နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, October 11, 2011

စုတော့စုတယ် ဘာတွေစု...


၁၀.၁၀.၁၁ 

မနေ့ကတော့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့
အဘိဓမ္မာအခါတော်နေ့ပွဲကို သွားဖြစ်တယ်... ၉-ရက်နေ့ကပေါ့...
ဘေးဧရိယာမှာ ရှိကြတဲ့ ဘုန်းကြီးအတော်များများလာကြတော့
ဘုန်းတော်ကြီးတွေ အများကြီးပါပဲ...
မြန်မာပြည်ကကြွလာတဲ့ မဟာစည်နာယက ဆရာတော်ဘုရားကိုလည်း ဖူးခဲ့ရတယ်လေ...
ဘုန်းတော်ကြီးတွေ ဖူးမျှော်ရတာ ၀မ်းသာ ကြည်နူးစရာ...
ဆရာတော်က လောကီလောကုတ် နှစ်ဖြာကြီးပွားကြောင်းဆိုပြီး တရားဟောပါတယ်...
တရားကကောင်းတော့ လူတွေဆို သာဓုခေါ်လိုက်ကြတာ အားရပါးရဘဲ...
ကျောင်းထိုင်ဆရာတော်ဘုရားက သီလပေး အမျှဝေပေါ့...
တရားပွဲပြီးတော့ ဆွမ်းကပ်ကြတယ်...

တော်သေးတာပေါ့ ဂရုစိုက်တဲ့သူတွေနဲ့တွေ့တော့
ကျန်းမာရေးအတွက် ဆွမ်းကအဆင်ပြေသွားပါတယ်...
များသောအားဖြင့် မတည့်တာ အဆင်မပြေတာ များတယ်လေ...
ကြက်ဆီပြန် ဝက်သနီလန် ဒါမျိုးတွေဆို သည်ဘဝ မတည့်တော့ဘူး...

ဆွမ်းဘုဉ်းပြီးကြတော့...
ဝါတွင်းဝတ်ဆောက်တည်တဲ့ ဆရာတော်နှစ်ပါး ဝတ်ထွက်တယ်...
ဝတ်ထွက်တယ်ဆိုတော့ ဘာလဲဖြစ်နေဦးမယ်...
မသိတဲ့စကားနဲ့ ထပ်ပြောတယ်တော့ မထင်ပါနဲ့...
အဗ္ဘာန်သွင်းတယ်လို့လည်းခေါ်ပါတယ်... သံဃာ ၂၀-ပြည့်ရမယ်လေ...
ပရိဝါသ်တို့ မာနတ်တို့ဆိုရင်တော့ သံဃာအမည်ရရုံ ၄-၅-ပါးဆို ပြီးတယ်ပေါ့...
မနေ့က သံဃာတွေများတော့ အဆင်ပြေပါတယ်...

ဒါပြီးတော့မှ ဆွမ်းကြီးလောင်းပေါ့...
ဆွမ်းကြီးလောင်းလို့သာ ပြောရတာပါ...
နေမွန်းလွဲနေပြီပဲ ဆွမ်းကြီးလောင်းလို့တော့ ဘယ်ရတော့မှာလည်း...
ဟိုး ရှေးကထဲကအခေါ် နှုတ်ကျိုးနေလို့ ပြောရတာ... ဆွမ်းကြီးလောင်း...
ဒါပေသိ ဆွမ်းတော့မပါပါဘူး...
လှူဒါန်းဖွယ်ရာ အဖြာဖြာပေါ့...

အလှူရှင်တွေက ပိုက်ဆံထည့်ထားတဲ့ စာအိတ်ကလေးတွေကိုင်လို့ ဆွမ်းကြီးလောင်းကြတာ...
မအပ်မစပ် အလှူခံနေရမစိုးလို့ အနေရခက်ပါတယ်...
အမှန်ပြောရရင်တော့ ဘုရားကို မျက်နှာပူတယ်...
ဒါပေမဲ့ ကျောင်းက အစီအစဉ်ကောင်းပါတယ် ကပ္ပိယတွေလိုက်ပေးတယ်လေ...
ဒီတော့ ပိုက်ဆံကို ကိုင်တဲ့အာပတ် မသင့်တော့ဘူးပေါ့...
ကပ္ပိယတွေက ထည့်စရာအိတ်ကြီးတွေ တစ်အိတ်ပြီးတစ်အိတ် လူတွေကလည်း အားရပါးရလှူကြ...
ပျော်စရာ တော်တော်ကောင်းတယ်... ရလို့မဟုတ်ပါဘူး...

သွားတိုက်ဆေး သွားပွတ်တံ-ကြိုး ဆပ်ပြာခဲ...
အမွေးတိုင် ချိုချင် မျက်နှာသုတ်တဘက်...
စာအုပ် ဘောပင် ခဲတန် ဆပ်ပြာခဲ...
ဆပ်ပြာခဲတွေကတော့ မနည်းပဲ...
ဘုန်းကြီးတစ်ပါးတည်းဆိုတော့ ၃-နှစ်စာလောက်ရပြီ...
ခန္ဓာတစ်ပါးမှာ တက်နေတဲ့ဂျီးတွေ အားပါးတရ တွန်းပေတော့...
ပစ္စည်းတွေကတော့ စုံပါရဲ့ ဦးထုပ်တောင်ပါသေး...
အလှူရှင်တွေကို မေတ္တာပို့ပါတယ်...
ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...

ကျောင်းရောက်ပြီးနောက်...
ဒီနေ့မှ ရောက်လာတဲ့ဒကာ ဒကာမများကို အထုတ်တွေရှင်းခိုင်းရတယ်...
အစိမ်းရောင် ငွေစက္ကူတွေ အရွယ်မျိုးစုံ...
၁-ဒေါ်လာတန် အရွက်စိမ်းတွေ ထွက်လာတာမနည်းဘူးပဲ...
ရေလိုက်တော့ စုစုပေါင်း ဒေါ်လာ ၅၀၀-ကျော် ၆၀၀-နီးပါးတဲ့...

ပြောချင်တာ ခုမှရောက်ပါတယ်...
အလှူခံရတဲ့ ပစ္စည်းတွေ စီပေးထုတ်ပေးတဲ့ ဒကာကိုမေးကြည့်တယ်...
ဒကာကြီး ၁-ဒေါ်လာဆိုတာ တန်ဖိုးနည်းနည်းလေး ဟုတ်ကဲ့လားဆိုတော့...
ဟုတ်ပါတယ်ဘုရားတဲ့...
တန်ဖိုးနည်းတဲ့ တစ်ဒေါ်လာတန်တွေ စုလိုက်တော့ ၅၀၀-ကျော်သွားတယ် မများဘူးလား...
များသွားပါတယ်ဘုရား ဒီလောက်ရှိမယ် ထင်တောင်မထင်ဘူးဘုရား...

ဟုတ်ပါတယ် ဒကာကြီး နည်းနည်းလေးပေမဲ့ စုလာရင် များပါတယ်...
ကုသိုလ်တွေ စုလာရင်လည်း ကုသိုလ်တွေ များလာမယ်...
အကုသိုလ်တွေ စုလာရင်လည်း မကောင်းမှုတွေ များနေမယ်ပေါ့...
ကုသိုလ်ကို သေးတယ်ကြီးတယ် မအောင့်မေ့နဲ့ ပြုရမယ်...
ပြုပါများရင် စုလာမယ်...
ကုသိုလ်စုရင်ကောင်းတယ်...
ထို့အတူ အကုသိုလ်ဆို သေးပါတယ်လေဆိုပြီးတော့တောင် မလုပ်ပါနဲ့...
အကုသိုလ်စုရင်မကောင်းဘူး...

သတ္တဝါတွေမှာ သံသရာတစ်လျှောက်က ပြုလာတဲ့ အကုသိုလ်တွေဟာ
၁-ဒေါ်လာတန်တွေ စုနေသလိုပဲ များနေတတ်ကြပါတယ်...
ကောင်းမှုကုသိုလ်ကတော့ နည်းပါးလှပါတယ်...
ဒီအချိန်ကစလို့ ဘုန်းကြီးတို့တစ်တွေ ကုသိုလ်တွေကို စုကြရတော့မယ်...
စုလာတော့များတယ် ဒါ့ကြောင့်များများစုပါ...

ဦးလောကနာထ
၁၀.၁၀.၁၁


ဓါတ်တွေပုံနေသော နေရာ... 

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။ 
သာဓု... သာဓု... သာဓု...။ 

No comments: