ဘာ့ကြောင့် ဒီလိုလှူတာလဲ...
ဆွမ်းလာကပ်တဲ့ ဒကာလေးကို မေးကြည့်မိတယ်...
သူတို့ ကလေးတွေ ဘယ်လိုအသိ ရှိကြသလဲပေါ့...
ဒကာလေး ဘာ့ကြောင့် ဒီလိုဆွမ်းလှူတာလဲလို့ မေးလိုက်တော့...
သူက ဒီလိုဖြေတယ်လေ...
အရှင်ဘုရား မငတ်အောင်လို့တဲ့...မှန်လိုက်တာ...
ဒကာလေးပြောတာ မှန်တာပါပဲ...
ဒီလို ဆွမ်းလှူတဲ့အတွက်...
စားရသူမှာ ဆွမ်းမငတ်ဖူး အဆာပြေတယ်...
စိတ်ချမ်းသာ ကိုယ်ကျန်းမာတယ် အသက်ရှည်တယ်...
ဒီတော့ ကိုယ်ရည်အဆင်းလှတယ်...
အာဟာရပြည့်ဝတော့ ဉာဏ်ရည်လည်း ပြည့်ဝလာနိုင်တယ်...
စားရတဲ့သူမှာ ဒီလိုအကျိုးတရားတွေ ရလာတော့...
ပေးလှူသူမှာလည်း တူညီတဲ့အကျိုးတရားတွေ ရမှာဖြစ်တယ်...
ဒါကိုပဲ ကံ ကံ၏အကျိုးလို့ ခေါ်တာပါဒကာလေး...
ဒီလိုသိပြီး ပေးလှူခြင်းက ပိုပြီးကောင်းတယ် ပြောပြလိုက်တော့
အရှင်ဘုရား ပေးတာနဲ့ လှူတာ ဘာထူးလဲတဲ့...
ဘာမှ မထူးဘူးဒကာလေး တနည်းအားဖြင့်တော့ တူတူပါပဲ...
မိမိထက် သီလ သမာဓိ ပညာ နိမ့်သူကို ပေးတယ်သုံးပြီး...
မိမိထက် သီလ သမာဓိ ပညာ မြင့်သူကို လှူတယ်သုံးကြတာပါ...
ပေးတာပဲဖြစ်ဖြစ် လှူတာပဲဖြစ်ဖြစ် ပါဠိလိုကတော့ ဒါနပါပဲ...
ဘုန်းကြီးများဟာ ဒကာလေးတို့စောင့်တဲ့သီလထက် ပိုပြီးစောင့်ထိန်းတယ်...
တည်ကြည်မှုခေါ်တဲ့ သမာဓိ ဉာဏ်လို့ခေါ်တဲ့ပညာ ပိုအောင်ကျင့်နေကြတယ်...
ဒါကြောင့် ရဟန်းတွေကို လှူတယ်သုံးပြီး...
လမ်းဘေးမှာ တောင်းနေသူများကိုတော့ ပေးတယ် သုံးလိုက်ကြပါတယ်...
တနည်းအားဖြင့်တော့ ကိုယ်ပိုင်ပစ္စည်း သူများကိုပေးလိုက်တာ တူတူပါပဲ...
ဒါ့ကြောင့် ဒါနပြုရင် မိမိပစ္စည်း စွန့်လွှတ်ပြီးမှသာ ပေးလို့လှူလို့ရပါတယ်...
စွန့်လွှတ်တာကို စာဂ... ပေးလှူတာကို ဒါန...
ဒါကြောင့် စာဂရှိမှ ဒါနဖြစ်တယ်...
စာဂမရှိရင် ဒါနမဖြစ်ဘူးဆိုတော့ ချေးငှားတဲ့သဘောဖြစ်သွားတတ်ပါတယ်...
အလှူခံသူဘုန်းကြီးများဟာ လူတွေထက်ပိုပြီး သိက္ခာရှိဖို့လိုပါတယ်...ကျင့်ရမယ်
တောင်းသူများကတော့ မလိုတော့ဘူးပေါ့...
နောက် မိမိရဲ့ဒါန အားကောင်းဖို့ရာ စေတနာ အားကောင်းရပါတယ်...
ပစ္စည်းနည်းပြီး စေတနာအားကောင်းတာနဲ့
ပစ္စည်းများပြီး စေတနာအားနည်းတာ ယှဉ်လိုက်ရင်
ပစ္စည်းနည်းပေမဲ့ စေတနာအားကောင်းတာက အကျိုးပေးကောင်းပါတယ်...
ဒီလိုပြောလိုက်လို့...
တပည့်တော် နည်းနည်းလေးနဲ့ စေတနာကောင်းအောင်လုပ်တော့မယ်ဆိုခဲ့ရင်...
စေတနာအားကောင်းတဲ့သူဟာ တွန့်တိုမှု မရှိတော့ပါဘူး...
မိမိမှာမရှိတဲ့ထဲက ရှိသလောက်လေးကို ဖဲ့ပြီးလှူတတ်တယ်...
မိမိသုံးမဲ့ထဲက မသုံးတော့ပဲ ပေးလှူတာမျိုးတွေကို ပြုလုပ်လာပါတယ်...
တစ်ချို့မှာစေတနာတော့ရှိတယ် ပစ္စည်းမရှိလို့ အနည်းငယ်သာလှူရတာပါ...
ဒီလိုစေတနာမျိုးက လှူဖွယ်နည်းပေမဲ့ အကျိုးပေးကောင်းပါတယ်...
နောက်တစ်ခုက သီလရှိသူကို ပေးလှူခြင်းက အကျိုးကြီးစေတယ်ဒကာလေး...
ဒါကြောင့် သီလရှိသူ ပြည့်စုံသူတွေကိုရှာပြီး သံဃာရည်မှန်းလို့ ပေးလှူ...
မရှာတတ်လို့သော်လည်းကောင်း...
သီလပြည့်စုံသူတွေ ရှိကိုမရှိတော့လို့ ဆိုတဲ့အခါကြရင်တော့ နောက်ဆုံးပေါ့...
သံဃာကိုသာ ရည်မှန်းလို့ ကြုံရာဘုန်းကြီးကို ပေးလှူလိုက်ပါဒကာလေး...
ဒီလိုပေးလှူခြင်းက သာသနာကို စောင့်ရှောက်ရာလည်း ရောက်ပါတယ်...
ကောင်း၍တူသောအကျိုးတွေ ရကြပါစေ...
ဦးလောကနာထ
၁၁.၁၈.၂ဝ၁၁
No comments:
Post a Comment