နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, October 14, 2011

ယနေ့ ဆွမ်းခံထွက်သည့် သောကြာနေ့...

၁၀.၁၄.၂၀၁၁

ယနေ့ ဆွမ်းခံထွက်သည့် သောကြာနေ့...

ဆန်ဖရန်ရောက်ပြီးနောက် ဆွမ်းခံထွက်ရတာ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာပါပဲ... မထင်မှတ်ပဲ ဆွမ်းခံ ဖြစ်သွားတယ်... ယခင် ၁၁-နှစ်ကြာအောင် နေခဲ့တဲ့မြို့မှာက လူနေအိမ်ခြေနဲ့ဝေးတော့ ဆွမ်းခံမထွက်ခဲ့ရဘူးလေ... တစ်ရက်မှာတော့ အရှင်ဘုရား တပည့်တော်တို့ အိမ်ကို ဆွမ်းခံကြွမလားဘုရား တဲ့... လျှောက်သူက ရဲရဲတော့ မလျှောက်ရဲဘူးလေ... ဘာလို့ဆို ဒီမှာက ရာသီဥတုကလည်းကြမ်း ဆွမ်းခံတယ်ဆိုတာ ဒီဘက်မှာကလည်း တစ်ပါးမှ မရှိခဲ့ပဲကိုး...

ခံဆွမ်းဆိုတာ မအပ်မစပ် ပြောဆိုပြီး ရရှိတာမျိုး မဟုတ်တတ်လို့ သန့်ရှင်းတယ်လို့ ကိုယ်ကသိနေတော့... အမြဲစိတ်ဝင်စားနေတဲ့ လုပ်ငန်းတစ်ခု... ကျန်းမာရေးကလည်း လောလောဆည် မဆိုးဘူး... ပျံလွန်တော်မူဖို့ လက်မှတ်ကလည်း ဝယ်ပြီးသားဆိုတော့ ကုသိုလ်များများ ယူနေရတဲ့အချိန်... အအေးကလည်း အများထက်တော့ ပိုခံနိုင်သေးတယ်... ဒါနဲ့ပဲ ဆွမ်းခံကြွဖို့ လက္ခံလိုက်တယ်... ဆွမ်းခံတယ်ဆိုတာသိလို့ အလှူရှင်တွေ ထပ်တိုးလာပြီး ခုတော့ တစ်ပါတ်မှာ သုံးရက် ထွက်ခံ ဖြစ်ပါတယ်... ဒါတောင်တားတဲ့သူက တားသေးတယ်... အမဲတွေက ရန်လုပ်လိမ့်မယ်တယ်... လုပ်ပလေ့စေ အခြေအနေကြည့်မယ်ဆိုပြီး သွားဖြစ်တာ ခုဆို အတော်လေး အသားကျနေပါပြီ... သူတို့ ရန်မလုပ်ကြပါဘူး...

ခုထိတော့ အနွေးထည်မဝတ် ဦးထုပ်မဆောင်းရသေးဘူး... ဆွမ်းခံရင်း ဖိနပ်တော့ စီးနေရပြီ... ကျန်းမာရေး သိပ်ဆိုးလာရင်တော့ ဂျာကင်ကြီး တဖါးဖါးနဲ့ ဖြစ်သွားနိုင်ပါတယ်... ဒါပေသိ လူနဲ့တူတဲ့ အသုံးအဆောင် အဝတ်တွေ မသုံးချင်ဘူး... ရခဲလှတဲ့ ရဟန်းဘဝ ရရှိတုန်း ရဟန်းအသွင် အပြည့်ဆင်ချင်ပါတယ်... ရဟန်းအသွင်အားလုံးကို နှစ်သက်ပါတယ်... သင်္ကန်းပျောက်ပြီး ဘောင်းဘီ မရောက်ဖို့ သတိတရား မြဲမြဲထားနေရတယ်...

ဒီနေ့ ဆွမ်းလောင်နေကျအိမ်က ၄-ဦးပေါင်း လောင်းလိုက်ပြီး ပြန်ထွက်လာလို့ မကြာခင်မှာ... မထင်မှတ်ပဲ... ဒကာမကြီးတစ်ဦးက တားပြီးတော့ အိပ်ကပ်နှိုက်နေပြီ... ငါ့တော့ ဒုက္ခပဲတွေးမိတယ်... သူကလည်း ပေါက်ဖေါ်မကြီး အင်္ဂလိပ်လို သိပ်တတ်မှာမဟုတ်... တရုတ်လိုပဲတတ်ကြတာ... ကိုယ်ကလည်း အင်္ဂလိပ်စာက မီးကျိုးမောင်းပျက်ပါ... တရုတ်လိုကလည်းမတတ်... တတ်သလောက် မှတ်သလောက် ငြင်းရင်းနဲ့ နောက်ဆုံး လက်ခါပြလိုက်ရတယ်... ဒီတော့မှ သဘောပေါက်သွားတယ် ငွေလက်မခံဘူးဆိုတာကို... ဒီအချိန်မှာ အဖွားကြီးရဲ့မျက်နှာ ကြည့်လိုက်တော့ အံ့သြမှုတွေ တွေ့ရပါတယ်... လူတွေ အတော်များများဟာ ဘုန်းကြီးဆိုရင် ငွေလက်ခံ သာယာတယ်လို့ပဲ သိနေကြပါပြီ... နောက်ဆုံးတော့ ကိုယ်ကပဲ ထပ်ပြီး တောင်းပန်လိုက်ပါတယ်... လှူတဲ့ငွေကို အလှူမခံတဲ့အတွက် ခွင့်လွှတ်ပါ...ပေါ့...

အဲဒီကထွက်လာလို့ နှစ်လမ်းလောက်လည်းရောက်ရော... နောက်ကနေ ဒကာမလေး တစ်ယောက်က အော်ခေါ်ပြီး ပြေးလာတယ်... ကျေးဇူးပြု၍ ရပ်တော်မူပါဦးဘုရားပေါ့... ဒါက ကိုယ်ဟာကိုယ် ယဉ်ယဉ်ကျေးကျေး ဘာသာပြန်တာလိုက်တာပါ... သူကတော့ အင်္ဂလိပ်လိုပေါ့... ဒါနဲ့ ရပ်ပြီး လှည့်ကြည်လိုက်တော့ လက်ထဲမှာ စားစရာအထုပ်ကြီးနဲ့... ဟ ပွတာပဲ... အလကား ရယ်စရာပြောတာပါ... ကြည့်ရတာ ခုန ဒကာမကြီးရဲ့မြေးမ ဖြစ်မယ်ထင်ပါတယ်... ဒါနဲ့ သပိတ်ဖုံး ဖွင့်ပေးလိုက်တော့ ပေါင်မုန့်လေးလုံး ရေတစ်ပုလင်း ဖျော်ရည် တစ်ပုလင်း... အကုန်သပိတ်ထဲထည့် သပိတ်ဖုံးပိတ် မေတ္တာပို့ပြီး ဆက်ထွက်လာတယ်လေ...

မကြာခင်တစ်နေရာမှာ ဒကာမတစ်ဦးက အိပ်ကြီးနှိုက်ပြန်ရော... ဒီနေ့ ထူးထူးခြားခြား အိပ်နှိုက်တဲ့သူတွေနဲ့ တွေ့ရတယ်... သူကတော့ ဗီယက်နန်လူမျိုးထင်ရဲ့... သူတို့လည်း ဘာသာရေး စိတ်ဝင်စားကြတယ်... သူ့လည်း ငြင်းလိုက်တယ် ဒီလို အလှူမခံဘူး ငြင်းတော့ သူ့မှာကြောင်တောင်တောင်... ဒါနဲ့ ငါ စားစရာပဲ အလှူခံပါတယ်လို့ ထပ်ပြောလိုက်တော့မှ ကားနောက်ကနေ ဖျော်ရည်ဘူးထုတ်လာပြီး သပိတ်ထဲ ထည့်တော့တာပဲ...

ဆွမ်းခံအပြန် သပိတ်က အရည်မျိုးစုံနဲ့ အလေးသား... နေကလည်းပူပူ... အတော်မော... ဒီလို ဆွမ်းခံထွက်ခွင့်ရတဲ့အတွက် ကြည်နူးပါတယ်... သာသနာကို စောက်ရှောက်ပြီး ပစ္စည်းလေးပါး လှူဒါန်းနေကြတဲ့ ဒကာဒကာမအားလုံး ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...

ဦးလောကနာထ
၁၀.၁၄.၂၀၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


1 comment:

flowerpoem said...

ဘုန်း၂ သာ ဓု သာ ဓု သာ ဓုပါဘုရား
ဘုန်း၂ ကျန်းမာစွာဖြင့် သာသနာ့ ၀န်ကို ထမ်းဆောင် နိုင်ပါစေ ဘုရား..