နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, October 13, 2011

ရှားရှားပါးပါး ဤသင်္ကန်း...



ရှားရှားပါးပါး ဤသင်္ကန်း...

ဒီလိုအလှူမျိုး ခံယူရမယ်လို့ မထင်ခဲ့ဘူးတာ အမှန်ပါ...
တိုက်တိုက်ဆိုင်ဆိုင်မို့ ပြောပြရုံ...

မြတ်စွာဘုရားအတွက် ရည်မှန်းပြီး မိဒွေးတော်ဂေါတမီ ကိုယ်တိုင်ချုပ်တဲ့သင်္ကန်း ဘုရားကို လာလှူဘူးတယ်တဲ့ ဒီလိုလာလှူတဲ့အခါ အကျိုးကြီးအောင် သံဃာကို လှူလို့ ဘုရားကမိန့်တော်မူ ဆိုတာကို သတိရမိပါတယ်...

ဘာကြောင့်လည်းဆို...
ဒီနေ့ အရုဏ်ဆွမ်းလာကပ်တဲ့ မိသားစုက သင်္ကန်းသုံးထည် လှူဒါန်းပါတယ်... ပြီးတော့ ပြောလိုက်တာက... ကိုယ်တိုင်ချုပ်ပြီး လှူတာပါတဲ့... ရှားရှားပါးပါး... ရှားရှားပါးပါးဆိုတာက သင်္ကန်းရှားတာကို ပြောတာမဟုတ်ပါဘူး... ကိုယ်တိုင်ချုပ်တယ်ဆိုတာကို ပြောတာပါ... သင်္ကန်းဆိုတာ သာမန်စက်ချုပ်တတ်ရုံနဲ့လည်း ဖြစ်တာမျိုးမဟုတ်ဖူး... ခက်တယ်... တစ်ထည်လည်းမဟုတ် အထက်အောက် ဒွိစုံအပြင် ဒုကုဋ် နှစ်ထပ်သင်္ကန်းလည်း ပါသေး... တိစုံ... တိစုံအပြင် အနေကထိုင်က အစစ်ပါသေးတယ်... စေတနာရယ် သဒ္ဓါတရားရယ်က အံသြစရာပါပဲ...

မေးကြည့်မိတယ်... ဒကာမကြီး ဒီသင်္ကန်းတွေချုပ်တာ အချိန် ဘယ်လောက် ကြာသလဲ ဆိုတော့... အလုပ်လုပ်ရင် အားတဲ့အချိန် ချုပ်ရတာဆိုတော့ ၂-လကျော် ကြာပါတယ်ဘုရားတဲ့... ကုန်ကျစားရိတ်ကတော့ သူငယ်ချင်းတွေလည်း ထည့်ဝင်ပါတယ်... လှူချင်တဲ့စိတ်ကလေး ဖြစ်ပေါ်ချိန်ကစလို့ ကံသုံးပါးနဲ့ ကုသိုလ်တွေ ဖြစ်နေလိုက်တာ... သည်ဒကာမကြီး မိသားစု မျက်နှာကြည့်ရတာ ပီတိကိုစား အားရှိ၏ဆိုသလိုပဲ သင်္ကန်းလေးကြည့်ပြီး သူတို့ပြုံးနေကြတာ... သူတို့ကုသိုလ် သူတို့လုပ်ရပ်ကို ကြည့်ပြီး ကိုယ်တောင် ပျော်လာတယ်...

ပျော်နေရုံနဲ့မပြီးသေးဘူးလေ... အလှူခံဖို့က ရှိသေးတယ်... မြတ်ဗုဒ္ဓရဲ့ တပည့်သားဆိုတော့ ဘုရားဆန္ဒအတိုင်းပဲ သံဃဿ ဒေမ လို့... ဘုရားအမှူးရှိတဲ့ သံဃာကိုရည်မှန်း လှူဒါန်းဖို့ ပြောပြလို့ အလှူခံထားလိုက်ပါတယ်...

အလှူခံပြီးနောက် စဉ်းစားကြည့်မိတာကတော့...
သူတို့တစ်တွေ တို့ဘုန်းကြီးတွေကို...
ဘာကြောင့် ဒီလောက် တန်ဖိုးကြီးတာမျိုးတွေ လှူနေကြတာလဲ...
ဆွေလည်းမတော် မျိုးလည်းမတော်...
ဒီဘုန်းကြီးက ထောက်ပံ့ပေးကမ်းထားတာလည်း မဟုတ်...
သူတို့ ကြောက်လို့ လာလှူကြတာလည်း မဟုတ်နိုင်... ဒါဆိုရင်...
သူတို့တွေက တို့ဘုန်းကြီးတွေကို သီလတွေရှိတယ်...
ကိုယ်ကျင့်တရားတွေ ကောင်းတယ်...
မြတ်ဗုဒ္ဓအဆုံးအမတွေနဲ့ ဆုံးမပေးတာတွေကို ကျေးဇူးရှိတယ်
အာရုံပြုလို့သာ လာလှူကြတာနေမှာ...

ဒါဆို မိမိမှာ သီလရှိအောင်...
ကိုယ်ကျင့်တရား ကောင်းအောင်...
ထေရဝါဒအဆုံးအမတွေကို ပြောပြနိုင်အောင် ကြိုးစားရမှာပါလား...
ပေါ့ပေါ့နေ ပေါ့ပေါ့ဝတ်ဆိုရင်တော့
မြုပ်လေပေါ့ စုံးစုံး သွားပေတော့ ကတုံး...
ဖြစ်တော့မယ်လို့ ယနေ့ နှလုံးသွင်းမိပါသည်...

အလှူရှင်များအားလုံး ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...
သတ္တဝါအားလုံး ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...

သူတစ်ပါး၏ စေတနာ သဒ္ဓါတရားနဲ့
ပေးစာကမ်းစာ သုံးစွဲနေသူ ဘုန်းတော်ကြီး ဦးလောက
သတိတရားတွေ အစဉ် ရှိပါလေ...

ဦးလောကနာထ
၁၀.၁၃.၂၀၁၁


2 comments:

flowerpoem said...

ဘုန်းဘုန်းဘုရား
သင်္ကန်းကို ကိုယ်တိုင်ချုပ်ပြီးလှူတယ် ဆိုတာ နည်းတဲ့ သဒ္ဒါတော့ မဟုတ်ဘူးနော် ဘုရား :)
ကုသိုလ်အလှူအတွက် သာဓု ခေါ်ပါတယ် ဘုရား

ခရစ္စတလ် said...

ဘုန်းဘုန်း ဒီသင်္ကန်းလှူတာလေးနဲ့ အကြောင်းပြုပြီး အဇိတမထေရ်ရဲ့ အကြောင်းလေးကိုလည်း သိခွင့်ခဲ့ရသေးတယ်နော်၊ ပိုစ့်လေးကို သာဓုခေါ်ခဲ့ပါတယ်ဘုရား။