နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Sunday, June 27, 2010

ရဟန်းတော်များ အရက်သောက်မှု...



သိက္ခာပုဒ် အမှတ် ၁၀၀


သုရာပါနသိက္ခာပုဒ်




ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် စေတီယတိုင်း၌ ဒေသစာရီ လှည့်လည်သည် ရှိသော် ဘဒ္ဒဝတိကာရွာသို့ ရောက်တော်မူ၏။ နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန်သမား ခရီးသွားသော သူတို့သည် အဝေးက ပင်လျှင် မြတ်စွာဘုရား ကြွလာတော်မူ သည်ကို မြင်၍ ''အသျှင်ဘုရား သရက်ပင်ဆိပ်သို့ ကြွတော် မမူပါလင့်၊ သရက်ပင်ဆိပ် ရသေ့၏ ကျောင်းသင်္ခမ်း၌ လျင်သော ကြမ်းသော အဆိပ်ရှိသည့် တန်ခိုးနှင့် ပြည့်စုံသော နဂါးသည် နေပါ၏ ဘုရား၊ ထိုနဂါးသည် မြတ်စွာဘုရားကို မညှဉ်း ဆဲပါစေလင့်'' ဟု လျှောက်ကုန်၏၊ ဤသို့ လျှောက်သည် ရှိသော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော် မူ၏။

နှစ်ကြိမ်မြောက်လည်း...ပ...

သုံးကြိမ်မြောက်လည်း...ပ...

ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သည်ရှိသော် ဘဒ္ဒဝတိကာရွာသို့ ဆိုက်ရောက်တော်မူ၍ ထိုဘဒ္ဒဝတိကာရွာ၌ပင် သီတင်းသုံး နေတော်မူ၏။

ထိုအခါ အသျှင်သာဂတသည် သရက်ပင်ဆိပ်ရသေ့ ကျောင်းသင်္ခမ်းသို့ ချဉ်းကပ်လျက် မီးတင်းကုတ်သို့ ဝင်၍ မြက်ဖျာကို ခင်းပြီးလျှင် ထက်ဝယ်ဖွဲ့ခွေနေကာ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေ၍ ထိုင်၏။

ထိုအခါ နဂါးသည် အသျှင်သာဂတ ဝင်လာသည်ကို မြင်၍ နှလုံးမသာယာသဖြင့် အခိုးလွှတ်၏၊ အသျှင်သာဂတသည်လည်း အခိုးလွှတ်၏၊ ထိုအခါ နဂါးသည် အမျက်ဒေါသကို သည်းမခံနိုင်၍ အလျှံလွှတ်၏၊ အသျှင်သာဂတသည်လည်း တေဇောကသိုဏ်းကို ဝင်စား၍ အလျှံလွှတ်၏၊ ထိုအခါ အသျှင်သာဂတသည် နဂါး၏ တန်ခိုးကို မိမိ၏ တန်ခိုးဖြင့် ကုန်စေ၍ ဘဒ္ဒဝတိကာရွာသို့ ချဉ်းကပ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဘဒ္ဒဝတိကာရွာ၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီးလျှင် ကောသမ္ဗီပြည်သို့ ဒေသစာရီ လှည့်လည်ကြွသွားတော်မူ၏။ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် ''သရက်ပင်ဆိပ်၌ နေသော နဂါးနှင့်အတူ အသျှင်သာဂတသည် စစ်ထိုးသတက်'' ဟု ကြားကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်တော်မူသည် ရှိသော် ကောသမ္ဗီပြည်သို့ ရောက်တော်မူ၏၊ ထိုအခါ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် မြတ်စွာဘုရားအား ခရီးဦးကြိုဆို၍ အသျှင်သာဂတထံသို့ ချဉ်းကပ်ပြီးနောက် အသျှင်သာဂတကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ကုန်လျက် ''အသျှင်ဘုရား အသျှင်ဘုရားတို့အား အဘယ်ဝတ္ထုပစ္စည်းသည် ရခဲပါသနည်း၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်ပါသနည်း၊ အဘယ်ဝတ္ထုပစ္စည်းကို စီရင်ရပါကုန်အံ့နည်း'' ဟု လျှောက်ကုန်၏။

ဤသို့ လျှောက်သည် ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကောသမ္ဗီပြည်သား ဥပါသကာတို့ကို ''ဒါယကာတို့ ကာပေါတိက အမည်ရှိသော 'ခိုခြေအဆင်းနှင့်တူသည့် နီသော အဆင်းရှိသော' ကြည်လင်သော သေအရက်သည် ရဟန်းတို့အား ရလည်း ရခဲ၏၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်၏၊ ထိုသေအရက်ကို စီရင်ကုန်လော့'' ဟု ပြောဆိုကုန်၏။

ထိုအခါ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို စီရင်ပြီးလျှင် ဆွမ်းခံဝင်လာသော အသျှင်သာဂတကို မြင်၍ ''အသျှင်ဘုရား အသျှင်သာဂတသည် ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်တော်မူပါလော့၊ အသျှင်ဘုရား အသျှင်သာဂတသည် ကာပေါတိက မည်သော ကြည်လင်သော သေအရက်ကို သောက်တော် မူပါလော့'' ဟု အသျှင်သာဂတကို လျှောက်ကုန်၏၊ ထိုအခါ အသျှင်သာဂတသည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်၍ မြို့မှ ထွက်လာသည် ရှိသော် မြို့တံခါး ဝ၌ လဲကျ 'တိမ်းလဲ' လေ၏။

ဆဗ္ဗဂ္ဂီကဲ့သို့သော ရဟန်းဆိုးများသည် လူကောင်းများကဲ့ရဲ့မည့် လုပ်ငန်းမှန်သမျှ လုပ်ကိုင်ကြပေသည်... တပည့်များ အလိုလောဘကြီးလျှင် ဆရာများလည်း ဒုက္ခရောက်ကြရပေ၏... နဂါးကိုနိုင်အောင် ပြိုင်နိုင်သော တန်ခိုး အဘိညာဉ် တကယ်ရှိသော အရှင်သာဂရသည်ပင် ပျက်ဆီးရပေပြီ ဒုက္ခရောက်ရပေပြီ... သေရည်သေရက်သောက်ခြင်းမှာ ရဟန်းမဟုတ်သူ လူများပင် မပြုသင့်သော အမှုဖြစ်ပေသည်... တဏှာလောဘနောက် လိုက်ကြကုန်သော ရဟန်းဆိုး တို့ကလည်း မသင့်သော အမှုကို ပြုကြပေသည်... နားလည်မှု အသိကင်းသော ရွာသားတို့ကလည်း မသင့်သောအမှုများကို ရဟန်းတို့အကြိုက် လုပ်ပေးကြ ပေသည်... လူတွေက အပြစ်မမြင်တတ်လေ ရဟန်းတွေ ပျက်ဆီးလေများ ဖြစ်နေတော့မှာလားတော့ မသိပါပေ...

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့နှင့်အတူ မြို့မှ ထွက်ကြွလာသည် ရှိသော် မြို့တံခါးဝ၌ လဲနေသော အသျှင်သာဂတကို မြင်၍ ရဟန်းတို့ကို ''ရဟန်းတို့ သာဂတကို ယူဆောင်ခဲ့ ကုန်လော့'' ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည် ''ကောင်းပါပြီ အသျှင်ဘုရား'' ဟု မြတ်စွာဘုရားအား ဝန်ခံပြီးကြလျှင် အသျှင်သာဂတကို ကျောင်းအရံသို့ ဆောင်ယူခဲ့၍ မြတ်စွာဘုရား ရှိတော်မူရာ အရပ်သို့ ခေါင်းပြုလျက် အိပ်စေကုန်၏။ ထိုအခါ အသျှင်သာဂတသည် ပြန်လှန်၍ မြတ်စွာဘုရား ရှိတော်မူရာ အရပ်ကို ခြေရင်းပြုလျက် အိပ်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ ရှေးအခါ၌ သာဂတသည် ငါဘုရား၌ ရိုသေခြင်း တုံ့ဝပ်ခြင်းရှိသည် မဟုတ်ပါလော'' ဟု မေးတော်မူ၏။ အသျှင်ဘုရား ရိုသေခြင်း တုံ့ဝပ်ခြင်း ရှိသည် မှန်ပါ၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ သာဂတသည် ယခုအခါ ငါဘုရား၌ ရိုသေခြင်း တုံ့ဝပ်ခြင် ရှိသေး၏လောဟု မေးတော်မူ၏။ အသျှင်ဘုရား ရိုသေခြင်း တုံ့ဝပ်ခြင်း မရှိတော့ပါဟု လျှောက်ကုန်၏။

ရဟန်းတို့ သာဂတသည် သရက်ပင်ဆိပ်၌ နေသော နဂါးနှင့်အတူ စစ်ထိုးသည် မဟုတ်ပါလောဟု မေးတော်မူ၏။ အသျှင်ဘုရား ဤသို့ စစ်ထိုးသည် မှန်ပါ၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ ယခုအခါ သာဂတသည် နဂါးနှင့် အတူ စစ်ထိုးခြင်းငှါ စွမ်းနိုင်ပါဦး မည်လောဟု မေးတော်မူ၏။ အသျှင်ဘုရား မစွမ်းနိုင်တော့ပါဟု လျှောက်ကုန်၏။

ရဟန်းတို့ အကြင်သေအရက်ကို သောက်၍ မူးယစ်သောကြောင့် အမှတ်သညာ ကင်းရာ၏ 'မိန်းမော တွေဝေရာ၏'၊ ထိုသေအရက်ကို သောက်သင့်ပါ၏လောဟု မေးတော်မူ၏။ အသျှင်ဘုရား မသောက်သင့်ပါဟု လျှောက်ကုန်၏။

ရဟန်းတို့ သာဂတအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့၏ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ ရဟန်းတို့ အဘယ်ကြောင့် သာဂတသည် သေအရက်ကို သောက်ဘိသနည်း။ ရဟန်းတို့ ဤ သာဂတ ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 326

''သေအရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 100- 51-327

မြတ်စွာဘုရား ငွေအလှူခံတော့လည်း ပါစိတ် အရက်သောက်တော့လည်းပါစိတ် ဆိုတော့ကာ တစ်ချို့သော ဆရာတော်ဘုရားကြီးများ လူရှေ့တွင် ငွေအလှူခံ၍ ပါစိတ်အာပတ် အသင့်ခံနေကြချိန်ဖြစ်၍… ယခုအခါ တစ်ချို့သော ရဟန်းများသည်လည်း ပါစိတ်ခြင်းတူတူ ဆိုပြီးနောက် အရက်သောက် နေကြသည်ဟု ကြားသိရပေသည်… မြတ်ဗုဒ္ဓသာသနာတွင်းမှာ သည်လိုတွေ ဖြစ်နေကြပါပြီဘုရား… အပြစ်ပြောရဲသူလည်း မရှိသလောက်ကို နည်းနေပါပြီ… ကိုယ်က သူ့အမှားထောက်ပြလျှင် သူကလည်း ကိုယ်အမှားတွေ ထောက်ပြမည်ကို ကြောက်နေကြခြင်း ဖြစ်နေပေပြီဟု ထင်ပါသည်ဘုရား… သာသနာကို စောင့်ရှောက်သူများကလည်း စောင့်ရှောက်ကြပါသည်… သို့သော် ဖျက်သူနဲ့ စောင့်ရှောက်သူ အင်အားမမျှ၍ တဖြည်းဖြည်း ယိုယွင်းမှုတွေ ပိုများလာပါပြီဘုရား… သူတော်ကောင်းတို့သည် ရန်မလုပ်ဘဲ ပြုပြင်ကြပါသည်… တပည့်တော်လည်း ထို့အတူသာ ပြုပြင်သွားပါမည်ဘုရား…

၁ - သုရာပါနသိက္ခာပုဒ် အဖွင့်

သေ မည်သည် မုန့်ညက်ဖြင့် ပြုသော သေမုန့်ဖြင့် ပြုသော သေထမင်းဖြင့် ပြုသော သေတဆေးခပ်၍ ပြုသော သေအထူးထူးသော အရာဝတ္ထုတို့နှင့် ယှဉ်စေ၍ ပြုသော သေတည်း။

အရက် မည်သည် အပွင့်ဖြင့် ပြုသော အရက် အသီးဖြင့် ပြုသော အရက် ပျားရည်ဖြင့် ပြုသောအရက် ထန်းလျက် တင်လဲဖြင့်ပြုသောအရက် အထူးထူးသော အရာဝတ္ထုတို့နှင့် ယှဉ်စေ၍ ပြုသော အရက်တည်း။

သောက်ငြားအံ့ဟူသည် အယုတ်သဖြင့် သမန်းမြက်ဖျားဖြင့်သော်လည်း သောက်အံ့၊ ပါစိတ်အာပတ်သင့်၏။ သေအရက်၌ သေအရက်ဟု အမှတ်ရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ်သင့်၏၊ သေအရက်၌ ယုံမှားရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက်၌ သေအရက် မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက်မဟုတ်သည်၌ သေအရက်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေအရက် မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေအရက် မဟုတ်သည်၌ သေအရက်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။ 328

သေအရက်မဟုတ်ဘဲ သေအရက်၏ အဆင်း သေအရက်၏ အနံ့ သေအရက်၏ အရသာရှိသော အဖျော်ကို သောက်အံ့၊ ဟင်းချက်ရာ၌လည်းကောင်း၊ စမဲဟင်းလျာ ချက်ရာ၌လည်းကောင်း၊ ဆီချက်ရာ၌ လည်းကောင်း၊ သျှိသျှား ဖန်ခါး တင်လဲ၌လည်းကောင်း အနံ့ကောင်းစိမ့်သောငှါ သေအရက် အနည်းငယ် ထည့်ချက်၍ စားအံ့၊ သေအရက်မဟုတ်သော အရိဋ္ဌမည်သော ဆေးနက်ရေ အဖျော်ကို သောက်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 329

၁ - သုရာပါနသိက္ခာပုဒ်၊ ၆ - သုရာပါနဝဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, June 16, 2010

ဆွမ်းခြောက်ကို သိမ်းထား၍ အကပ်မခံပဲစားမှု...

ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု




သိက္ခာပုဒ် အမှတ် ၈၇

သန္နိဓိကာရကသိက္ခာပုဒ်


ဆွမ်းခြောက်ကို သိမ်းထား၍ အကပ်မခံပဲစားမှု...


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဖြစ်သော အသျှင်ဗေလဋ္ဌသီသသည် တော၌နေ၏၊ ထိုဗေလဋ္ဌသီသသည် ဆွမ်းအလို့ငှါ လှည့်လည်ပြီး၍ ဟင်းလွတ်ကင်းသော ထမင်းသက်သက်ကို အရံသို့ယူဆောင်၍ ခြောက်သွေ့စေလျက် သိုမှီးသိမ်းဆည်း ထား၏၊

အာဟာရအလိုရှိသော အခါ၌ ရေဖြင့် ဆွတ်၍ ဆွတ်၍ သုံးဆောင်၏၊
ကြာမြင့်မှ ရွာသို့ ဆွမ်းအလို့ငှါဝင်၏။

ရဟန်းတို့သည် အသျှင်ဗေလဋ္ဌသီသကို ''ငါ့သျှင် အဘယ့်ကြောင့် သင်သည် ကြာမြင့်မှ ရွာသို့ ဆွမ်းအလို့ငှါ ဝင်ဘိသနည်း'' ဟု ဆိုကုန်၏။ ထိုအခါ အသျှင်ဗေလဋ္ဌသီသသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ ငါ့သျှင် အသို့နည်း သင်သည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ဘောဇဉ်ကို စားသလောဟု မေးကြကုန်၏။

မှန်ပေသည် ငါ့သျှင်တို့ဟု ဆို၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဗေလဋ္ဌသီသသည် သိုမှီး သိမ်းဆည်းခြင်းကို ပြု၍ ဘောဇဉ်ကို စားဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ဤအရှင်မြတ်သည် ဆွမ်းအလို့ငှာ အချိန်ကုန် မခံလိုတော့၍ လည်းကောင်း... ရသမျှအချိန်ကို မိမိရရှိထားသော နိရောဓသမာပတ်ကိုသာ ၀င်စားနေလို၍ လည်းကောင်း... ဤသို့ ဆွမ်းကျန်ကို အကပ်မခံဘဲ သုံးဆောင်နေခြင်း ဖြစ်ပေသည်... ကိလေသာဖြင့် မဟုတ်ပါပေ... တကယ်တော့ ဤအကျင့်သည် ရောင့်ရဲလွယ်သောအကျင့် ခေါင်းပါး ခြိုးခြံသော အကျင့်ဖြစ်ပေသည်... ချီးကျူးဖွယ်ရာပင်... သို့သော် နောင်အခါ လူအများကဲ့ရဲ့မည်ဘေး ပုထုဇဉ်ရဟန်းတို့ အတုယူမှား၍ သိုမှီးသိမ်းဆည်း စားသောက်ကြမည့် ဘေးတို့ကို မြင်တော်မူ၍သာ မြတ်ဗုဒ္ဓသည် ဤအပြုအမူကို ကဲ့ရဲ့၍ သိက္ခာပုဒ်တော်ကို ပညတ်တော်မူခဲ့ပေသည်...
မြတ်ဗုဒ္ဓ ပညတ်တော် မူခဲ့သည်တောင်မှ ယခုကာလ ဖြစ်ခြင်တိုင်း ဖြစ်နေကြပေသေးသည်... မပညတ်ခဲ့လျှင်ကား ဆိုဖွယ်ရာ မရှိတော့ပါပေ... ပုထုဇဉ်ရဟန်းတို့၏အပြစ်လော... ဗုဒ္ဓဘာသာဝင် ဒကာတို့၏အပြစ်လော... ခေတ်ကာလ၏အပြစ်လော မပြောတတ်တော့ပါပေ... ကိုယ်ပြုသည့်ကံ ကိုယ်သာ ခံစံကြရပေမည်ကား အမှန်ပင် ဖြစ်ပေတော့သည်...

''ဗေလဋ္ဌသီသ သင်သည် သိုမှီး သိမ်းဆည်းခြင်းကို ပြု၍ ဘောဇဉ်ကို စား၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ ဗေလဋ္ဌသီသ အဘယ့်ကြောင့် သင်သည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ဆွမ်းကို စားဘိသနည်း။ ဗေလဋ္ဌသီသ ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်ကို ပြကြကုန်လော့။ 252

''အကြင်ရဟန်းသည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ခဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကို သော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့ စားမူလည်း စားငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန် လော့ဟု မိန့်တော်မူ၏။ 253

၈ - သန္နိဓိကာရကသိက္ခာပုဒ် အဖွင့်

အကြင် ဟူသည် အကြင်သို့ သဘော ရှိသော။ပ။
ရဟန်း ဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။ သိုမှီးသိမ်းဆည်းခြင်းကိုပြုခြင်း မည်သည် ယနေ့ အကပ်ခံထားသော ခဲဖွယ်ဘောဇဉ်ကို တစ်ပါးသော နေ့၌ ခဲ၏။ ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါးတို့ကို လည်းကောင်း၊ ယာမကာလိကကို လည်းကောင်း၊ သတ္တာဟ ကာလိကကို လည်းကောင်း၊ ယာဝဇီဝိကကို လည်းကောင်း ဖယ်ထား၍ အကြွင်းသည် ခဲဖွယ်မည်၏။ ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ စမဲဟင်းလျာဟူသော ဘောဇဉ်ငါးပါး တို့တည်း။ ''ခဲအံ့ စားအံ့''ဟူ၍ ခံယူငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။ 254

မျိုတိုင်း မျိုတိုင်း ကုသိုလ်စိတ်မှ လျှောကျသောအပြစ် ကုသိုလ်စိတ်မရှိ... ဆွမ်းတလုတ် နှစ်ခါမျိုက အာပတ်နှစ်ခု... ဆွမ်းတစ်ပွဲ ဆွမ်းလုတ်ပေါင်း ၅၀- ဆိုပါက အာပတ် ၁၀၀... ပါးစပ်ထဲ အကြွင်းအကျန်လေး မျိုချပါက အာပတ် ထပ်သင့်ဦးမည်... အကပ်မခံသော ဆွမ်းဘုဉ်းပေးပါက ဆွမ်းတစ်ပွဲ အာပတ်ပေါင်း ၁၀၀- ကျော်ပေတော့မည်... ဦးလောကသာ မကပ်သောဆွမ်းကို ဘုဉ်းပေးရမည်ဆိုပါက ဆွမ်းတစ်ပွဲ အာပတ်ပေါင်း ၃၀၀- ကျော်လောက်ပေမည်... နည်းနည်းခြင်း ခဏခဏ မျိုချတတ်၏... အရှင်တို့ မကပ်သောဆွမ်း ဘုဉ်းရမည်ဆိုပါက အာပတ်အရေအတွက် နည်းအောင် အလုံးကြီးကြီးနှင့် တစ်ချက်တည်းသာ မျိုသင့်ပေသည်... ဘုရားသားတော် မှန်ပါက ဘုရားစကား နားထောင်၍ မကပ်သောဆွမ်း မဘုဉ်းသည်ကား အကောင်းဆုံးသာ ဖြစ်ပေတော့သည်...

သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ်၌ သိုမှီးသိမ်းဆည်းထားသော ခဲဖွယ် ဘောဇဉ်ဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော် လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ်၌ ယုံမှားရှိသည်ဖြစ်၍ ခဲဖွယ်ကို သော်လည်းကောင်း၊ ဘောဇဉ်ကို သော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ်၌ သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ် မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော် လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။

ယာမကာလိကကိုလည်းကောင်း၊ သတ္တာဟကာလိကကိုလည်းကောင်း၊ ယာဝဇီဝိကကို လည်းကောင်း အာဟာရအလို့ငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။

သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ် မဟုတ်သည်၌ သိုမှီးသိမ်းဆည်းထားသော ခဲဖွယ် ဘောဇဉ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ် မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

သိုမှီးသိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ် မဟုတ်သည်၌ သိုမှီးသိမ်းဆည်းထားသော ခဲဖွယ် ဘောဇဉ်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။ 255

ယာဝကာလိကကို မွန်းမလွဲမီအခါ၌ သိုမှီးသိမ်းဆည်း၍ စားငြားအံ့၊ ယာမကာလိကကို ယာမ်၌ သိုမှီးသိမ်းဆည်း၍ စားငြားအံ့၊ သတ္တာဟကာလိကကို ခုနစ်ရက်ပတ်လုံး သိုမှီးသိမ်းဆည်း၍ စားငြားအံ့၊ ယာဝဇီဝိကကို (အနာဟူသော) အကြောင်းရှိခဲ့သော် စားငြားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 256

ရှေးက ရောင့်ရဲကြကုန်သော သူတို့က ဤအပြုအမူကို ကဲ့ရဲ့ကြပေသည်... ယခုခေတ်သည်ကား... ဟေ့ ဘုန်းကြီး စားလေစားစား ကိုယ့်ဟာကိုယ်ယူစား... တို့လာကပ်ရတာ သက်သာတယ်... လာရတာမလွယ်ဘူး... အားပေးသူများကလည်း အားပေးကြပေသည်... လုပ်သူများကလည်း လုပ်ကြပေသည်... ၀ိနည်းတော်ကို လေးစားလိုက်နာ၍ သာသနာပြုတော်မူသော အရှင်ကောင်း အရှင်မြတ်များကိုကား သာသနာပြုပုဂ္ဂိုလ်များအဖြစ် ဂါရ၀တရား ရှေ့ထား၍ ကြည်ညိုမိပါသည်...

၈ - သန္နိဓိကာရကသိက္ခာပုဒ်၊ ၄ - ဘောဇန၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။

ပါစိတ်အာပတ်= ကုသိုလ်စိတ်မှ လျှောကျသည်...
ဒုက္ကဋ်အာပတ်= မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများကဲ့ရဲ့ဖွယ်အပြစ်...







ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ် နှင့် ရှိခိုးထိုက်သော ပုဂ္ဂိုလ်




ရဟန်းတို့
ရှိမခိုးထိုက်သော ပုဂ္ဂိုလ်
နှင့်
ရှိခိုးထိုက်သော ပုဂ္ဂိုလ်


ရဟန်းတို့ ရှိမခိုး ထိုက်သော ပုဂ္ဂိုလ်တို့သည် ဤဆယ်ယောက်တို့တည်း။

၁။ ရှေးဦး ပဉ္စင်း ဖြစ်သူသည် နောက်မှ ပဉ္စင်းဖြစ်သူကို ရှိမခိုးအပ်၊
၂။ လူ သာမဏေကို ရှိမခိုးအပ်၊
၃။ နာနာသံဝါသက အဓမ္မဝါဒီ သီတင်းကြီးကို ရှိမခိုးအပ်၊
၎။ မာတုဂါမကို ရှိမခိုးအပ်၊
၅။ ပဏ္ဍုက်ကို ရှိမခိုးအပ်၊
၆။ ပရိဝါသ် နေသော ရဟန်းကို ရှိမခိုးအပ်၊
၇။ အရင်းသို့ ငင်ထိုက်သော ရဟန်းကို ရှိမခိုးအပ်၊
၈။ မာနတ် ပေးခြင်းငှာ ထိုက်သော ရဟန်းကို ရှိမခိုးအပ်၊
၉။ မာနတ် ကျင့်ဆဲ ရဟန်းကို ရိမှ ခိုးအပ်၊
၁၀။ အဗ္ဘာန် သွင်းထိုက်သော ရဟန်းကို ရှိမခိုးအပ်၊
ရဟန်းတို့ ရှိမခိုး ထိုက်သော ပုဂ္ဂိုလ်တို့ကား ဤဆယ်ဦးတို့တည်း။


ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့သည် ဤသုံးဦးတို့တည်း။

၁။ နောက်မှ ပဉ္စင်းဖြစ်သော သူသည် ရှေးဦး ပဉ္စင်းဖြစ်သော သူကို ရှိခိုး ထိုက်၏၊
၂။ နာနာသံဝါသက ဓမ္မဝါဒီ သီတင်းကြီးကို ရှိခိုးထိုက်၏၊
၃။ ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့ လောက၌ ရှေးဘုရားတို့အတူ လာတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို ရှိခိုး ထိုက်၏၊

ရဟန်းတို့ ရှိခိုး ထိုက်သော ပုဂ္ဂိုလ်တို့ကား ဤသုံးဦးတို့တည်း ဟု မိန့်တော်မူ၏။ 312

ရှိမခိုးထိုက်သော ပုဂ္ဂိုလ် စသည်၊ ၆ --- သေနာသနက္ခန္ဓက၊ စူဠ၀ဂ်ပါဠိတော်။...

Thursday, June 10, 2010

အဂတိတရားလေးပါး...




အဂတိတရားလေးပါး
အဂတိသို့ မလိုက်သင့်ပုံ
လောဘ ဒေါသ မောဟ ဘေးဘယကြောင့် အဂတိတရား လိုက်စားကြပုံ...

အဂတိတရားတွေ လိုက်စားကြလို့

သူငယ်ချင်းခြင်းလည်း ကွဲကြပြဲကြပြီ...
မောင်နှမခြင်းလည်း ကွဲကြပြဲကြပြီ...
တူအရီးခြင်းလည်း ကွဲကြပြဲကြပြီ...
သားအဖခြင်းလည်း ကွဲကြပြဲကြပြီ...

ဆရာတပည့်ခြင်းလည်း ကွဲကြပြဲကြပြီ...
ဆွေမျိုးခြင်းလည်း ကွဲကြပြဲကြပြီ...
နိုင်ငံသားခြင်းလည်း ကွဲကြပြဲကြပြီ...
ဟိုတိုင်းပြည်နဲ့ သည်တိုင်းပြည်လည်း ကွဲကြပြဲကြပြီ...

ကမ္ဘာ့ချိန်ခွင်ကြီးလည်း တစ်ဖက်စောင်းနေပြီ...
စောင်းပေမပေါ့ ကြိုးလေးချောင်က ပြတ်နေပြီပဲ...


ဆန္ဒာဂတိ...
ဆန္ဒာဂတိသို့ မလိုက်အပ်ဟူသည်၌
ဆန္ဒာဂတိသို့ လိုက်သော သူသည် အဘယ်သို့ ဆန္ဒာဂတိသို့ လိုက်သနည်း။

ဤသာသနာတော်၌ အချို့သောသူသည် ဤသူသည် ငါ၏ ဥပဇ္ဈာယ် ဟူ၍ လည်းကောင်း၊ ဆရာဟူ၍ လည်းကောင်း၊ အတူနေတပည့် ဟူ၍ လည်းကောင်း၊ အနီးနေတပည့် ဟူ၍ လည်းကောင်း၊ ဥပဇ္ဈာယ်တူသူ ဟူ၍ လည်းကောင်း၊ ဆရာတူသူ ဟူ၍ လည်းကောင်း၊ မြင်ဖူးသူ အဆွေခင်ပွန်း ဟူ၍ လည်းကောင်း၊ အတူတကွ စားသောက်ဖူးသူ အဆွေခင်ပွန်း ဟူ၍ လည်းကောင်း၊ ဆွေမျိုးသားချင်းတော်သူ ဟူ၍ လည်းကောင်း ထိုသူကို အစဉ်သနားခြင်းငှါ ထိုသူကို စောင့်ရှောက်ခြင်းငှါ...

၁...
တရားမဟုတ်သည်ကို တရားဟုတ်သည်ဟု ပြ၏၊

၂...
တရားဟုတ်သည်ကို တရား မဟုတ်ဟု ပြ၏၊

၃...
ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြ၏၊

၎...
ဝိနည်းဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏၊

၅...
မြတ်စွာဘုရား မဟောအပ် မမိန့်အပ်သည်ကို မြတ်စွာဘုရားဟောအပ် မိန့်အပ်၏ဟု ပြ၏၊

၆...
မြတ်စွာဘုရား ဟောအပ် မိန့်အပ်သည်ကို မြတ်စွာဘုရား မဟောအပ် မမိန့်အပ်ဟု ပြ၏၊

၇...
မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

၈...
မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

၉...
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

၁၀...
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

၁၁...
အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

၁၂...
အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

၁၃...
ပေါ့သောအာပတ်ကို လေးသော အာပတ်ဟု ပြ၏၊

၁၄...
လေးသော အာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

၁၅...
အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

၁၆...
အကြွင်းမရှိသောအာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

၁၇...
ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

၁၈...
မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟုပြ၏၊

ဤတစ်ဆယ့် ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဆန္ဒာဂတိသို့ လိုက်သော သူသည် များစွာသော လူတို့၏စီးပွါးမဲ့ကို ပြုခြင်းငှါများစွာသော လူတို့၏ မချမ်းသာခြင်းကို ပြုခြင်းငှါ များစွာသော လူတို့၏အကျိုးမဲ့ကို ပြုခြင်းငှါ နတ်လူတို့၏ စီးပွားမဲ့ကို ပြုခြင်းငှါ ဆင်းရဲခြင်းကို ပြုခြင်းငှါ ကျင့်၏။

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဆန္ဒာဂတိသို့ လိုက်သော သူသည် မိမိကိုယ်ကို တူးဖြိုသည်ဖြစ်၍ သဒ္ဓါစသော ဣနြေ္ဒကို ဖျက်ဆီးသည်ဖြစ်၍ မိမိကိုယ်ကို ဆောင်၏၊ အပြစ်နှင့်တကွလည်းဖြစ်၏၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်းနှင့်တကွလည်း ဖြစ်၏၊ များစွာသော မကောင်းမှုသည်လည်း ပွါး၏။ ဆန္ဒာဂတိသို့ လိုက်သော သူသည် ဤသို့ ဆန္ဒာဂတိသို့ လိုက်၏။ 379

ဒေါသာဂတိ...
ဒေါသာဂတိသို့ မလိုက်အပ်ဟူသည်၌
ဒေါသာဂတိသို့ လိုက်သောသူသည် အဘယ်သို့ ဒေါသာဂတိသို့ လိုက်သနည်း။


ဤသာသနာတော်၌ အချို့သော သူသည်

၁...
''ငါ၏ အကျိုးမဲ့ကို ကျင့်ဖူး၏''ဟု ရန်ငြိုးဖွဲ့၏၊

၂...
''ငါ၏ အကျိုးမဲ့ကို ကျင့်၏''ဟု ရန်ငြိုးဖွဲ့၏၊

၃...
''ငါ၏ အကျိုးမဲ့ကို ကျင့်လိမ့်မည်''ဟု ရန်ငြိုးဖွဲ့၏၊

၎...
''ငါ၏ ချစ်သူ ငါ၏ နှလုံးကို ပွါးစေတတ်သူ၏ အကျိုးမဲ့ကို ကျင့်ဖူး၏၊

၅...
ငါ၏ ချစ်သူ ငါ၏ နှလုံးကို ပွါးစေတတ်သူ၏ အကျိုးမဲ့ကို ကျင့်၏၊

၆...
ငါ၏ ချစ်သူ ငါ၏ နှလုံးကို ပွါးစေတတ်သူ၏ အကျိုးမဲ့ကို ကျင့်လိမ့်မည်''ဟု ရန်ငြိုးဖွဲ့၏၊

၇...
''ငါ၏ မချစ်သူ ငါ၏ နှလုံးကို မပွါးစေတတ်သူ၏ အကျိုးကို ကျင့်ဖူး၏၊

၈...
''ငါ၏ မချစ်သူ ငါ၏ နှလုံးကို မပွါးစေတတ်သူ၏ အကျိုးကို ကျင့်၏၊

၉...
''ငါ၏ မချစ်သူ ငါ၏ နှလုံးကို မပွါးစေတတ်သူ၏ အကျိုးကို ကျင့်လိမ့်မည်''ဟု ရန်ငြိုးဖွဲ့၏။


ဤကိုးပါးသော အာဃာတဝတ္ထုတို့ဖြင့် ရန်ငြိုးဖွဲ့သည် ဖြစ်၍ အဖန်တလဲလဲ ရန်ငြိုးဖွဲ့သည် ဖြစ်၍ အမျက်ထွက်သည် ဖြစ်၍ အမျက်နှိပ်စက်သည် ဖြစ်၍...



(အပေါ်က ၁၈-ပါးအတိုင်း မှတ်မိပါက ကျော်...)

၁...
တရားမဟုတ် သည်ကို တရားဟုတ်သည်ဟု ပြ၏၊

၂...
တရားဟုတ်သည်ကို တရား မဟုတ်ဟု ပြ၏၊

၃...
ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြ၏၊

၎...
ဝိနည်းဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏၊

၅...
မြတ်စွာဘုရား မဟောအပ် မမိန့်အပ်သည်ကို မြတ်စွာဘုရားဟောအပ် မိန့်အပ်၏ဟု ပြ၏၊

၆...
မြတ်စွာဘုရား ဟောအပ် မိန့်အပ်သည်ကို မြတ်စွာဘုရား မဟောအပ် မမိန့်အပ်ဟု ပြ၏၊

၇...
မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

၈...
မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

၉...
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

၁၀...
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

၁၁...
အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

၁၂...
အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

၁၃...
ပေါ့သောအာပတ်ကို လေးသော အာပတ်ဟု ပြ၏၊

၁၄...
လေးသော အာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

၁၅...
အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

၁၆...
အကြွင်းမရှိသောအာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

၁၇...
ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

၁၈...
မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟုပြ၏၊

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဒေါသာဂတိသို့ လိုက်သောသူသည် များစွာသော လူတို့၏ စီးပွားမဲ့ကို ပြုခြင်းငှါ များစွာသော လူတို့၏ မချမ်းသာခြင်းကို ပြုခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ကို ပြုခြင်းငှါ နတ်လူတို့၏ စီးပွါးမဲ့ကို ပြုခြင်းငှါ ဆင်းရဲကို ပြုခြင်းငှါ ကျင့်၏။

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဒေါသာဂတိသို့ လိုက်သော သူသည် မိမိကိုယ်ကို တူးဖြိုသည်ဖြစ်၍ သဒ္ဓါစသော ဣနြေ္ဒကို ဖျက်ဆီးသည်ဖြစ်၍ မိမိကိုယ်ကို ဆောင်၏၊ အပြစ်နှင့် တကွလည်း ဖြစ်၏၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်းနှင့် တကွလည်း ဖြစ်၏၊ များစွာသော မကောင်းမှုသည်လည်း ပွါး၏။

ဒေါသာဂတိသို့ လိုက်သော သူသည် ဤသို့ ဒေါသာဂတိသို့ လိုက်၏။ 380


မောဟာဂတိ...
မောဟာဂတိသို့ မလိုက်အပ်ဟူသည်၌
မောဟာဂတိသို့ လိုက်သောသူသည် အဘယ်သို့ မောဟာဂတိသို့ လိုက်သနည်း။

တပ်မက်သောသူသည် ရာဂ၏ အစွမ်းအားဖြင့် လိုက်၏၊ ဖျက်ဆီးပြစ်မှားသူသည် ဒေါသ၏ အစွမ်းအားဖြင့် လိုက်၏၊ တွေဝေသောသူသည် မောဟ၏ အစွမ်းအားဖြင့် လိုက်၏၊ မှားသောအားဖြင့် သုံးသပ်သူသည် အယူ 'ဒိဋ္ဌိ' ၏ အစွမ်းအားဖြင့် လိုက်၏။ တွေဝေသည် ဖြစ်၍ ပြင်းစွာတွေဝေသည် ဖြစ်၍ မောဟနှိပ်စက်အပ်သည် ဖြစ်၍



(အပေါ်က ၁၈-ပါးအတိုင်း မှတ်မိပါက ကျော်...)

၁...
တရားမဟုတ် သည်ကို တရားဟုတ်သည်ဟု ပြ၏၊

၂...
တရားဟုတ်သည်ကို တရား မဟုတ်ဟု ပြ၏၊

၃...
ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြ၏၊

၎...
ဝိနည်းဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏၊

၅...
မြတ်စွာဘုရား မဟောအပ် မမိန့်အပ်သည်ကို မြတ်စွာဘုရားဟောအပ် မိန့်အပ်၏ဟု ပြ၏၊

၆...
မြတ်စွာဘုရား ဟောအပ် မိန့်အပ်သည်ကို မြတ်စွာဘုရား မဟောအပ် မမိန့်အပ်ဟု ပြ၏၊

၇...
မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

၈...
မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

၉...
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

၁၀...
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

၁၁...
အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

၁၂...
အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

၁၃...
ပေါ့သောအာပတ်ကို လေးသော အာပတ်ဟု ပြ၏၊

၁၄...
လေးသော အာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

၁၅...
အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

၁၆...
အကြွင်းမရှိသောအာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

၁၇...
ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

၁၈...
မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟုပြ၏၊

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် မောဟာဂတိသို့ လိုက်သောသူသည် များစွာသော လူတို့၏ စီးပွါးမဲ့ကို ပြုခြင်းငှါ များစွာသော လူတို့၏ မချမ်းသာခြင်းကိုပြုခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ကို ပြုခြင်းငှါ နတ်လူတို့၏ စီးပွါးမဲ့ကို ပြုခြင်းငှါ ဆင်းရဲခြင်းကိုပြုခြင်းငှါ ကျင့်၏။

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် မောဟဂတိသို့ လိုက်သော သူသည် မိမိကိုယ်ကို တူးဖြိုသည်ဖြစ်၍ သဒ္ဓါစသော ဣနြေ္ဒကို ဖျက်ဆီးသည်ဖြစ်၍ မိမိကိုယ်ကို ဆောင်၏၊ အပြစ်နှင့် တကွလည်း ဖြစ်၏၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်းနှင့် တကွလည်း ဖြစ်၏၊ များစွာသော မကောင်းမှုသည်လည်း ပွါး၏။

မောဟာဂတိသို့ လိုက်သောသူသည် ဤသို့ မောဟာဂတိသို့ လိုက်၏။ 381

ဘယာဂတိ...
ဘယာဂတိသို့ မလိုက်အပ် ဟူသည်၌
ဘယာဂတိသို့ လိုက်သောသူသည် အဘယ်သို့ ဘယာဂတိသို့ လိုက်သနည်း။

ဤသာသနာတော်၌ အချို့သော သူသည် ''ဤသူသည် 'မညီမညွတ်သော ကာယကံစသည်ကို မှီ၏' ဟူ၍သော် လည်းကောင်း၊ 'မိစ္ဆာဒိဋ္ဌိ အန္တဂ္ဂါဟိကဒိဋ္ဌိ အယူကို မှီ၏' ဟူ၍သော် လည်းကောင်း၊ 'အားရှိသူ ရဟန်းများကို မှီ၏'ဟူ၍သော် လည်းကောင်း၊ 'ခက်ထန်ကြမ်းတမ်း၏၊ အသက်အန္တရာယ်ကို လည်းကောင်း၊ သာသနာတော်၏ အန္တရာယ်ကို လည်းကောင်း၊ ပြုလိမ့်မည်' ဟူ၍သော် လည်းကောင်း'' တွေး၍ ထိုသူကို ကြောက်သဖြင့် ကြောက်သည်ဖြစ်၍...



(အပေါ်က ၁၈-ပါးအတိုင်း မှတ်မိပါက ကျော်...)

၁...
တရားမဟုတ် သည်ကို တရားဟုတ်သည်ဟု ပြ၏၊

၂...
တရားဟုတ်သည်ကို တရား မဟုတ်ဟု ပြ၏၊

၃...
ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြ၏၊

၎...
ဝိနည်းဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏၊

၅...
မြတ်စွာဘုရား မဟောအပ် မမိန့်အပ်သည်ကို မြတ်စွာဘုရားဟောအပ် မိန့်အပ်၏ဟု ပြ၏၊

၆...
မြတ်စွာဘုရား ဟောအပ် မိန့်အပ်သည်ကို မြတ်စွာဘုရား မဟောအပ် မမိန့်အပ်ဟု ပြ၏၊

၇...
မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

၈...
မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

၉...
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

၁၀...
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

၁၁...
အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

၁၂...
အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

၁၃...
ပေါ့သောအာပတ်ကို လေးသော အာပတ်ဟု ပြ၏၊

၁၄...
လေးသော အာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

၁၅...
အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

၁၆...
အကြွင်းမရှိသောအာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

၁၇...
ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

၁၈...
မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟုပြ၏၊

ဤတစ်ဆယ့်ရှစ်ပါးသော ဝထ္ထုတို့ဖြင့် ဘယာဂတိသို့ လိုက်သော သူသည် များစွာသော လူတို့၏ စီးပွားမဲ့ကို ပြုခြင်းငှါ များစွာသော လူတို့၏ မချမ်းသာခြင်းကို ပြုခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ကို ပြုခြင်းငှါ နတ်လူတို့၏ စီးပွါးမဲ့ကိုပြုခြင်းငှါ ဆင်းရဲခြင်းကို ပြုခြင်းငှါ ကျင့်၏။

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဘယာဂတိကို လိုက်သော သူသည် မိမိကိုယ်ကို တူးဖြိုသည်ဖြစ်၍ သဒ္ဓါစသော ဣနြေ္ဒကို ဖျက်ဆီးသည် ဖြစ်၍ မိမိကိုယ်ကို ဆောင်၏၊ အပြစ်နှင့် တကွလည်း ဖြစ်၏၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်းနှင့် တကွလည်း ဖြစ်၏၊ များစွာသော မကောင်းမှုသည်လည်း ပွါး၏၊

ဘယာဂတိသို့ လိုက်သော သူသည် ဤသို့ ဘယာဂတိသို့ လိုက်၏။

အကြင်သူသည် ချစ်သဖြင့် လည်းကောင်း၊ မုန်းသဖြင့် လည်းကောင်း၊ ကြောက်သဖြင့် လည်းကောင်း၊ တွေဝေမိုက်မဲသဖြင့် လည်းကောင်း တရားကို လွန်၍ ကျင့်၏၊ ထိုသူ၏ အခြံအရံဂုဏ် သတင်းကျော်စောခြင်း စသည်သည် လသည် လဆုတ်ပက္ခ၌ တစ်နေ့ တခြား ဆုတ်ယုတ် သကဲ့သို့ ဆုတ်ယုတ်၏။ 382

၂ - အဂတိသို့ မလိုက်သင့်ပုံ၊ မဟာသင်္ဂါမ၊ ပရိဝါပါဠိတော်။ ၀ိနယ၊





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသောသူနဲ့ တောင့်တသောသူ...

တိကပုဂ္ဂလပညတ်...

အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ မစင်ကြယ် ယုံမှားဖွယ် အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့်မရှိဘဲ မြတ်သော အကျင့် ရှိသည်ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာဖြင့် စိုစွတ်၏၊ အမှိုက်သဖွယ် ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ''ဤမည်သော ရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသတတ်'' ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ် အခါ၌ ငါသည်လည်း အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့နည်း'' ဟု ဤသို့ အကြံအစည် မျိုးသည်မဖြစ်၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 91


အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်သည် ''ဤမည်သော ရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသတတ်'' ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ်အခါ၌ ငါသည်လည်း အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့နည်း'' ဟု ဤအကြံအစည်မျိုးသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 92


အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တခြင်းမှ ကင်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် ''ဤအမည်ရှိသော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသတတ်'' ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ်အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့နည်း''ဟု ဤအကြံအစည်မျိုးသည် မဖြစ်၊ ဤသို့
အကြံအစည်မျိုး မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ စင်စစ် ထိုရဟန္တာပုဂ္ဂိုလ်အား (အရဟတ္တဖိုလ်သို့မရောက်မီ) ရှေ့အဖို့၌ အရဟတ္တဖိုလ်ဝိမုတ္တိဖြင့် ကိလေသာမှ မလွတ်သေးသည်ဖြစ်၍ အကြင် အရဟတ္တဖိုလ်ကို လိုလားတောင့်တခြင်းသည် ရှိ၏၊ ထိုလိုလား တောင့်တခြင်းသည် ငြိမ်းအေး၏၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တခြင်းကင်းသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 93

၃ - တိကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂပညတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

စိန္တီ...

စိန္တီသုတ်

ရဟန်းတို့ သူမိုက်၏ သူမိုက်ဟု မှတ်ကြောင်း 'လက္ခဏာ'၊ သူမိုက်ဟု သိကြောင်း အမှတ် 'နိမိတ်'၊ သူမိုက် ဟု ထင်ရှားကြောင်း အပြုအမူ 'အပဒါန်' တို့သည် ဤသုံးမျိုးတို့တည်း။

အဘယ် သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤလောက၌ သူမိုက်သည်
၁... မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊
၂... မကောင်းသော စကားကိုလည်း ပြောလေ့ရှိ၏၊
၃... မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။

ရဟန်းတို့ သူမိုက်သည် မကောင်းသော အကြံကိုလည်း အကယ်၍ ကြံလေ့ မရှိငြားအံ့၊ မကောင်းသော စကားကိုလည်း အကယ်၍ ပြောဆိုလေ့ မရှိငြားအံ့၊ မကောင်းသော အမှုကိုလည်း အကယ်၍ ပြုလေ့မရှိငြားအံ့၊ ထိုသူကို ''ဤသူကား သူမိုက် သူယုတ်တည်း'' ဟု ပညာရှိတို့သည် အဘယ်မှာ သိကုန်ရာအံ့နည်း။

ရဟန်းတို့ အကြင်ကြောင့် သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ မကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊ မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏၊ ထို့ကြောင့် ထိုသူမိုက်ကို ''ဤသူကား သူမိုက်သူယုတ်တည်း'' ဟု ပညာရှိတို့သည် သိကြရကုန်၏။

ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် သူမိုက်၏ သူမိုက် ဟု မှတ်ကြောင်း 'လက္ခဏာ'၊ သူမိုက် ဟု သိကြောင်း အမှတ် 'နိမိတ်'၊ သူမိုက် ဟု ထင်ရှားကြောင်း အပြုအမူ 'အပဒါန်' တို့ ပေတည်း။

ရဟန်းတို့ ပညာရှိ၏ ပညာရှိဟု မှတ်ကြောင်း 'လက္ခဏာ'၊ ပညာရှိပေဟု သိကြောင်း အမှတ်'နိမိတ်'၊ ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ 'အပဒါန်' တို့သည် ဤသုံးမျိုးတို့တည်း။

အဘယ် သုံးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤလောက၌ ပညာရှိသည်
၁... ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊
၂... ကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊
၃... ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။

ရဟန်းတို့ ပညာရှိသည် ကောင်းသော အကြံကိုလည်း အကယ်၍ ကြံစည်လေ့ မရှိငြားအံ့၊ ကောင်းသော စကားကိုလည်း အကယ်၍ ပြောဆိုလေ့ မရှိငြားအံ့၊ ကောင်းသော အမှုကိုလည်း အကယ်၍ ပြုလေ့ မရှိငြားအံ့၊ ထိုသူကို ''ဤသူကား ပညာရှိ သူတော်ကောင်း တည်း'' ဟု ပညာရှိတို့သည် အဘယ်မှာ သိကုန်ရာအံ့နည်း။ ရဟန်းတို့ အကြင် ကြောင့် ပညာရှိ သည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ကောင်းသော စကားကိုလည်း ပြောဆို လေ့ရှိ၏၊ ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏၊ ထို့ကြောင့် ထိုပညာရှိကို ''ဤသူကား ပညာရှိ သူတော်ကောင်း တည်း'' ဟု ပညာရှိတို့သည် သိကြရကုန်၏။

ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် ပညာရှိ၏ ပညာရှိ ဟု မှတ်ကြောင်း 'လက္ခဏာ'၊ ပညာရှိဟု သိကြောင်း အမှတ် 'နိမိတ်'၊ ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ 'အပဒါန်' တို့တည်း။

ရဟန်းတို့ ထို့ကြောင့်။ပ။ 3

၃ - စိန္တီသုတ်၊ ဗာလ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Monday, June 7, 2010

မအပ်မစပ် အလှူခံမှု...




ဥပက္ခဋသိက္ခာပုဒ် - (ပြုပြင်စီရင်အပ်သည်)

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ယောက်ျား တစ်ယောက်သည် ဇနီး 'မယား' ကို ''အသျှင် ဥပနန္ဒအား သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့ 'လှူအံ့'''ဟု ပြောဆို၏၊ ဆွမ်းခံ ရဟန်းတစ်ပါးသည် ထိုယောက်ျား၏ ပြောဆိုသော စကားကို ကြားခဲ့၏၊ ထိုအခါ ထိုရဟန်းသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒ ထံသို့ ချဉ်းကပ်၍ သာဝကီဝင်မင်းသား အသျှင်ဥပနန္ဒအား...

''ငါ့သျှင်ဥပနန္ဒ သင်သည် ဘုန်းကြီးသူဖြစ်၏၊ ဤမည်သော အရပ်၌ ယောက်ျား တစ်ယောက်သည်ဇနီး 'မယား' ကို အသျှင်ဥပနန္ဒအား သင်္ကန်းဖြင့် ဖုံးလွှမ်း 'လှူဒါန်း' အံ့ဟု ပြောပါသည်''ဟု ဆို၏။ ငါ့သျှင် ရှိပေသည်၊ ထိုသူသည် ငါ၏ အလုပ်အကျွေးတည်းဟု ပြော၏။ ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ထိုယောက်ျားထံသို့ ချဉ်းကပ်ပြီးလျှင် ထိုယောက်ျားအား...

''ဒါယကာ သင်သည် ငါ့ကို သင်္ကန်း လှူလို၏'' ဟူသည် မှန်သလောဟု မေးမြန်း၏။ အသျှင် အကျွန်ုပ်အား အသျှင်ဥပနန္ဒကို သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့ဟု အကြံဖြစ်ပါသည်ဟု လျှောက်၏။

ဒါယကာ အကယ်၍ သင်သည် ငါ့ကို သင်္ကန်းဖြင့် ဖုံးလွှမ်းလိုသည် ဖြစ်အံ့၊ ဤသို့ သဘောရှိသော သင်္ကန်းဖြင့် ဖုံးလွှမ်းလော့၊ ငါသုံးဆောင်မည် မဟုတ်သော သင်္ကန်းဖြင့် ဖုံးလွှမ်းသော်လည်း အဘယ် ပြုအံ့နည်းဟု ဆို၏။

အသျှင်ဥပနန္ဒသည် အလှူရှင်လှူလိုသော သင်္ကန်းထက် ပို၍ ကောင်းသော သင်္ကန်းကို စီမံသည့်အတွက် လည်းကောင်း အရှင်ဘုရား အလှူခံတော်မူပါဟူ၍ လည်းကောင်း မဖိတ်ကြားသေးပဲ အလှူခံခြင်း ပိုလွန်အောင် စီမံခြင်းတို့ကြောင့် လူများကလည်းကဲ့ရဲ့ မြတ်ဗုဒ္ဓမှလည်း ကဲရဲ့ပေသည်...

သည်အဖြစ်အပြက်မျိုး ယခုခေတ်တွင် မြောက်များစွာ ဖြစ်ပေါ်နေကြပေသည်... အလှူရှင် လှူလိုသည်က သည်ရွေ့သည်မျှသာ ဘုန်းတော်ကြီးက ဟိုလောက်ကြီး ဆိုတာမျိုးတွေ များလှပေသည်... ရွာအလှူတစ်ခုတွင် အလှူရှင် ပင့်ဖိတ်လိုသည်က သံဃာ ငါးပါးသာ ကျောင်းဘုန်းကြီးက ရွာနီးချုပ်စပ် သံဃာ ၁၈-ပါးလောက် မဖိတ်မကောင်း၍ ဖိတ်ကြားသည် အလှူပွဲနေ့တွင် လှူဖွယ် မလောက်ငှသည့်အတွက် ရန်ဖြစ် မျက်နှာပျက်ကြရပြန်သည်...

ပြည်ပရောက် ဘုန်းတော်ကြီးတစ်ပါးကို... ဒကာက လိုအပ်တာ လှူဒါန်းလို၍ အရောင်းဆိုင်ခေါ်သွားပါတယ်... ဆိုင်ရောက်တော့ ဘုန်းတော်ကြီး လိုချင်တာကို ဒကာက မတတ်နိုင်... ဒကာလှူနိုင်တာကို ဘုန်းတော်ကြီးက မကြိုက်... ဒါနဲ့ပဲ မျက်နှာပူပူနဲ့ ဆိုင်ထဲက နှစ်ဦးသား ပြန်ထွက်ခဲ့ကြရလေတော့သတည်း... ဆိုပြီး အဆုံးသတ်ခဲ့ရတာ တွေလည်း ကြားနေရပေသည်... ရန်တော့ မဖြစ်ကြ တော်ပေသေး၏...

ထိုအခါ ထိုယောက်ျားသည် ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အလိုကြီးကုန်၏၊ မရောင့်ရဲနိုင်ကုန်၊ ဤရဟန်းတို့အား သင်္ကန်းဖြင့် ဖုံးလွှမ်းခြင်းငှါ မလွယ်ကူပေ၊ အဘယ့်ကြောင့် အသျှင်ဥပနန္ဒသည် ငါသည် ရှေးက မဖိတ်ကြားအပ်ဘဲ ငါ့ထံသို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ဘိသနည်း'' ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊ ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုယောက်ျား၏ စကားကို ကြားကြသည်သာတည်း။
တစ်ချို့ဘုန်းကြီးများက ခုခေတ်ပေါ် သရီးရိုင်ဖယ် သင်္ကန်းကိုမှ အလှူခံသည်ဟု ကြားရပေသည်... သည်လိုကြားမိတော့ ပြုံးမိပါ၏... ပြည်ပမှာကတော့ သရီးရိုင်ဖယ်ကိုမလို... လာသောသင်္ကန်း လှူသောသင်္ကန်းကို လက္ခံပေသည်... မရွေးချယ်ပေ... လှူချင်သောသင်္ကန်း လှူနိုင်ပါသည် အရေးမလုပ်ပါ... သို့သော် ကွန်ပြူတာဆို ပန်းသီးလေးမှ နှစ်သက်ပါသည်... ဖုံးဆို အိုင်ဖုံးနော်ဟု တစ်ချို့ ပြောနေကြပေသည်... သည်ထဲမှာ ကျွန်ုပ်ကထိပ်ဆုံးကပေါ့... တစ်ချို့ လူတွေကကဲ့ရဲ့ပါသည် အတ္တကြီးသည်ဟု ပြောကြပါသည်... မြတ်ဗုဒ္ဓ မနှစ်သက်သော အလုပ်များ ရှောင်ကြဉ်သင့်ပေသည်... ဘုန်းကံကြီး၍ အပ်စပ်သောပစ္စည်းများ အပ်စပ်စွာ ဖြစ်ပေါ်လာသည်များကတော့ အပြစ်ဟူ၍ မဆိုသာ... သည်နေရာတွင် သင်္ကန်းဟု ဆိုသည့်အတွက် ကျန်တာမပါဟု တစ်ချို့က ဆိုကြပေသေးသည်... ကျယ်ပြန့်လှပေသည်...

အလိုနည်းသော ရဟန်းတို့သည် ''သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ အဘယ့်ကြောင့် ရောက်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊ ထိုအခါ ရဟန်းတို့သည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကိုလျှောက်ကြကုန်၏။ပ။

''ဥပနန္ဒ သင်သည် ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်၏ ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဥပနန္ဒ သင်နှင့် ဆွေမျိုးတော်စပ်သလော၊ ဆွေမျိုးမတော်စပ်သလောဟု မေးတော်မူရာ မြတ်စွာဘုရား ဆွေမျိုးမတော်စပ်ပါဟု လျှောက်၏။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား...
ဆွေမျိုးမတော်စပ်သူသည် ဆွေမျိုး မတော်စပ်သူ၏ သင့်တော်သည်ကို လည်းကောင်း၊ မသင့်တော်သည်ကို လည်းကောင်း၊ ရှိသည်ကို လည်းကောင်း၊ မရှိသည်ကို လည်းကောင်း မသိနိုင်ပေ၊

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား...
ထိုသို့ဖြစ်ပါလျက် သင်သည် ရှေးက မဖိတ်ကြားအပ်ဘဲ ဆွေမျိုးမတော်သော အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်တုံဘိ၏၊

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား...
ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 527

ပညတ်သိက္ခာပုဒ်

''ရဟန်းကိုသာလျှင် ရည်ညွှန်း၍ ဆွေမျိုးမတော်စပ်သော အိမ်ရှင်သည်သော် လည်းကောင်း၊ အိမ်ရှင်မသည်သော် လည်းကောင်း သင်္ကန်းဖိုးကို 'ဤ သင်္ကန်းဖိုးဖြင့် သင်္ကန်းကို ဝယ်၍ ဤမည်သော ရဟန်းကို သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့'ဟု စီရင်အပ်၏၊ အကယ်၍ ထိုဒါယကာသို့ ထိုရဟန်းသည် ရှေးက မဖိတ်ကြားအပ်ဘဲ ချဉ်းကပ်၍ 'ဒါယကာ တောင်းပန်ပါသည်၊ အကျွန်ုပ်ကို ဒါယကာသည် ဤသင်္ကန်းဖိုးဖြင့် ဤသို့ သဘောရှိသည်လည်းဖြစ်သော ဤသို့ သဘောရှိသည်လည်းဖြစ်သော သင်္ကန်းကို ဝယ်၍ ဖုံးလွှမ်းပါလော့' ဟု ကောင်းသည်ကို အလိုရှိသည်၏ အဖြစ်ကိုစွဲ၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ငြားအံ့၊ ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏''ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 27, 8-528

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား... ဟူ၍... သည်ကိစ္စကို မြတ်ဗုဒ္ဓ အပြစ်ပြောနေပေပြီတကား... ကျွန်ုပ်တို့ ရဟန်းဝတ်ကြခြင်းမှာ မဂ်ဖိုလ် လိုချင်လို့သာ ဖြစ်သင့်ပေသည်... အစားချောင် အနေချောင်၍ မဖြစ်သင့်ပေ... မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ျားဟူ၍ အပြောမခံရအောင် နေသင့် ကျင့်သင့်ပေသည်... အလှူရှင်များ လှူဒါန်းလိုသည်ထက် ပိုလွန်၍ အလှူမခံသင့်ပေ... သည်လို အလှူခံမိ၍ ရလာသော ပစ္စည်းများကိုလည်း စွန့်ပြစ်ရပေတော့မည်... မစွန့်ပြစ်ပဲ သုံးဆောင်နေပါက အပြစ်များထပ်၍ နေတော့မည်...


၈ - ဥပက္ခဋသိက္ခာပုဒ် အဖွင့်

ရဟန်းကိုသာလျှင် ရည်ညွှန်း၍ဟူသည် ရဟန်း၏ အကျိုးငှါ ရဟန်းကို အာရုံပြု၍ ရဟန်းကို ဖုံးလွှမ်းလို၍။ ဆွေမျိုးမတော်စပ်သူ မည်သည် အမိဘက်မှသော် လည်းကောင်း၊ အဖဘက်မှသော် လည်းကောင်း ခုနစ်ဆက်မြောက်သော ဘိုးဘေး အစုံတိုင်အောင် မဆက်စပ်သော။ အိမ်ရှင် မည်သည် အိမ်၌နေသူ ယောက်ျားတစ်ဦး တစ်ယောက်တည်း။ အိမ်ရှင်မ မည်သည် အိမ်၌နေသူ မိန်းမတစ်ဦးတစ်ယောက်တည်း။ သင်္ကန်းဖိုး မည်သည် ငွေ ရွှေ ပုလဲ ပတ္တမြား သန္တာ ပယင်း တေးခပ်ပြာ ချည် ဝါ တစ်ခုခုတည်း။ ဤသင်္ကန်းဖိုးဖြင့်ဟူသည် ရှေးရှုမျက်မှောက် ရောက်နေသော သင်္ကန်းဖိုးဖြင့်။ ဝယ်၍ဟူသည် လဲလှယ်၍။ ဖုံးလွှမ်းအံ့ဟူသည် လှူအံ့။

အကယ်၍ ထိုဒါယကာသို့ ထိုရဟန်းသည် ဟူသည် အကြင်ရဟန်းကို ရည်ညွှန်း၍ သင်္ကန်းဖိုးကို စီရင်အပ်၏၊ ထိုရဟန်းသည်။ ရှေးက မဖိတ်ကြားအပ်ဘဲဟူသည် ''အသျှင်ဘုရား အသျှင်ဘုရားသည် အဘယ်သို့ သဘောရှိသော သင်္ကန်းကို အလိုရှိပါသနည်း၊ အသျှင်ဘုရားအတွက် အဘယ်သို့ သဘောရှိသော သင်္ကန်းကို ဝယ်ရမည်နည်း'' ဟု ရှေးက မဆိုအပ်ဘဲ။

ချဉ်းကပ်၍ဟူသည် အိမ်သို့ သွား၍ တစ်နေရာသို့ ချဉ်းကပ်၍။

သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ငြားအံ့ဟူသည် အလျားရှည်သည်လည်းဖြစ်စေ အနံပြန့်သည်လည်းဖြစ်စေ အသားထူသည်လည်းဖြစ်စေ နူးညံ့ 'ချောညက်' သည်လည်း ဖြစ်စေ။ ဤသင်္ကန်းဖိုးဖြင့်ဟူသည် ရှေးရှု မျက်မှောက်ရောက်နေသော သင်္ကန်းဖိုးဖြင့်။ ဤသို့ သဘောရှိသည်လည်းဖြစ်သော ဤသို့ သဘောရှိသည်လည်းဖြစ်သောဟူသည် အလျားရှည်သည် လည်းကောင်း၊ အနံပြန့်သည်လည်းကောင်း၊ အသားထူသည် လည်းကောင်း၊ နူးညံ့'ချောညက်'သည် လည်းကောင်း ဖြစ်သော။ ဝယ်၍ဟူသည် လဲလှယ် 'ဖလှယ်' ၍။ ဖုံးလွှမ်းလော့ဟူသည် လှူလော့။ ကောင်းသည်ကို အလိုရှိသည်၏ အဖြစ်ကို စွဲ၍ဟူသည် အကောင်းကို အလိုရှိသည်ဖြစ်၍ အဖိုးတန်ကို အလိုရှိသည်ဖြစ်၍။ ထိုရဟန်း၏ စကားဖြင့် အလျားရှည်သည်ကို လည်းကောင်း၊ အနံပြန့်သည်ကိုလည်းကောင်း၊ အသားထူသည်ကို လည်းကောင်း၊ နူးညံ့ 'ချောညက်' သည်ကိုလည်းကောင်း ဝယ်အံ့၊ အားထုတ်မှု ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း ဝိနည်းကံ ရှိ၏။ သံဃာအားသော် လည်းကောင်း၊ ဂိုဏ်းအားသော် လည်းကောင်း၊ ပုဂ္ဂိုလ်အားသော် လည်းကောင်း စွန့်ရမည်။ ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။

''အသျှင်ဘုရားတို့ ဤ အကျွန်ုပ်၏ သင်္ကန်းသည် ရှေးက မဖိတ်ကြားအပ်ဘဲ ဆွေမျိုး မတော်စပ်သော အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်သဖြင့် စွန့်ခြင်း (ဝိနည်းကံ) ရှိပါသည်၊ အကျွန်ုပ်သည် ဤသင်္ကန်းကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပေးပါ၏ဟု (ပြန်ပေးရမည်)။ 529

ဆွေမျိုး မတော်စပ်သူ၌ ဆွေမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းရှိ၍ ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွေမျိုးမတော်စပ်သူ၌ ယုံမှားရှိ၍ ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွေမျိုးမတော်စပ်သူ၌ ဆွေမျိုးတော်စပ်သူဟု ထင်မှတ်ခြင်း ရှိ၍ ရှေးက မဖိတ်ကြားအပ်ဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွေမျိုးတော်စပ်သူ၌ ဆွေမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆွေမျိုးတော်စပ်သူ၌ ယုံမှားရှိအံ့ ဒုက္ကဋ်အာပတ် သင့်၏။ ဆွေမျိုးတော်စပ်သူ၌ ဆွေမျိုးတော်စပ်သူဟု ထင်မှတ်ခြင်း ရှိအံ့၊ အာပတ် မသင့်။ 530

ဆွေမျိုးတော်စပ်သူတို့အား ဖိတ်ကြားသူတို့အား သူတစ်ပါးအကျိုးငှါ မိမိ ဥစ္စာဖြင့် စီရင်ခြင်းသို့ ရောက်အံ့၊ အာပတ် မသင့်၊ အဖိုးများစွာ တန်သည်ကို ဝယ်လိုသူအား အဖိုးအနည်းငယ် တန်သည်ကိုဝယ်စေအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း အစလက်ဦးလွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

၈ - ဥပက္ခဋသိက္ခာပုဒ်၊ ၁၁ --- စီဝရ၀ဂ်၊ နိဿဂ္ဂိယ အခန်း၊ ပါရာဇိကဏ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဘယသုတ်... ဘေး

ဘယသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော် မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် ''အသျှင်ဘုရား'' ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

ရဟန်းတို့ ...

ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံး တို့သည်
သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊
ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ဖြစ်ပေါ်သမျှသော မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' အားလုံးတို့သည်
သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊
ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ဖြစ်ပေါ် သမျှသော စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' အားလုံးတို့သည်
သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊
ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ရဟန်းတို့ ကျူမိုး ကျူကာ အိမ်မှသော် လည်းကောင်း၊ မြက်မိုး မြက်ကာ အိမ်မှသော်လည်းကောင်း လောင်စွဲလွင့် ထွက်သော မီးသည် လေလုံကုန်သော အတွင်း အပြင် အင်္ဂတေ လိမ်းကျံအပ်ကုန်သော စေ့စပ်သော တံခါး ဘောင် တံခါးရွက် ရှိကုန်သော လုံသော လေသာပြူတင်း ရှိကုန်သော အထွတ်တပ်အပ်ကုန်သော အိမ်ကြီး အိမ်ကောင်း တို့ကိုလည်း လောင်ကျွမ်းသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ဖြစ်ပေါ် သမျှသော မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ဖြစ်ပေါ်သမျှသော စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ရဟန်းတို့ ဤသို့လျှင် သူမိုက်သည် ကြောက်လန့်ခြင်း ဘေးနှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် ကြောက်လန့်ခြင်း ဘေးနှင့်စပ်လျက် မရှိ၊ သူမိုက်သည် မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' နှင့် စပ်လျက် မရှိ၊ သူမိုက်သည် စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' နှင့် စပ်လျက် မရှိ။ ရဟန်းတို့ ပညာရှိကြောင့် ကြောက်လန့်ခြင်းဘေး ဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' ဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' ဖြစ်ပေါ်ခြင်း မရှိ။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''သူမိုက်ဟု သိကြောင်း တရားသုံးမျိုး တို့ကို ရှောင်ကြဉ်၍ ပညာရှိဟု သိကြောင်း တရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု မိန့်တော်မူ၏။ 1

၁ - ဘယသုတ်၊ ဗာလ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Saturday, June 5, 2010

သင်တို့လည်း ဤသို့ ကျင့်ရပေမည်...

စုံသလားမမေးနဲ့...
ချစ်သားရဟန်းတို့အတွက် ပြည့်စုံလှပေသော မြတ်ဗုဒ္ဓ၏ အဆုံးအမ...
ဒကာဒကာမတို့ သင်တို့လည်း ကျင့်ရပေမည်...

သည်တစ်ချီတော့ သိက္ခာဝါကြီးသူတို့ကို ဦးစားပေးရန် မလို...





ဝစ္စကုဋိ၌ ကျင့်ရမည့်ဝတ် -

(၀စ္စ=မစင်၊ ကျင်ကြီး။ ကုဋီ= အိမ်)




အိမ်သာသွားလျှင် ကျင့်ရမည့် ကျင့်ဝတ်...

ထိုအခါ ဗြာဟ္မဏ ဇာတ်ရှိသော ရဟန်းတစ်ပါးသည် ကျင်ကြီး စွန့်ပြီးလျှင် ''ယုတ်ညံ့၍ အနံ့မကောင်းသော ဤကျင်ကြီးကို မည်သူ သန့်သက်ရေ ဆေးအံ့နည်း'' ဟု ဆေးခြင်းငှာ အလို မရှိ၊ ထိုရဟန်း၏ ဝစ္စမဂ်၌ ပိုးလောက်သည် တည်၏။ ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ ငါ့သျှင် အသို့နည်း သင်သည် ကျင်ကြီး စွန့်ပြီးလျှင် သန့်သက်ရေ မဆေးသလောဟု မေးကုန်၏၊ ငါ့သျှင်တို့ မဆေးသည် မှန်၏ဟု ပြော၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် ကျင်ကြီး စွန့်ပြီးလျှင် သန့်သက်ရေ မဆေးဘိ သနည်း'' ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြ ကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်း သင်သည် ကျင်ကြီး စွန့်ပြီးလျှင် သန့်သက်ရေ မဆေးဟူသည် မှန်သလောဟု စိစစ် မေးမြန်းတော်မူ၏။ ''မှန်ပါသည် မြတ်စွာဘုရား'' ဟု လျှောက်၏။ပ။ ကဲ့ရဲ့တော်မူ၍။ပ။ တရား စကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ကျင်ကြီး စွန့်ပြီးလျှင် ရေရှိလျက် မဆေးဘဲ မနေအပ်၊ မဆေးသော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏''။

ထိုအခါ ရဟန်းတို့သည် ကျင်ကြီး အိမ်၌ သီတင်းကြီး အစဉ်အတိုင်း ကျင်ကြီးကို စွန့်ကုန်၏၊ ရဟန်းငယ်တို့သည် ရှေးဦးစွာ လာကုန်သော်လည်း ကျင်ကြီး သွားလိုလျက် ဆိုင်းငံ့ရ ကုန်၏၊ ထိုရဟန်းငယ်တို့သည် ကျင်ကြီးကို အောင့်ရသဖြင့် မူး၍ လဲကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ မှန်သလော။ပ။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ရဟန်းတို့ ကျင်ကြီး အိမ်၌ သီတင်းကြီး အစဉ်အတိုင်း ကျင်ကြီးကို မစွန့်အပ်၊ စွန့်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏။ ''ရဟန်းတို့ ရောက်လာသော အစဉ်အတိုင်း ကျင်ကြီး စွန့်ရန် ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလွန် လျင်စွာလည်း ကျင်ကြီးအိမ်သို့ ဝင်ကုန်၏၊ သင်းပိုင်ကို မ၍လည်း ဝင်ကုန်၏၊ ညည်းတွားလျက်လည်း ကျင်ကြီးကို စွန့်ကုန်၏၊ ဒန်ပူ ခဲကုန်လျက်လည်း ကျင်ကြီးကို စွန့်ကုန်၏၊ ကျင်ကြီးတွင်း ပြင်ပ၌လည်း ကျင်ကြီးကို စွန့်ကုန်၏၊ ကျင်ငယ်ခွက် ပြင်ပ၌လည်း ကျင်ငယ်ကို စွန့်ကုန်၏၊ ကျင်ငယ် ခွက်၌လည်း တံတွေးကို ထွေးကုန်၏၊ ကြမ်းတမ်းသော ကနုတံဖြင့်လည်း သုတ်ကုန်၏၊ သုတ်ပြီး ကနုတံကိုလည်း ကျင်ကြီး တွင်း၌ ချကုန်၏၊ အလွန် လျင်စွာလည်း ထွက်ကုန်၏၊ သင်းပိုင်ကို ပင့်မ၍လည်း ထွက်ကုန်၏၊ စပ်စပ် အသံပြုလျက်လည်း သန့်သက်ရေ ဆေးကုန်၏၊ သန့်သက်ရေ ဆေးခွက်၌လည်း ရေကို ချန်ထား ကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလွန် လျင်စွာလည်း ကျင်ကြီး အိမ်သို့ ဝင်ကုန်ဘိ သနည်း၊ သင်းပိုင်ကို ပင့်မ၍လည်း ဝင်ကုန်ဘ သနည်း၊ ညည်းတွား ကုန်လျက်လည်း ကျင်ကြီးကို စွန့်ကုန်ဘိ သနည်း၊ ဒန်ပူ ခဲကုန်လျက်လည်း ကျင်ကြီးကို စွန့်ကုန်ဘိ သနည်း၊ ကျင်ကြီး တွင်း ပြင်ပ၌လည်း ကျင်ကြီးကို စွန့်ကုန်ဘိ သနည်း၊ ကျင်ငယ်ခွက် ပြင်ပ၌လည်း ကျင်ငယ်ကို စွန့်ကုန်ဘိ သနည်း၊ ကျင်ငယ်ခွက်၌လည်း တံတွေးကို ထွေးကုန်ဘိ သနည်း၊ ကြမ်းတမ်းသော ကနုတံဖြင့်လည်း သုတ်ကုန်ဘိ သနည်း၊ သုတ်ပြီး ကနုတံကိုလည်း ကျင်ကြီးတွင်း၌ ချကုန်ဘိ သနည်း၊ အလွန် လျင်စွာလည်း ထွက်ကုန်ဘိ သနည်း၊ သင်းပိုင်ကို ပင့်မ၍လည်း ထွက်ကုန်ဘိ သနည်း၊ စပ်စပ် အသံပြုလျက်လည်း သန့်သက်ရေ ဆေးကုန်ဘိ သနည်း၊ သန့်သက်ရေ ဆေးခွက်၌လည်း ရေကို ချန်ထားကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ မှန်သလော။ပ။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။ပ။ ကဲ့ရဲ့တော်မူ၍။ပ။ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို- 373

ရဟန်းတို့ သို့ဖြစ်လျှင် ရဟန်းတို့အား ကျင်ကြီးအိမ်၌ ကျင့်ရမည့် ဝတ်ကို ပညတ်အံ့၊
ယင်းကျင့်ဝတ် အတိုင်း ရဟန်းတို့သည် ကျင်ကြီးအိမ်၌ ကျင့်ရမည်။

ကျင်ကြီးအိမ်သို့ သွားသော ရဟန်းသည် ပြင်ပ၌ ရပ်လျက် ချောင်းဟန့် ရမည်၊
အတွင်း၌ ထိုင်နေသော ရဟန်းတို့သည်လည်း ချောင်းဟန့် ရမည်၊
သင်္ကန်းတန်း ဝါး၌ လည်းကောင်း၊ သင်္ကန်းတန်းကြိုး၌ လည်းကောင်း
သင်္ကန်းကို တင်ပြီးလျှင် မနှေးမလျင် ကျင်ကြီး အိမ်သို့ ကောင်းစွာ ဝင်ရမည်၊
အလွန် လျင်စွာ မဝင်အပ်၊
သင်းပိုင်ကို ပင့်မ၍ မဝင်အပ်၊
ကျင်ကြီး စွန့်ရာ ခြေနင်းခုံ၌ ရပ်လျက် သင်းပိုင်ကို ပင့်မရမည်၊
ညည်းတွားလျက် ကျင်ကြီးကို မစွန့်အပ်၊
ဒန်ပူခဲလျက် ကျင်ကြီးကို မစွန့်အပ်၊
ကျင်ကြီးတွင်း ပြင်ပ၌ ကျင်ကြီးကို မစွန့်အပ်၊
ကျင်ငယ်ခွက် ပြင်ပ၌ ကျင်ငယ်ကို မစွန့်အပ်၊
ကျင်ငယ်ခွက်၌ တံတွေးကို မထွေးအပ်၊
ကြမ်းတမ်းသော ကနုတံဖြင့် မသုတ်အပ်၊
ကနုတံကို ကျင်ကြီးတွင်း၌ မချအပ်၊
ကျင်ကြီးစွန့်ရာ ခြေနင်းခုံ၌ ရပ်လျက် ဖုံးလွှမ်းရမည်၊
အလွန် လျင်စွာ မထွက်အပ်၊
သင်းပိုင်ကို ပင့်မ၍ မထွက်အပ်၊
သန့်သက်ရေ ဆေးရာ ခြေနင်းခုံ၌ ရပ်လျက် သင်းပိုင်ကို ပင့်မရမည်၊
စပ်စပ် အသံပြုလျက် မဆေးအပ်၊
သန့်သက်ရေ ဆေးရန် ခွက်၌ ရေကို ချန်မထားအပ်၊
သန့်သက်ရေ ဆေးရာ ခြေနင်းခုံ၌ ရပ်လျက် ဖုံးလွှမ်းရမည်၊
ကျင်ကြီးအိမ်ကို ကျင်ကြီး လိမ်းကျံမူ ဆေးကြော ရမည်၊
သုံးပြီး ကနုတံခွက်သည် ပြည့်မူ ကနုတံကို စွန့်ရမည်၊
ကျင်ကြီး အိမ်၌ အမှိုက်ရှိမူ ကျင်ကြီး အိမ်ကို တံမြက် လှည်းရမည်၊
အကျည်၌ အမှိုက်ရှိမူ အကျည်ကို တံမြက် လှည်းရမည်၊
ပရိဝုဏ်၌ အမှိုက်ရှိမူ ပရိဝုဏ်ကို တံမြက် လှည်းရမည်၊
တံခါးမုခ်၌ အမှိုက်ရှိမူ တံခါးမုခ်ကို တံမြက်လှည်းရမည်၊
သန့်သက်ရေအိုး၌ ရေမရှိမူ သန့်သက်ရေအိုး၌ ရေလောင်းရမည်။
ရဟန်းတို့ ဤသည်ကား ရဟန်းတို့၏ ကျင်ကြီးအိမ်၌ ကျင့်ရမည့် ဝတ်တည်း၊
ယင်းကျင့်ဝတ်အတိုင်း ရဟန်းတို့သည် ကျင်ကြီးအိမ်၌ ကျင့်ရမည် ဟု မိန့်တော်မူ၏။
374

၁ဝ - ဝစ္စကုဋိ၌ ကျင့်ရမည့်ဝတ်၊ ၀တ္တက္ခန္ဓက၊ စူဠ၀ဂ်ပါဠိတော်။








ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။