နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, October 15, 2011

အရှင်ဘုရား တပည့်တော် ဆွမ်းကပ်ဖို့ မေ့သွားလို့...



အရှင်ဘုရား တပည့်တော် ဆွမ်းကပ်ဖို့ မေ့သွားလို့...

ဒီနေ့မနက်လာတဲ့ ဒကာကြီးက စပြောတာက ဒီနေ့ ဆွမ်းကပ်ရမှာကို သူမေ့နေတယ်ဘုရားဆိုတော့ ဒကာမကြီးက ဟုတ်တယ်ဘုရား... အရှင်ဘုရားကို တပည့်တော် ဆွမ်းကပ်ဖို့ မေ့သွားလို့ပါ...တဲ့... ဒီတော့ ဘုန်းကြီးက သူတို့ ကုသိုလ်ပြုဖို့ မေ့တတ်ကြပါလားလို့ တွေးမိပါတယ်...

ဘယ်လိုဖြစ်သွားလို့လဲဆိုတော့မှ...
မနေ့က တပည့်တော် တရားသင်တန်းတက်နေလို့ မေ့သွားတာပါဘုရားတဲ့... ဘုန်းကြီးစိတ်ထဲ တွေးမိလိုက်တဲ့အတွေး ပြောင်းသွားပြန်တယ်... ဒါဆိုမဆိုးပါဘူး ကုသိုလ်ကိုတော့ မမေ့သေးဘူး... ငါ့ကိုပဲမေ့တာ... ဒါနဲ့ ည ၉-နာရီထိုး တရားပွဲက ပြန်ရောက်မှ မနက်အရုဏ်ဆွမ်းအတွက် လုပ်စရာရှိတာ စလုပ်ရပါတယ်ဘုရား... နေ့ဆွမ်းကတော့ အရုဏ်ဆွမ်း ကပ်ပြီးမှပဲ ဈေးသွားဝယ် ချက်ပြုတ်ပြီးမှ လာကပ်တော့မယ် စိတ်ကူးပါတယ်ဘုရား...

ကောင်းပါတယ်ဒကာမကြီးပေါ့...

စိတ်ထဲမှာတွေးမိတာကတော့ လူတွေ အတော်ပင်ပန်းကြပါလား...

အမေရိကားမှာရှိတဲ့ ဗုဒ္ဓဘာသာ လူဦးရေနဲ့စာရင် ဘုန်းကြီးကျောင်းတွေမှာ အမြဲ ဆွမ်းကပ်မယ်ဆိုတဲ့စိတ် မွေးမြူနိုင်သူဟာ ရှားပါးတဲ့လူတွေပါ... ကျောင်းတွေမှာ များသောအားဖြင့် ဒီလိုနီးစပ်ရာ လူတွေကပဲ ရက်များများ ယူပြီး ကုသိုလ်ပြုကြတာ... ဒီလိုလူတွေ နည်းနေတဲ့ကျောင်းဆိုရင် အမြဲလိုအပ်နေတာဆွမ်းပါ ခက်ခဲကြပါတယ်...

ဘုန်းကြီးတွေ ခက်ခဲသလို... လူတွေမှာကော...
လူတွေမှာလည်း ရှာရဖွေရ တစ်နေကုန် ပင်ပင်ပန်းပန်းနဲ့ မလွယ်တာအမှန်ပါပဲ အလုပ်တွေကလည်း မရေရာ ပြုတ်တဲ့သူတွေက ခပ်များများ... အလုပ်ချိန် နာရီလျော့သွားတဲ့သူတွေကလည်း မနည်းမနော... ဝယ်သုံးထားသမျှ ပစ္စည်းများများက ကြွေးစနစ်... လစဉ်ပေးရမှာတွေက မနည်းဘူးလေ... ဒီလိုအခက်အခဲကြားထဲက ကုသိုလ်ပြုချင်စိတ်တွေ ရှိကြတာကိုက သူတော်ကောင်းတွေမှာသာ ဖြစ်ပေါ်တဲ့ စိတ်ဓါတ်...

နောက်တစ်ခုကောင်းတာကတော့ အမေရိကားမှာ ဘုန်းကြီးတွေ များလာတယ် ကျောင်းတွေများလာတယ် တရားသင်တန်း တရားပွဲတွေ များလာခြင်းဟာ သူတို့အတွက် ကံကောင်းတယ်... နေရာမရွေး အချိန်မရွေးပေါ့ တရားကို လေ့လာလိုသူတွေအတွက် လမ်းပွင့်သွားတယ်... တရားတွေနာရ နှလုံးသွင်းတွေ မှန်လာတော့ ဖြစ်ပေါ်ကြပ်တည်းလာတဲ့ အခြေအနေတွေကို မှန်ကန်စွာ နှလုံးသွင်းလာနိုင်တဲ့အတွက် စိတ်ဖိစီး ကြပ်တည်းမှုတွေ လျော့နည်းလာတာပေါ့... တရားအသိမရှိလို့ မျှတစွာ နှလုံးမသွင်းတတ်ရင်တော့ အတော်မလွယ်ပါဘူး...

သင်လာတဲ့တရားက ဓမ္မစကြာပါတဲ့...

ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
(မြန်မာပြန်)

ဗုဒ္ဓတရားတော်တွေ နာကြားရတာ အရသာရှိလှပါတယ်...

အားလုံးပဲ ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...

ဦးလောကနာထ
၁၀.၁၅.၂၀၁၁




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။





သာဓု... သာဓု... သာဓု...။
 
 

No comments: