နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 7, 2010

မအပ်မစပ် အလှူခံမှု...




ဥပက္ခဋသိက္ခာပုဒ် - (ပြုပြင်စီရင်အပ်သည်)

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ယောက်ျား တစ်ယောက်သည် ဇနီး 'မယား' ကို ''အသျှင် ဥပနန္ဒအား သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့ 'လှူအံ့'''ဟု ပြောဆို၏၊ ဆွမ်းခံ ရဟန်းတစ်ပါးသည် ထိုယောက်ျား၏ ပြောဆိုသော စကားကို ကြားခဲ့၏၊ ထိုအခါ ထိုရဟန်းသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒ ထံသို့ ချဉ်းကပ်၍ သာဝကီဝင်မင်းသား အသျှင်ဥပနန္ဒအား...

''ငါ့သျှင်ဥပနန္ဒ သင်သည် ဘုန်းကြီးသူဖြစ်၏၊ ဤမည်သော အရပ်၌ ယောက်ျား တစ်ယောက်သည်ဇနီး 'မယား' ကို အသျှင်ဥပနန္ဒအား သင်္ကန်းဖြင့် ဖုံးလွှမ်း 'လှူဒါန်း' အံ့ဟု ပြောပါသည်''ဟု ဆို၏။ ငါ့သျှင် ရှိပေသည်၊ ထိုသူသည် ငါ၏ အလုပ်အကျွေးတည်းဟု ပြော၏။ ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ထိုယောက်ျားထံသို့ ချဉ်းကပ်ပြီးလျှင် ထိုယောက်ျားအား...

''ဒါယကာ သင်သည် ငါ့ကို သင်္ကန်း လှူလို၏'' ဟူသည် မှန်သလောဟု မေးမြန်း၏။ အသျှင် အကျွန်ုပ်အား အသျှင်ဥပနန္ဒကို သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့ဟု အကြံဖြစ်ပါသည်ဟု လျှောက်၏။

ဒါယကာ အကယ်၍ သင်သည် ငါ့ကို သင်္ကန်းဖြင့် ဖုံးလွှမ်းလိုသည် ဖြစ်အံ့၊ ဤသို့ သဘောရှိသော သင်္ကန်းဖြင့် ဖုံးလွှမ်းလော့၊ ငါသုံးဆောင်မည် မဟုတ်သော သင်္ကန်းဖြင့် ဖုံးလွှမ်းသော်လည်း အဘယ် ပြုအံ့နည်းဟု ဆို၏။

အသျှင်ဥပနန္ဒသည် အလှူရှင်လှူလိုသော သင်္ကန်းထက် ပို၍ ကောင်းသော သင်္ကန်းကို စီမံသည့်အတွက် လည်းကောင်း အရှင်ဘုရား အလှူခံတော်မူပါဟူ၍ လည်းကောင်း မဖိတ်ကြားသေးပဲ အလှူခံခြင်း ပိုလွန်အောင် စီမံခြင်းတို့ကြောင့် လူများကလည်းကဲ့ရဲ့ မြတ်ဗုဒ္ဓမှလည်း ကဲရဲ့ပေသည်...

သည်အဖြစ်အပြက်မျိုး ယခုခေတ်တွင် မြောက်များစွာ ဖြစ်ပေါ်နေကြပေသည်... အလှူရှင် လှူလိုသည်က သည်ရွေ့သည်မျှသာ ဘုန်းတော်ကြီးက ဟိုလောက်ကြီး ဆိုတာမျိုးတွေ များလှပေသည်... ရွာအလှူတစ်ခုတွင် အလှူရှင် ပင့်ဖိတ်လိုသည်က သံဃာ ငါးပါးသာ ကျောင်းဘုန်းကြီးက ရွာနီးချုပ်စပ် သံဃာ ၁၈-ပါးလောက် မဖိတ်မကောင်း၍ ဖိတ်ကြားသည် အလှူပွဲနေ့တွင် လှူဖွယ် မလောက်ငှသည့်အတွက် ရန်ဖြစ် မျက်နှာပျက်ကြရပြန်သည်...

ပြည်ပရောက် ဘုန်းတော်ကြီးတစ်ပါးကို... ဒကာက လိုအပ်တာ လှူဒါန်းလို၍ အရောင်းဆိုင်ခေါ်သွားပါတယ်... ဆိုင်ရောက်တော့ ဘုန်းတော်ကြီး လိုချင်တာကို ဒကာက မတတ်နိုင်... ဒကာလှူနိုင်တာကို ဘုန်းတော်ကြီးက မကြိုက်... ဒါနဲ့ပဲ မျက်နှာပူပူနဲ့ ဆိုင်ထဲက နှစ်ဦးသား ပြန်ထွက်ခဲ့ကြရလေတော့သတည်း... ဆိုပြီး အဆုံးသတ်ခဲ့ရတာ တွေလည်း ကြားနေရပေသည်... ရန်တော့ မဖြစ်ကြ တော်ပေသေး၏...

ထိုအခါ ထိုယောက်ျားသည် ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အလိုကြီးကုန်၏၊ မရောင့်ရဲနိုင်ကုန်၊ ဤရဟန်းတို့အား သင်္ကန်းဖြင့် ဖုံးလွှမ်းခြင်းငှါ မလွယ်ကူပေ၊ အဘယ့်ကြောင့် အသျှင်ဥပနန္ဒသည် ငါသည် ရှေးက မဖိတ်ကြားအပ်ဘဲ ငါ့ထံသို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ဘိသနည်း'' ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊ ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုယောက်ျား၏ စကားကို ကြားကြသည်သာတည်း။
တစ်ချို့ဘုန်းကြီးများက ခုခေတ်ပေါ် သရီးရိုင်ဖယ် သင်္ကန်းကိုမှ အလှူခံသည်ဟု ကြားရပေသည်... သည်လိုကြားမိတော့ ပြုံးမိပါ၏... ပြည်ပမှာကတော့ သရီးရိုင်ဖယ်ကိုမလို... လာသောသင်္ကန်း လှူသောသင်္ကန်းကို လက္ခံပေသည်... မရွေးချယ်ပေ... လှူချင်သောသင်္ကန်း လှူနိုင်ပါသည် အရေးမလုပ်ပါ... သို့သော် ကွန်ပြူတာဆို ပန်းသီးလေးမှ နှစ်သက်ပါသည်... ဖုံးဆို အိုင်ဖုံးနော်ဟု တစ်ချို့ ပြောနေကြပေသည်... သည်ထဲမှာ ကျွန်ုပ်ကထိပ်ဆုံးကပေါ့... တစ်ချို့ လူတွေကကဲ့ရဲ့ပါသည် အတ္တကြီးသည်ဟု ပြောကြပါသည်... မြတ်ဗုဒ္ဓ မနှစ်သက်သော အလုပ်များ ရှောင်ကြဉ်သင့်ပေသည်... ဘုန်းကံကြီး၍ အပ်စပ်သောပစ္စည်းများ အပ်စပ်စွာ ဖြစ်ပေါ်လာသည်များကတော့ အပြစ်ဟူ၍ မဆိုသာ... သည်နေရာတွင် သင်္ကန်းဟု ဆိုသည့်အတွက် ကျန်တာမပါဟု တစ်ချို့က ဆိုကြပေသေးသည်... ကျယ်ပြန့်လှပေသည်...

အလိုနည်းသော ရဟန်းတို့သည် ''သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ အဘယ့်ကြောင့် ရောက်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊ ထိုအခါ ရဟန်းတို့သည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကိုလျှောက်ကြကုန်၏။ပ။

''ဥပနန္ဒ သင်သည် ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်၏ ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဥပနန္ဒ သင်နှင့် ဆွေမျိုးတော်စပ်သလော၊ ဆွေမျိုးမတော်စပ်သလောဟု မေးတော်မူရာ မြတ်စွာဘုရား ဆွေမျိုးမတော်စပ်ပါဟု လျှောက်၏။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား...
ဆွေမျိုးမတော်စပ်သူသည် ဆွေမျိုး မတော်စပ်သူ၏ သင့်တော်သည်ကို လည်းကောင်း၊ မသင့်တော်သည်ကို လည်းကောင်း၊ ရှိသည်ကို လည်းကောင်း၊ မရှိသည်ကို လည်းကောင်း မသိနိုင်ပေ၊

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား...
ထိုသို့ဖြစ်ပါလျက် သင်သည် ရှေးက မဖိတ်ကြားအပ်ဘဲ ဆွေမျိုးမတော်သော အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်တုံဘိ၏၊

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား...
ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 527

ပညတ်သိက္ခာပုဒ်

''ရဟန်းကိုသာလျှင် ရည်ညွှန်း၍ ဆွေမျိုးမတော်စပ်သော အိမ်ရှင်သည်သော် လည်းကောင်း၊ အိမ်ရှင်မသည်သော် လည်းကောင်း သင်္ကန်းဖိုးကို 'ဤ သင်္ကန်းဖိုးဖြင့် သင်္ကန်းကို ဝယ်၍ ဤမည်သော ရဟန်းကို သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့'ဟု စီရင်အပ်၏၊ အကယ်၍ ထိုဒါယကာသို့ ထိုရဟန်းသည် ရှေးက မဖိတ်ကြားအပ်ဘဲ ချဉ်းကပ်၍ 'ဒါယကာ တောင်းပန်ပါသည်၊ အကျွန်ုပ်ကို ဒါယကာသည် ဤသင်္ကန်းဖိုးဖြင့် ဤသို့ သဘောရှိသည်လည်းဖြစ်သော ဤသို့ သဘောရှိသည်လည်းဖြစ်သော သင်္ကန်းကို ဝယ်၍ ဖုံးလွှမ်းပါလော့' ဟု ကောင်းသည်ကို အလိုရှိသည်၏ အဖြစ်ကိုစွဲ၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ငြားအံ့၊ ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏''ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 27, 8-528

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား... ဟူ၍... သည်ကိစ္စကို မြတ်ဗုဒ္ဓ အပြစ်ပြောနေပေပြီတကား... ကျွန်ုပ်တို့ ရဟန်းဝတ်ကြခြင်းမှာ မဂ်ဖိုလ် လိုချင်လို့သာ ဖြစ်သင့်ပေသည်... အစားချောင် အနေချောင်၍ မဖြစ်သင့်ပေ... မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ျားဟူ၍ အပြောမခံရအောင် နေသင့် ကျင့်သင့်ပေသည်... အလှူရှင်များ လှူဒါန်းလိုသည်ထက် ပိုလွန်၍ အလှူမခံသင့်ပေ... သည်လို အလှူခံမိ၍ ရလာသော ပစ္စည်းများကိုလည်း စွန့်ပြစ်ရပေတော့မည်... မစွန့်ပြစ်ပဲ သုံးဆောင်နေပါက အပြစ်များထပ်၍ နေတော့မည်...


၈ - ဥပက္ခဋသိက္ခာပုဒ် အဖွင့်

ရဟန်းကိုသာလျှင် ရည်ညွှန်း၍ဟူသည် ရဟန်း၏ အကျိုးငှါ ရဟန်းကို အာရုံပြု၍ ရဟန်းကို ဖုံးလွှမ်းလို၍။ ဆွေမျိုးမတော်စပ်သူ မည်သည် အမိဘက်မှသော် လည်းကောင်း၊ အဖဘက်မှသော် လည်းကောင်း ခုနစ်ဆက်မြောက်သော ဘိုးဘေး အစုံတိုင်အောင် မဆက်စပ်သော။ အိမ်ရှင် မည်သည် အိမ်၌နေသူ ယောက်ျားတစ်ဦး တစ်ယောက်တည်း။ အိမ်ရှင်မ မည်သည် အိမ်၌နေသူ မိန်းမတစ်ဦးတစ်ယောက်တည်း။ သင်္ကန်းဖိုး မည်သည် ငွေ ရွှေ ပုလဲ ပတ္တမြား သန္တာ ပယင်း တေးခပ်ပြာ ချည် ဝါ တစ်ခုခုတည်း။ ဤသင်္ကန်းဖိုးဖြင့်ဟူသည် ရှေးရှုမျက်မှောက် ရောက်နေသော သင်္ကန်းဖိုးဖြင့်။ ဝယ်၍ဟူသည် လဲလှယ်၍။ ဖုံးလွှမ်းအံ့ဟူသည် လှူအံ့။

အကယ်၍ ထိုဒါယကာသို့ ထိုရဟန်းသည် ဟူသည် အကြင်ရဟန်းကို ရည်ညွှန်း၍ သင်္ကန်းဖိုးကို စီရင်အပ်၏၊ ထိုရဟန်းသည်။ ရှေးက မဖိတ်ကြားအပ်ဘဲဟူသည် ''အသျှင်ဘုရား အသျှင်ဘုရားသည် အဘယ်သို့ သဘောရှိသော သင်္ကန်းကို အလိုရှိပါသနည်း၊ အသျှင်ဘုရားအတွက် အဘယ်သို့ သဘောရှိသော သင်္ကန်းကို ဝယ်ရမည်နည်း'' ဟု ရှေးက မဆိုအပ်ဘဲ။

ချဉ်းကပ်၍ဟူသည် အိမ်သို့ သွား၍ တစ်နေရာသို့ ချဉ်းကပ်၍။

သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ငြားအံ့ဟူသည် အလျားရှည်သည်လည်းဖြစ်စေ အနံပြန့်သည်လည်းဖြစ်စေ အသားထူသည်လည်းဖြစ်စေ နူးညံ့ 'ချောညက်' သည်လည်း ဖြစ်စေ။ ဤသင်္ကန်းဖိုးဖြင့်ဟူသည် ရှေးရှု မျက်မှောက်ရောက်နေသော သင်္ကန်းဖိုးဖြင့်။ ဤသို့ သဘောရှိသည်လည်းဖြစ်သော ဤသို့ သဘောရှိသည်လည်းဖြစ်သောဟူသည် အလျားရှည်သည် လည်းကောင်း၊ အနံပြန့်သည်လည်းကောင်း၊ အသားထူသည် လည်းကောင်း၊ နူးညံ့'ချောညက်'သည် လည်းကောင်း ဖြစ်သော။ ဝယ်၍ဟူသည် လဲလှယ် 'ဖလှယ်' ၍။ ဖုံးလွှမ်းလော့ဟူသည် လှူလော့။ ကောင်းသည်ကို အလိုရှိသည်၏ အဖြစ်ကို စွဲ၍ဟူသည် အကောင်းကို အလိုရှိသည်ဖြစ်၍ အဖိုးတန်ကို အလိုရှိသည်ဖြစ်၍။ ထိုရဟန်း၏ စကားဖြင့် အလျားရှည်သည်ကို လည်းကောင်း၊ အနံပြန့်သည်ကိုလည်းကောင်း၊ အသားထူသည်ကို လည်းကောင်း၊ နူးညံ့ 'ချောညက်' သည်ကိုလည်းကောင်း ဝယ်အံ့၊ အားထုတ်မှု ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း ဝိနည်းကံ ရှိ၏။ သံဃာအားသော် လည်းကောင်း၊ ဂိုဏ်းအားသော် လည်းကောင်း၊ ပုဂ္ဂိုလ်အားသော် လည်းကောင်း စွန့်ရမည်။ ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်ဘုရားတို့ ဤ အကျွန်ုပ်၏ သင်္ကန်းသည် ရှေးက မဖိတ်ကြားအပ်ဘဲ ဆွေမျိုး မတော်စပ်သော အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်သဖြင့် စွန့်ခြင်း (ဝိနည်းကံ) ရှိပါသည်၊ အကျွန်ုပ်သည် ဤသင်္ကန်းကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပေးပါ၏ဟု (ပြန်ပေးရမည်)။ 529

ဆွေမျိုး မတော်စပ်သူ၌ ဆွေမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းရှိ၍ ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွေမျိုးမတော်စပ်သူ၌ ယုံမှားရှိ၍ ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွေမျိုးမတော်စပ်သူ၌ ဆွေမျိုးတော်စပ်သူဟု ထင်မှတ်ခြင်း ရှိ၍ ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွေမျိုးတော်စပ်သူ၌ ဆွေမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆွေမျိုးတော်စပ်သူ၌ ယုံမှားရှိအံ့ ဒုက္ကဋ်အာပတ် သင့်၏။ ဆွေမျိုးတော်စပ်သူ၌ ဆွေမျိုးတော်စပ်သူဟု ထင်မှတ်ခြင်း ရှိအံ့၊ အာပတ် မသင့်။ 530

ဆွေမျိုးတော်စပ်သူတို့အား ဖိတ်ကြားသူတို့အား သူတစ်ပါးအကျိုးငှါ မိမိ ဥစ္စာဖြင့် စီရင်ခြင်းသို့ ရောက်အံ့၊ အာပတ် မသင့်၊ အဖိုးများစွာ တန်သည်ကို ဝယ်လိုသူအား အဖိုးအနည်းငယ် တန်သည်ကိုဝယ်စေအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း အစလက်ဦးလွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

၈ - ဥပက္ခဋသိက္ခာပုဒ်၊ ၁၁ --- စီဝရ၀ဂ်၊ နိဿဂ္ဂိယ အခန်း၊ ပါရာဇိကဏ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: