နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, April 23, 2010

သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ... ဒါဆို...



ပါစိတ်ကတော့ ချာတိတ်မလုပ်လေနှင့် အပါယ်ပို့နိုင်သော သတ္တိကိန်း၏...


ဘူတာရောစနသိက္ခာပုဒ် - (ဘူတ=ထင်ရှားရှိသည်။ အာရောစန=ပြောကြားခြင်း)

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူသော အခါ မြင်ဖူးခါမျှ မိတ်ဆွေ အတူနေ အတူစား မိတ်ဆွေဖြစ်သော များစွာသော ရဟန်းတို့သည် ဝဂ္ဂုမုဒါ မြစ်ကမ်းနား၌ ဝါကပ် နေထိုင် ကြကုန်၏။ ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန်ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုး ရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။

ထိုအခါ ထိုရဟန်းတို့အား-
''ယခုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန်၁ ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ငါတို့သည် အဘယ်နည်းဖြင့် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပါအံ့နည်း၊ ဆွမ်းဖြင့်လည်း မပင်ပန်းဘဲ ရှိပါကုန်အံ့နည်း'' ဟု အကြံဖြစ်၏။

အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့၏ အမှုကြီးငယ်ကို စီရင်ကြကုန်အံ့၊ ဤသို့ စီရင်လျှင် ထိုလူတို့သည် ငါတို့အား ပေးလှူကြဖို့ရာ အမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည်အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရပေလိမ့်မည်'' ဟု ပြောဆိုကြကုန်၏။

ရဟန်းဖြစ်လျက် လာဘ်လာဘအတွက် လူတို့၏ အမှုကြီးငယ်ကို ပြုလုပ်ပေးနေခြင်းသည် မသင့်လျော်ပေ... သို့သော်... မြတ်စွာဘုရားကဲ့ရဲ့သော ဤအမှုကို ရှေးကလည်း လုပ်ကြပေသည်... ယခုလည်း လုပ်နေကြသည်... နောင်ကိုလည်း လုပ်ကြပေဦးမည်...

အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အကျိုး မရှိကြပါ၊ ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့၏ တမန်မှုကို ဆောင်ကုန်အံ့၊ ဤသို့ဆောင်လျှင် လူတို့သည် ငါတို့အား ပေးလှူ ကြဖို့ရာ အမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရ ပေလိမ့်မည်'' ဟု ပြောဆိုကြ ကုန်၏။

လာဘ်လာဘအတွက် လူတို့၏ ခိုင်းစေသမျှကို ပြုလုပ်ကြခြင်းသည် မသင့်လျော်ပေ... ဥပမာ ဘုန်းဘုန်း မြန်မာပြည်ပြန်ရင် တပည့်တော်အမေအတွက် စာလေးတစ်စောင် ယူသွားပေးပါနော်... သည်ပစ္စည်းလေး သယ်သွားပေးပါနော်... သည်ဆေးထုပ်လေး ယူသွားပေးပါနော် မလုပ်ကြနဲ့... ဘုန်းကြီးများကို မခိုင်းသင့်ပေ... သို့သော်... မြတ်စွာဘုရားကဲ့ရဲ့သော ဤအမှုကို ရှေးကလည်း လုပ်ကြပေသည်... ယခုလည်း လုပ်နေကြသည်... နောင်ကိုလည်း လုပ်ကြပေဦးမည်...

အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ မသင့်လျော်ပါ၊ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အဘယ်အကျိုး ရှိပါမည်နည်း။ လူတို့၏ တမန်မှုကို ဆောင်ခြင်းဖြင့် အဘယ်အကျိုး ရှိကြပါမည်နည်း၊ ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကုန်အံ့၊

ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကိုရ၏၊
ဤအမည်ရှိသော ရဟန်းသည် ဒုတိယဈာန်ကိုရ၏၊
ဤအမည်ရှိသော ရဟန်းသည် တတိယဈာန်ကိုရ၏။
ဤအမည်ရှိသော ရဟန်းသည် စတုတ္ထဈာန်ကို ရ၏၊
ဤအမည်ရှိသော ရဟန်းသည် သောတာပန်တည်း၊
ဤအမည်ရှိသော ရဟန်းသည် သကဒါဂါမ်တည်း၊
ဤအမည်ရှိသော ရဟန်းသည် အနာဂါမ်တည်း၊
ဤအမည်ရှိသော ရဟန်းသည် ရဟန္တာတည်း၊
ဤအမည်ရှိသော ရဟန်းသည် ဝိဇ္ဇာသုံးပါးကို ရ၏၊
ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ် ခြောက်ပါးကို ရ၏ ဟု ပြောဆိုကုန်အံ့၊

ဤသို့ ပြောဆိုကြလျှင် ထိုလူတို့သည် ငါတို့အား ပေးလှူ သင့်သည်ဟု မှတ်ထင်ကြ ပေလိမ့်မည်။ ဤသို့လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြ ရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရ ပေလိမ့်မည်'' ဟု ပြောဆိုကြ ကုန်၏။

ငါ့သျှင်တို့ လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရား၏ ဂုဏ်ကျေးဇူးကို ပြောခြင်းသည်သာလျှင် မြတ်၏ဟု သဘော တူညီကြလေ၏။ ထို့နောက် ထိုရဟန်းတို့သည် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏။ ''ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကို ရ၏။ပ။ ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ် ခြောက်ပါးကို ရ၏'' ဟု ပြောဆိုကြကုန်၏။

အတော် အကြံကြီးသော ဘုန်းတော်ကြီးများပါပေ... လာဘ်လာဘအတွက် မိမိမှာ ရှိသော အဖိုးတန်ရတနာကို ပဲကြီးလျော်နှင့် လဲစားကြပေတော့မည်... ရတနာဆိုသည်ကား လုံခြုံစွာဖြင့် ထုတ်ပိုးသိမ်းဆည်းထားရပေမည်... သို့သော်... မြတ်စွာဘုရားကဲ့ရဲ့သော ဤအမှုကို ရှေးကလည်း လုပ်ကြပေသည်... ယခုလည်း လုပ်နေကြသည်... နောင်ကိုလည်း လုပ်ကြပေဦးမည်... (((မိမိ တွေးမိသည်ကား လောကမှလွန်မြောက်သော လောကုတ္တရာတရား ရရှိထားသူ သူတော်ကောင်းများကတော့ သူတို့ကိုယ်တိုင် ပြောမည်မထင်... လက်အောက်ငယ်သား တပည့်များနှင့် လောကီဈာန် ရသူများလောက်ကသာ လာဘကိုငဲ့၍ ပြောဆိုကြသည် ထင်မိသည်)))

ထိုအခါ ထိုလူတို့သည် ''ငါတို့အား အရတော်ကြလေစွတကား၊ ငါတို့သည် ကောင်းစွာ ရကြပေစွတကား၊ အကြင်ငါတို့၏ အထံ၌ ဤကဲ့သို့သော ရဟန်းတော်များသည် ဝါကပ်တော်မူကြ ပေသည်တကား၊ အကျင့်သီလနှင့် ကောင်းသော တရားဓမ္မ ရှိကုန်သော ဤရဟန်းတို့ကဲ့သို့သော ရဟန်းတို့သည် ဤအခါမှ ရှေးက ငါတို့၏ အထံ၌ ဝါကပ်တော် မမူကြဖူးပေ တကား'' ဟု အကြင် ဘောဇဉ် ခဲဖွယ် လျက်ဖွယ် သောက်ဖွယ်မျိုးတို့ကို မိမိတို့ မသုံးဆောင်ကြ မခဲကြ မလျက်ကြ မသောက်ကြကုန်၊ မိဘ သားမယား ကျွန်အမှုလုပ် မိတ်ဆွေခင်ပွန်း ဆွေမျိုး သားချင်းတို့အား မပေးကြကုန်၊ ထိုဘောဇဉ် ခဲဖွယ်လျက်ဖွယ်သောက်ဖွယ်တို့ကို ရဟန်းတို့အားသာ ပေးလှူကြကုန်၏။

ဒါယကာ ဒါယိကာမများသည်ကား သီလ သမာဓိ ပညာ ပြည့်စုံတော်မူသော ရဟန်းတော်များကို ရှေးကလည်း ရှာဖွေ လှူဒါန်းကြသည်... ယခုလည်း ရှာဖွေ လှူဒါန်းကြပေသည်... နောင်ကိုလည်း ရှာဖွေ လှူဒါန်းကြပေဦးမည်သာ... ပညာဉာဏ်ဦးစီး၍ သံဃာကို ရည်မှန်း လှူဒါန်းနိုင်ကြပါစေ... အရိယာအစစ်ကို ရှာဖွေ တွေ့ရှိကြပါစေ...

ထိုအခါ ထိုရဟန်းတို့အား အဆင်းလှခြင်း ဣနြေ္ဒပြည့်ဖြိုးခြင်း မျက်နှာအဆင်း ကြည်လင် ခြင်း ကိုယ်ရေအဆင်း အထူးကြည်လင်ခြင်း ရှိကြကုန်၏။ 67

ဝါမှထကုန်သော ရဟန်းတို့၏ မြတ်စွာဘုရားကို ဖူးမျှော်ကန်တော့ရန် ချဉ်းကပ်ကြခြင်းသည် အလေ့အထပင် ဖြစ်၏။ ထိုအခါ သုံးလလွန်မြောက်၍ ဝါမှထကုန်သော ထိုရဟန်းတို့သည် ကျောင်းအိပ်ရာနေရာကို သိုမှီးပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ ဝေသာလီပြည်သို့ ချဉ်းကပ်ကုန်၏။ အစဉ်သဖြင့် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ နေကြကုန်၏။

ထိုအခါ အရပ်လေးမျက်နှာတို့၌ ဝါမှထကုန်သော ရဟန်းတို့သည် ပိန်ကြုံကြကုန်၏၊ အသွေးအသား ခေါင်းပါးကြ ကုန်၏။ မလှသော ရုပ်အဆင်း ရှိကြကုန်၏။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိကြကုန်၏၊ ကွန်ရွက်ဖြန့်ခင်းသကဲ့သို့ အကြောပြိုင်းပြိုင်းထသောကိုယ် ရှိကြကုန်၏၊

ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ သည်ကား လှပသော အဆင်း ရှိကြကုန်၏၊ ပြည့်ဖြိုးသော ဣနြေ္ဒရှိကြကုန်၏၊ ကြည်လင်သော မျက်နှာအဆင်း ရှိကြကုန်၏၊ အထူး ကြည်လင် သော ကိုယ်ရေအဆင်းရှိကြကုန်၏။

အာဂန္တုရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောကြားတော်မူခြင်း သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့၏ အလေ့အထပင် ဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့အား-
''ရဟန်းတို့ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ဝမ်းမြောက် ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်မပန်းဘဲ ရှိကြကုန်၏လော'' ဟု မေးတော်မူရာ...

ကျန်းမာကြပါသည် မြတ်စွာဘုရား၊
မျှတကြပါသည် မြတ်စွာဘုရား၊
တပည့်တော်တို့သည် အညီအညွတ်ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ
ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသည် မြတ်စွာဘုရား၊
ဆွမ်းအတွက်လည်း မပင်မပန်းဘဲ ရှိကြပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုရားသျှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော် မမူကုန်။ အချိန်အခါကို သိ၍ မေးတော်မူကုန်၏၊ အချိန်အခါကို သိ၍ မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့် စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့် မစပ်သည်ကို မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့်မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏။ ''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်သာဝကတို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့'' ဟူသော အကြောင်း နှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ကို ''ရဟန်းတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ် ခဲ့ကြ ကုန်သနည်း၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြကုန် သနည်း'' ဟု မေးတော်မူ သောအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို ပြန်ကြား လျှောက်ထားကြကုန်၏။

ရဟန်းတို့ သင်တို့အား ဈာန်မဂ်ဖိုလ်တရား ထင်ရှား ရှိကြပါ၏လောဟု မေးတော်မူရာ -

ထင်ရှားရှိပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ သင်တို့သည် ဝမ်းရေး အတွက် လူတို့အား အချင်းချင်း၏ လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို အဘယ့်ကြောင့် ပြောဆိုကြ ကုန်ဘိ သနည်း။ ရဟန်းတို့ ဤ သင်တို့ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 68


''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား လူတို့၏ ကုသိုလ် ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ပြောကြားငြားအံ့၊ ပြောတိုင်း ဟုတ်မှန်သော် ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြ ကုန်လော့ဟု မိန့်တော်မူ ၏။ 57, 8 - 69

မြတ်ဗုဒ္ဓသည် ဈာန်မဂ်ဖိုလ်တရား လူသားတို့အား ပြောကြားခြင်းကို ကဲ့ရဲ့တော်မူလေသည်... မိမိတွင်အမှန်တကယ်ရှိသော တရားကို ပြောကြားတာတောင်မှ ကဲ့ရဲ့တော်မူလျှင်... အမှန်တကယ်မရှိပဲသာ ပြောကြားနေပါက မည်မျှလောက် ကဲ့ရဲ့လိုက်လေမည်နည်း... တစ်ချို့ ဒကာ ဒကာမများသည် အသိဉာဏ်တထွာတစ်မိုက်နှင့် မိမိတို့ကြည်ညိုစိတ်ကလေးဖြင့်ပင် မိမိဆရာကို အရိယာထင်တတ်ကြပေသည်... ဘုန်းတော်ကြီးများ သတိရှိတော်မူကြပါကုန်... တကယ်မဟုတ်သေးက ခြံစည်းရိုး အပြင် ရောက်သွားနိုင်ပေသည်...

ဂ - ဘူတာရောစနသိက္ခာပုဒ်၊ ၁-မုသာဝါဒ၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။

ပါစိတ်ကတော့ ချာတိတ်မလုပ်လေနှင့် အပါယ်ပို့နိုင်သော သတ္တိကိန်း၏...






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ သာဓု... သာဓု... သာဓု...။

No comments: