နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, May 18, 2011

ဇရာ...

ဇရာသုတ်

လူတို့၏ ဤအသက်သည် နည်းငယ် တိုတောင်းလှလေစွ၊ အနှစ်တစ်ရာ အတွင်း၌သော်လည်း သေတတ်၏၊ အနှစ်တစ်ရာကို လွန်၍ အသက်ရှင်စေကာမူ အိုမင်းရင့်ရော်၍သော်လည်း သေတတ်၏။ ၈၁၁

လူတို့သည် မြတ်နိုးဖွယ် ဝတ္ထုကြောင့် စိုးရိမ်ပူဆွေးကြကုန်၏၊ မှန်၏... အမြဲထာဝရ သိမ်းဆည်း ထားနိုင်သော ပစ္စည်း ဝတ္ထုတို့မည်သည် မရှိကြကုန်၊ ဤသို့ အမြဲထာဝရ သိမ်းဆည်း မထားနိုင်ခြင်းသည် လောက၌ ထင်ရှားဖြစ်ပေါ် နေသော ကွေကွင်း ပျက်စီးခြင်းပင်တည်းဟု မြင်၍ အိမ်ရာတည်ထောင် လူတို့ ဘောင်၌ မနေရာ။ ၈၁၂

ယောက်ျားသည် အကြင်မြတ်နိုးဖွယ် ဝတ္ထုပစ္စည်းကို ဤဥစ္စာကား ငါ့ဥစ္စာတည်းဟု မှတ်ထင်၏၊ ထိုဥစ္စာရှင် ယောက်ျား သေသောအခါ ထိုမြတ်နိုးဖွယ် ဝတ္ထုပစ္စည်းကို ပယ်စွန့်သွားရ၏၊ ရတနာသုံးပါးကို မြတ်နိုးသော ပညာရှိသည် ဤအကြောင်းကို လည်း သိ၍ ငါ့ဟာ ဟု စွဲလမ်းအပ်သော ဝတ္ထု၌ မညွတ်ကိုင်းရာ။ ၈၁၃

ယောက်ျားသည် အိပ်မက်ထဲ၌ တွေ့ဆုံကြုံကြိုက်သော သူကို နိုးသောအခါ မတွေ့မြင်ရတော့ သကဲ့သို့ ဤအတူပင် ချစ်မြတ်နိုးအပ်သော တမလွန်ဘဝသို့ ပြောင်းသွား ကွယ်လွန်လေပြီးသော သူကို မတွေ့မြင်ရတော့ပေ။ ၈၁၄

အကြင်သူတို့၏ ဦးဖြူ ဦးမည်းစသော ဤအမည်ကို ခေါ်ဝေါ်ပြောဆိုရာ၏၊ ထိုသူတို့ကို မြင်လည်းမြင်ရ ကြားလည်းကြားရကုန်၏၊ ထိုသတ္တဝါကွယ်လွန်သည် ရှိသော် မှည့်ခေါ်ထားသော ဦးဖြူ ဦးမည်းစသော အမည်မျှသာ ကြွင်းကျန် ရစ်တော့၏။ ၈၁၅

မြတ်နိုးဖွယ်ဝတ္ထု၌ မက်မော တွယ်တာသူတို့သည် စိုးရိမ်ပူဆွေး ငိုကြွေးမှု ဝန်တိုမှုကို မစွန့်လွှတ်နိုင်ကြကုန်၊ ထို့ကြောင့် ဘေးမရှိရာ နိဗ္ဗာန်ကို မြင်ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် သိမ်းဆည်းမှုကို စွန့်လွှတ်၍ ကျင့်ကြကုန်ပြီ။ ၈၁၆

ဆိတ်ငြိမ်သော နေရာသို့ ချဉ်းကပ်လျက် မြတ်နိုးဖွယ်အာရုံမှ တွန့်ဆုတ်သော စိတ်ရှိသည်ဖြစ်၍ ကျင့်သော ရဟန်း၏ ထိုအကျင့်ကို ညီညွတ် ကောင်းမြတ်သော အကျင့်ဟူ၍ ဆိုကြကုန်၏၊ ယင်းသို့ ကျင့်သော ရဟန်းသည် မိမိကိုယ်ကို သုံးဆယ့်တစ်ဘုံ၌ မမြင်စေတော့ပေ။ ၈၁၇

တဏှာဒိဋ္ဌိတို့ဖြင့် မမှီသော ရဟန္တာပုဂ္ဂိုလ်သည် အတွင်းအပ တရားအား လုံးတို့၌ ချစ်ခြင်းကိုလည်း မပြု၊ မုန်းခြင်းကိုလည်း မပြု၊ ကြာဖက်၌ ရေသည် မကပ်ငြိသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၌ ငိုကြွေးမှု ဝန်တိုမှုသည် မကပ်ငြိနိုင်။ ၈၁၈

ကြာဖက်၌ ရေပေါက်သည် မကပ်ငြိသကဲ့သို့ လည်းကောင်း၊ ပဒုမ္မာကြာ ၌ ရေသည်မကပ်ငြိသကဲ့သို့ လည်းကောင်း ဤအတူ ရဟန္တာပုဂ္ဂိုလ် သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌ မကပ်ငြိတော့ပေ။ ၈၁၉

ကိလေသာကို ခါတွက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့၌ ထိုတဏှာ မာန ဒိဋ္ဌိဖြင့် မစွဲလမ်း မမှတ်ထင်၊ တစ်ပါးသော အကျင့်ဖြင့် စင်ကြယ်ခြင်းကို အလိုမရှိ၊ ထိုရဟန္တာသည် ဗာလပုထုဇဉ်ကဲ့သို့ တပ်နှစ်သက်တတ်သူလည်း မဟုတ်၊ ကလျာဏ ပုထုဇဉ် သေက္ခတို့ကဲ့သို့ တပ်နှစ်သက်ခြင်း ကင်းဆဲလည်း မဟုတ်၊ တပ်နှစ်သက်ခြင်း ကင်းပြီးသူ ဖြစ်၏။ ၈၁၉

၆ - ဇရာသုတ်၊ အဋ္ဌကဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: