပ်မလဲ...

ဘုန်းကြီးတို့ ၃၁-ဘုံကို ခြုံလိုက်ရင် သုနဲ့ဒုဆိုပြီး...
သုဆိုတာ သုဂတိ ကောင်းသောဘုံ...
ဒုဆိုတာ ဒုဂ္ဂတိ မကောင်းသောဘုံဆိုပြီး နှစ်မျိုးခွဲလိုက်ရင်...
သုဂတိဘုံမှာ လူ-၁ နတ်-၆ ဗြဟ္မာ-၂ဝ ပေါင်း၂၇-ဘုံ ရှိပါတယ်...
ဒုဂ္ဂတိဘုံခေါ်တာကတော့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်-၄ ဘုံပေါ့...

ကိုယ်ကအပါယ်မသွားချင်ဘူးဆိုရင် ကောင်းမှုကုသိုလ်ပဲ ပြုရတော့မယ်...
ဒီဘဝမှာက လင်ရယ်မယားရယ်ဖြစ်နေတော့ အကြောင်းအမျိုးမျိုးနဲ့
ကုသိုလ်တွေက အတူတူ ပြုနေကြရဦးမှာ...
ကိုယ်က သူ့ထက်ပိုပြီး ကုသိုလ်တွေပြုနိုင်မယ် တရားတွေ ကျင့်နိုင်မယ်ဆိုရင်တော့
သူနဲ့မတွေ့နိုင်တဲ့ မတူညီသော သုဂတိဘုံကို ဒကာကြီးရောက်နိုင်ပါတယ်...

ဥပမာ...
သူက ဒါနကုသိုလ် သီလကုသိုလ်ပဲရှိတယ်ထားလိုက်...
ကိုယ်က ဈာန်ကုသိုလ် အဘိညာဏ်ရအောင်လုပ် ဒါဆို သူနဲ့မတွေ့နိုင်တော့ပါဘူး...
ဟိုရောက်မှ တွေ့ချင်သေးတယ်ဆိုပြီး
အဘိညာဏ်နဲ့ ခဏခဏ ခြောင်းကြည့်မနေနဲ့တော့ပေါ့လေ...

နောက်တစ်ခုက ဒီလိုရှိပါသေးတယ်ဒကာကြီးရယ်...
ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဘဝတွေကို ပြန်ကြည့်ရင်...
ဘုရားအလောင်းတော်နဲ့ ယသောဓရာအလောင်း ဘဝမျိုးစုံ တွေ့ဆုံကြရတာပါ...
သူကနိမ့်လိုက် ကိုယ်ကနိမ့်ကျလိုက်နဲ့ပေါ့...
တစ်ချို့ဘဝတွေမှာ မတွေ့ချင် မမြင်ချင် ငြင်းခုံ ရန်ဖြစ်မှုတွေ ရှိခဲ့ကြတာပါပဲ...
ဘဝမျိုးစုံ ခန္တီတရား ကရုဏာတရား မေတ္တာတရားတွေ ဖြည့်ခဲ့ကြရပါတယ်...

ဒကာကြီးထက် သူကနိမ့်နေရင် ကရုဏာ မေတ္တာ ခန္တီ တရားတွေနဲ့နေပါ...
ဒကာကြီးထက် သူကမြင့်သွားရင် မုဒိတာ မေတ္တာ ခန္တီ တရားတွေနဲ့နေပေါ့...
ဒီလိုနေသွားနိုင်ရင် ဒီဘဝကော နောင်တမလွန်ပါ ကောင်းသွားမှာပါ...

သူပြင်တာကို ကိုယ်ကမစောင့်ပါနဲ့...
ကိုယ်ကပြင်လိုက်ပါ...
နှစ်ဦးလုံးအတွက် အကျိုးကြီးပါတယ်...

လင်ခန်းမယားခန်း အိမ်ထောင်ရေးမို့ ပေါင်းပါလို့ မပြောလိုပေမဲ့
သူတော်ကောင်းတရားတွေ ကျင့်ကြပါလို့ ပြောချင်ပါတယ်...

မိသားစု ဥမကွဲ သိုက်မပျက် ပျော်ရွင်ချမ်းမြေ့ကြပါစေ...
လိမ်လိမ်မာမာနေ...

ဦးလောကနာထ
၁၂.၂၆.၂ဝ၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, December 23, 2011

လောကဓံတရားတွေ ကောင်းမွေဆိုးမွေ ကိုယ်ပြုခဲ့ပေ...


ငယ်ငယ်ကဆိုရင် အိမ်နားမှာ တွေ့ကရာအပင် အဖျားထိတက်နေကြပဲ ...
ယောက်ကျားလေးအတော်များများ ကလေးဘဝက သစ်ပင်တက်ဖူးကြလိမ့်မယ်...
တစ်ချို့ ကလေးမတွေလည်း အကိုတွေနဲ့ရောပြီး တက်ဖူးကြမှာပါ...
ကလေးတို့ဘာဝ အတော်ပျော်စရာကောင်းပါတယ်...
သစ်ပင်ပေါ် စတက်ခါစတော့ နိမ့်နိမ့်လေးပေါ့...
အနိမ့်လေးတက်တတ်တာကိုဘဲ အချင်းချင်း လက်ခုတ်တီးကြ မြှောက်ပေးကြနဲ့...
တက်လိုက် ဘေးပတ်ဝန်းကျင်ကြည့်လိုက် အရသာအသစ်လေးခံစား ဆက်တက်...
စကားပြောလိုက် အော်လိုက် သီချင်းလေးဆိုလိုက်နဲ့ ပျော်စရာပါ...

ဒီလိုနဲ့ ကျင့်သားရလာတော့ စိတ်ကလည်းရဲလာပြီ ထိပ်ဖျားထိတက်ကြတာပေါ့...
အမြင့်ရောက်လေ ရှုခင်းကကြည့်လို့ကောင်း ပတ်ဝန်းကျင်ကလည်းအားပေး...
ထိပ်ဖျားထိတက်နိုင်တာ... ငါကွ...
အားရပါးရအော်ကြည့်တယ် အသံက အဝေးကြီးထိရောက်တယ်...
ပဲ့တင်သံလေးနဲ့ မိမိအသံကို အဝေးကလူတွေကလည်း ကြားရပြီ...
လက်ခုတ်တီးပြီး အားပေးတဲ့သူတွေက အားပေးကြနဲ့ပေါ့...

ဒါဘေမဲ့ အမြင့်ရောက်လေ လေတိုက်ခံရလေ...
အဖျားရောက်လေ သစ်ပင်က ခါချလေပါပဲ...
မိမိကထိပ်ဖျားရောက်လို့ ပါတ်ဝန်းကျင်ကို မြင်ရသလိုပဲ...
အနီးအဝေးက လူတွေကလည်း မိမိကိုမြင်လာပြီ...
ဒီလုပ်ရပ်ကို သဘောကျတဲ့သူရှိတယ် သဘောမကျတဲ့သူရှိတယ်...
မှန်တယ်ထင်သူရှိမယ် မှားတယ်ထင်တဲ့သူရှိမယ်...
သူတို့ဘယ်လိုပဲထင်ထင် သစ်ပင်ပေါ်ကလူ ခြေမချော်နဲ့ မမှားနဲ့...
မိမိ ခြေချော်လက်ချော်လို့ မှားရင်တော့ အောက်ကိုကျမယ်...
ခပ်မြင့်မြင့်ကကျလေ အထိနာလေ ဖြစ်ဖို့များပါတယ်...
အခန့်မသင့်ရင် ခြေကျိုးလက်ကျိုးနဲ့ အသက်သေသည်ထိ ဖြစ်သွားနိုင်တယ်...

...ကောင်းဆိုးအမွေ လောကဓံတရားတွေ...

ဘုန်းကြီးတို့တွေ ရဟန်းဖြစ်လာပြီးတဲ့နောက် ရဟန်းအလုပ်ကိုလုပ်ကြရတော့မယ်...
ရဟန်းသမဏတို့ရဲ့အလုပ်က ဓူရနှစ်ဖြာဆိုတဲ့ ပရိယတ်နဲ့ ပဋိပတ်...
သင်ကြမယ် ကျင့်ကြမယ်ပေါ့...
သင်ကြမယ်ဆိုတာက မိမိက သူတစ်ပါးဆီမှသင် သူတစ်ပါးကို မိမိကသင်...
မိမိက သင်ယူတာသော် လည်းကောင်း
သူတစ်ပါးကို သင်ပေးတာသော် လည်းကောင်း မှားပြီဆိုရင်တော့...
မိမိအတွက်လည်းမကောင်း အများနဲ့သာသနာအတွက်လည်း မကောင်းတော့ဘူး...

မြတ်ဗုဒ္ဓသာသနာ နှစ်ပေါင်းနှစ်ထောင်ကျော်အတွင်းမှာ
ဘုရားရှင်ရှိကတည်းက အယူမှားသူ အပြောမှားခဲ့ကြသူတွေ မနည်းပါဘူး...
ဘုရားရှင်ကိုယ်တော်တိုင်လည်း အယူမှား အပြောမှားတွေကို ဖြေရှင်းခဲ့ရတယ်...
ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးတော့လည်း သူတော်ကောင်းတွေ ခေတ်အဆက်ဆက်
ထိမ်းသိမ်းစောင့်ရှောက်လာခဲ့တာ ခုဆို သင်္ဂါယနာ ခြောက်ကြိမ်ရှိသွားပါပြီ...
ခြောက်ကြိမ်ရှိတော့ ပြီးပလားဆို အယူမှားမှုတွေကတော့ လာနေတုန်းပါပဲ...
ဆရာတော်တို့ နိုင်နိုင်နင်းနင်းထိမ်းနိုင်သေးတော့ တော်သေးတယ်ပြောရမှာပါ...

ခုနောက်ပိုင်းမှာဆိုရင် ဦးဉာဏရဲ့ ပစ္စုပ္ပန်ကမ္မဝါဒ
မိုးညှင်းမြို့ ဦးခေမိန္ဒတို့ မြစ်ကြီးနား ဦးဝိစိတ္တသာရာဘိဝံသတို့...ရဲ့
အဓမ္မဝါဒ အယူမှားမှုများကို သံဃာ့မဟာနာယကမှ ဖေါ်ထုတ်ခဲ့ကြပြီ...

အပြစ်ပေးခံ ဆရာတော်တွေ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ကြမှာ အမှန်ပါပဲ...
သည့်အတွက် စိတ်မကောင်းပါဘူး...
ဒါပေမဲ့ သာသနာအတွက်ကောင်းတယ်...ဝမ်းသာမိတယ်...
အယူမှားတွေကို ဖေါ်ထုတ်နိုင်မှသာ သာသနာအဓွန့်ရှည်မှာပါ...
အဓမ္မဝါဒဖေါ်ထုတ်ခြင်းသည် သူတစ်ပါးကိုဖျက်ဆီးတာ မဟုတ်ပါဘူး...
ထေရဝါဒ ဗုဒ္ဓသာသနာကို ကာကွယ်ရုံပါ...
ဝိနိစ္ဆယဆရာတော်များဟာ ဒီဘုန်းကြီးတွေ ပျက်စီးပါစေဆိုတဲ့စိတ် မရှိနိုင်ပါဘူး...

ဆရာတော်တစ်ပါးပြောသံ ကြားဘူးခဲ့တယ်...
ငါ့ကိုမှားတယ်ပြောရင် ငါ့နောက်မှာ မှားနေတာတွေ အများကြီးတဲ့...
ခုထပ်ကြားလာရပြန်ပြီ ဓမ္မစေတီ...
ဆရာတော် ဦးကောသလ္လတရားတွေလည်း မှားတယ်ဆိုပြီး ကြားလာရတယ်...
ပြီးတော့ ဆူနာမီဆရာတော်...
နောက် မထင်မှတ်ဘဲ မေတ္တာရှင် အရှင်ဇဝန မှားပြန်ပြီတဲ့
လက်မှတ်တောင်ထိုးလိုက်ရတယ်ဆိုပြီး တွေ့ရပါတယ်...ဒီမှာ.../
ခုနောက်ဆုံးကြားရတာကတော့ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ...ဒီမှာ.../ ဒီမှာ.../

ဆရာတော်တွေဟာ တရားဟောကောင်းတဲ့သူတွေအမှန်ပါ ကောင်းတာတွေရှိပေမဲ့...
မှားတာတွေ ပါလာပြန်တော့ ပြင်ကြရမှာပါဘဲ...ပြင်နိုင်ကြပါစေ
နီးစပ်ရာရာ ကြည်ညိုသူ ဒကာဒကာမတွေကလည်း အမှန်တွေကိုအမှန်အတိုင်း...
အမှားကိုအမှားအနေနဲ့ လက်ခံနိုင်ကြရမယ် ဒါမှ သာသနာတည်မယ်...
အကောင်းတွေ ဘယ်လောက်များများ အမှားဆိုရင်တော့ ပြင်ကြရမှာပါဘဲ...
ဒါမှ မိမိနဲ့အများအတွက် သာသနာပါ အကျိုးရှိမယ်...
ငါ့်ဆရာငါ့ဒကာမို့ အမှန်ဆိုရင်တော့ ကြာလေလွဲလေ လွဲကြတော့မယ်...
အမှားတွေများလို့ အမှန်ထင် ကြာလာရင်တော့
ဘုန်းကြီးတို့ ထေရဝါဒသာသနာ လုံးပါးပါးသွားနိုင်ပါတယ်...
ထေရဝါဒသာသနာကွယ်ရင်တော့ အရည်းကြီးတွေ ခေတ်စားလာတော့မယ်...

တစ်ချို့ဆရာတော်များက စာတတ်ပေမဲ့ အယူအဆလေးတွေလွဲကြတယ်...
တစ်ချို့ဆရာတော်များကတော့ စာသေချာမသင်ကြရဘူး...
လေ့လာရင်းကျင့်ရင်းနဲ့ အပြောကောင်းတော့ နာမည်ရလာကြပါတယ်...
ဒီတော့ ပင်မြင့်ဖျားမှာ ပျော်စရာပါ...
ဒါပေမဲ့ အဖျားရောက်တော့ လေကတိုက်တယ် ခြေမခိုင်လက်မခိုင်ရင်တော့...
ပင်ပန်းဆင်းရဲကြရမယ်...

အမှားတွေပြင် အမှန်ရောက်ဖို့ ရဟန်းဝတ်ကြတာမို့
ဘာကြောင့်ဘဲမှားမှား မှားရင် ပြင်ကြရမှာပါဘဲ...

ဆရာတော်ဘုရားများ စိတ်ချမ်းသာကြပါစေ...
အမှန်ကိုမြင်လို့ အမှားတွေ ပြင်နိုင်ကြပါစေ...
ထေရဝါဒသာသနာ အရှည်တည်ပါစေ...
အမှန်တရားများဖေါ်ထုတ်ကြတဲ့ ဆရာတော်တွေ ဘေးကင်းကြပါစေ...

ဦးလောကနာထ
၁၂.၂၃.၂ဝ၁၁






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, December 22, 2011

အပါယ်ငရဲကို ရောက်ဖူးခဲ့တာ သူ့ကြောင့်ပါ...




 

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, December 19, 2011

မြင်ရခဲ ကြားရခဲ့သည်...





မြန်မာပြည်မှာတော့ ဆွမ်းခံကြွရင်း ခဏခဏကြားရတဲ့အသံလေးတွေပါ...
ဒီမှာရောက်တော့ ဒီအသံမျိုး မကြားရတော့ပါဘူး...
ဒီတိုင်းပြည် ရေမြေရာသီ အခြေအနေအရ ဆွမ်းခံထွက်တာကလည်း မရှိ...
ဒကာဒကာမများက ကျောင်းမှာပဲ လာကပ်ကြတယ်...
ခု နေရာသစ်မှာတော့ ဆွမ်းခံထွက်ဖြစ်တာ တစ်နှစ်ကျော်သွားပါပြီ...

ရပ်တော်မူပါဦးဘုရား...ဒီအသံ...
မြန်မာပြည်မှာ ဆွမ်းခံရင်း ရပ်တော်မူပါဦးဘုရားဆို ရပ်ပေးလိုက်တာပါပဲ...
သူတို့ လှူစရာရှိတာလှူ ပြီးရင် မေတ္တာပို့ရင်း ဆက်ကြွသွား...
သိပ်ပြီး ထူးခြားတဲ့ခံစားချက် မရှိပါဘူး...
ဒီနေ့တော့ ထူးထူးခြားခြား ကြားရခဲတဲ့အသံ ကြားရတာက...
ရပ်တော်မူပါဦးဘုရား တဲ့...
ဒီအသံကြားတဲ့အခါ ဟိုး မြန်မာပြည်ကို သတိရတယ်...

---------------------------------

ဒီကလူတွေ ဘုန်းကြီးတွေနဲ့ စကားပြောတဲ့အခါ အဆီအငေါ်မတဲ့တာများတယ်...
ဆွမ်းလာကပ်တဲ့သူတွေထဲက ဆွမ်းပြင်ပြီးရင် ပြောကြတာက...
အရှင်ဘုရား ဆွမ်းဘုဉ်းပေးရန် အဆင့်သင့်ဖြစ်ပါပြီ... ဆိုတဲ့
မှန်မှန်ကန်ကန် အပြောမျိုးက ခပ်ရှားရှား ကြားရမယ်...
အရှင်ဘုရားပြီးပြီ...
ရပြီဘုရား...
ဆွမ်းစားလို့ရပြီ...
ပြင်ပြီးပြီဘုရား...
တစ်ချို့ကဆို အရှင်ဘုရား စားရအောင်...တဲ့...
ကြုံရင် ကြုံသလိုသင်ပေးလို့ သိတဲ့သူလည်း သိသွားလို့ ပြင်ကြပါပြီ...
တစ်ချို့လည်း ယခင်အတိုင်းပါပဲ...
မပြောတတ်ကြလို့ တစ်ချို့ကတော့ ဘုန်းကြီးတွေကို ရှောင်ကြပြန်တယ်...
အမှန်ကတော့ ရှောင်ရမှာမဟုတ်ပါဘူး လေ့လာပြီးသင်သွားပြင်သွားရင် ခဏပါ...

---------------------------------

အပြန်လမ်းမှာ တရုတ်ဒကာမကြီးတစ်ယောက်က ရပ်ပြီးလက်အုပ်ချီပြန်တယ်...
ဒါလည်း တွေ့ရခဲတာဘဲ...
ဘုန်းကြီးကို တစ်ချို့က အမြင်ဆန်းလို့ကြည့်ကြတယ်...
တွေ့ပါ မြင်ပါများလို့ အာရှကလူတွေ လမ်းတွေ့ရင် လက်အုပ်ချီလာကြပြီ...သာဓု
ဒါကတော့ တစ်ချို့ပေါ့...
တစ်ချို့ကတော့ လက်မြှောက်ပြနှုတ်ဆက်ရုံ ဒါမျိုးလည်း တွေ့ရပါတယ်...
ဘာဘဲဖြစ်ဖြစ် ဒီမှာဆွမ်းခံစားခွင့်ရတာ ဝမ်းသာစရာပါဘဲ...
ဆန်ဖရန်မှာ ထေရဝါဒဘုန်းကြီး သင်္ကန်းရုံပြီး ဆွမ်းခံခဲ့တဲ့ ပုံရိပ်တစ်ခုပေါ့...

---------------------------------

ဟိုးမှာ လှမ်းမြင်လိုက်ရတာကတော့...
လူတစ်ယောက် အိမ်အပေါ်ထပ် ပြူတင်းပေါက်ကနေ ဖိနပ်တိုက်နေတဲ့ပုံ...
ပြူတင်းပေါက်အပြင်ဘက် ဖိနပ်ကိုထုတ်ပြီး တိုက်နေတာပါ...
အမှုံအမွှားတွေ ငါ့အိမ်ထဲမကျနဲ့ လမ်းပေါ်ကျဆိုတဲ့သဘောဖြစ်သွားတယ်...
အောက်မှာက လူတွေ ဖြတ်သွားမဲ့လမ်း...
ဒါလေးမြင်ပြီးတဲ့နောက်...
ဘယ်သူကျင့်ကျင့် မကျင့်ကျင့် ကိုယ်ကျင့်ရမဲ့ ကိုယ်ကျင့်တရားပါလား...
ငါ့ကြောင့် သူတစ်ပါး မထိခိုက်မနစ်နာအောင်နေတော့မယ်လို့ စိတ်ထဲဖြစ်မိတယ်...
သတိရမိလိုက်တာ နောက်တစ်ခုကတော့...
လွတ်လပ်ရေးရပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးမလှမ်းနဲ့ဆိုတာကို သတိရမိတယ်...
ဒီမိုကရေစီဆိုတာ ဒါမျိုးမဟုတ်ဖူးထင်တာပဲ...

---------------------------------

ကျောင်းရောက်လို့ ဒကာတစ်ယောက်နဲ့ ပြောဖြစ်တဲ့စကားက...
မဟာယာနဘုန်းတော်ကြီး ဒလိုင်းလားမားကို မြန်မာပြည်ခေါ်ပြီး
ထေရဝါဒဘုန်းကြီးဖြစ်အောင် လုပ်နိုင်မယ်ဆိုရင် သိပ်ကောင်းမယ်လို့...
တကယ်ဝမ်းသာစရာသတင်း ဖြစ်သွားမှာပါဘဲ...
သူ့ကိုသာ ထေရဝါဒဘုန်းကြီးဖြစ်အောင်လုပ်လိုက်ရင် ထေရဝါဒကမ္ဘာကျော်သွားမယ်...
သူတို့အတွက်လည်း အကျိုးကြီးမယ် ထင်ပါတယ်...
တစ်ချိန်က အိန္ဒိယမှာ လူတစ်ယောက်ကို သာသနာပြုနိုင်ခဲ့လို့
လူပေါင်း သိန်းချီပြီး ဗုဒ္ဓဘာသာဝင်ပွဲတွေ ဖြစ်ခဲ့ဖူးတယ်မဟုတ်လား...
ခုလည်း မဖြစ်ဖူး မပြောနိုင်ဘူးလေ...
စွမ်းရည်ရှိတဲ့ဆရာတော်တွေ သာသနာပြုနိုင်ကြပါစေ...

---------------------------------

ဒီစာရေးနေရင် ဒကာမကြီးတစ်ဦး ဖုံးဆက်လာတယ်...
ပြောစရာရှိတာ ပြောဆိုပြီးသည်နောက်...
မိသားစု စိတ်ချမ်းသာကြပါစေ ဒုက္ခဆင်းရဲကင်းဝေးကြပါစေလို့ပြောလိုက်တော့...
ဒကာမကြီးက အရှင်ဘုရားလည်း ကျန်းမာပါစေတဲ့...
သိပ်ကောင်းတဲ့ တုန့်ပြန်မှု... သာဓု... သာဓု... သာဓု...

သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၂.၁၉.၂ဝ၁၁




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, December 16, 2011

ဘုန်းကြီးတွေကို အသုံးချမယ်...

၁၂.၁၅.၂ဝ၁၁ 


ဘယ်လိုအသုံးချမှာလဲ...

တိန်တောင်...တိန်တောင်...တိန်တောင်...ဒါကတယ်လီဖုံးမည်သံပါ...
လောကနာထကျောင်းက ဘုန်းကြီးစကားပြောနေပါတယ် ပြောနိုင်ပါပြီ...
အရှင်ဘုရားလား... ဟုတ်ပါတယ်ဒကာမကြီး...
တပည့်တော်မ မွေးနေ့မှာ ဆွမ်းကပ်ချင်လို့ပါ...
အရှင်ဘုရား မှတ်မိလားတော့မသိဘူး မနှစ်ကလည်း ကပ်ဖူးပါတယ်...
ဒီလထဲမှာပဲ တပည့်တော်တို့ အိမ်ကိုပင့်ပြီး ဆွမ်းကပ်ခဲ့တာပါ...

သူက တစ်နှစ်တစ်ခါ သာရေးအတွက် ဘုန်းကြီးကို သုံးတဲ့သူ...

တီးတော်... .. ...လူခေါ်ဘဲလ်အသံကြားလို့ တံခါးသွားဖွင့်ပေးလိုက်တော့...
လူနှစ်ယောက် မျက်နှာကတော့ သိပ်မကောင်း...
လာ ဒကာကြီးဆိုပြီး ကျောင်းထဲခေါ်လာ ထိုင်ကြပြီးနောက် စကားပြောဖြစ်တယ်...
ငါတို့ ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူး...
ရပါတယ် အဆင်ပြေသလို ပြောတတ်သလိုသာပြောပါ ဆိုတော့...
ကလေးဘက် မေးငေါ့ပြပြီး သူ့အမေသေလို့ ဘုန်းကြီးကိုလာခေါ်တာလေ တဲ့...
တစ်ခါမှ မတွေ့ဘူးလို့ ဘယ်မှာနေလဲမေးကြည့်တော့...
ကျောင်းနဲ့တော့ သိပ်မဝေးဘူး ဘုရားနဲ့ဝေးတော့ ကျောင်းမရောက်သူ...

သူတို့ကတော့ လူသေ နာရေးကြမှ ဘုန်းကြီးကို သတိတရသုံးတဲ့သူ...

ဘုန်းဘုန်းဘုရား မီးမီးရဲ့လက္ခဏာလေးကြည့်ပြီး ဟောပေးပါဦး...
အလုပ်ပြုတ်တာ သုံးလရှိပြီ...
မနက်ဖြန် အင်တာဗြူးသွားရမှာမို့ပါ ပြီးရင် အဆောင်လေးကောနော် ဘုန်းဘုန်း...

သူကတော့ ဗေဒင်ဆရာနေရာမှာထားပြီး ဘုန်းကြီးတွေကို သုံးချင်တဲ့သူ...

အရှင်ဘုရား ညနေ ကျောင်းမှာရှိမှာလားဘုရား တပည့်တော်တို့ လာချင်လို့ပါ...
ရှိပါတယ်ဒကာမကြီး အလာကျဲကျဲနဲ့ ဘာကိစ္စအထူး ရှိပါသလဲ...
မှန်ပါ့ဘုရား တပည့်တော်သူငယ်ချင်း သူ့ကျန်းမာရေးမကောင်းလို့တဲ့...
အဲဒါ သူ့သူငယ်ချင်းက အိမ်မှာရှိတဲ့မြဘုရားက ခိုက်တယ်ဆိုလို့...
ကျောင်းကို ဘုရားလာလှူမလို့ပါဘုရား...
သူငယ်ချင်းနှယ်ညံ့လိုက်တာ စိန်လက်စွပ်က ခိုက်တယ်ပြောလိုက်ပြီးတာပဲ...
အရှင်ဘုရားကတော့လုပ်ပြီ... ညနေမှာလာမယ်ဘုရား...

သူတို့ကလည်း အသိမကြွယ်တော့ တစ်မျိုး...
ကြည့်စမ်း ဘုရားခိုက်တယ်တဲ့ ခိုက်တဲ့ဘုရား ဘုန်းကြီးထံသွား...
ဘုန်းကြီးဘာဖြစ်ဖြစ်ပေါ့...

အရှင်ဘုရားလုပ်ပါဦး တပည့်တော်ဗိုက်အောင့်လာလို့ပါ...
ဘာဆေးရှိလဲဘုရား စွန့်ပါဦး လုပ်ပါဦး...

သူကတော့ အရေးပေါ် ဘုန်းကြီးကို ဆေးဆရာလုပ်ခိုင်းသူ...

ဟိုလိုဒီလို နည်းမျိုးစုံနဲ့ ဘုန်းကြီးတွေကို အသုံးချကြတယ်...

Sunday, December 11, 2011

သေသူအတွက် ရည်မှန်းကုသိုလ်...


၁၂.၁ဝ.၂ဝ၁၁


အသုဘဆွမ်း...



ကျန်ရစ်သူများက တာဝန်ကျေအောင်
သေဆုံးလေသူ ကျေးဇူးရှင်အတွက် ကျေးဇူးဆပ်တဲ့ပွဲ...
ဘုန်းကြီးကိုတော့ ဆွမ်း...
လူတွေအတွက်ကတော့ မြန်မာမုန့်ဟင်းခါး...

သီလပေး တရားနာ အမျှဝေ...ဆွမ်းကပ်...

အမျှဝေခြင်းအလုပ်ဆိုတာက ကိုယ့်ရှိတာကို မျှဝေရတာပါ...
ဒီတော့ ဒါနပြု သီလဆောက်တည် တရားနာ ဘာဝနာပွား အမျှဝေ...
ဒီလိုလာကြရမှာ...
ခုတော့ အခြေအနေအရ ဆွမ်းကပ်တဲ့ဒါနက နောက်ဆုံးဖြစ်သွားတယ်...
သိရှိနားလည်အောင်တော့ သင်ပြပြောပြပေးလိုက်ပါတယ်...

ဒီနေ့ ပြောပြလိုက်တာလေးကတော့...
သေဆုံးသွားသူများအတွက် ကျန်ရစ်သူများက ကုသိုလ်ပြု အမျှဝေကြတယ်...
ဒါကတော့ ဗုဒ္ဓဘာသာ ထုံးစံလေးပေါ့...
သေသူရမယ် မရဘူးဆိုတာကတော့ မသေချာပါဘူး...
ဒါကြောင့် မိမိတို့အလှည့်ကျရင် ကိုယ်တိုင် ကုသိုလ်ထုပ်ကိုယူသွားဖို့...
မီးလောင်တဲ့အိမ်ထဲကနေ ထုတ်ယူထားသမျှပစ္စည်းဟာ မိမိအတွက်ဖြစ်တယ်...
ထို့အတူ ဒီခန္ဓာကြီးဟာလည်း အို နာ သေ မီးတွေလောင်နေတယ်...
မီးလောင်နေတဲ့ ဒီခန္ဓာ အရင်းတည်ပြီး ကုသိုလ်နဲ့ထုတ်ယူထားရမယ်...
ပြုသမျှကုသိုလ်ဟာ မိမိအတွက် ကောင်းသောအထောက်အပံ့တွေ ဖြစ်လာမယ်...

ဆက်လက်ပြီး ပြောပြရမယ်ဆိုရင်တော့ အသုဘနဲ့ ပါတ်သက်တာ...
အသုဘဆိုတာ မတင့်တယ် ရွံရှာဖွယ်ရာကို ခေါ်ဆိုပါတယ်...
မတင့်တယ် ရွံရှာတဲ့အတွက်ကြောင့် သေဆုံးသူများကို စွန့်ပြစ်လိုက်ကြတယ်...
ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ကြာကြာတောင်မထားကြဘူး မဟုတ်လား...
ကားစုတ်ကားဟောင်းတွေကမှ အသုံးချရသေးတဲ့အတွက် ယူမဲ့သူရှိသေးတယ်...
လူ့ခန္ဓာကိုယ်ကတော့ မပုပ်ခင် ချက်ခြင်းစွန့်ပြစ်ကြတယ် ယူမဲ့သူမရှိတော့ဘူး...
မိမိတို့တစ်တွေ ရရှိထားတာက ရွံရှာစက်စုတ်ဖွယ်ရာ ဤခန္ဓာ...
သူ့ကိုပဲအရင်းတည်လို့ ဒါနသီလ ဘာဝနာပြုလို့ အနှစ်ထုတ်ယူတတ်ကြရမယ်...

အသုဘကို အသုဘရှုလို့ အနှစ်ကိုထုတ်ယူကြ...
မြတ်ဗုဒ္ဓက အသုဘရှုနည်း ၁ဝ-မျိုး ပြောထားပါတယ်...

အသုဘတရား နေ့စဉ်ပွား...
၁- ဖူးဖူးရောင်သော သူသေကောင်...
၂- ညိုပုပ်နေသော သူသေကောင်...
၃- ပြည်ယိုနေသော သူသေကောင်...
၎- ထက်ပိုင်းပြတ်သော သူသေကောင်...
၅- ခွေးကိုက်ထားသော သူသေကောင်...
၆- ပိုင်းပိုင်းပြတ်သော သူသေကောင်...
၇- ဓားဖြင့်မွှမ်းသော သူသေကောင်...
၈- သွေးယိုစီးသော သူသေကောင်...
၉- ပိုးလောက်တက်သော သူသေကောင်...
၁ဝ- အရိုးသာကျန်သော သူသေကောင်...

ဒီလိုအသုဘတရားတွေကို ရှုမှတ်ပွားများကြရမယ်...
သမထနည်းနဲ့ပွားကြရင် ဈာန်တရားတွေရနိုင်တယ်...
ဝိပဿနာနည်းနဲ့ပွားများကြရင် မဂ်ဖိုလ်တရားတွေကို ရနိုင်ကြပါတယ်...

ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေ...

အရှင်သူမြတ်ဘုရား ဘုရားတပည့်တော်တို့သည် ကံကိုလည်းကောင်း ကံ၏အကျိုးကို လည်းကောင်း ယုံကြည်ကြပါကုန်သည်ဖြစ်၍ ယနေ့ယခု လောကနာထကျောင်းတိုက်သို့ လာရောက်ပြီးနောက် သေဆုံးလေသူ ကျေးဇူးရှင်အတွက်ရည်စူး၍ ဘုရားအမြတ်ဆုံးရတနာ တရားအမြတ်ဆုံးရတနာ သံဃာအမြတ်ဆုံးရတနာ ရတနာမြတ်သုံးပါးတို့အား အမှူးထား၍ ဆွမ်းခဲဖွယ် ချိုချင်ရသာ အဖြာဖြာတို့ကို လှူဒါန်းကြပါကုန်၏... ထိုမှတစ်ပါး သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါငါးပါးပါရှိသော သီလတော်မြတ်ကို ခံယူဆောက်တည် ကျင့်သုံးကြပါကုန်၏... တရားတော်တို့ကို နာကြား ပွားများကြရပါကုန်၏... ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု... ဤကောင်းမှုသည် ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေသတည်း... ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမ... ဤကောင်းမှု၏ အဖို့ဘာဂကို သေဆုံးလေသူ ကျေးဇူးရှင်အတွက် ရည်စူး၍ အမျှပေးဝေပါ၏... အမိအဖ ဆရာသမား ဆွေမျိုးဉာတကာ ကြွလာသောပရိသတ် ကိုယ်စောင့်နတ် ကျောင်းစောင့်နတ် မြို့စောင့်နတ် သာသနာစောင့်နတ် ရုက္ခစိုး ဘုမ္မစိုး အာကာသစိုးနှင့်တကွ ယမမင်းအား အမျှပေးဝေပါ၏... အထူးအားဖြင့် သေဆုံးလေသူ ကျေးဇူးရှင်အတွက် ရည်စူး၍ အမျှပေးဝေပါ၏... ရောက်ရာအရပ်မှ ဤကောင်းမှု၏ အဖို့ဘာဂကို ဝမ်းမြောက်ဝမ်းသာ သာဓုသာဓု သာဓုဟူ၍ ခေါ်ဆိုနိုင်ပါစေသတည်း...


ကြားကြားသမျှ အမျှအမျှအမျှ ယူတော်မူကြပါကုန်လော့...
သာဓု... သာဓု... သာဓု...

သဗ္ဗေ သင်္ခါရ အနိစ္စာ...

ဦးလောကနာထ
၁၂.၁၁.၂ဝ၁၁




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, December 8, 2011

ကျေးဇူးရှင်မိခင်ကြီး သေဆုံးလေပြီ...



မိဘကျေးဇူး ကျေအောင်ဆပ်ဖို့ အလွယ်ပေဘူး...
မလွယ်ပေမဲ့ ကျေအောင်ဆပ်နိုင်သူတွေထဲမှာတော့...
ဘုရားရှင်ဟာ ထိပ်ဆုံးကပါပဲ...
မိမိအပေါ် ကျေးဇူးရှိခဲ့သူများကို ဆင်းရဲငြိမ်းအောင် လုပ်ပေးသွားပါတယ်...

မိခင်ဖခင်တို့ကို ဆင်းရဲဒုက္ခချုပ်ငြိမ်းအောင် ပြုလုပ်ပေးနိုင်ရင်...
ကျေးဇူးကျေတယ်လို့ ဆိုပါတယ်...
ဒါကြောင့် သားသမီးများက မိဘများကို ဆင်းရဲငြိမ်းအောင် လုပ်ပေးကြရမယ်...
မသိသေးသူ မိဘများကို သိအောင် လမ်းညွှန်ပေးကြရမယ်...
ဒါနမပြုတဲ့မိဘကို ဒါနပြုအောင်...
သီလမလုံတဲ့မိဘကို သီလစောင့်ထိန်းအောင်...
ဘာဝနာမရှိသေးတဲ့မိဘကို တရားအားထုတ်တတ်အောင် သင်ပြပေးကြရမယ်...

အိုမင်းလာတဲ့ မိဘများကို ကျွေးမွေးပြုစု စောင့်ရှောက်ကြရမယ်...
ကောင်းမှုနဲ့ပျော်မွေ့ပြီး စိတ်ချမ်းသာအောင် ထားပေးရမယ်..

ကျေးဇူးရှင်မိဘများ သေဆုံးကြပြီဆိုရင်လည်း ကျန်ရစ်သူ သားသမီးများက...
မိဘတွေထားခဲ့တဲ့ (လုပ်စေချင်တဲ့) ကောင်းမှုနဲ့ယှဉ်တဲ့အလုပ်တွေဆိုရင် လုပ်ကြရမယ်...

တစ်ရက်မှာတော့ ဒကာလေးက ဖုံးဆက်လာတယ်...
အရှင်ဘုရား ကျေးဇူးရှင်မိခင်ကြီး ဒီဘဝ ငြိမ်းချမ်းသွားပါပြီတဲ့...
ခုတော့ တစ်ဘဝတစ်ခန္ဓာ မိဘတာဝန်ကျေပွန်စွာနဲ့ ဘဝကူးသွားပြီပေါ့...
မိဘများဟာ သားသမီးတွေအတွက်ပဲ အချိန်တွေ ပေးသွားကြတယ်...
သားသမီးတွေကလည်း နိုင်သလောက်လေးကျေးဇူးဆပ်ကြရင်းနဲ့ ပြီးသွားပြန်ရော...

ဒီလိုနဲ့ပဲ...

ဒီနေ့ကတော့ ဒီဇင်ဘာ ၇-ရက် ဆရာမကြီးရဲ့ အသုဘအခမ်းအနား...


ညနေ ၄-နာရီမှာ ဆရာတော်နှစ်ပါးပင့်ပြီး ကုသိုလ်ပြု အမျှဝေကြမယ်...
အသုဘကတော့ ဒီနိုင်ငံထုံးစံပဲပြောရမလား မသိဘူး ငိုယိုသူမရှိပေါ့...
အားလုံးတည်တည်ငြိမ်ငြိမ်နဲ့ပဲ လုပ်စရာရှိတာ လုပ်သွားကြပါတယ်...
ဘုန်းကြီးတွေ အခမ်းအနား အရင်စပါတယ်...
ပြီးရင်တော့ သေဆုံးသူရဲ့ တစ်ဘဝအကြောင်းအရာ ဂုဏ်ပုဒ်တွေပြောကြပါတယ်...
တစ်ဦးပြီးတစ်ဦး ဂုဏ်ကြီးရင် ကြီးသလောက် ပြောကြတယ်...
မြန်မာပြည်မှာဆိုရင်တော့ ပွဲကြီးနိုင်တဲ့ အသုဘတစ်ခုပါ...
ဒီမှာတော့ သာမန်ပါပဲလေ...

ဆရာတော်က သီလပေး တရားဟော ရေစက်ချအမျှဝေပေးပါတယ်...
ဟောတဲ့တရားလေးကတော့ ပဋာစာရီတဲ့...
ဓမ္မကထိကဆရာတော်ဆိုတော့ အသံကောင်း အပြောကောင်းပါပဲ...
ကြာနီကန်ဆရာတော်တို့နဲ့ ခေတ်ပြိုင်လောက်ဆရာတော်ထင်ပါ့...

ဘုန်းကြီးသာ ပဋာစာရီဟောရင်တော့ အစအဆုံးဟောမိမယ်ထင်တယ်...
ဒီလိုဟောရင်လည်း ကမောက်ကမ ဖြစ်မှာ သေချာတယ်...
ဘာလို့ဆို ပဋာစာရီက မိဘသဘောမတူတဲ့ ကိုဒါသကို ခိုးယူတာကနေ စမိမှာ...
ခုတော့ဆရာတော်က ဒါတွေကိုကျော်ဖြတ်ပြီး...
ကိုဒါသသေဆုံးလို့ ကိုဒါသရဲ့ဆိုပြီး ငိုခြင်းချတာလေးက စပြီးဟောသွားတယ်...
ပြီး သားငယ်လေးစွန်ချီပြန်ရော သားငယ်လေးစွန်ချီလို့ငို...
သားကြီးကရေနစ်သေပြန် ငို ဒီလိုစိတ်မကောင်းစရာတွေဖြစ်နေချိန်...
မိခင်ဖခင်နဲ့ မောင်ဖြစ်သူက အိမ်ပြိုလို့သေပြန် ငိုစရာတွေများစွာနဲ့...
စိတ်ဖေါက်ပြန်ပြီး ဘုရားရှင်ဆီရောက်လို့ တရားရေအေးတိုက်ကျွေးတော့မှ...
ဒီဘဝရူးတဲ့အရူးရော သံသရာကပါလာတဲ့ ကိလေသာအရူးကော ရှင်းသွားတယ်...

ဝမ်းနည်းပူဆွေးစရာလေးတွေ ဟောပြီးနောက်...
ခန္ဓာမှန်သမျှမမြဲကြောင်း မမြဲတဲ့ခန္ဓာတွေပဲ မိမိတို့မှာ ရှိနေကြောင်း...
ခန္ဓာမှန်သမျှ ဆင်းရဲကြောင်း ဆင်းရဲတဲ့ခန္ဓာတွေပဲ မိမိတို့မှာ ရှိနေကြောင်း...
ခန္ဓာမှန်သမျှ အစိုးမရကြောင်း အစိုးမရတဲ့ခန္ဓာတွေပဲ မိမိတို့မှာ ရှိနေကြောင်း...
ပြီးတော့မှ သစ္စာလေးပါးနဲ့ အဆုံးသတ်ပြီး အမျှဝေရေစက်ချကြတယ်ပေါ့...
အမျှဝေပြီးနောက်...

အနိစ္စာဝတ သင်္ခါရာ စတဲ့ သုံးဂါထာကိုတိုင်ပေးကြပြီး လိုက်ဆိုခိုင်းပါတယ်...

နောက်ဆုံး အမိနဲ့သား ဆွေမျိုးများ တစ်ဦးနဲ့တစ်ဦး အပြစ်တွေရှိရင်
ခွင့်လွှတ်ကျေနပ်ကြဖို့ တောင်းပန်ကန်တော့ကြရင်း အခမ်းအနားပြီးပါတယ်...

ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။


ဦးလောကနာထ
၁၂.၈.၂ဝ၁၁

အနိစ္စာဝတ သင်္ခါရာ ဂါထာ...






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, December 7, 2011

တပည့်တော်မ သားလေး အရမ်းဒေါသကြီးတယ် တရားဟောပေးပါဘုရား...


အရှင်ဘုရား
တပည့်တော်မ သားလေး အရမ်းဒေါသကြီးတယ် တရားဟောပေးပါဘုရား...

ကျောင်းကိုလာရင်တော့ ဟောပြောပေးရတာပေါ့ ဒကာမကြီး...
ဒီလိုပြောဆိုပြီးနောက်...
ဗုဒ္ဓဘုရားရှင်(လောင်းလျာ) နုစဉ်တုန်းက ဇာတ်တော်လေးသတိရမိတယ်...

မိဖုရားကြီးကံတော်ကုန် နတ်ရွာစံလို့ ဘုရင်ကြီးမှာ မအိပ်နိုင်မစားနိုင်...
တိုင်းရေးပြည်ရာ ဘာမှတစ်ခုမျှမလုပ်နိုင် တမှိုင်မှိုင်တစ်ထွေထွေ နေတဲ့အချိန်...
ဘုရားလောင်းရသေ့က ဘုရင်ရဲ့ဥယျာဉ်တော်မှာ နေ့သန့်စင်နေတဲ့တစ်နေ့...
ဥယျာဉ်မှူးက ရသေ့ကိုမေးလျှောက်တယ်လေ...
အရှင်ဘုရား ရှင်ဘုရင်ကြီး ဒီလို ဒီလိုဖြစ်နေတယ် တရားဟောပေးပါဆိုတော့...
မင်းတို့ရှင်ဘုရင်ကြီး ငါ့ဆီလာရင်တော့ ဟောပေးရတာပေါ့ ဆိုတာကို သတိရမိတယ်...
ဒီလိုပဲ တိုက်ဆိုင်မှုတွေရှိရင် သတိရတတ်ပါတယ်...

မှန်ပါ့ဘုရား တပည့်တော်ခေါ်လာခဲ့ပါ့မယ်...တဲ့...
နောက်တစ်နေ့ ရောက်လာတော့ ဘုန်းကြီး ဒုက္ခရောက်တော့တာပဲ...ဘာလို့...
ဒေါသကြီးတယ်ဆိုတဲ့ သူ့သားလေးက ၂-နှစ်သားလောက်ပဲ ရှိဦးမယ်လေ...
ဒီတော့ ဘုန်းကြီးက ဘယ်လိုလုပ် တရားဟောပေးရမလဲ...

စိတ်ကလည်းအလွန်ကြီး ဒေါသလည်းအလွန်ကြီးပါတယ်တဲ့...

ကလေးကို ပြောတာထက် ဒကာမကြီးကို ပြောပြရမဲ့သဘောရှိတယ်...
ကလေးက ဒကာမကြီးနဲ့ အမြဲတွေ့ရမှာ...
ကလေးတွေကို အပေးအယူလုပ်ပြီး ဆုံးမသင့်ပါတယ်...
ဆုပေးဒဏ်ပေးပေါ့...
မိမိဘက်က ဒေါသမပါ မကြမ်းတမ်းတဲ့ ဆုံးမမှုမျိုး ဖြစ်ရမယ်...
ကလေးတွေရှေ့မှာ မိသားစု ရန်ပွဲတွေလည်း မဖြစ်သင့်ဘူး...
အမိဘက်က သို့ အဖဘက်ကနေ ဒီစရိုက်မျိုးက ပါလာတတ်ပါတယ်...
ဒီလိုပြောတော့ ဒကာမက ဒကာကြီးဘက်လှည့်ကြည့်တယ်...
အရှင်ဘုရား အဲဒါ သူ့ဘက်ကပါလာတဲ့ အကျင့်ဆိုးတဲ့...
ဒီတော့ မိမိတို့ကိုယ်တိုင်က စပြင်ရပါမယ်...
မိမိကမှ မပြင်ပဲနဲ့ ကလေးကို ပြင်ခိုင်းနိုင်ဖို့ဆိုတာ အတော်မလွယ်ပါ...

ဒေါသထွက်နေတဲ့မျက်နှာနဲ့ သာမန်မျက်နှာဘယ်ဟာက လှသလဲ...
သူဒေါသထွက်နေရင် ဘီလူးလေးလိုပဲဘုရား...တဲ့
အဲဒါကိုနားလည်အောင် သူစိတ်ပျော်နေချိန်မှာ ပြောပြပါ...
ဆုံးမစကားတွေကို ဒေါသဖြစ်နေချိန်မှာ မပြောပါနဲ့...
အဲဒီအချိန်မှာ သူ့ကိုဘေးမဖြစ်အောင်သာ စောင့်ရှောက်ပါ...
ဒေါသငြိမ်းချိန်ကျမှ နားလည်အောင် မေတ္တာစိတ်နဲ့ ပြောပေးပါ...
ဒေါသထွက်နေသူဟာ တစ်ခုခုလိုနေသူပါ...
ဖြည့်ဆည်းနိုင်တာဆို ဖြည့်ဆည်းပေးပါ...
ပြီးမှ အကြောင်းအကျိုးပြပြီးတော့မှ ဆုံးမပါ...

ဒေါသထွက်နေသူမှာ ချစ်ခင် နှစ်သက်စရာ ဘာတစ်ခုမှ မရှိတော့ပါဘူး...
ဒေါသထွက်နေသူဟာ အမိအဖ ဆရာသမားရယ်ဆိုတဲ့အသိလည်း မရှိတော့...
ထင်ရာပြော ထင်ရာလုပ်တတ်တဲ့အတွက် အရူးရှစ်မျိုးထဲက တစ်မျိုးပါ...
အရူးလို့အပြောခံရရင် မကောင်းကြောင်း သင့်သလို အကျယ်ပြောပြပေးပါ...

အပုပ်ရည်ဆိုတာဟာလည်း ကြာလေချဉ်လေ ချဉ်လေနံလေပါပဲ...
ဒေါသဆိုတာလည်း ဒီလိုပဲ အစိုင်အခဲတည်လာပြီးနောက် ပေါက်ကွဲမယ်..
ဒေါသအားကြီးပြီးနောက် ရန်ညှိုးတွေဖွဲ့တတ်ပြန်တယ်...
နောက်ဆက်တွဲ မကောင်းမှု မကောင်းကျိုးတွေပေါ့...

မီးဟာ လေအကူရလျှင် ပိုပြီးတောက်လောင်တတ်သလိုပဲ...
ဒေါသကလည်း မာနနဲ့တွဲမိရင် ပိုပြီးအားပြင်းသွားတယ်...ခက်ထန်တယ်...
ကလေးကတော့ ဒေါသတို့ မာနတို့ဆိုတာ သိမှာမဟုတ်ဖူးပေါ့...
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ...
ကလေးဖြစ်စေ လူကြီးဖြစ်စေ...
လူဖြစ်စေ နတ်ဖြစ်စေ တိရစ္ဆာန်ဖြစ်စေ...
ဒေါသရဲ့သဘောကတော့ လူဖြူလူမဲ အတူတူပါပဲ...

ဒေါသဖြစ်လာလျှင် ဖြေဖျောက်ဖို့ရာ စာပေမှာ နည်း ၁၁-မျိုးရှိတယ်လေ...
၁...မေတ္တာပွားရမယ်...
၂...မြတ်ဗုဒ္ဓ၏ အဆုံးအမသြဝါဒတွေကို ဆင်ခြင်ပါ...
၃...သူများ၏ ကောင်းကွက်ကိုသာ ရှာ၍တွေး...
၎...သူဟာ ကိုယ်လောက်မှ မသိမတတ်ပါလားလို့ သနားစိတ်မွေး...
၅...မိမိကိုယ်ကို မပြတ်ဆုံးမပါ...
၆...ကံသာလျှင်အမိ ကံသာလျှင်အဖ ကိုယ်ပြုခဲ့သည့်ကံအတိုင်းပဲလို့ ဆင်ခြင်...
၇...ဇာတ်တော်တွေထဲက သူတော်ကောင်းတွေ သည်းခံပုံကိုတွေး...
၈...တစ်ချိန်တစ်ဘဝက သူဟာ ငါနဲ့ဆွေမျိုးတော်ခဲ့ဘူးမှာလို့တွေး...
၉...မေတ္တာ၏ အကျိုးတရားများကို ဆင်ခြင်...
၁ဝ...ဓာတ်ကြီးလေးပါးစသည်ခွဲ၍ ဖြေဖျောက်...
၁၁...ပစ္စည်းဥစ္စာ ပေးခြင်းလက်ခံခြင်းဖြင့် ဖြေဖျောက်ပါ...

ဒီလိုနည်းတွေနဲ့ ဒေါသကိုဖြေဖျောက်နိုင်ပါတယ်...

ဖြစ်နိုင်အောင်ကျိုးစားကြပြီး ဘုန်းကြီးကျောင်းကိုလာပါ...
လေ့လာပါ မှတ်သားပါ ကျင့်ကြပါ...

ဒေါသတရားတွေ ပြေပျောက်ကြပါစေ...
ဦးလောကနာထ
၁၂.၇.၂ဝ၁၁

ဒါကတော့ တည်တောဆရာတော်ရဲ့ ဒေါသဖြေဖျောက်နည်းပါ...
ဒါကတော့ အရူးရှစ်မျိုး




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, December 2, 2011

ရတုန်းယူထားရပါသည်...


ဒီလှေခါးလေး တက်နိုင်တုန်း ကုသိုလ်တွေယူထား...


လူကြီးတွေကျောင်းလာရင် အခက်တစ်ခုကတော့ လှေခါးတက်ရတာပါပဲ...
ဘုန်းကြီးကျောင်းဆိုတာကလည်း လူကြီးတွေပဲ အလာများတာ...
ခန္ဓာကိုယ်က နှစ်ပေါင်းများစွာ ခိုင်းထားပြီဆိုတော့ ဒဏ်တွေကပေါ်ပြီပေါ့...

ကျောင်းလာပြီး ဆွမ်းကပ်နေတဲ့ ဒီမိသားစုတွေ ကျောင်းပေါ်ရောက်ရင်
နှုတ်ဆက်စကားကတော့ လှေခါးလေးတက်နိုင်တုန်း လာထားရတယ်ဘုရား...
ကျောင်းပေါ်ရောက်တော့ ဆွမ်းကပ်ဖို့ ပြင်ဆင်ကြပြီး ဆွမ်းကပ်ကြပါတယ်...

ပြောမိတာလေးတွေကတော့ ကျေးဇူးတရားနဲ့ ပါတ်သက်တာလေးတွေ...
တပည့်တော်တို့ လာနိုင်တုန်းလေး လာပြီး ကုသိုလ်ယူနေရတာဘုရား...
ဟုတ်တာပေါ့ ဒကာမကြီး...အချိန်ရှိခိုက်လုံ့လစိုက်ပြီး ယူထားကြပေါ့...
ဒကာမကြီးတို့ ဒီလို ဒါနကုသိုလ်ယူနိုင်ဖို့ ဘုန်းကြီးဒီမှာ မရှိရင် ရပါ့မလား...
မဖြစ်ပါဘူးဘုရား တပည့်တော်တို့မှာက အဝေးကြီးလည်း မသွားနိုင်ဘူး...
အရှင်ဘုရား ဆန်ဖရန်ကိုပြောင်းလာတော့ တပည့်တော်တို့ ဝမ်းသာနေကြတာ...
ဟိုအဝေးမှာတုန်းက လာမှမလာနိုင်တာ ဒီလိုဆွမ်းလှူတဲ့ကုသိုလ် မရဘူးပေါ့...
ခုတော့ ဒါနကုသိုလ်ကို နီးနီးလေးမှာ ယူလို့ရသွားပြီ အရှင်ဘုရားကျေးဇူးပါပဲ...

ဒါနကုသိုလ်ဆိုတာ လှူလိုစိတ်ရယ် လှူဖွယ်ပစ္စည်းရယ် အလှူခံရယ် ရှိမှကိုး...

ကျေးဇူးတရားတွေ တစ်ဦးနဲ့တစ်ဦး သိကြမြင်ကြရင် ကောင်းပါတယ်...
သူတစ်ဦးကျေးဇူးတွေ မြင်အောင်ကြည့်ရင် မြင်ကြရမယ်...
ဘုန်းကြီးတို့ဆို ရဟန်းဝတ်ကထဲက စီးပွားရှာတဲ့အလုပ် လုပ်မစားရတော့ဘူး...
ဒါ ထေရဝါဒဘုန်းကြီးတိုင်းပါ...
ဒကာဒကာမများ ထောက်ပံ့တဲ့ ပစ္စည်းလေးပါးနဲ့တင် အသက်ရှင်နေရတာ...
အသက်သခင်ကျေးဇူးရှင်တွေလို့ ပြောရင်တောင် ရပါတယ်...
ကျေးဇူးတရားတွေ ကြည့်တတ်မြင်တတ်ကြရင် လောကကြီး ငြိမ်းချမ်းပါတယ်...
တစ်ဦးနဲ့တစ်ဦးဟာ ကျေးဇူးတွေ မကင်းကြဘူးပေါ့...

ဒကာဒကာမတို့ဘက်က လှူဒါန်းမှုဒါနနဲ့ ကျေးဇူးပြုသလို
ဘုန်းကြီးတို့ဘက်ကလည်း ဒကာဒကာမတို့ကို ဒါနတွေပြုနိုင်အောင်
သီလ ဘာဝနာတွေပွားနိုင်အောင် ပြုလုပ်ပေးရင်းနဲ့ ကျေးဇူးဆပ်ကြရတာပါပဲ...
ရဟန်းတွေ သိက္ခာသုံးပါး ကျင့်နေခြင်းသည်လည်း ကျေးဇူးဆပ်နေတာပါပဲ...

ပြောရင်းကနေ ပါလာနေကြ ဒကာလေး(သူ့သားမက်) မပါလို့ မေးကြည့်တော့
သူ့အမေ လူအိုရုံကနေ အရေးပေါ် ဆေးရုံတင်ရတဲ့အကြောင်းပြောလာတယ်...
အခြေအနေကတော့ သိပ်မကောင်းဘူးပေါ့...

မိခင်ကြီးက ဆရာဝန်တွေနဲ့ နီးနီးနေရမှ အဆင်ပြေမှာမို့ လူအိုရုံပို့ထားရပေမဲ့...
သိထားသလောက်ဆိုရင်တော့ တစ်နေ့တစ်ခေါက်အလုပ်ကအပြန်
မိခင်ဖြစ်သူထံ အမြဲသွားပြီ ဝေယျာဝစ္စလုပ်ပေးတတ်တယ်...
မိခင်ဖြစ်သူကလည်း သူ့သားကိုယ်တိုင် သွားတိုက်ပေးမှကောင်းတယ်တဲ့...
ဒီတော့ သားကလည်း နေ့တိုင်း သွားတိုက်ပေးလေ့ရှိတယ်...
ဒီမြင်ကွင်းမျိုးကြည့်လိုက်ရရင်တော့ အတော်ပီတိဖြစ်စရာ နေမှာပါပဲ...
စဉ်းစားရင်းနဲ့တောင် ဝမ်းသာကြည်နူးမိပါတယ်...
သားအမိနှစ်ဦးရဲ့ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးပေါ့...

ဒီမှာကတော့ နေ့စဉ်သွားရောက် ပြုစုဖို့ဆိုတာ အတော်မလွယ်တာပါပဲ...
သားတာဝန်ကျေပါတယ်...

တနည်းအားဖြင့် မိဘကျေးဇူး ဆပ်နေတာပါပဲ...
မိဘကျေးဇူးဆပ်ကြဖို့ အမြဲလည်း ဆုံးမပေးပါတယ်...
မိဘတွေ အိုပြီး နာတာရှည်နေကြခြင်းဟာ
သားသမီးတွေ ကျေးဇူးဆပ်ဖို့ရာအတွက် အခွင့်အရေးတစ်ခုပါပဲ...
ယူတတ်တဲ့သားသမီးတွေရကြမယ်...
ယူတတ်ပါစေ...

သားသမီးတိုင်း ဘယ်လိုမိဘမျိုးကိုမဆို ပြုစုစောင်ရှောက်နိုင်ကြပါစေ...

ဦးလောကနာထ
၁၂.၂.၂ဝ၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, November 30, 2011

သူ့ကို သတိရသေးလား...


သံယောဇဉ်...
ဒကာလေးရေ ဒကာမလေးကို သတိရသေးလားဆိုတော့...
ရတာပေါ့ဘုရား မေ့မရပါဘူးတဲ့...
တစ်ချိန်က သူတို့တွေ လူငယ်ဘာဝ အချစ်ဆုံးအတွဲလေး တစ်တွဲပေါ့...
ခုတော့လည်း အယူအတွေးလေးတွေ မတိုက်ဆိုင်တော့ လမ်းခွဲကြပြန်တယ်...

သတိရတဲ့အခါမှာ မပူလောင်ဘူးလားဒကာလေးရဲ့...
ပူလောင်တာပေါ့ဘုရား ဒါပေမဲ့ ဘယ်တတ်နိုင်မလည်း...မေ့လို့မှမရတာ...
သံယောဇဉ်ဆိုတာ ကုန်အောင် နည်းအောင် လုပ်ရတယ် ဒကာလေးရဲ့...
တပည့်တော်က အိမ်ထောင်ပြုဦးမှာဘုရား မဖြစ်သေးဘူး...တဲ့
စိတ်ထဲတွေးမိလိုက်တာက သူဟာ အပူခံချင်သေးတဲ့ အပူကြိုက်ပဲလို့...

အရိယာဖြစ်တဲ့ သောတာပန်တောင် အိမ်ထောင်ပြုပါသေးတယ် ဒကာလေးရဲ့...
ယူလို့ ရပါသေးတယ်... သံယောဇဉ်ပါးတော့ အပူနည်းတာပေါ့...
အိမ်ထောင်မပြုကြတော့ဘူးဆိုတာက အနာဂါမ်ဖြစ်မှလေ...
ကိလေသာကုန်ခြင်းဆိုတာက ရဟန္တာဖြစ်မှပါ...
ဒီတော့ အပူနည်းဖို့ သံယောဇဉ်နည်းအောင်တော့ လုပ်သင့်တယ်...
ဖြစ်ပေါ်လာတဲ့ အပူဆင်းရဲအပေါ်မှာ ခံစားမှုဆင်းရဲဒုက္ခ နည်းတာပေါ့...
သံယောဇဉ်နည်းရင် အပူနည်းမယ်...
သံယောဇဉ်ပါးရင် အပူပါးမယ်...
သံယောဇဉ်ပြတ်ရင် အပူပြတ်မယ်...ဒကာလေး...

ဒကာလေး သပိတ်ဆေးတဲ့အခါ ဆီတွေများနေရင် ရေပူပူနဲ့ဆေးရတယ်လေ...
ရေပူပူက လက်ကိုပါပူလိမ့်မယ် ဒီတော့ လက်မပူအောင် ဘယ်လိုလုပ်မလဲ...
လက်အိပ်စွပ်ရပါတယ်ဘုရား...
ဟုတ်တာပေါ့ ဒကာလေး...
လက်အိပ်ပါးပါး စွပ်တော့ အပူနည်းနည်း သက်သာတယ်...
လက်အိပ်ထူထူစွပ်တော့ အပူများများ သက်သာတာပေါ့...

ထို့အတူပဲ ဒကာလေးရဲ့...
သံယောဇဉ်ပါးတော့ အပူနည်းနည်းသက်သာမယ်...
သံယောဇဉ်ပိုပြီးနည်းသွားရင် ပိုပြီး အပူသက်သာပါတယ်...
သံယောဇဉ်ကုန်ပြီဆိုရင်တော့ အပူငြိမ်းပေါ့...
ဒကာလေးက နည်းနည်းပူချင်သေးတာဆိုတော့ ကိလေသာကုန်တဲ့ထိ မသွားချင်နေဦး...
ပါးအောင်တော့ လုပ်ပါ...

သံယောဇဉ်ကုန်စေတဲ့နည်းကို ဘုရားက ဒီလိုပြောဖူးပါတယ်...
အာရုံဝင်လာစရာ ဒွါရခြောက်ပါးရှိတယ်...
မျက်စိ နား နှာ လျှာ ကိုယ် စိတ်လို့ခေါ်တာပေါ့...
မျက်စိကို မမြဲလို့သိရမယ်တဲ့...
ထို့အတူ နား နှာ လျှာ ကိုယ် စိတ်ကို မမြဲလို့သိရမယ်...
မမြဲလို့ မြင်သူ သိသူဟာ သံယောဇဉ်အနှောင်အဖွဲ့တွေကင်းတယ် နည်းတယ်...

ဒကာလေး ဒီခြောက်မျိုးဟာ မြဲသလား မမြဲဘူးလား စဉ်းစားကြည့်လေ...
ဘုန်းကြီးတို့က မြဲတယ်ထင်လို့ သူ့အပေါ် သံယောဇဉ်တွယ်နေတာပါ...
ဒီတော့ သံယောဇဉ်နည်းအောင် မမြဲဘူးလို့ သိရမယ်တဲ့...
မသိတဲ့သူကတော့ အနှောင်အဖွဲ့ခံရမယ်...

ဒွါရခြောက်ပါးဟာ မမြဲသလိုပါပဲ ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲလို့သိရပါတယ်...
ဒီလိုမမြဲလို့ရှုသိရင် သံယောဇဉ်နည်းမယ်...ကုန်မယ်...

သံယောဇဉ်ကြောင့် ဖြစ်ပေါ်တဲ့အပူတွေ နည်းပါးပါစေ...
ဦးလောကနာထ
၁၁.၃ဝ.၂ဝ၁၁

၂ - သံယောဇနပဟာနသုတ်၊ (၆) ၁ - အဝိဇ္ဇာဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, November 22, 2011

အသုဘနဲ့ မရဏာ နာနာပွားရမှာ...


မရဏာနုဿတိအား နာနာပွား...

ဒီနေ့သွားခဲ့ရတာကတော့ စိတ်မကောင်းစရာပါ...
ဘာလို့လဲဆို အသုဘမို့...
အသုဘမှ ရိုးရိုးအသုဘမဟုတ် မိမိကိုယ်ကိုမိမိ ဖြေရှင်းလိုက်ပြန်တာ...
သံသရာတစ်လျောက်က ပါလာတဲ့ကံ၏အကျိုးတရားတွေ မနည်းဘူးကိုး...
သူတို့ အကျိုးပေးတော့မယ်ဆိုရင် စိတ်တွေက ကပြောင်းကပြန်...

သီလမပေးခင်မှာပဲ...
သေသူအတွက်ရည်စူးပြီး ပြုလုပ်တာမို့ နားလည်အောင် ရှင်းပြပေးခဲ့ပါတယ်...
သေဆုံးသူကို အမျှပေးဝေမှာ ဖြစ်တဲ့အတွက် မိမိမှာ ပေးစရာရှိဖို့ လိုပါတယ်...
သူ့ကို ဘာတွေပေးမလဲ...
ကောင်းကျိုးချမ်းသာ ဖြစ်စေလိုတဲ့အတွက်...
ကောင်းမှုဆိုတာ ကိုယ်မှာရှိရမယ် ကောင်းမှုကို အရင်ပြုရမယ်ပေါ့...

ဒါကြောင့်...
ဒါနကုသိုလ် ဆွမ်းလှူဒါန်းတယ်...
သီလကုသိုလ် ငါးပါးသီလစောင့်ထိန်းကြမယ်...
ဘာဝနာကုသိုလ် တရားတော်တွေ နာကြားရမယ်...
မေတ္တာတရားတွေ ပွားများရမယ်...
ပြီးတော့မှ ဒီကုသိုလ်တွေကို သူ့ကိုမျှဝေပေးမယ်ပေါ့...

နောက်တစ်ခု သိထားဖို့ကတော့ သီလရှိသူကို လှူဒါန်းမှအကျိုးကြီးမှာမို့...
ဘုရားအမှူးရှိတဲ့ အရိယာသံဃာကို အာရုံပြုလို့ လှူဒါန်းကြရမယ်...

သေသူဟာ ဒကာဒကာမတို့လို မလုပ်နိုင် မကိုင်နိုင်တော့ဘူး...
ဒါ့ကြောင့် ဒကာမတို့က ကုသိုလ်လုပ် အမျှဝေပေးနေရတယ်...
ဒီတော့ အချိန်ရှိတုန်း လုပ်နိုင်တုန်း လုပ်သင့်တဲ့ကုသိုလ်တွေ လုပ်ထားကြရမယ်...
သေတော့မှ မိသားစုက လုပ်ပေးရတာ သေချာတဲ့အလုပ် မဟုတ်တော့ဘူးလေ...
ကိုယ်တိုင် လုပ်ကိုင်ပြီး ကုသိုလ်တွေ ယူသွားကြရမယ်...
အချိန်ဆိုတာ ကိုယ်ပိုင်တာ မဟုတ်ဘူး...

ဘုရားက မသိနိုင်ခြင်းအကြောင်း ၅-မျိုးရှိတယ်တဲ့...
ဘယ် ၅-လုံးလို့ မှတ်ထားပေါ့...
ဘယ် ၅-လုံးဆိုတာက...
ဘယ်အရွယ် ဘယ်ရောဂါ ဘယ်အချိန် ဘယ်သင်္ချိုင်း ဘယ်ဘဝ...တဲ့

ဘယ်အရွယ်မှာ သေမယ် ဆိုတာလဲ မသိနိုင်...
      ဘယ်ရောဂါနဲ့ သေမယ် ဆိုတာလဲ မသိနိုင်...
            ဘယ်အချိန်ခါ သေမယ် ဆိုတာလဲ မသိနိုင်...
                  ဘယ်သင်္ချိုင်းမှာ မြှုပ်နှံမယ် ဆိုတာလဲ မသိနိုင်...
                        ဘယ်ဘဝကို ရောက်မယ် ဆိုတာလဲ မသိနိုင်...

ပြောစရာရှိတာလေးတွေ ပြောဆိုပြီးနောက်...
အရှင်ပုဏ္ဏအကြောင်း ဇာတ်တော်လေးတစ်ခုပါ ပြောပြလိုက်ပါတယ်...

အဓိကတော့ အရှင်ကောင်းဟာ သူသွားတဲ့အရပ်ဒေသမှာပဲ သူဟာသေမယ်...
သို့သော် သေမယ်ဆိုတာကိုတော့ သူမသိဘူးပေါ့...
မသွားခင် မြတ်စွာဘုရားက နှလုံးသွင်းကောင်းရန် တရားဟောလိုက်ကြောင်း...
ဟောကြားလိုက်တဲ့ တရားကို နှလုံးသွင်းရင်းနဲ့ပဲ တရားထူးရပြီးနောက်
သွားရာ ရောက်ရာအရပ်မှာ တပည့်ဒကာတွေကို တရားဟောပေး
နောက်ဆုံးတော့ သူသွားလိုတဲ့နေရာ အရပ်ဒေသမှာပဲ သေဆုံးသွားပါတယ်...
ဆိုတဲ့အကြောင်းလေးပြောပြီး အမျှဝေပေးခဲ့ပါတော့တယ်...

ဒီစာကိုဖတ်ရတဲ့ ဒကာဒကာမတို့လည်း ပေါ့ပေါ့တန်တန်မနေကြနဲ့တော့...
နေ့စဉ် နေစဉ်ဆိုတာလိုပေါ့ ကုသိုလ်ရအောင်ယူနေပါ...

အသုဘနဲ့ မရဏာ...
မေတ္တာနဲ့ ဂုဏ်တော်ဟာ အမြဲပွားရမှာ...
မမေ့လိုက်ပါနဲ့ သူတော်ကောင်းတို့ရာ...

ဦးလောကနာထ
၁၁.၂၂.၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Monday, November 21, 2011

၁၁-လပိုင်း မွေးနေ့ပွဲသို့...

၁၁-လပိုင်း မွေးနေ့ပွဲ...

မွေးနေ့မှသည် နှစ်ပေါင်း ၁၂ဝ ရှည်ပါစေသော်...
အသက်ရှည်စေချင်သလိုပဲ ဒီဘဝမှာပဲ ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းပါစေ...
မွေးနေ့ရှင်က ကံစမ်းရင်း မဲနှိုက်ခိုင်းတော့လည်း နှိုက်ရတာပေါ့လေ...
ဘုန်းကြီး ပေါက်မဲနံပါတ်ကတော့ ၂၁-တဲ့...

လိုချင်တာက နံပါတ်-၁... မရဘူး ၂၁-တဲ့...
ဒီတော့လည်း ရတာပဲပေါ့...
နံပါတ် ၂၁-က ဖမ်းစက်...
ဘယ်နေရာ ဘယ်လိုဖမ်းရမယ် မသိဘူးလေ...
ဘုန်းကြီးမှာက တရားဟော ရှယ်ကောင်းကောင်း မဖြစ်...
အသုံးတဲ့မဲ့သူရှိရင်တော့ လှူပလိုက်မယ် စဉ်းစားပါတယ်...
တန်ဖိုးရှိတဲ့နေရာ ရောက်သွားနိုင်ပါတယ်...

ဒီစာဖတ်မိသူ အရှင်သူမြတ်တို့ အလှူခံတော်မူကြပါဘုရား...
မွေးနေ့ရှင်များက သက်တော်-၉ဝ နဲ့ သက်တော်-၅ဝ ဆရာတော်နှစ်ပါး...

အခမ်းအနားကတော့ ဆရာတော်တစ်ပါးက သီလပေး...
ပြီးတော့ ဆရာတော်ဘုရားများရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြားတယ်...
မွေးနေ့ရှင်ဆရာတော်ဘုရားများ တစ်ပါးနည်းနည်းစီ တရားဟောကြပါတယ်...
လှူဖွယ်များလှူဒါန်း အမျှဝေရေစက်ချ ဆွမ်းကပ်ကြတယ်ပေါ့...

သက်တော်ရှည်ဆရာတော်ဘုရားက အမေရိကားကို ရောက်လာတာ သက်တော်-၆ဝ ဝါတော်-၄ဝ မှာ ရောက်လာပါတယ်... ခုဆို အမေရိကားမှာ သာသနာ့တာဝန် ထမ်းဆောင်နေတာ နှစ်ပေါင်း-၃ဝ ရှိသွားပြီပေါ့... တပည့်ဒကာတွေကလည်း မနည်းပါဘူး... ဝိုင်းဝန်းပြီး စောင့်ရှောက်ကြတယ် ဆိုပါတယ်...

သက်တော်-၅ဝ ဆရာတော်ကတော့ စကားပြော တရားဟော အလွန်ကောင်းတယ်... ဆရာတော်ဘေးမှာဆို အမြဲပဲ ဒကာ ဒကာမတွေ ဝိုင်းနေကြတာ... သက်တော်ကလည်းငယ် ပညာကလည်းစုံတော့ မြတ်ဗုဒ္ဓသာသနာအတွက် တစ်အားပါပဲ... ဒီလိုဆရာတော်နဲ့ နီးစပ်တဲ့ ဒကာဒကာမတွေ ကံကောင်းကြပါတယ်... ကံကောင်းတယ်ဆိုတာ ကောင်းကံတွေ လုပ်တယ်လို့ပြောတာနဲ့ အတူတူပါပဲ... ဆက်လက်ပြီး ဆရာဒကာတွေ ညီညွတ်စွာနဲ့ ကောင်းသောကံတွေ ထူထောင်လို့ ထေရဝါဒ သာသနာကို စောင့်ရှောက် ထောက်ပံ့နိုင်ကြပါစေ...


မွေးနေ့အမှတ်တရ မေတ္တာပို့သလိုက်ပါသည်...
ကိုယ်ရောစိတ်ပါ ချမ်းသာပါစေ...
ဦးလောကနာထ
၁၁.၂၁.၂ဝ၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Sunday, November 20, 2011

တန်ဖိုးရှိမှန်း သိကြပါစို့...


၁၅-နှစ်ပြည့် မွေးနေ့...

ဘုန်းကြီး ဒီကိုရောက်ခါစမှာ သူက မွေးကာစ...
ခုတော့ ဒီကလေးက ၁၅-နှစ်... ဒါဆို ဘုန်းကြီးတို့ အတော်အိုပြီပဲ...

ဆွမ်းကပ် သီလပေး...
ပြီးတော့ ပရိတ်ရွတ်မယ်... မေတ္တာသုတ်...
မေတ္တာသုတ်ဆိုတာက မေတ္တာပို့တာ...
သူတစ်ပါးကို ကိုယ်ရောစိတ်ပါ ချမ်းသာစေချင် ဆင်းရဲကင်းစေချင်တာ...
မေတ္တာပို့တာနဲ့ ရန်လုပ်ခံရတာ ဘယ်ဟာကြိုက်လဲလို့ မေးကြည့်တော့...
ကလေးက... မေတ္တာပို့တာ ကောင်းပါတယ်တဲ့...
ကောင်းတယ်ဆိုရင် မိမိကိုယ်တိုင်လည်း သူတစ်ပါးတွေအပေါ်မှာ မေတ္တာပို့...
ပြီးရင် မေတ္တာသုတ်ထဲမှာ ပါတဲ့ ကျင့်စဉ် ၁၅-ချက်ကို ကျင့်ပါ...

မေတ္တာသုတ်ပူဇော် ဆွမ်းစားပြီးရွတ်နေကျ ပရိတ်အတိုလေးတွေဆက်ရွတ်...
ပြီးတော့မှ ကလေးကိုမေးကြည့်တယ် ဘာလိုချင်လဲလို့...
ပေးနိုင်လို့တော့ မဟုတ်ပါဘူး...ရနိုင်တဲ့နည်းပြောပေးမလို့ပါ...
ကောင်းသောအရာတွေ လိုချင်ပါတယ်တဲ့...
ဒါဆိုရင် ကောင်းသောအရာတွေ ရနိုင်သောအလုပ်ကိုလုပ်ပါ...
ဒါတော့ အရှင်ဘုရား ပြောမှလားလို့ထင်လိမ့်မယ်...
အမှန်ပြောတာပါပဲ... ကောင်းတာတွေလိုချင် ကောင်းတာလုပ်
မကောင်းတာလိုချင် မကောင်းတာတွေလုပ်...

ဘယ်ဟာကောင်းတယ် မကောင်းဘူးဆိုတာ မြတ်ဗုဒ္ဓက သင်ပေးထားပါတယ်...

ငွေတစ်ထောင်လိုချင်သူဟာ တစ်ထောင်ရကြောင်းအလုပ်တွေလုပ်ရမယ်...
တစ်ထောင်တော့လိုချင်တယ် ငွေရကြောင်းကိုတော့ မလုပ်ဘူး...
အိပ်ရာပေါ်မှာပဲ အိပ်နေမယ်ဆို ဘယ်ရမလဲ မရနိုင်ဘူးပေါ့...

ဗိုက်ဆာတယ်ဆို အစာစားရမယ်...
ရေငတ်တယ်ဆို ရေသောက်ရမယ်...
ရောက်ချင်တယ်ဆို သွားရမယ်...
ဒီလိုဆင်းရဲလေးတွေငြိမ်းစေဖို့ ငြိမ်းကြောင်းအလုပ်တွေ လုပ်ကြရတယ်...
လိုချင်တာတွေ ရစေဖို့ ရကြောင်းအလုပ်တွေ လုပ်ကြရတယ်...

ဒီဥပမာလေးတွေက လူတိုင်းသိပြီးသား
လူတိုင်းလည်း နေ့စဉ် ကြိုးစားလုပ်နေကြတဲ့ အလုပ်တွေပါပဲ...
လုပ်နေသူတိုင်း ဒါလေးတွေတောင် ပြည့်စုံလားဆိုတော့ မပြည့်စုံဘူးနော်...
ဒါလေးတွေအတွက်လုပ်ရင်း မပြည့်မစုံနဲ့ဘဲ တစ်ဘဝ ပြီးသွားကြရပြန်တယ်...
ဒီတော့ ဆင်းရဲဒုက္ခ အပြီးချုပ်ငြိမ်းဖို့ရာ အလုပ်လုပ်ချိန်တွေ မပါကြဘူးပေါ့...

မြတ်ဗုဒ္ဓအဆုံးအမထဲမှာ လက်ရှိဘဝဆင်းရဲငြိမ်းကြောင်းတွေ ပါသလို...
သံသရာဆင်းရဲ ကင်းငြိမ်းကြောင်းအကျင့် ကျင့်စဉ်တွေရှိနေပါတယ်...
ဒီဘဝဟာ လေ့လာဖို့ရာ အကောင်းဆုံး အချိန်အခါတွေပါပဲ...
ဒကာဒကာမတို့မှာ ရခဲတဲ့ လူ့ဘဝရယ် သာသနာရယ်တွေ့ကြုံနေကြရပြီ...
ကျင့်ဖို့ရာ မိမိတာဝန်လေးပဲ ပြည့်စုံဖို့ လိုပါတော့တယ်...

ပိုက်ဆံဆိုရင် လူတွေ လိုချင်ကြတယ်...
ဘာကြောင့်လည်းဆို တန်ဖိုးရှိမှန်းသိလို့...
အသုံးချလို့ရမှန်းသိလို့ပါ...
တရားဆို စိတ်မဝင်စားဘူး မလိုချင်ဘူး...
ဒါဆိုဘာကြောင့်လည်းတဲ့ တန်ဖိုးရှိတယ်မထင်လို့...
အသုံးချလို့ရတယ် မထင်လို့...
ဒါကြောင့် တရားဆိုတာကို တန်ဖိုးရှိမှန်းသိအောင် လုပ်ကြရမယ်...

ဘုရားပွင့်ပေါ်လာခြင်းဟာ ဘုန်းကြီးတို့ ဒကာဒကာမတို့အတွက်ပါ...
သုမေဓာရှင်ရသေ့ သူ့ဟာသူ ဆင်းရဲကင်းချင်ရင် အဲဒီဘဝမှာကထဲက သွားလို့ရနေပါပြီ...
တို့တစ်တွေကို သနားလို့...အပင်ပန်းခံပြီး ကျင့်ခဲ့တာပါ....
ဒီလို ဆင်းရဲကင်းကြောင်းတရားတွေ နာဖို့ရာ လေးသင်္ချေမက ကြာပါတယ်...
ဘုန်းကြီးတို့တစ်တွေ တွေ့ကြုံရဲ့သားနဲ့မှ တန်ဖိုးနားမလည်ဘူး ဖြစ်နေကြတာ...

တန်ဖိုးရှိမှန်း သိကြပါစို့...
ဦးလောကနာထ
၁၁.၁၉.၂ဝ၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Friday, November 18, 2011

အရှင်ဘုရား မငတ်အောင်လို့ ဆွမ်းလှူပါသည်...



ဘာ့ကြောင့် ဒီလိုလှူတာလဲ...

ဆွမ်းလာကပ်တဲ့ ဒကာလေးကို မေးကြည့်မိတယ်...
သူတို့ ကလေးတွေ ဘယ်လိုအသိ ရှိကြသလဲပေါ့...
ဒကာလေး ဘာ့ကြောင့် ဒီလိုဆွမ်းလှူတာလဲလို့ မေးလိုက်တော့...
သူက ဒီလိုဖြေတယ်လေ...
အရှင်ဘုရား မငတ်အောင်လို့တဲ့...မှန်လိုက်တာ...

ဒကာလေးပြောတာ မှန်တာပါပဲ...
ဒီလို ဆွမ်းလှူတဲ့အတွက်...
စားရသူမှာ ဆွမ်းမငတ်ဖူး အဆာပြေတယ်...
စိတ်ချမ်းသာ ကိုယ်ကျန်းမာတယ် အသက်ရှည်တယ်...
ဒီတော့ ကိုယ်ရည်အဆင်းလှတယ်...
အာဟာရပြည့်ဝတော့ ဉာဏ်ရည်လည်း ပြည့်ဝလာနိုင်တယ်...

စားရတဲ့သူမှာ ဒီလိုအကျိုးတရားတွေ ရလာတော့...
ပေးလှူသူမှာလည်း တူညီတဲ့အကျိုးတရားတွေ ရမှာဖြစ်တယ်...
ဒါကိုပဲ ကံ ကံ၏အကျိုးလို့ ခေါ်တာပါဒကာလေး...
ဒီလိုသိပြီး ပေးလှူခြင်းက ပိုပြီးကောင်းတယ် ပြောပြလိုက်တော့

အရှင်ဘုရား ပေးတာနဲ့ လှူတာ ဘာထူးလဲတဲ့...

ဘာမှ မထူးဘူးဒကာလေး တနည်းအားဖြင့်တော့ တူတူပါပဲ...

မိမိထက် သီလ သမာဓိ ပညာ နိမ့်သူကို ပေးတယ်သုံးပြီး...
မိမိထက် သီလ သမာဓိ ပညာ မြင့်သူကို လှူတယ်သုံးကြတာပါ...
ပေးတာပဲဖြစ်ဖြစ် လှူတာပဲဖြစ်ဖြစ် ပါဠိလိုကတော့ ဒါနပါပဲ...
ဘုန်းကြီးများဟာ ဒကာလေးတို့စောင့်တဲ့သီလထက် ပိုပြီးစောင့်ထိန်းတယ်...
တည်ကြည်မှုခေါ်တဲ့ သမာဓိ ဉာဏ်လို့ခေါ်တဲ့ပညာ ပိုအောင်ကျင့်နေကြတယ်...
ဒါကြောင့် ရဟန်းတွေကို လှူတယ်သုံးပြီး...
လမ်းဘေးမှာ တောင်းနေသူများကိုတော့ ပေးတယ် သုံးလိုက်ကြပါတယ်...
တနည်းအားဖြင့်တော့ ကိုယ်ပိုင်ပစ္စည်း သူများကိုပေးလိုက်တာ တူတူပါပဲ...

ဒါ့ကြောင့် ဒါနပြုရင် မိမိပစ္စည်း စွန့်လွှတ်ပြီးမှသာ ပေးလို့လှူလို့ရပါတယ်...
စွန့်လွှတ်တာကို စာဂ... ပေးလှူတာကို ဒါန...
ဒါကြောင့် စာဂရှိမှ ဒါနဖြစ်တယ်...
စာဂမရှိရင် ဒါနမဖြစ်ဘူးဆိုတော့ ချေးငှားတဲ့သဘောဖြစ်သွားတတ်ပါတယ်...

အလှူခံသူဘုန်းကြီးများဟာ လူတွေထက်ပိုပြီး သိက္ခာရှိဖို့လိုပါတယ်...ကျင့်ရမယ်
တောင်းသူများကတော့ မလိုတော့ဘူးပေါ့...

နောက် မိမိရဲ့ဒါန အားကောင်းဖို့ရာ စေတနာ အားကောင်းရပါတယ်...
ပစ္စည်းနည်းပြီး စေတနာအားကောင်းတာနဲ့
ပစ္စည်းများပြီး စေတနာအားနည်းတာ ယှဉ်လိုက်ရင်
ပစ္စည်းနည်းပေမဲ့ စေတနာအားကောင်းတာက အကျိုးပေးကောင်းပါတယ်...
ဒီလိုပြောလိုက်လို့...
တပည့်တော် နည်းနည်းလေးနဲ့ စေတနာကောင်းအောင်လုပ်တော့မယ်ဆိုခဲ့ရင်...

စေတနာအားကောင်းတဲ့သူဟာ တွန့်တိုမှု မရှိတော့ပါဘူး...

မိမိမှာမရှိတဲ့ထဲက ရှိသလောက်လေးကို ဖဲ့ပြီးလှူတတ်တယ်...
မိမိသုံးမဲ့ထဲက မသုံးတော့ပဲ ပေးလှူတာမျိုးတွေကို ပြုလုပ်လာပါတယ်...
တစ်ချို့မှာစေတနာတော့ရှိတယ် ပစ္စည်းမရှိလို့ အနည်းငယ်သာလှူရတာပါ...
ဒီလိုစေတနာမျိုးက လှူဖွယ်နည်းပေမဲ့ အကျိုးပေးကောင်းပါတယ်...

နောက်တစ်ခုက သီလရှိသူကို ပေးလှူခြင်းက အကျိုးကြီးစေတယ်ဒကာလေး...
ဒါကြောင့် သီလရှိသူ ပြည့်စုံသူတွေကိုရှာပြီး သံဃာရည်မှန်းလို့ ပေးလှူ...

မရှာတတ်လို့သော်လည်းကောင်း...
သီလပြည့်စုံသူတွေ ရှိကိုမရှိတော့လို့ ဆိုတဲ့အခါကြရင်တော့ နောက်ဆုံးပေါ့...
သံဃာကိုသာ ရည်မှန်းလို့ ကြုံရာဘုန်းကြီးကို ပေးလှူလိုက်ပါဒကာလေး...
ဒီလိုပေးလှူခြင်းက သာသနာကို စောင့်ရှောက်ရာလည်း ရောက်ပါတယ်...

ကောင်း၍တူသောအကျိုးတွေ ရကြပါစေ...
ဦးလောကနာထ
၁၁.၁၈.၂ဝ၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Tuesday, November 15, 2011

ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ ကထိန်ပွဲတော်သို့...


ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ ကထိန်ပွဲတော်သို့...


တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက်နေ့ ကထိန်ပွဲ...

ဘေးဧရိယာက သံဃာတော် ၁၂-ပါး ကြွရောက်ကြပါတယ်...
ဆရာတော်ဟောတဲ့တရားကတော့ အကုသိုလ်စိတ် ၁၂-ပါးရှိကြောင်း...
လောဘ ဒေါသ မောဟတရားဆိုးတွေကြောင့် ဆင်းရဲနေကြရကြောင်း...
မိဒွေးတော်ဂေါတမီ သင်္ကန်းလှူတဲ့အခါမှာ သံဃာကိုသာလှူဖို့အကြောင်း...
အလှူခံပုဂ္ဂိုလ်တွေက ၁၄-ဦး ၁၄-မျိုးရှိကြောင်း...
ဒကာဒကာမတွေလှူတဲ့ ကထိန်သင်္ကန်းဆိုတာလည်း သံဃာကိုသာလှူရကြောင်း...
ဂုဏ်ကြီးမားတဲ့ဆရာတော်ဖြစ်စေ ကိုယ်ရင်လေးကိုပဲဖြစ်စေ
သံဃာကိုရည်မှန်းလှူဒါန်းလျှင် အကျိုးကြီးကြောင်းတွေပေါ့လေ...
ဟောသွားလိုက်တာ စီကာပတ်ကုံး အများကြီးပါပဲ...
နာကြားလို့ကောင်းပြီး မှတ်သားဖွယ်တွေချည့်ပါပဲ...

အချိန်နည်းနေတော့ လှူဖွယ်တွေလှူဒါန်းပြီးနောက် အမျှဝေရေစက်ချ...
ပြီးနောက် ဘုန်းတော်ကြီးများကို စုပေါင်း ဆွမ်းကပ်ကြပါတယ်...

တစ်ချို့လူတွေမှာ မရှင်းတော့မေးကြပြန်တယ်...
တန်ဆောင်မုန်းလပြည့်ကျော်မှာ ကထိန်ခင်းလို့ရသလားတဲ့...
ကထိန်ခင်းလို့ မရပါဘူးဒကာလေး...
ဆရာတော်တွေ လပြည့်မတိုင်ခင်က ကထိန်ကံဆောင်တဲ့ကိစ္စ လုပ်ပြီးပါပြီ...
ခုလုပ်တာကတော့ ပွဲတစ်ခုလုပ်ရုံ ဆွမ်းလှူဒါန်းရုံသာဖြစ်ပါတယ်...
ဒီလိုပြောပြ ရှင်းပြလိုက်တော့ နားလည်သွားပါတယ်...

ကထိန်ခင်းလို့ရတဲ့ရာသီက သီတင်းကျွတ်လပြည့်ကျော်ကနေ
တန်ဆောင်မုန်းလပြည့် တစ်လအတွင်း သင်္ကန်းအလှူခံခွင့်ရပါတယ်...
ဒီနိုင်ငံမှာက ပွဲလုပ်ရင် တနင်္ဂနွေနေ့မှာပဲ လုပ်ရတာ အဆင်ပြေတယ်လေ...
တစ်လမှ တနင်္ဂနွေကလည်း လေးပါတ်ပဲရှိ ကျောင်းက ၁၁-ကျောင်း...
ဒါ့ကြောင့် ကထိန်ခင်းတဲ့ရက်ထပ်တယ် ထပ်ရင် သံဃာမလောက်ငှပြန်ဘူး...
တစ်ခါတစ်ရံ ဒီလိုပဲ လပြည့်ကျော်မှ ပွဲလုပ်ကြရတယ်...
တစ်လအတွင်းမှာပဲ ပြီးအောင်လုပ်ရင်တော့ အမြင်ရှင်းတာပေါ့လေ...

တစ်နာရီ မိုင် ၇ဝ-နှုန်း မောင်းတဲ့ကားနဲ့
ကျောင်းကိုအသွားအပြန် နှစ်နာရီကျော်လောက် ကြာပါတယ်...
ဟိုမှာနေရတာနဲ့ အပြန်မှာ ဝင်ချင်တဲ့နေရာဝင်တော့ တစ်နေကုန်တာပါပဲ...
သူ့ကျောင်းကိုယ်ကသွား ကိုယ့်ကျောင်းသူကလာပေါ့...
ဘုန်းကြီးတွေ ဒီလိုသွားလာမှလည်း လူတွေမှာ လှူဒါန်းခွင့်ရကြမယ်...
သီလယူ တရားနာခွင့် ရကြမှာမဟုတ်လား...

ဘုန်းကြီးအတွက်ကတော့ ဒေသနာကြားခွင့်ရတာ အမြတ်ပါပဲ...

ဝင်ချင်တဲ့နေရာဝင်တယ်ဆိုတာကတော့ ကျောင်းမှာ ပဋ္ဌာန်းပူဇော်ပွဲလုပ်မယ်လေ...
ဒီတော့ လိုအပ်တဲ့ပစ္စည်းလေးတွေ ဒကာကိုလက်ညှိုးထိုးပြ သူကထည့်ပေါ့...
(စဉ်းစားမိတာ) ဘုန်းကြီးတွေ ကံကောင်းကြပါတယ်...
လက်ညှိုးထိုးရင် ထိုးသမျှ ရနေကြတာပါ...
မအပ်စပ်တာ လက်ညှိုးမထိုးမိဖို့တော့ လိုတာပေါ့လေ...

ဘာကြောင့် ဒီလိုလွယ်လွယ်ကူကူ ရနေတာလဲဆိုတော့
ပြုခဲ့ဖူးကြတဲ့ ကောင်းမှုကုသိုလ်ကံရဲ့ အကျိုးတရားတွေပေါ့...
လိုချင်လို့ဘဲလုပ်လုပ် အကျိုးကို လိုချင်စိတ်မရှိဘဲနဲ့ လုပ်လုပ်
လုပ်သမျှမှာတော့ အကျိုးတရားတွေ ကပ်ပါလာတာပါပဲ...
ဒါကြောင့် လုပ်နေကြဖို့လိုပါတယ်...
ကောင်းကျိုးချမ်းသာ လိုချင်တဲ့သူက ကုသိုလ်ကောင်းမှုတွေကိုလုပ်...
မကောင်းမှုလုပ်ရင်တော့ လိုချင်ချင် မလိုချင်ချင် မကောင်းကျိုးရလိမ့်မယ်...

ဒါလောက်တော့ သိပါတယ်ဘုရားလို့ ဆိုချင်ဆိုကြမယ်...
မှန်ပါတယ် သိကြမှာပါ...
ဒါပေသိ ကောင်းမှုလုပ်ဖို့ မေ့နေမှာ စိုး၍သာ သတိပေးရတာပါ...

သတ္တဝါမှန်သ၍ ကိုယ်စိတ်ဆင်းရဲ ကင်းဝေးကြပါစေ...
ဦးလောကနာထ
၁၁.၁၃.၂ဝ၁၁
ပဋ္ဌာန်းပူဇော်ပွဲ နိုဝင်ဘာ ၂၄-မှ-၂၆-ထိ



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Sunday, November 13, 2011

ပင်ပျော်ပျင်းလို့ မှီဝဲပါသည်...





ကလေးတွေပါ ပါလာတော့ သြကာသကစပြီး တိုင်ပေးပါတယ်...
ပြီးတော့မှ ဆုပေး...
သရဏဂုံသုံးပါးဆို...
သီလလေးပါး တိုင်ပေးပြီးနောက်...
ငါးပါးမြောက် နောက်ဆုံး သုရာမေရယ ဆိုတဲ့အခါမှာတော့...
ဒကာလေးအသံက ပျောက်သွားတယ်...

ပရိတ်ရွတ် သာဓုခေါ်ကြ ပြီးတော့မှ တရားနာ...
မွေးနေ့အမှတ်တရဆိုတော့လည်း မင်္ဂလာတရားပေါ့...

အသေဝနာစ ဗာလာနံ
ပဏ္ဍိတာနဉ္စ သေဝနာ
ပူဇာ စ ပူဇနေယျာနံ
ဧတံ မင်္ဂလ မုတ္တမံ

ကြီးပွားချင်တဲ့သူတွေ လူမိုက်ဆို မမှီဝဲနဲ့လို့ ဘုရားကပြောပါတယ်...
လူမိုက်ဆိုတာက ဒုစရိုက်ဆယ်ပါး လုပ်နေကြသူတွေ...
မိမိသူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်နေသူ...
တနည်းအားဖြင့် ငါးပါးသီလ မလုံ ဖေါက်ဖျက်နေသူ...
ဒီလိုပြောရင်းနဲ့ စိတ်ထဲတွေးနေမိတာက
ဒကာလေး ဘာလို့များ သုရာမေရယကို မဆိုတာလဲမသိ...
မေးတော့ မမေးသေးပါဘူး...
သီလနဲ့ပါတ်သက်ပြီး မကျဉ်းမကျယ်လေးပြော...

နောက် ပညာရှိကို ပေါင်းသင်းမှီဝဲရမယ်...
ဘာလို့လည်းဆို ပညာရှိကိုပေါင်းသင်းတဲ့အတွက်ကြောင့်
တိုးတက်ရာတိုးတက်ကြောင်း အသိပညာ အတတ်ပညာတွေရမယ်...
အကောင်းအဆိုး အကြောင်းအကျိုးကို မှန်ကန်စွာ သိရှိမယ်...
သိလာတဲ့ပညာနဲ့ မိမိဘဝကို ကောင်းမွန်စွာ ရပ်တည်နိုင်တယ်...
ဒါ့ကြောင့် ပညာရှိကို မှီဝဲဆည်းကပ်ရမယ်...

ပူဇော်သင့်ပူဇော်ထိုက်သူတွေကို ပူဇော်ရတယ်...
မိမိထက် အသက်သိက္ခာကြီးသူတွေကို ပူဇော်ရမယ်...
သီလ သမာဓိ ပညာ သိက္ခာသုံးပါး ကြီးသူတို့ကို ပူဇော်ရမယ်...
တနည်းအားဖြင့် လူလိမ္မာပညာရှိတွေကို ပူဇော်ရမယ်...
ပူဇော်တယ်ဆိုတာက နှစ်မျိုးရှိတယ်လေ...
ပစ္စည်းပစ္စယနဲ့ ပူဇော်တာရယ် တရားနဲ့ပူဇော်တာရယ်...
တရားနဲ့ပူဇော်တယ်ဆိုတာ တရားတော်ရွတ်ဖတ်တာအပြင်...
ဆုံးမစကားကို နားထောင်ခြင်းကလည်း ပူဇော်တာပါပဲ...
အစရှိသည်ပြောပြပြီးနောက် အမျှဝေ ရေစက်ချကြတယ်ပေါ့...

ကိစ္စလေးတွေပြီးတော့မှ စကားပြောရတယ်...
သမီးဖြစ်သူ ကလေးလေးကို မေးကြည့်ရတာပေါ့...
ခုန ကလေးမအဖေ သုရာမေရယကို ဆိုသံမကြားရပါဘူး...
ဆိုတော့...
ကလေးက ငယ်သေးတော့ သိပ်အဖြေတတ်ဖူးလေ...
သိသားပဲ တမင် လူကြီးကိုမေးရခက်လို့ ကလေးကိုမေးရတာ...
ဒီတော့မှ ဒကာမဖြစ်သူက ပြောပြတယ်
သူက ညကျရင် အဲဒါသွားလုပ်မှာလေ အရှင်ဘုရား...
ဒါကြောင့် မဆိုတာနေမှာပေါ့တဲ့...
ပြုံးစိစိနဲ့ သူ့ဒကာကို မျက်စောင်းက ထိုးသေးတယ်...

ဒီတော့ ဒကာက အကြောင်းပြတယ် အလုပ်က ပင်ပန်းတယ်ဘုရား...

   ကြားဖူးတယ်
          တချို့က ပင်ပန်းလို့တဲ့...
          တချို့က ပျော်လို့တဲ့...
          တချို့က ပျင်းလို့တဲ့...
သြော်... ပင်ပျော်ပျင်းလို့ မှီဝဲပါသည် ရှောင်နိုင်ခဲသည့်ဒီအရည်...

မကောင်းမှုမှန်သမျှ ရှောင်ရှားနိုင်ကြပါစေ...
ဦးလောကနာထ
၁၁.၁၂.၂ဝ၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Friday, November 11, 2011

နေ့စဉ်အမြဲ လိုနေတယ်...


နေ့စဉ်အမြဲ လိုနေတယ်...


နေ့စဉ်နေ့တိုင်း လိုနေတာက ဇီးယို... (plum)
အဲဒါကို ရေနွေးစိမ်ပြီး ဘုဉ်းပေးတာပါ...
ဇီးယိုလိုတယ်ဆိုတော့ ဘုန်းကြီးကို တစ်မျိုးတော့ထင်နိုင်တယ်...
ငယ်ငယ်က ကြားဖူးခဲ့တာက စိတ်မငြိမ်ရင် ဇီးယိုစားရတယ်ဆိုလားဘဲ...  
ခုတော့ ဒါကို နေ့စဉ်မဘုဉ်းရင် ဆေးတစ်မျိုးသောက်ရလိမ့်မယ်...
(ဘုန်းကြီးကတော့ ကျန်းမာရေးအရ ဝမ်းမှန်ဖို့အတွက်ပါ...)

နီးစပ်ရာ ဒကာဒကာမများကလည်း တော်ကြတယ်...
အမြဲ စီစဉ်ပေးကြပါတယ်...

ဒါပေမဲ့ တစ်ခါတစ်လေကျတော့ ရေနွေး အများကြီးထည့်ကြတယ်...
ဒီတော့ တွေးမိတာက လျော့ထည့်ရင်ကောင်းမယ်ပေါ့...

တစ်ဦးကတော့ ရေနွေးကို နည်းနည်းလေးပဲထည့်တယ်...
ဒီတော့လည်း တွေးမိပြန်တာက ပိုထည့်ရင် ကောင်းမယ်ထင်တယ်...

တစ်ချို့ကတော့ ရေနွေးမပါဘူး ဒီအတိုင်းဘဲ...

စိတ်ထဲမှာတော့ ခဏခဏလိုနေတယ်...
မိမိစိတ်ရဲ့သဘောကို ကြည့်နေတော့ မြင်နေရတယ်...
ငါလိုဘဲ လူတွေကော အမြဲတမ်း လိုနေကြသလား...
လိုတဲ့သူတိုင်းကော အလိုတွေ ပြည့်ကြရဲ့လား...
အလိုပြည့်တယ်ဆိုသူတွေကော ထပ်ပြီး လိုနေသေးသလား...
မလိုတော့ဘူးလား...

တစ်ရက်မှာတော့ စဉ်းစားမိတာက...
ဘယ်သူတွေ အလိုပြည့်ကြပြီလဲပေါ့...
ဘုရား ရဟန္တာတွေကတော့ အလိုပြည့်သွားကြတာ တွေ့ရပါတယ်...

သုမေဓာရှင်ရသေ့က သဗ္ဗညုတဉာဏ် လိုချင်တယ်...
သိဒ္ဓတ္ထမင်းသားဘဝမှာ ဂေါတမဗုဒ္ဓအဖြစ်နဲ့ အလိုပြည့်သွားပြီ...

သုရုစိရသေ့လည်း လက်ျာရံအဂ္ဂသာဝကဖြစ်ချင်တယ်...
ဥပတိဿဘဝမှာ အရှင်သာရိပုတြာအဖြစ်နဲ့ အလိုပြည့်သွားပြီ...

ဝရုဏမည် နဂါးမင်းသည်လည်း လက်ဝဲရံအဂ္ဂသာဝကဖြစ်ချင်တယ်...
ကောလိတဘဝမှာ အရှင်မဟာမောဂ္ဂလ္လာန်အဖြစ်နဲ့ အလိုပြည့်သွားပြီ...

သုမိတ္တာအမျိုးသမီးက ပါရမီဖြည့်ဖက်အဖြစ်နဲ့ ဆင်းရဲဒုက္ခငြိမ်းချင်တယ်...
ယသော်ဓရာဘဝမှာ ပါရမီပြည့်လို့ အလိုပြည့်သွားပြီ...

သူတို့တွေ အလိုပြည့်ခြင်းက ထပ်မလိုတော့ပါဘူးလေ...
တနည်းအားဖြင့် လိုချင်မှုဆိုတာ မရှိသူများ အလိုပြည့်နေပြီ ပြောရမယ်...

ဘုန်းကြီးတို့ လိုချင်နေမှုကတော့ ဒီဟာပြည့်လည်း ဟိုဟာ လိုချင်နေဦးမှာ...
ဒီလိုသာဆို ဘယ်တော့မှ ပြည့်မှာကို မဟုတ်တော့ဘူး...
ကိုယ့်အလို မပြည့်ပြန်တော့ သူတစ်ပါးကို အပြစ်တင်တတ်ပြန်တယ်...

သတိရမိတယ်...
ဘုရားရှင်လက်ထက်က ပုဏ္ဏားတစ်ဦးထင်ပါရဲ့...
တရားတိုတို ဟောသူနဲ့ တွေ့တော့လည်း အလိုမကျ အပြစ်တင်...
တရားရှည်ရှည် ဟောသူနဲ့ တွေ့တော့လည်း အလိုမကျ အပြစ်တင်...
မတိုမရှည် ဟောသူနဲ့ တွေ့တော့လည်း အလိုမကျ အပြစ်တင်တာပါဘဲ...

အလိုမကျရင် နောက်ဆက်တွဲ မကောင်းမှုတွေက ပါလာတတ်တယ်...
ဒါ့ကြောင့် လိုချင်တဲ့ဓာတ်တွေ လျှော့နည်းအောင် လုပ်ရမယ်...
ဒါမှ အပူနည်းတော့မှာပါ...

လိုချင်တာကို မရခြင်းသည်လည်း ဆင်းရဲ၏...

ရေးရင်းနဲ့ပဲ လိုလာပြန်တယ်...

ဒီနေ့မိုးရွာလေတိုက်နေတော့ ဆွမ်းခံထွက်မရဘူးလေ...
ဒီတော့ လိုပြန်ပြီ...

လိုချင်တယ် လိုချင်တယ်ဆိုတဲ့ဓာတ်တွေ နည်းကြပါစေ...
ဦးလောကနာထ
၁၁.၁၁.၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Wednesday, November 9, 2011

မိသားစုစိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ... ဆိုတော့...


မိသားစုစိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ... ဆိုတော့...
ဟဲ ဟဲ ဟဲ...တဲ့... သူက ရီ(ရယ်)ပါတယ်...

အရှင်ဘုရားပေးတဲ့ဆုက မပြည့်ဘူးဘုရား ဒါကြောင့်ရယ်တာပါတဲ့...
ကဲ... ဘယ်လိုလုပ်ကြမယ်...

ဆုပေးတာနဲ့ မေတ္တာပို့တာ မတူကွဲပြားတယ် ပြောရမလား... တူတူပါပဲလို့ပြောရမလားပဲ... ခက်ပါ့...
ဗုဒ္ဓဘာသာအရတော့ သူတစ်ဖက်သားကို ပြည့်စုံ ချမ်းသာစေလိုတဲ့သဘောပါ...
မနောကံမေတ္တာ... ဝစီကံမေတ္တာ... ကာယကံမေတ္တာ...ဆိုပြီး...
ကံသုံးပါးနဲ့ ပွားများကြပါတယ်...
ဒါကိုပဲ တနည်းအားဖြင့် ဆုပေးတယ်လို့ သုံးကြတယ် ထင်ပါတယ်...
ဝစီကံအနေနဲ့ ဆုပေးကြတယ်... ဥပမာ ကျန်းမာပါစေ ချမ်းသာပါစေပေါ့...

ကာယကံအနေနဲ့ဆို သူတစ်ပါးကိစ္စ အောင်မြင်အောင် စေတနာနဲ့ ဝင်လုပ်ပေးမယ်...
အောင်မြင်မှုတစ်ခုကြောင့် အထိမ်းအမှတ်ပစ္စည်းပေးတာကိုလည်း ဆုပေးတယ်သုံးပါတယ်...
ကာယကံမေတ္တာ ဆုပေးခြင်းကတော့ လက်ငင်းရတဲ့သဘော ရှိနေပါတယ်...

မြတ်ဗုဒ္ဓသာသနာအနေနဲ့တော့...
မောင်တင်ရေ... ဥုံဖွ... ရစေသတည်းဆိုပြီး ဆုပေးတာမျိုး မရှိဘူးပေါ့...
ဒါမျိုးက တစ်ချို့သော ဘာသာတွေမှာသာ ရှိတာပါ...
ဆုပေးတယ်ဆိုတဲ့စကားလေး တူပေမဲ့... အဓိပ္ပါယ်ခြင်းကတော့ မတူဘူးလေ...
ဒါကိုသဘောပေါက်ရတယ်... သဘောမပေါက်ရင် တမျိုးဖြစ်သွားမယ်...

မေတ္တာနဲ့ပါတ်သက်လို့က ပွားများသူမှာ ၁၁ မျိုး ဒါကတော့သိပြီးသားပါ...
မင်းကွန်းတောင်ရိုးက
ပတ္တမြားဆရာတော်ဘုရား ဘဒ္ဒန္တဇာဂရ (အဂ္ဂမဟာပဏ္ဍိတ) ရေးသားသောကဗျာပါ

အင်္ဂုတ္တရ၊ ဧက်ဒသ၌၊
ဗုဒ္ဓမြတ်စွာ၊ မိန့်တော်မှာသည်၊
မေတ္တာအကျိုး ဆယ့်တစ်မျိုးမှာ၊
ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကို၊
မြင်ရိုးမထင်၊ လူနတ်ပင်ချစ်၊
နတ်လျှင်စောင့်ငြား၊ အဆိပ်များနှင့်၊
မီး ဓား မဝင်၊ ဘေးမမြင်တည်း၊
စိတ်လျှင်တည်ကြည်၊ မျက်ဆင်းကြည်၏၊
သေမည်မတွေ၊ ဗြဟ္မာ့ပြည်သို့၊
ရောက်လေမိန့်မှာ၊ မော်ကွန်းဖြာသည်၊
လေ့လာလူတို့ မှတ်ဖွယ်တည်း...။ ဒါက မေတ္တာပို့သူရတာပါ...

ဒီတော့ အပို့ခံရသူမှာကောဆိုရင်တော့...(((တိတိကျကျမသိပါ)))
နားလည်သလို ဒီလိုစဉ်းစားကြည့်မိတယ်...
ကျွန်ုပ် ဒေါသဖြစ်ပြီး သင့်ကို သေနတ်နဲ့လှမ်းပစ်ရင် သင်သေသွားမယ်...
ဒေါသမထွက်ဘဲ မေတ္တာပို့တဲ့အတွက် သေဘေးကကင်းတဲ့အကျိုး သင်ရသွားပြီ...
ဒီလိုသဘောဆန်ဆန် အတွေးလေးတွေ ဖြန့်ပြီး တွေးကြည့်လိုက်ပါ...

မေတ္တာပို့ရင် မိခင်လို စိတ်ထားရမယ်လို့ ဆိုပါတယ်...
ဒီတော့ မိဘတွေနဲ့အတူနေရတဲ့ သားသမီးတွေဟာ အလွန်အေးချမ်းပါတယ်...
မေတ္တာပို့သနေသူနဲ့နေရတဲ့ သင်တို့မှာ ဒီအကျိုးလည်းရမှာပါ...
မေတ္တာပို့ ခံရသူတွေမှာ အကျိုးတရားတွေ များပါတယ်...
ဒါ့ကြောင့် လိုလိုချင်ချင် ပေးသောဆုနဲ့ ပြည့်ရပါလို၏ဘုရား... ဆိုတာ ကောင်းပါတယ်...
ဆုပေးရသူလည်း မျက်နှာမပူရတော့ပါ...
ပြီးတော့ လိုချင်တဲ့ဆန္ဒအတိုင်း ကျင့်ကြံကြပါ...

ပြောချင်တာကတော့...
မေတ္တာပို့နေသူ မိမိမှာတော့ ငြိမ်းချမ်းတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပို့သောကြောင့် သင့်ရဲ့ ပြုံးရွှင်မှုကို ရပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

ကျွန်ုပ်ကဆဲမိလျှင် သင့်ရဲ့ ဆဲဆိုငြိုငြင်မှုသာ ပြန်ရမယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဆိုတာ အလျှားအနံ မရှိပေမဲ့ အသွားအပြန် ရှိနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

လောကကြီး ငြိမ်းချမ်းနေတာ မေတ္တာတရားကြောင့် ဖြစ်ပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပွားလို့ ဈာန်ရလျှင် ဗြဟ္မာ့ပြည်သွားနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဈာန်ကို အခြေခံလို့ ဝိပဿနာပွားနိုင်ရင် ဆင်းရဲငြိမ်းနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

ဆုပေးနေတာ အပိုပါ...
ဒီလို ဆုပေးရုံနဲ့ မရပါဘူးကွာဆိုတဲ့ အတွေးအမြင်လေးတွေကြောင့်...
နိုင်ငံခြားရောက် တစ်ချို့ဆရာတော်များ မေတ္တာပို့ ဆုမပေးတော့ပါလေ...
ပြန်ကာနီး ဘိုင့်ဘိုင်...

စိတ်ချမ်းသာပါစေ...ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၁၁.၉.၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Monday, November 7, 2011

သားသမီးတွေကို ငယ်စဉ်က မဆုံးမတဲ့အခါ အရွယ်ရောက်လာသော်...


သားသမီးတွေကို ငယ်စဉ်က မဆုံးမတဲ့အခါ အရွယ်ရောက်လာသော်...


အိုးလုပ် အိုးဖုတ်တဲ့သူဆိုတာ
ရွှံ့ကောင်းကိုရွေးချယ် ကောင်းကောင်း နယ်တတ်ရတယ်...
စိတ်ကူးကောင်းနဲ့ မိမိလုပ်လိုတဲ့အိုးကို ပုံဖေါ်ရမယ်...
အိုးကို ကောင်းသထက်ကောင်းအောင် မာအောင် နာနာထုရိုက်ရတယ်...
ပြီးမှ မီးကောင်းကောင်း ကျက်အောင်ဖုတ်လို့ ဆေးလှလှချယ်...
ဒီလိုမှ မလုပ်တတ်ရင်တော့ မလှပတဲ့ဒီအိုး မကောင်း...
မြန်မြန်ကွဲလိမ့်မယ်...

ဒီနိုင်ငံရောက် မိသားစုတွေ တွေ့ကြုံကြရတဲ့ ပြဿနာတစ်ခုက...
သားသမီးငယ်ရွယ်စဉ်မှာ မိဘများက စားဝတ်နေရေး ရှာဖွေနေရတော့...
မိမိကိုယ်တိုင်ကလည်း ဗုဒ္ဓအကြောင်းအရာကို ကောင်းစွာမသိနိုင်ကြ...
ဖာသိဖာသာ မိရိုးဖလာ ဗုဒ္ဓဘာသာ...သာသာ...ဒီတော့
သားသမီးတွေကို ဗုဒ္ဓအဆုံးအမနဲ့အညီ မဆုံးမနိုင်ခဲ့ကြဘူးပေါ့...

ကလေးတွေ ကျောင်းသွားကျောင်းတက် သူငယ်ချင်းနဲ့နေချိန်ကများလာ...
အရွယ်ရောက်လာတဲ့အခါ ကလေးတွေမှာ ဘာသာပျောက်ကြတယ်...
ကလေးအချို့က ခရစ်ယန်တွေ ဖြစ်ကုန်ကြပါတယ်...
ဒါဟာ မိဘတွေမှာ အများကြီး တာဝန်ရှိပါတယ်...
သူတို့က ပြောမရဘူးဘုရား ဆိုတာက အကြောင်းပြတစ်ခုလောက်သာ...

ဒီတော့မှ တစ်ချို့မိဘများမှာ ခြေမကိုင်မိ လက်မကိုင်မိ...

ဒီလိုမဖြစ်အောင် မိဘတွေက ဗုဒ္ဓဘာသာဆိုတာကို သေသေချာချာ
မိရိုးဖလာ ဗုဒ္ဓဘာသာထက်သာအောင် လေ့လာထားသင့်ပါတယ်...
အချို့က ကလေးတွေကို လေ့လာခိုင်းတယ် သူတို့ကတော့ မလေ့လာ...
တစ်ချို့တော့ ကလေးတွေနဲ့အတူ လူကြီးပါ စတင်လေ့လာရတယ်...
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေ မလုပ်ဖြစ်ခဲ့ရင် နောင်တရကြလိမ့်မယ်...

နောင်တရကြတဲ့ မိသားစုတွေ များလှပါပြီ...

မိမိရှေ့က ဖြစ်ပျက်နေတဲ့ မိသားစုတွေကို ကြည့်ပြီးနောက်...
နောက် နောက်လူများ မိဘများက သင်ခန်းစာယူတတ်ဖို့ လိုပါတယ်...
မိမိသားသမီးများကို အနည်းဆုံး ဘုရားတရား သံဃာအကြောင်းနဲ့
ကံ ကံ၏အကျိုးလေးကိုတော့ နားလည်အောင်...
သဘောပေါက် လက်ခံအောင် သင်ပေးထားသင့်တယ်...

သားသမီးများကို သင်ပေးဖို့ မိဘတွေကိုယ်တိုင် အရင်လေ့လာရပါမယ်...
လေ့လာဖို့ ဘေးဧရိယာမှာ ဘုန်းကြီးကျောင်းတွေ အများကြီးရှိနေပါပြီ...
ဘုန်းတော်ကြီးများက ဗုဒ္ဓအဆုံးအမတွေကို သင်ပြပေးနေကြပါတယ်...
မိဘများအနေနဲ့ မိသားစုနောင်ရေး ငြိမ်းအေးဖို့အတွက် လေ့လာကြပါ...
စားဝတ်နေရေး တစ်ခုတည်းနဲ့တင် ဘဝဆိုတာ မပြည့်စုံနိုင်ဘူးလေ...

စီပွားရေး အဆင်ပြေပြီး မငြိမ်းအေးတဲ့ မိသားစုတွေ မနည်းပါဘူး...

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုတတ်ရုံနဲ့ ကျေနပ်နေတဲ့မိဘတွေ များလှတယ်...
ဒါလောက်နဲ့ ကလေးတွေ မရပါဘူး...
အရွယ်ရောက်ရင် သူ့ဟာ ဘာသာပျောက်သွားပါလိမ့်မယ်...
ပဋ္ဌာန်း ၂၄-ပစ္စည်း ဆိုတတ်ရုံနဲ့လည်း ကျေနပ်မနေကြပါနဲ့...
မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို အခြေခိုင်ခိုင် လေ့လာသင်ကြားပေးကြရမယ်...

ဘုန်းကြီးတွေ့ရင်... ဦးတော် ဦးတော်... ပိုက်ပိုက်... ထိန်းထိန်း...လုပ်ခိုင်းရုံနဲ့ကတော့...
ကလေးက ပြူးတူးပြဲတဲနဲ့ ပုံမကျပန်းမကျ ကန်တော့ရုံပဲ ရှိပါတယ်...
ကလေးအတွက် အကျိုးတရားနည်းပါတယ်...
ဗုဒ္ဓဘာသာမိသားစုတွေ ကလေးကြီးရင် စိတ်ဆင်းရဲကြရလိမ့်မယ်နော်...

ဗုဒ္ဓတရားတော်များ အချိန်မှီ လေ့လာနိုင်ကြပါစေ...
ဦးလောကနာထ
၁၁.၇.၂ဝ၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Sunday, November 6, 2011

ယနေ့ စုပေါင်း၍ သွေးဆေးသောက်သောနေ့...


ယနေ့ စုပေါင်း၍ သွေးဆေးသောက်သောနေ့...


စုပေါင်း၍ သွေးဆေးသောက်တယ်ဆိုလို့ ဒီကိုယ်တော် အဆန်းလုပ်တယ် မထင်လိုက်ပါနဲ့...
ဓမ္မစကြာတရား ပူဇော်တာကို ဆိုလိုတာပါ...
တရားတော်ကို စုပေါင်း ပူဇော်ကြတာ လစဉ် ပထမ တနင်္ဂနွေနေ့တိုင်းပေါ့...

မင်းကွန်းမှ ချမ်းသာကြီးဆရာတော်ဘုရားက ကျန်းမာစေဖို့ သွေးဆေးသောက်ရသလို...
၁၅ဝဝ ကိလေသာတွေကင်းစေဖို့ ဓမ္မစကြာတရားတော်ကို အမြဲပူဇော်ရတယ်တဲ့...
ဒါကို ရည်ရွယ်လို့ ပြောလိုက်တာပါ...
မကြာခဏလည်း ပူဇော်ဖြစ်ပါတယ် အလွန်ကို အေးချမ်းပါတယ်...
ဒကာဒကာမတို့လည်း ၁၅ဝဝ-ကနေ လျော့ချင်ရင် ပူဇော်ကြဖို့ တိုက်တွန်းပါတယ်...

မြတ်ဗုဒ္ဓသာသနာမှာ... ကိလေသာ စတင်ငြိမ်းသွားသူက...
အညာသိကောဏ္ဍညတဲ့ ကြားဖူးကြမှာပါ...
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ အစချီလို့ ဗုဒ္ဓဟောကြားခဲ့တာလေ...
ကိလေသာငြိမ်းချင်လို့ ရဟန်းဝတ်လာသူများ အယုတ်တရားနှစ်ပါးကို မမှီဝဲနဲ့တဲ့...
ကောင်းလိုက်တာ... မြတ်ဗုဒ္ဓရဲ့ ပထမဆုံး ဆုံးမစကားလေးပါ...
ဒီအစွန်းနှစ်ပါးက သံသရာတစ်လျောက်မှာ ကျင့်သုံးခဲ့တာပါ သတိမရလို့သာလေ...

ဘုန်းကြီးတို့ ရဟန်းဝတ်လာပြီဆိုတော့ ဒီတရားနှစ်ပါးထဲမှာ ရှိနေမယ်ဆို မတော်ဘူးပေါ့...
ပြင်းထန်ပင်ပန်းစွာကျင့်မယ်ဆိုတဲ့ အယုတ်တရားထဲမှာတော့ မရှိဘူး တော်ပါသေးရဲ့...
ဒါပေမဲ့ နောက်အယုတ်တစ်ပါးကတော့ တစ်ခါတစ်လေ ဆိုသလိုပါပဲ...
ကိလေသာကင်းလို့ ဆင်းရဲငြိမ်းလိုတယ်ဆိုရင် နှစ်ပါးလုံး ကြိုးစားရှောင်ရမှာပါလေ...
သူတော်ကောင်းတွေ သတိရကြပါစေ...

လစဉ်လာရောက်ပူဇော်သူများကတော့ ဝမ်းမြောက်ဝမ်းသာ ပူဇော်ကြပါတယ်...
လူတွေများသောအားဖြင့် ပါဠိလိုရွတ်ဖတ် ပူဇော်ကြတာက အကျင့်ရှိကြပါတယ်...
အဓိပ္ပါယ် သိသူကတော့ နည်းမယ်ထင်ပါရဲ့...
ဒါ့ကြောင့် ရွတ်ဖတ်ကုသိုလ်ယူရင်း အဓိပ္ပါယ်ပါ သိနိုင်ကြပါစေဆိုတဲ့ စေတနာနဲ့
ပါဠိမြန်မာ နှစ်ဘာသာ ပူဇော်ကြပါတယ်...

ပါဠိလိုတစ်ပိုဒ် မြန်မာလိုတစ်ပိုဒ်ပေါ့ အောက်မှာ စာအုပ်ထည့်ပေးလိုက်ပါ့မယ်...
ဒီလို အဓိပ္ပါယ်ပါ သိပြီဆိုရင် ကိုယ်တိုင်ကျင့်သုံးဖို့ရာ အဆင့်သင့် ဖြစ်သွားကြပြီပေါ့...
မသိလို့သာ မကျင့်ကြတာပါ... သိရင် ကျင့်ကြမယ်ထင်ပါတယ်...
မြတ်ဗုဒ္ဓက အယုတ်တရားတွေတဲ့လေ...
ဒီတော့ မဂ္ဂင်ရှစ်ပါးနဲ့နေမှ အယုတ်တရားက လွတ်မှာပါ...
အယုတ်တရားတွေထဲကနေ ရုန်းထွက်ကြပါစို့...


ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
ဦးလောကနာထ
၁၁.၆.၂ဝ၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Saturday, November 5, 2011

သီရိလင်္ကာကျောင်း ကထိန်ပွဲသို့ ယနေ့ကြွဖြစ်ပါသည်...


သီရိလင်္ကာကျောင်း ကထိန်ပွဲသို့ ယနေ့ကြွဖြစ်ပါသည်...


ဒီရာသီက ဘုန်းကြီးတွေအတွက် ကထိန်ရာသီဆိုတော့...
ဟိုကျောင်း ကထိန် ဒီကျောင်းက ကထိန် သင်္ကန်းလှူချိန်လေ...
လူတွေလည်း ဟိုကျောင်းပြေးလှူလိုက် ဒီကျောင်းပြေးလှူလိုက်နဲ့...
ကုသိုလ်တွေ... ကုသိုလ်တွေ...
ဒါက သဒ္ဓါတရား ပေါများသူတွေရဲ့ အတွေး အပြောပါ...
သဒ္ဓါတရား ရှားပါးသူကျတော့ ဒီကိုယ်တော်တွေ လုပ်နိုင်လိုက်တာ ခဏ ခဏပွဲ...
အပါတ်စဉ် သူတို့ကိစ္စချည့်ပဲ... အလုပ်ပိတ်ရက် ကိုယ့်ကိစ္စကို မလုပ်ရဘူးတဲ့...

ဒီနေ့ သွားခဲ့တဲ့ကျောင်းလေးက တစ်ဦးတည်းလှူတာလို့ သိရပါတယ်...
သိရသလောက်တော့ မိသားစုတစ်စုတည်းကနေ
ဆရာတော်ကို ကြည်ညိုလို့ လှူဖြစ်သွားတယ်လို့ ဆိုပါတယ်...
ပုဂ္ဂိုလ်ကို ကြည်ညိုပေမဲ့ သူတို့ သီရိလင်္ကာလူမျိုးတွေက
"ဘိက္ခုသံဃဿ ဒေမ" ဆိုပြီး ယောက်ျားသံဃာကိုရည်မှန်း လှူတတ်ပါတယ်...

လူလေး ၆၀-လောက်ပဲရှိပေမဲ့ သိုက်သိုက်ဝန်းဝန်း ရှိနေတယ်...
စည်းစည်းလုံးလုံးနဲ့ လှူဒါန်းနေကြတာ ပျော်ရွှင်နေကြပုံရတယ်...
မြန်မာတွေရဲ့ကထိန်အလှူနဲ့ မတူတာလေးတွေကတော့...
၁၁-နာရီလောက်မှာ ပင့်သံဃာတွေစုံတော့ ဘုရားဆွမ်းတော် စတင်ကပ်လှူပါတယ်...
ဆွမ်းကပ်ပုံကတော့ မြန်မာတွေနဲ့ တခြားစီပဲလေ...
မီးဖိုထဲကနေ တစ်ပန်းကန်စီထုတ်လာပြီး လူတွေလက်ဆင့်ကမ်းလို့
ဒီလိုနဲ့ လူလေးငါးဆယ်လက်ထဲမှာ လည်ပြီးတော့မှ ဘုရားဆွမ်းကပ်တယ်...
ဆွမ်းပွဲတိုင် ဒီအတိုင်းပါပဲ...
ကြည်ညိုဖွယ်ကောင်းပါတယ် စိတ်တော့ ရှည်ရမယ်...

ပြီးတော့မှ သီလယူကြ တရားဟောကြတယ်... ပြီးမှ ဆွမ်းကပ်တယ်ပေါ့
ဆွမ်းကပ်တော့ ၁၁-ခွဲ အချိန်နည်းနည်းအတွင်းမှာပဲ ဆွမ်းဘုဉ်းပေးကြရတယ်...
ဘုန်းကြီး ဆွမ်းကပ်ပုံကလည်း အဆန်း...
မြန်မာတွေက စားပွဲပေါ်မှာ လှူဖွယ်ရာဆွမ်းမျိုးစုံတင်ပြီး ကပ်လှူကြတယ်...
သူတို့ကတော့ မီးဖိုထဲကတစ်ယောက်ချင်း တန်းစီထွက်လာပြီးနောက်
ဘုန်းကြီးတွေကို ထည့်မလား ယူမလားသဘောမေးပြီးမှ ယူမယ်ဆို ထည့်ပေးတယ်...
ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်...
ဘုန်းကြီးတွေကတော့ ဖြေလိုက် ဘုဉ်းပေးလိုက်နဲ့ပေါ့လေ...
သူဇာတ်နဲ့သူကတော့ အိုကေနေတာပါပဲ...

ဆွမ်းဘုဉ်းပေးပြီးလို့ ပြီးပြီမထင်ပါနဲ့ဦး ပြန်ပြီး တရားနာကြရပြန်တယ်...
ပြီးတော့မှ ပရိတ်ရွတ် အမျှဝေပေါ့...
ဘုန်းကြီးကို သင်္ကန်းလှူပုံကလည်း ဆွမ်းလှူသလိုပါပဲ...
လှူတဲ့ ကထိန်သင်္ကန်းတစ်စုံကို စက္ကူနဲ့ အသေအချာထုပ်ထားပြီး
ရှိသမျှလူအကုန် တလှည့်စီ လက်ပြောင်းကိုင် နောက်ဆုံးလူကုန်မှ လှူကြတယ်...
အားလုံး ကိုယ်ထိလက်ရောက် ကပ်လှူကြတယ် ပြောရမယ်ထင်ပါတယ်...

လူမျိုးတွေ မတူကြတော့ အယူအဆနဲ့ လုပ်ပုံတွေ တမျိုးစီချည့်ပါပဲ...
ဘာတွေပဲ မတူတူလေ ဘုရားတရားတော် အယူတူရင်တော့ ဘုန်းကြီးတို့နဲ့ မျိုးတူပဲပေါ့...
ဒါအရေးကြီးတာပဲ မဟုတ်ပါလား...

အားလုံးပဲ ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၁.၅.၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Friday, November 4, 2011

ကိုယ်ကျင့်ရမှာမို့ ကိုယ်ကျင့်တရား...


ကိုယ်ကျင့်ရမှာမို့ ကိုယ်ကျင့်တရား...

ဆွမ်းခံကြွရင်း တွေ့ခဲ့ရတာလေး နှစ်ခုပါ...

တစ်ကတော့...
ဒီနိုင်ငံမှာက မိမိအသုံးမလိုတဲ့ပစ္စည်းတွေ စွန့်လိုတဲ့အခါမျိုး...
ပစ္စည်းအသစ်ဝယ်လို့ အဟောင်းကို စွန့်လိုရင်...
အိမ်ရှေ့လူသွားလမ်းဘေးမှာ ပုံပေးထားတတ်ကြတယ် ယူလိုသူများ ယူကြပေါ့...
လေးငါးရက်လောက်နေလို့ ယူလိုသူမရှိတော့ဘူးဆိုမှ အမှိုက်ကားထဲပါသွားရတယ်...
ဒီနေ့တွေ့ရတာက အိမ်တစ်အိမ်ရှေ့မှာ စွန့်ထားတဲ့ပစ္စည်းတွေ မနည်းဘူး...
အိတ်အကြည်တွေနဲ့ သပ်သပ်ယပ်ယပ် အတွင်းမြင်ရအောင် ထည့်ပေးထားပါတယ်...
ဒါကိုတောင် အမဲတစ်ယောက်နဲ့ တရုတ်တစ်ယောက်က လိုချင်တာရှာရင်းနဲ့
ဖွထားလိုက်တာ လမ်းတွေပေါ်မှာပါ ရှုပ်နေတာပါပဲ...
လမ်းလျှောက်လို့ မရလောက်အောင်ကို ပွနေပြီလေ...

နှစ်ကတော့...
တစ်နေရာမှာ ခွေးတစ်ကောင်နဲ့ လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး...
ဘုန်းကြီး ဆွမ်းခံကြွလာတာတွေ့တော့...
သူ့ခွေးလေးကို သေသေချာချာ ထိန်းပေးထားတယ်...
သူ့ခွေးကြောင့် လမ်းလျှောက်သူ အနှောက်အယှက် မဖြစ်စေလိုတဲ့သဘောရှိတယ်...
ယဉ်ကျေးတယ်ပြောရမလား ကိုယ်ကျင့်ကောင်းတယ် ပြောရမလားပဲ...

ဒီအကြောင်းအရာ နှစ်ခုတွေ့ပြီးနောက် ကိုယ်ကျင့်တရားလို့ခေါ်ဆိုတဲ့...
ဆောင်ရမဲ့သီလနဲ့ ရှောင်ရမဲ့သီလကို သတိရမိပါတယ်...
အတော်များများကတော့ ဆောင်ရ ရှောင်ရမှာ ဘာလဲဆိုတာ မသိကြတော့ဘူး...
ဘာသာခြားများကတော့ ပိုဆိုးနိုင်တယ် ထင်ပါတယ်...
ဗီဇကောင်းသူနဲ့ ဥပဒေကိုကြောက်သူလောက်ပဲ အများမထိခိုက်အောင်နေကြမယ်...

ကိုယ်ကျင့်တရား မကောင်းသူတွေများတဲ့အိမ်...
ကိုယ်ကျင့်တရား မကောင်းသူတွေများတဲ့မြို့...
ကိုယ်ကျင့်တရား မကောင်းသူတွေများတဲ့တိုင်းပြည် ပျက်စီးတော့မယ်...

ဘုန်းကြီးဖြစ်စေ လူဖြစ်စေ
တိုင်းပြည် မြို့ရွာ မိမိနေထိုင်ရာ ငြိမ်းချမ်းလိုတယ် ဆိုရင်တော့...
သူများကျင့်ကျင့် မကျင့်ကျင့် မိမိကတော့ ကျင့်ရမယ်...
ဘာတွေကျင့်ရမလဲ...
ရဟန်းဆို ရဟန်းသိက္ခာ...
လူဆို လူ့သီလ...
နောက် ဆက်ပြီးကျင့်ရမှာကတော့ ကျွေးမွေးမပျက် ဆောင်ရွက်စီမံ က စလို့...
မိမိရဲ့ ရောက်ရာဘဝနဲ့ သက်ဆိုင်ရာရာ ကျင့်ဝတ်မျိုးစုံ...ပေါ့လေ...

ကျင့်ဝတ်တွေ ပျက်လာတာနဲ့အမျှ ငြိမ်းချမ်းမှုတွေလည်း လျော့နည်းလာလိမ့်မယ်...

သတ္တဝါအားလုံး ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၁.၄.၂၀၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Thursday, November 3, 2011

အံမဝင်လည်း ခွင်ကျအောင်နေပါ...



အံမဝင်လည်း ခွင်ကျအောင်နေပါ...

ဆောင်းတွင်းဆိုတော့ ရာသီကအေး ညတာကရှည် အလင်းရောင်က မရှိသေး...
ဒါပေမဲ့ နံနက် ၇-နာရီဆိုတော့လည်း အာရုံ(အရုဏ) တက်ပြီပေါ့...
အရုဏ်တက်ပြီဆိုတော့ သပိတ်သင်္ကန်း ပြင်ဆင်လို့ ဆွမ်းခံကြွတော့မယ်...

ဒီနေ့ ဆွမ်းခံအိမ်ကနီးပါတယ် ၂-လမ်းကျော်လောက်ပါပဲ...
ဆွမ်းခံပြီး ကျောင်းမပြန်သေးပဲ သပိတ်ပိုက်လို့ လမ်းဆက်လျှောက်မယ်လေ...
သပိတ်ပိုက်ပြီး လမ်းလျှောက်ရတဲ့ သမဏသုခ လူတွေ မခံစားဖူးလောက်ပါဘူး...
ယာယီဝတ်တဲ့ ဒုလ္လဘတစ်ချို့ဆို ဆွမ်းခံရတာ သူတို့ရှက်ကြတယ်တဲ့...
မြတ်စွာဘုရားကတော့ ဆွမ်းခံခြင်းက မွန်မြတ်တယ်တဲ့... မတူဘူးနော်...

အလှူရှင် ဒကာကြီးထံမှ သပိတ်ပြန်ယူလိုက်တဲ့အခါမှာတော့ ဒုက္ခကို စတွေ့ရပါပြီ...
သပိတ်ထဲမှာ လှုပ်စိစိနဲ့ ပူလိုက်တာ...
မီးဖိုပေါ်ကချချခြင်း သံသပိတ်ထဲ ထည့်ပေးလိုက်တဲ့သဘောရှိတယ်...
ဘာတွေလောင်းတာလဲ ဒကာကြီးဆိုတော့... သူကတော့ ပြန်ဖြေပါတယ်...
ဒါပေမဲ့ ကိုယ့်မှာက အပူကိုစိတ်ရောက်နေတော့ ဘာပြောမှန်း မသိလိုက်ပါဘူး...
ကျောင်းရောက်လို့ ကြည့်လိုက်တော့မှ ယာဂုနဲ့ကန်စွန်းရွက် ရောပြုတ်ထားတာလေး...
သပိတ်ပေါ်မှာက ကောဖီမှုန့်ထုတ်လေးကိုတော့ ယူပြီး ခါးကြားမှာထိုးပေါ့...
တော်ကြာ လမ်းလျှောက်ရင်း ထွက်ကျသွားနိုင်တယ်...
ပလပ်စတစ်ထုပ်ဆိုတော့ အပူလွန်တာလည်း မကောင်းဘူး မဟုတ်လား...

ဒီလိုနဲ့ သူ့အိမ်ကထွက်လို့ လမ်းလျှောက်ပြန်လာရော...
သပိတ်လွယ်နဲ့ လွယ်ထားတော့ မကြာပါဘူး ဗိုက်မှာ သပိတ်အပူရှိန်က ပူလာတယ်...
ဒါနဲ့ လက်မှာသပိတ်ပိုက်ပြီး ကိုင်လာရတယ်...
မကြာဘူး လက်ပူလာပြန်ရော...
ဒီတော့ ဗိုက်မှာ ပြန်ထား...
မကြာခင် လက်မှာပြန်ကိုင်နဲ့ပေါ့... ဒီအချိန်မှာ...

ဆရာတော်တစ်ပါးဟောတဲ့ ဖင်လိမ်ကွင်းအကဆိုတာကို သတိရမိပါတယ်...
ကျောင်းတကျောင်းမှာ လူငယ်လေးတွေ ယာယီ ဒုလ္လဘဝတ်ကြတယ်တဲ့...
ဆရာတော်က... ဦးဇင်းတို့ မနက်စောစောထကြ ဆွမ်းခံကြွကြမယ်ပေါ့...
ဒီတော့ ရဟန်းသစ်တွေက တပည့်တော်တို့ ဘယ်လိုလုပ်ရမှာလည်း မသိဘူးနော်...
လွယ်ပါတယ် မနက်ကျ သင်္ကန်းရုံပေးမယ် ရှေ့ကငါသွားမယ် ငါလုပ်သလိုလိုက်လုပ်...
ဆိုပြီး ကျောင်းထိုင်ဆရာတော်က မှာထားရော...

ဒီလိုနဲ့ မနက်မှာတော့ သံဃာတန်းကြီးနဲ့ ကြည်ညိုဖွယ်ရာ ဆွမ်းခံကြွကြတာပေါ့...
လမ်းတနေရာမှာတော့ ရှေ့ဆုံးကဆရာတော်ဘုရား အခက်တွေ့ပြီ...
ဘာဖြစ်လည်းဆိုတော့ ပေါင်ကြားထဲမှာ ပရွက်ဆိတ်ဝင်နေတယ်ဆိုပဲ...
လက်ကလည်း သပိတ်ကပိုက်ထားတော့ လက်ကမအား လူကြားထဲလည်းဖြစ်ပြန်...
ဒီတော့ ပရွက်ဆိတ် ထွက်ကျလိုကျညားပေါ့ ပေါင်နှလုံး ဟိုဘက်ပွတ် ဒီဘက်ပွတ်နဲ့...
နောက်ကကြည့်ရတော့ လိမ်ဖယ်ဖယ်ဖြစ်နေမယ်ထင်ပါတယ်...
ဆရာတော့်နောက်က ကိုယ်တော်က စဉ်းစားတယ်...
ဆရာတော်ကပြောထားတယ် ဆွမ်းခံကြွရင် သူလုပ်သလိုလုပ်တဲ့...
ငါလည်း ဆရာတော့်လို လုပ်ရမှာပဲလေ ဆိုပြီး လိမ်ဖယ်ဖယ်လျှောက်တော့...
နောက်ကဦးဇင်းတွေလည်း လိမ်ဖယ်ဖယ်ဖြစ်ကုန်ရောဆိုပဲ...

ဒီလိုနဲ့ ပုရွက်ဆိတ်ကတော့ မထွက်ဘူး ဆွမ်းလောင်းသူများရှေ့ ရောက်ပြီ...
ဒကာမများက စဉ်းစားတယ်တဲ့လေ...
ဒီနေ့ တို့ကျောင်းကဆရာတော်ဘုရား ဖင်လိမ်းကွင်းအကနဲ့လာတာ ထူးခြားတယ်...
ဧကန်တ တရားထူးရလာကြတာနဲ့တူတယ်ဆိုပြီး အရမ်းကြည်ညိုကြတယ်ဆိုပဲ...

သူတို့ကတစ်မျိုးလေး ဘုန်းကြီးကလည်းတစ်မျိုးလေးပေါ့...
သပိတ်ကို လက်မှာကိုင်လိုက်... လွယ်ကြိုးနဲ့လွယ်လိုက်... ပြန်ကိုင်လိုက်ပေါ့...
ဒုက္ခ... ဒီဒုက္ခ ဘယ်တော့ငြိမ်းမလဲ...
သာမန်ကတော့ ပူနေတဲ့သပိတ်ကလေး အေးသွားရင်ငြိမ်းမယ်...

လောကဓံတဲ့ ...
လောကကြီးမှာ အဆင်ပြေတာလည်းတွေ့ရ အဆင်မပြေတာလည်း ကြုံကြရနဲ့ပါ...
အရာရာဟာ အံဝင်ခွင်ကျတော့ အမြဲမဖြစ်နိုင်ဘူးလေ...
မိမိကြုံတွေ့ရတဲ့အပေါ် သင့်တင့်မျှတစွာ နှလုံးသွင်းနိုင်မယ်ဆိုရင်တော့ အေးတယ်...
ဒီလိုနှလုံးသွင်းနိုင်ရင်တော့ အံမဝင်ပေမဲ့ ခွင်ကျနိုင်ပါတယ်...
နှလုံးသွင်းတွေ မကောင်းရင်တော့...
ပူတော့လည်း ပူလိုက်တာ...
အေးတော့လည်း အေးလိုက်တာဆိုပြီး အမြဲပဲ အလိုမကျ ဖြစ်နေတော့မှာပါ...
ဒါကြောင့် အရာရာမှာ နှလုံးသွင်းလေး ကောင်းပါစေ...
ယောနိသော မနသိကာရ သင့်တင့်မျှတစွာ နှလုံးသွင်းပါ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
၁၁.၃.၂၀၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Tuesday, November 1, 2011

မသေလို့နေရ တစ်နှစ်ရှိသွားပြီ...


11.1.11

ဒီနေ့ ဆန်ဖရန်စစ်ကို လောကနာထကျောင်းမှာ သီတင်းသုံးတာ တစ်နှစ်ပြည့်တဲ့နေ့...
ဆွမ်းဒကာမက ဒီနေ့မလာနိုင်လို့ မနေ့ညက အဖေါ်တစ်ဦးနဲ့ လာပို့သွားပြီ...
ဒီမနက်တော့ ဒကာတစ်ဦးက အဲဒီဆွမ်းကို လာကပ်ပေးပါတယ်...

ဆွမ်းကပ်ရင်းနဲ့ ပြောဖြစ်လိုက်တဲ့ စကားလေးကတော့...
ဒကာကြီး မေတ္တာပို့ဖြစ်ရဲ့လားဆိုတော့...
တင်ပါ့ ပို့ဖြစ်ပါတယ် ဘုရား...
ကောင်းတယ်ဒကာကြီး...
သတ္တဝါတွေဟာ သူသူကိုယ်ကိုယ် မေတ္တာလိုချင်ကြပါတယ်...
ဒါပေမဲ့ ကိုယ်က သူ့ကို မေတ္တာပို့ရမှာပါလားဆိုတာကြတော့ မေ့နေကြတယ်...
သဘောက... လိုတော့ လိုချင်ကြတယ် မပေးချင်ကြဘူးပေါ့...
မေတ္တာတရားမဖြစ်ကြတော့ ဒေါသတရားတွေ ဖြစ်ပေါ်လာတတ်ပါတယ်...
မှန်ပါ့ဘုရား ဒီနိုင်ငံကလူတွေ ပိုဆိုးပါတယ်ဘုရား...
တပည့်တော်က သွားရင်းလာရင်း သူတစ်ပါးကို အကူအညီပေးလာတော့...
တပည့်တော်လိုတော့လည်း အကူအညီတွေ ပြန်ရပါတယ်ဘုရား...
ဝမ်းသာစရာပါ...

မှန်ပါတယ်ဒကာကြီး
ကိုယ်ကသူ့ကို ကောင်းတာတွေပေးတော့ ကောင်းကျိုးက ကိုယ်ဆီပြန်လာတာပေါ့...
အကျိုးက ချက်ခြင်းပြန်ပေးရင်ပေး မပေးသေးရင် တချိန်တော့ပေးမယ်လေ...
ဒါ့ကြောင့် ကောင်းကျိုးတွေရဖို့ ကုသိုလ်အမြဲ လုပ်နေဖို့လိုပါတယ်...
မကောင်းတဲ့ကံသုံးပါးကို မလွန်ကျူးနဲ့... အမြဲရှောင်...


အရှင်ဘုရား သွားရလာရတာ လမ်းတွေကလည်း အရမ်းပျက်...
တလောကဆို မီးရထားဇလီဖားတုံးတွေ ပြင်နေတာ အကြာကြီးပဲ...တဲ့...
အရှင်ဘုရားကျောင်းက မီးရထားလမ်းနဲ့နီးတော့ လှုပ်တယ်ဘုရား...
ခုခေတ် အဆောက်အဦးတွေဆောက်ရင် ငလျင်ဒဏ်ခံအောင်
အောက်မှာ ရာဘာခင်း ကျောက်ခင်းပြီးမှ ဆောက်ကြတယ်...
မလှုပ်အောင် လှုပ်တဲ့ဒဏ်ခံနိုင်အောင် တဲ့...

...စကားကောင်းပြောရင်းက တရားစကားကနေ ဘေးကွေ့သွားပြီ...
လျှပ်စစ်မီးရထား ဇလီဖားတုံးနဲ့ ကျောင်းတုန်တာ ရောက်သွားပြန်ပြီ...
ဒီလိုပါပဲ ကြုံတုန်းပြောရတာဆိုတော့ စကားကောင်းကို ပြန်ဆွဲယူရင်ယူ မယူရင်တော့...
အကြာကြီးပေါ့... ဟိုရောက်ဒီရောက် မိုင်တစ်ရာလောက်တော့ ပါသွားနိုင်တယ်...

ဒကာကြီးတို့ ထမင်းစားရင် ဘာတွေတွေးလို့ နှလုံးသွင်းပြီး စားကြသလဲ... အမျိုးမျိုးပါပဲဘုရား... ဘုန်းကြီးတို့ကိုတော့ မြတ်ဗုဒ္ဓက တရားသဘော ဆင်ခြင်ပြီး စားဖို့ ညွှန်ပြ သင်ပြထားတယ် ဒကာကြီး... စားတိုင်းဆင်ခြင်ရမှာကတော့... ငါ ဒီအစားစာတွေကို ဘုဉ်းပေးတာ ခန္ဓာကိုလှပဖို့ ကြီးမားထွားကျိုင်းဖို့ မဟုတ်ဖူး... သူတော်ကောင်းတရားတွေကျင့်ဖို့ ခန္ဓာကိုယ်မျှတ ကျန်းမာရုံ ဘုဉ်းပေးတယ်... ဒီလို နှလုံးသွင်းခိုင်းတယ် ဒကာကြီး... ရှေးသူတော်ကောင်းများ ဒီလိုနှလုံးသွင်းခဲ့ကြလို့ အရိယာဖြစ်သွားသူတွေ မနည်းဘူး... သီရိလင်္ကာမှာဆို တခေတ်တစ်ခါက အရိယာ မဖြစ်ဖူးတဲ့ ဆွမ်းစားဇရပ် မရှိဘူးတောင် ဆိုကြပါတယ်... ဘုန်းကြီးတို့ ကျင့်ကြရမှာတွေ...

မှန်လှပါဘုရား အချိန်နည်းလို့ တပည့်တော်ကို အလုပ်သွားခွင့်ပြုပါဦး...

ကောင်းပါပြီဒကာကြီး...
မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...

---×---

ခုခေတ် ဆွမ်းဘုဉ်းရင်း အရိယာဖြစ်သွားတာ ရှိမရှိတော့ မပြောတတ် မပြောနိုင်ပါ...
တချို့လည်း ဆင်ခြင်မှု ပြုကြသေးရဲ့လား မသိပါ...
မိမိကိုယ်တိုင် အမြဲ ဆင်ခြင်မိအောင်တော့ ကြိုးစားရမှာပါပဲ...
ကျောင်းတစ်ကျောင်းက ဆရာတော်များကတော့ ဆင်ခြင်ကြတာ တွေ့ရပါတယ်...
မိမိကျောင်းကို လာရင်လည်း မိမိကနှစ်သက်တော့ သံပြိုင်ဆိုကြပါတယ်...
ဒီလိုဆင်ခြင်နေကြ သူတို့ကျောင်းမှာ တစ်နေ့က ကထိန်မှာတော့ မလုပ်ကြပြန်ဘူး...
ကြွလာတဲ့ ဘုန်းတော်ကြီးတွေကို အားနာလို့ထင်ပါရဲ့...
တကယ်တော့ အားနာစရာ မဟုတ်ပါဘူး...
မြတ်ဗုဒ္ဓက ရဟန်းတိုင်းကို ခိုင်းထားတာ လုပ်သင့်တဲ့အလုပ် လုပ်ရမဲ့အလုပ်ပါ...
ပင့်သံဃာတွေကလည်း ဝမ်းမြောက်ဝမ်းသာ လုပ်ကြမယ်ထင်ပါတယ်...
တချို့လည်း စိတ်ထဲမှာ နှလုံးသွင်းတော့ ရှိကြမှာပါ...

ဒီအကျင့်ကို ကျောင်းတိုင်း ဆွမ်းစားတိုင်း ကျင့်ကြရင် သိပ်ကောင်းမှာပါပဲ...
အရှင်ကောင်းတို့ ဒီစာလေးဖတ်မိပြီး မေ့နေသူများ ပြန်လည်ကျင့်ကြပါစေ...
မြတ်ဗုဒ္ဓက ဘုန်းကြီးတို့ကို
ဆွမ်းဘုဉ်းစဉ်၊ သင်္ကန်းဝတ်နေစဉ်၊ ကျောင်းတွင်းနေစဉ်၊ ဆေးမှီဝဲစဉ်...
တပည့်သားတွေကို ကိလေသာမဖြစ်စေဖို့ရာ အမြဲဆင်ခြင်ရန် ညွှန်ပြထားတာပါ...

ဒကာဒကာမတွေ ဗဟုသုတဖြစ်စေရန် မြန်မာလိုထည့်ပေးလိုက်ပါ့မယ်...
မိမိတို့နဲ့ သက်ဆိုင်ရာ စကားလုံးလဲလှယ်ပြီးတော့လည်း ဆင်ခြင်နိုင်ကြပါတယ်...

ဆွမ်း၌ ဆင်ခြင်ရန်...
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။

သင်္ကန်း၌ ဆင်ခြင်ရန်...
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေ လွှဲသုန်၊ ဟိရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း ဝတ်ရုံပါသတည်း။

ကျောင်း၌ ဆင်ခြင်ရန်...
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။

ဆေး၌ ဆင်ခြင်ရန်...
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျင်း၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကျင့်ဖြည့်စွမ်းဖို့၊ ရည်မှန်း သုံးဆောင်ပါသတည်း။


ဦးလောကနာထ
၁၁.၁.၁၁
မသေလို့နေရ တစ်နှစ်ရှိသွားပြီ...
တစ်နှစ်အတွင်း ငါ့မှာ ဘာတွေပါပြီလဲ...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Friday, October 28, 2011

အဓိပ္ပါယ်ရှိအောင် ဒီလို နှလုံးသွင်း...


၁၀.၂၇.၂၀၁၁

လက်ကောက်ဝတ်မှာ စွပ်ထားတာက ဘာလေးလဲ ဒကာကြီး...
အကြောင်းအကျိုး မရှိပါဘူးဘုရား...
တရုတ်ကျောင်းကပေးတာနဲ့ လက်မှာစွပ်ထားလိုက်တာပါတဲ့...

တစ်နေ့ ဒကာကြီးတစ်ယောက် ကျောင်းကိုရောက်လာလို့
ဟိုအကြောင်း ဒီအကြောင်း ပြောရင်းကနေ...
သူ့လက်မှာ စွပ်လာတဲ့ ပုတီးလေးတစ်ခု အကြောင်းပြုပြီး မေးဖြစ်ပြောဖြစ်တာလေးပါ...
သူကတော့ အကြောင်းအကျိုး မရှိပါဘူးတဲ့...
ထေရဝါဒ ဘုန်းကြီးကျောင်းရောက်လာတော့
တရုတ်ကျောင်းနဲ့ ပတ်သက်တာ ပြောရခက်လို့လားတော့ မသိပါဘူး...
သူ့အကြောင်းနဲ့သူပေါ့လေ...

ဒကာကြီး အကြောင်းအကျိုးမရှိပဲ စွပ်ထားရတာ အဓိပ္ပါယ်မရှိ ဖြစ်နေမယ်...
အဓိပ္ပါယ်ရှိအောင် ဒီလို နှလုံးသွင်းပါ...
ကိုယ်ကလည်း ကိုယ်နဲ့သက်ဆိုင်တာကို ခိုင်းလိုက်ရမှာပါပဲ...

လက်မှာရှိတဲ့ပုတီးလေးမြင်တော့ ကုသိုလ်ပြုရမှာပါလားလို့ သတိရလိုက်ပါ...
မေတ္တာပို့ချင်ရင် ပို့လိုက်...
ဘုရားဂုဏ်တော်လေး ပွားချင်ရင် ပွားလိုက်...
သတိပဋ္ဌာန်ဆိုတာကတော့ လုပ်နိုင်ရင် အကောင်းဆုံးပေါ့... ဒကာကြီး...

မေတ္တာပို့တတ်အောင် ဂုဏ်တော်ပွားတတ်အောင် သတိပဋ္ဌာန်နဲ့နေတတ်အောင်
မြတ်ဗုဒ္ဓက သင်ပေးထားတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် နည်းရသွားပါပြီ...
သာသနာပမှာဆို သတိပဋ္ဌာန်ဆိုတဲ့အမည်လေး ကြားတောင်မကြားရဘူး...
ဒါကြောင့် မသိသေးရင် လေ့လာပါ ကျင့်ပါ... တန်ဖိုးကြီးပါတယ်...
သာသနာနဲ့တွေ့တုန်းမို့သာ ကျင့်နိုင်တာပါ...

လက်မှာပတ်ထားတဲ့ပုတီးလေးကို ကုသိုလ်ပြုဖို့ သတိပေးတဲ့ အရာလေးလို့မှတ်ထား...
ပတ်ထားရုံနဲ့ကတော့ ဗုဒ္ဓအလိုအရ ဘာမှဖြစ်မလာဘူးနော်...
သတိကအရေးကြီးပါတယ်... ဒါကြောင့် ထိတိုင်းမြင်တိုင်း သတိရပါ...

တစ်လတစ်ခါ ဒကာကြီး ကျောင်းကိုလာပြီးလှူနေတာ ကုသိုလ်ရပါတယ်...
ဒီကုသိုလ်မျိုး ရဖို့ဆိုတာ ကျောင်းလာရတယ် လှူဖွယ်ရှိရတယ် မဟုတ်လား...
နေ့တိုင်းအချိန်တိုင်း ဒီကုသိုလ်က လုပ်လို့မရဘူးပေါ့...
မေတ္တာပို့တယ် ဂုဏ်တော်ပွားတယ်ဆိုတာ နေ့တိုင်းအချိန်တိုင်း လုပ်လို့ ရတယ်လေ...
ဒါကြောင့် လုပ်ဖြစ်အောင်လုပ်ပါ...
ဒါနလည်းလုပ်တာပေါ့...
ဘာဝနာဆိုတာကိုလည်း လုပ်ဖြစ်စေချင်ပါတယ်...

ရှာကြဖွေကြ စားသောက်ကြနဲ့ ပျော်မယ်ပါးမယ်ဆိုတာကတော့
ဘဝတိုင်းမှာ လုပ်နေရတာ လုပ်ကိုလုပ်နေကြတာပါ...
ဘုန်းကြီးတို့ လူ့ဘဝရတုန်း ကောင်းမှုဆိုတာကို ပိုပြီးလုပ်နိုင်ကြတယ်...
ကောင်းမှုဆိုရာမှာလည်း သာသနာတွင်းဖြစ်တော့
လုပ်မယ်ဆိုရင် ပြည့်ပြည့်ဝဝကို လုပ်နိုင်တဲ့အချိန်အခါပဲ...
ဒါကြောင့် လုပ်ဖြစ်အောင်လုပ်ပါ...

တင်ပါ့ တပည့်တော်ကြိုးစားပါမယ်ဘုရား...

ကောင်းပါလေ့ဒကာကြီး... သာဓု သာဓု သာဓု...
မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...

ဦးလောကနာထ
၁၀.၂၇.၂၀၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Thursday, October 27, 2011

ဒီသစ်သီးတွေကို တပည့်တော်ယူသွားပြီး စားရင် ရပါသလား...

10.25.2011 

တယ်လီဖုန်းက ပိကျိ... ပိကျိ... တဲ့...
ဦးလောကနာထ စကားပြောနေပါတယ်...
လျှောက်စရာရှိတာ လျှောက်ထားနိုင်ပါတယ်...

တပည့်တော် - - - ပါ ဘုရား...
တပည့်တော်တို့ အရှင်ဘုရားကျောင်းရှေ့မှာ ရောက်နေပါတယ်...
ခေါင်းလောင်းတီးတာ တံခါးလာမဖွင့်လို့ပါ...
အရှင်ဘုရား ကျောင်းမှာ ရှိပါသလား...

မရှိပါဘူးဒကာကြီး... အပြင်မှာ လမ်းလျောက်နေပါတယ်...
ကျောင်းနားတော့ ပြန်ရောက်နေပါပြီ...
တစ်ပြလောက်ပဲ လိုပါတော့တယ်...
ကောင်းပါပြီ အရှင်ဘုရား ကျောင်းရှေ့က စောင့်နေပါ့မယ်...
စကားသာ ပြန်ပြောနေရတယ်...
တစ်နာရီခွဲလောက် လမ်းလျှောက်ထားတော့ မောတော့ အတော်မော...

ကျောင်းရောက်ပြီးနောက် ပါလာတဲ့ ကိစ္စလေးတွေ ပြောကြဆိုကြပေါ့...
ပြီးတော့ ဒကာမကြီးက သူလှူထားတဲ့ ဘုရားပန်းအိုးလေး ရေဖြည့်ဖို့ဘုရားစင်အသွား...
ဒကာကြီးက ဘုရားစင်ပေါ်က သစ်သီးတွေမြင်ပြီး စကားစလာပါတယ်...
အရှင်ဘုရား ဒီသစ်သီးတွေကို တပည့်တော်ယူသွားပြီး စားရင် ရပါသလား...
သိချင်လို့ မေးမြန်းတဲ့သဘော နေမှာပါ...
မရဘူးဒကာကြီး... ဒကာကြီးကို ဘုန်းကြီးပေးလို့ မရနိုင်ဘူး...

ဘာလို့လည်း အရှင်ဘုရား...

မိမိကျောင်း ဘုရားစင်ပေါ်မှာရှိတဲ့ သစ်သီး ပစ္စည်းဖြစ်တဲ့အတွက်...
ဘုန်းကြီးမှာ ပေးပိုင်ခွင့်တော့ ရှိပါတယ်...
ဒါပေမဲ့ ဘယ်လိုလူမျိုးကို ပေးရင် အပြစ်မဖြစ်ဖူး ဖြစ်တယ်ဆိုတာ ရှိပါတယ်...
ဒကာကြီးဟာ ဘုန်းကြီးပေးရမဲ့သူ ပေးသင့်သူထဲမှာ မပါဘူး...
ပေးရင်အပြစ်ဖြစ်လိမ့်မယ်လို့ ပြောလိုက်တော့...

ဘယ်လိုလူမျိုးကို အရှင်ဘုရားက ပေးပိုင့်ခွင့် ရှိတာပါလဲဘုရား...

ရဟန်းရဲ့အမေရင်း အဖေရင်းဖြစ်တဲ့ မယ်တော်ခမည်းတော်ကို ပေးနိုင်ပါတယ်...
သိက္ခာထပ်ပေးလို့ တော်ရတဲ့ ရဟန်းမယ်တော်မျိုး မဟုတ်ပါဘူး... မိခင်ရင်းပါ...
ဘုန်းကြီးများအတွက် ဝေယျာဝစ္စ တကယ်လုပ်ပေးနေတဲ့ ကပ္ပိယကို ပေးနိုင်ပါတယ်...
သူခိုးဓမြတွေနှင့် အစိုးရမင်း ဝန်ထမ်းများကို ပေးနိုင်ပါတယ်...
အစိုးရကို လာဘ်ထိုးတာ ဒီကစတာလားဘုရား... တဲ့...
မဟုတ်ပါဘူးဒကာကြီး မပေးရင် ဘေးဖြစ်တတ်လို့ပါ...

တနည်းအားဖြင့် ဘုန်းကြီးတို့ သီတင်းသုံးဖေါ်ငါးဦးကိုလည်း ပေးနိုင်ပါတယ်...
ဒီငါးဦးက ဘိက္ခု ဘိက္ခုနီ သာမဏေ သာမဏေရီ သိက္ခမာန် တဲ့...
ခုခေတ်တော့...
ဘိက္ခုနီ(ရဟန်းမ) သာမဏေရီ(ကိုရင်မ) သိက္ခမာန်(ကိုရင်မ ပြုလုပ်မည့်သူ)
ထေရဝါဒသာသနာမှာ မရှိတော့လို့...
ဘိက္ခု(ရဟန်း)နဲ့ သာမဏေ(ကိုရင်)ကိုပဲ ပေးခွင့်ရပါတော့တယ်...

ဒါပေမဲ့... ရေဘေး လေဘေး မီးဘေးစသည် ဘေးအမျိုးမျိုးကြောင့်
တကယ် ဆင်းရဲ မွဲတေနေလို့ ပေးရတာမျိုးတွေလည်း ရှိတတ်ပါတယ်...
ဒါက မေတ္တာ စေတနာသန့်သန့်နဲ့ ပေးလှူနေကြတာမျိုးတွေပါ...
ဒီကိစ္စမျိုးနဲ့... ဘုရားစင်ပေါ်ကသစ်သီး ကျောင်းပစ္စည်း
ဟိုလူဒီလူကို ပေးတာမျိုးနဲ့တော့ ရောတွက်လို့ မရဘူးပေါ့...

အင်မတန်မွန်မြတ်တဲ့ဒါနတွေပါ... လူတိုင်းလုပ်နိုင်ခဲပါတယ်...

ဒကာကြီးကတော့ ဘုန်းကြီးပေးရမဲ့ ဒီလူတွေထဲက လွတ်နေတာမို့ ပေးမရတာပါ...

ဒီလိုမှမဟုတ်ပဲ ကျောင်းလာသူတွေကို သစ်သီးပေး ပန်းပေး ဆပ်ပြာခဲပေးနေရင်တော့..
ရဟန်းတော်များ မလုပ်သင့်သော... မအပ်စပ်သော...
အနေသနလို့ခေါ်တဲ့ မသင့်သော စီးပွားရှာဖွေခြင်း ဖြစ်သွားတတ်ပါတယ်...
အနေသန အကျယ်သိလိုလျှင်... (ဒဿနခရီးစဉ် ဒီနေရာ)
ဒါကတော့ ထေရဝါဒမူပါ...
မဟာယာန ဗုဒ္ဓဘာသာကတော့
ဘုရားသစ်သီးစားရင် ကျန်းမာရေးကောင်းတယ်ဆိုပြီး စားခိုင်းကြတာပါပဲ...
ကြာတော့လည်း ဒီအကျင့်က တချို့ဘုန်းကြီးများထံမှာ ရောလာပါတယ်...

ဒကာကြီးတော့ ခွဲခွဲခြားခြား နားလည်သွားပါပြီ...

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
ဦးလောကနာထ
၁၀.၂၅.၂၀၁၁




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Monday, October 24, 2011

ကထိန်သင်္ကန်း လှူဒါန်းခြင်း... 2011


၂၀၁၁ ကထိန်သင်္ကန်း လှူဒါန်းခြင်း...


မယံဘန္တေ သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ သပရိဝါရံ ဣမံ ကထိနစီဝရံ ကထိနတ္ထာယ သံဃဿ ဒေမ။ ဣမိနာ စီဝရေန ကထိနံ အတ္ထရတ။
အရှင်ဘုရား တပည့်တော်တို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှာ အခြံအရံ လှူဒါန်းဘွယ်နှင့်တကွသော ဤကထိန်သင်္ကန်းကို သံဃာတော်မြတ်အပေါင်းအား လှူဒါန်းပါ၏။ တပည့်တော်တို့ လှူဒါန်းအပ်သော ဤကထိန်သင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါဘုရား။

ဒါကတော့ သံသရာဝဋ်ဆင်းရဲကလွတ်ဖို့ရာအတွက် သံဃာကိုရည်မှန်း ကထိန်သင်္ကန်း လှူပါတယ်ပေါ့... ဒီသင်္ကန်းနဲ့ ကထိန်ခင်းဖို့ တောင်းဆိုတာလေးပါ...

ယနေ့ အောက်တိုဘာလ ၂၃-ရက်နေ့မှာ ကထိန်သင်္ကန်းလှူဒါန်းကြပါတယ်...
ဆန်ဖရန်စစ်စကို လောကနာထ ဘုန်းကြီးကျောင်းမှာ သံဃာတော် ၆-ပါးကို ကထိန်သင်္ကန်းများနဲ့အတူ လှူဒါန်းဖွယ်ရာ အဖြာဖြာကို ဆရာဝန်များအသင်းက ဦးဆောင်ပြီး ဘေးဧရိယာမှာ ရှိကြတဲ့ အမျိုးကောင်းသားသမီးများက စုပေါင်း၍ လှူဒါန်းခြင်းဖြစ်ပါတယ်...


အခန်းအနားကိုတော့
နံနက် ၉နာရီ ၁၅ မိနစ်အချိန်မှာ ဒကာဒကာမများက ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ကြပါတယ်... ဆရာတော် ဦးလောကနာထထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ကြပါတယ်... ပရိတ်တရားတော်များနာကြားပြီး ကထိန်သင်္ကန်းနှင့်အတူ လှူဒါန်းဖွယ်ရာများကို လှူဒါန်းကြလို့ နောက်ဆုံးမှာတော့ လှူဒါန်းမှု အစုစုအတွက် ဝမ်းမြောက်ဖွယ်ရာ အနုမောဒနာစကားကို ဆရာတော် ဦးဂရုဓမ္မကဟောကြားပြီး အမျှဝေ ရေစက်ချ သာဓု သုံးကြိမ်ခေါ်လို့ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်...

အခမ်းအနားပြီး သံဃာတော်များကို ဆွမ်းဆက်ကပ်ကြ၍...
ရောက်ရှိလာသူ ပရိသတ်ကို စားသောက်ဖွယ်ရာများ ကျွေးမွေးကြပါတယ်...

ကထိန်နှင့်စပ်၍ သိဖွယ်ရာ အကျဉ်းမျှ...
ကထိန်သင်္ကန်းဆိုတာ သံဃာကိုရည်မှန်း လှူဒါန်းခြင်းဖြစ်ပါတယ်...
ကထိန်ခင်းတယ်ဆိုတာ ဘုန်းတော်ကြီးများကသာ ခင်းရပါတယ်...
ဒကာဒကာမတို့က သင်္ကန်းအလှူရှင်သာ ဖြစ်ကြပါတယ်... ခင်းသူမဟုတ်ပါ...
ကထိန်သင်္ကန်း အလှူခံခွင့် ရသူများကတော့...
ပထမဝါဆိုထားသူ ဝါမကျိုးမပေါက်သူ ဘုန်းကြီးများသာ အကျိုးရနိုင်ပါတယ်...
ကထိန်သင်္ကန်းအလှူခံခွင့်ဟာ တစ်ကျောင်းတိုက်မှာ တစ်ကြိမ်သာ ရပါတယ်...
ကထိန်သင်္ကန်းကို အလှူခံခွင့်ရသော အချိန်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ထိ ဖြစ်ပါတယ်...


ကထိန်ခင်းသူဘုန်းကြီး ရရှိသောအကျိုး ၅-မျိုးက
   ၁...စာရိတ္တသိက္ခာပုဒ်-၉၅၊ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားမှု...
   ၂...ပထမကထိနသိက္ခာပုဒ်-၂၀၊ သင်္ကန်းအပိုဆောင်မှု (အထုပ်ပိုတွေနှင့် ခရီးသွား၍)
   ၃...ဒုတိယကထိနသိက္ခာပုဒ်-၂၁၊ (ဒုကုဋ်)သင်္ကန်းဖြင့် ညဥ့်ကင်းနေမှု...
   ၄...ဂဏဘောဇနသိက္ခာပုဒ်-၈၁၊ မအပ်သော အသုံးဖြင့် (စားသောက်ဖွယ်ရာကို)ဖိတ်ကြားမှု...
   ၅...သံဃိကသင်္ကန်းကို ကထိန်ခင်းသော ရဟန်းတို့သာ ပိုင်ဆိုင်ရခြင်း...
သိက္ခာပုဒ် ၄-မျိုး ကင်းလွတ်၍ လာဘ်လာဘအကျိုး ၁-မျိုးရရှိခြင်းတို့ ဖြစ်ပါတယ်...
သိက္ခာပုဒ်ကင်းလွတ်ခွင့်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တပေါင်းလပြည့်နေ့ထိ ၅-လတိုင်ဖြစ်ပါတယ်...


ကထိန်ခင်းသူ ဘုန်းကြီးများ အကျိုးတရားများစွာ ရရှိသလို
လှူဒါန်းသူ ဒကာဒကာမများလည်း အကျိုးတရားများ ရရှိမှာဖြစ်ပါတယ်...


ရရှိနိုင်သော အကျိုးတရားများကတော့...


ကထိန်အကျိုးဟာ သည်လိုပါ...
   ၁...သွားလေရာရာ ဘေးကင်းတာ ကထိန်အကျိုးပါ...
   ၂...တာဝန်ပေါ့ပါး အလုပ်များ လွယ်လွယ်ပြီးစီးမှာ...
   ၃...စားကောင်းသောက်ဖွယ် ပေါများတယ် အဆိပ်ဘေးကင်းမယ်...
   ၄...မိမိပိုင်တယ် ပစ္စည်းရယ် မဖျက်ဆီးနိုင်ကွယ်...
   ၅...ကိုယ်မပေးလို ပစ္စည်းကို သူယူမရဆို...
   ဒီအကျိုးတွေ ကောင်းလှတယ် နှစ်စဉ်တို့ယူမယ်...

ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
ဦးလောကနာထ
၁၀.၂၄.၂၀၁၁

ကထိန် ကဌိန် ကထိန ကဌိန ကထိန်သင်္ကန်း





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။