နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, November 11, 2011

နေ့စဉ်အမြဲ လိုနေတယ်...


နေ့စဉ်အမြဲ လိုနေတယ်...


နေ့စဉ်နေ့တိုင်း လိုနေတာက ဇီးယို... (plum)
အဲဒါကို ရေနွေးစိမ်ပြီး ဘုဉ်းပေးတာပါ...
ဇီးယိုလိုတယ်ဆိုတော့ ဘုန်းကြီးကို တစ်မျိုးတော့ထင်နိုင်တယ်...
ငယ်ငယ်က ကြားဖူးခဲ့တာက စိတ်မငြိမ်ရင် ဇီးယိုစားရတယ်ဆိုလားဘဲ...  
ခုတော့ ဒါကို နေ့စဉ်မဘုဉ်းရင် ဆေးတစ်မျိုးသောက်ရလိမ့်မယ်...
(ဘုန်းကြီးကတော့ ကျန်းမာရေးအရ ဝမ်းမှန်ဖို့အတွက်ပါ...)

နီးစပ်ရာ ဒကာဒကာမများကလည်း တော်ကြတယ်...
အမြဲ စီစဉ်ပေးကြပါတယ်...

ဒါပေမဲ့ တစ်ခါတစ်လေကျတော့ ရေနွေး အများကြီးထည့်ကြတယ်...
ဒီတော့ တွေးမိတာက လျော့ထည့်ရင်ကောင်းမယ်ပေါ့...

တစ်ဦးကတော့ ရေနွေးကို နည်းနည်းလေးပဲထည့်တယ်...
ဒီတော့လည်း တွေးမိပြန်တာက ပိုထည့်ရင် ကောင်းမယ်ထင်တယ်...

တစ်ချို့ကတော့ ရေနွေးမပါဘူး ဒီအတိုင်းဘဲ...

စိတ်ထဲမှာတော့ ခဏခဏလိုနေတယ်...
မိမိစိတ်ရဲ့သဘောကို ကြည့်နေတော့ မြင်နေရတယ်...
ငါလိုဘဲ လူတွေကော အမြဲတမ်း လိုနေကြသလား...
လိုတဲ့သူတိုင်းကော အလိုတွေ ပြည့်ကြရဲ့လား...
အလိုပြည့်တယ်ဆိုသူတွေကော ထပ်ပြီး လိုနေသေးသလား...
မလိုတော့ဘူးလား...

တစ်ရက်မှာတော့ စဉ်းစားမိတာက...
ဘယ်သူတွေ အလိုပြည့်ကြပြီလဲပေါ့...
ဘုရား ရဟန္တာတွေကတော့ အလိုပြည့်သွားကြတာ တွေ့ရပါတယ်...

သုမေဓာရှင်ရသေ့က သဗ္ဗညုတဉာဏ် လိုချင်တယ်...
သိဒ္ဓတ္ထမင်းသားဘဝမှာ ဂေါတမဗုဒ္ဓအဖြစ်နဲ့ အလိုပြည့်သွားပြီ...

သုရုစိရသေ့လည်း လက်ျာရံအဂ္ဂသာဝကဖြစ်ချင်တယ်...
ဥပတိဿဘဝမှာ အရှင်သာရိပုတြာအဖြစ်နဲ့ အလိုပြည့်သွားပြီ...

ဝရုဏမည် နဂါးမင်းသည်လည်း လက်ဝဲရံအဂ္ဂသာဝကဖြစ်ချင်တယ်...
ကောလိတဘဝမှာ အရှင်မဟာမောဂ္ဂလ္လာန်အဖြစ်နဲ့ အလိုပြည့်သွားပြီ...

သုမိတ္တာအမျိုးသမီးက ပါရမီဖြည့်ဖက်အဖြစ်နဲ့ ဆင်းရဲဒုက္ခငြိမ်းချင်တယ်...
ယသော်ဓရာဘဝမှာ ပါရမီပြည့်လို့ အလိုပြည့်သွားပြီ...

သူတို့တွေ အလိုပြည့်ခြင်းက ထပ်မလိုတော့ပါဘူးလေ...
တနည်းအားဖြင့် လိုချင်မှုဆိုတာ မရှိသူများ အလိုပြည့်နေပြီ ပြောရမယ်...

ဘုန်းကြီးတို့ လိုချင်နေမှုကတော့ ဒီဟာပြည့်လည်း ဟိုဟာ လိုချင်နေဦးမှာ...
ဒီလိုသာဆို ဘယ်တော့မှ ပြည့်မှာကို မဟုတ်တော့ဘူး...
ကိုယ့်အလို မပြည့်ပြန်တော့ သူတစ်ပါးကို အပြစ်တင်တတ်ပြန်တယ်...

သတိရမိတယ်...
ဘုရားရှင်လက်ထက်က ပုဏ္ဏားတစ်ဦးထင်ပါရဲ့...
တရားတိုတို ဟောသူနဲ့ တွေ့တော့လည်း အလိုမကျ အပြစ်တင်...
တရားရှည်ရှည် ဟောသူနဲ့ တွေ့တော့လည်း အလိုမကျ အပြစ်တင်...
မတိုမရှည် ဟောသူနဲ့ တွေ့တော့လည်း အလိုမကျ အပြစ်တင်တာပါဘဲ...

အလိုမကျရင် နောက်ဆက်တွဲ မကောင်းမှုတွေက ပါလာတတ်တယ်...
ဒါ့ကြောင့် လိုချင်တဲ့ဓာတ်တွေ လျှော့နည်းအောင် လုပ်ရမယ်...
ဒါမှ အပူနည်းတော့မှာပါ...

လိုချင်တာကို မရခြင်းသည်လည်း ဆင်းရဲ၏...

ရေးရင်းနဲ့ပဲ လိုလာပြန်တယ်...

ဒီနေ့မိုးရွာလေတိုက်နေတော့ ဆွမ်းခံထွက်မရဘူးလေ...
ဒီတော့ လိုပြန်ပြီ...

လိုချင်တယ် လိုချင်တယ်ဆိုတဲ့ဓာတ်တွေ နည်းကြပါစေ...
ဦးလောကနာထ
၁၁.၁၁.၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


No comments: