နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, October 14, 2011

သေသူအတွက် ရည်စူး၍ နေ့ဆွမ်းကပ်သည့်ပွဲ...


၁၀.၁၃.၂၀၁၁

သေသူအတွက် ရည်စူး၍ နေ့ဆွမ်းကပ်သည့်ပွဲ...
ဆွမ်းသွတ် ရွှေချ အမျှဝေ ရေစက်ချ...

ဆွမ်းသွတ်ဆိုတာကတော့ သေဆုံးသူအတွက် ရည်ရွယ်ရည်စူးလို့ ရတနာသုံးပါးကို ဆွမ်းလှူဒါန်း ကုသိုလ်ပြုတာကိုခေါ်တာ... ရွှေချကတော့ သေသေချာချာ ဘာမှန်းမသိဘူး လေ့လာပြီးမှ အချိန်မှီရင်ထည့်တော့မယ်... အမျှဝေတာကတော့ သေသူအတွက် ရည်စူးပြုလုပ်တဲ့ကုသိုလ် မိမိပြုလုပ်ထားတဲ့ ကုသိုလ်တွေကို မျှဝေတာ အသိပေးတာ ရောက်ရာဘဝကနေ သူဝမ်းမြောက်ဝမ်းသာဖြစ်ရင် အကျိုးရနိုင်တယ်ဆိုတာပေါ့... ရေစက်ချဆိုတာကတော့ ရေခွက်ထဲကရေလေး တစ်စက်ခြင်းချတာ... ရှေးသူတော်ကောင်းတွေ လုပ်ခဲ့လို့ လုပ်ကြပါတယ်... ကမ္ဘာမြေကြီးကို သက်သေတည်တယ်ပြောပြော... ရေလိုအေးပါစေလို အာရုံပြုပါ ပြောပြော... အဓိကတော့ သေသူအတွက်ဆို ရည်စူးကုသိုလ်ပြု အမျှဝေ ဒါပါပဲ...

ဒါက ကျန်ရစ်သူများရဲ့တာဝန်ပေါ့...

ဒီနေ့မိသားစုတစ်စုရောက်လာတယ်... လူကြီးဖြစ်သူက အရှင်ဘုရား တပည့်တော်မရဲ့ သားမက်ကလေးက သူ့မိခင်အတွက်ရည်စူးပြီး နေ့ဆွမ်းဆက်ကပ်ချင်ပါတယ်တဲ့... ဆိုတော့ ခု ကျန်ရစ်သူ သားဖြစ်သူက ကျေးဇူးရှင်မိခင်ကြီးအတွက် ရည်စူးပြီးပြုမဲ့ ကျေးဇူးသိတဲ့ ကုသိုလ်ပွဲ...

သူတို့ရောက်လာပြီးနောက် လူငယ်တွေက ဆွမ်းပွဲပြင်ကြ... လူကြီးတချို့ကတော့ စကားပြောကြနဲ့ပေါ့... ထုံးစံအတိုင်း ထိုအကြောင်း ဤအကြောင်းတွေ ပြောနေတာနဲ့ တရားစကားဘက် လှည့်ပေးရတယ်... ဒီတော့မှ ဒကာဒကာမတွေ ဟောတဲ့ တရားလေးတွေ နာရတာပေါ့...

ရုပ်အကြောင်းနာမ်အကြောင်း ဖြစ်ပျက်အကြောင်း ဒီလို ပြောရာကနေ... သေသူကို ဘဝတပါးသို့ ပြောင်းသွားလေသောဆိုတဲ့ အပြောက ဒိဋ္ဌိမစင်ဘူးပေါ့ဘုရားတဲ့... (ဒီလို မပြောရင်ပဲ ဒိဋ္ဌိကုန်ပြီလိုလို) ဒီတော့ မေးကြည့်မိပါတယ်... ဒါဆို ဘယ်လိုပြောကြ ရမှာလဲဆိုတော့လည်း တိတိကျကျမဟုတ်... ဒိဋ္ဌိဆိုတာကလည်း သိတဲ့အတိုင်း သောတာပန်ဖြစ်မှ စင်မဲ့ကိစ္စ... တချို့မှာ အပြောမှာတင် ဓာတ်ခွဲကြရင်းနဲ့ အချိန်တွေကုန် အလုပ်စခန်းမရောက် ဖြစ်နေကြရတယ်... တော်ပါတယ် တရားလေ့လာရမယ်ဆိုတဲ့ အသိတွေတော့ ရှိနေတယ်...

အပြောအနေနဲ့ကတော့ ဒီလိုပဲ ပြောကြရတာပေါ့ ဒကာမကြီး... မိမိ နားလည်ထားရမှာက ဒီဘက်က ရုပ်နဲ့နာမ် ဟိုဘက်ဘဝကို ပါမသွားဘူးလို့သိ... ဟိုဘက်ဘဝဆိုတာ ငါနဲ့လုံးဝမဆိုင်ဘူး ပြတ်တယ်လို့လည်း မယူနဲ့... ဒီဘက်ဘဝက ဦးကင် ဒေါ်ခင် စသည် ပြုလုပ်ခဲ့သမျှသော ကံ၏အကျိုးတရားများနဲ့ စွဲလမ်းမှုဆိုတဲ့ တရားတွေကြောင့် ဘဝတွေ ဘဝတွေ ဆက်ဖြစ်နေရတယ်လို့ သိထားရင်ပဲ မဆိုးတော့ပါဘူး...

ဒီအချိန်မှာပဲ သမီးဖြစ်သူပြောမှ ပွဲပြီးသွားတယ်... အရှင်ဘုရား အမေကလေ ညညဆို အင်တာနက်ကနေ မြန်မာပြည်က အဖေဆီလှမ်းပြီး ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး အမြဲပူနေတာတဲ့... တရားလုပ်တယ်သာပြောတယ် အမြဲပူနေတာတဲ့...

(ဒကာဒကာမတို့ကော ဒီလိုပဲ ပူပန်နေရသလား)
(တရားရှိရင် ရှိသလောက် အေးပါတယ်နော့ ကြိုးစားကြ)

ဒီလိုနဲ့ နေ့ဆွမ်းကပ်ကြ ပြီးတော့မှ သီလပေး တရားနာ အမျှဝေ ထုံးစံအတိုင်းပေါ့... ဟောပေးလိုက်တာကတော့ သေခြင်းတရားလေးမျိုး ရှိကြောင်းကစလို့ ဆွမ်းတစ်နှပ်စာ ကျေးဇူးဆပ်ရင်း... ရဟန်းတာဝန်ကြေအောင် ပြောသင့်တာတွေ သိသင့်တာတွေ ပြောပြပေးလိုက်ပါတယ်...

အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ...
ဦးလောကနာထ
၁၀.၁၃.၂၀၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: