နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, November 13, 2011

ပင်ပျော်ပျင်းလို့ မှီဝဲပါသည်...





ကလေးတွေပါ ပါလာတော့ သြကာသကစပြီး တိုင်ပေးပါတယ်...
ပြီးတော့မှ ဆုပေး...
သရဏဂုံသုံးပါးဆို...
သီလလေးပါး တိုင်ပေးပြီးနောက်...
ငါးပါးမြောက် နောက်ဆုံး သုရာမေရယ ဆိုတဲ့အခါမှာတော့...
ဒကာလေးအသံက ပျောက်သွားတယ်...

ပရိတ်ရွတ် သာဓုခေါ်ကြ ပြီးတော့မှ တရားနာ...
မွေးနေ့အမှတ်တရဆိုတော့လည်း မင်္ဂလာတရားပေါ့...

အသေဝနာစ ဗာလာနံ
ပဏ္ဍိတာနဉ္စ သေဝနာ
ပူဇာ စ ပူဇနေယျာနံ
ဧတံ မင်္ဂလ မုတ္တမံ

ကြီးပွားချင်တဲ့သူတွေ လူမိုက်ဆို မမှီဝဲနဲ့လို့ ဘုရားကပြောပါတယ်...
လူမိုက်ဆိုတာက ဒုစရိုက်ဆယ်ပါး လုပ်နေကြသူတွေ...
မိမိသူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်နေသူ...
တနည်းအားဖြင့် ငါးပါးသီလ မလုံ ဖေါက်ဖျက်နေသူ...
ဒီလိုပြောရင်းနဲ့ စိတ်ထဲတွေးနေမိတာက
ဒကာလေး ဘာလို့များ သုရာမေရယကို မဆိုတာလဲမသိ...
မေးတော့ မမေးသေးပါဘူး...
သီလနဲ့ပါတ်သက်ပြီး မကျဉ်းမကျယ်လေးပြော...

နောက် ပညာရှိကို ပေါင်းသင်းမှီဝဲရမယ်...
ဘာလို့လည်းဆို ပညာရှိကိုပေါင်းသင်းတဲ့အတွက်ကြောင့်
တိုးတက်ရာတိုးတက်ကြောင်း အသိပညာ အတတ်ပညာတွေရမယ်...
အကောင်းအဆိုး အကြောင်းအကျိုးကို မှန်ကန်စွာ သိရှိမယ်...
သိလာတဲ့ပညာနဲ့ မိမိဘဝကို ကောင်းမွန်စွာ ရပ်တည်နိုင်တယ်...
ဒါ့ကြောင့် ပညာရှိကို မှီဝဲဆည်းကပ်ရမယ်...

ပူဇော်သင့်ပူဇော်ထိုက်သူတွေကို ပူဇော်ရတယ်...
မိမိထက် အသက်သိက္ခာကြီးသူတွေကို ပူဇော်ရမယ်...
သီလ သမာဓိ ပညာ သိက္ခာသုံးပါး ကြီးသူတို့ကို ပူဇော်ရမယ်...
တနည်းအားဖြင့် လူလိမ္မာပညာရှိတွေကို ပူဇော်ရမယ်...
ပူဇော်တယ်ဆိုတာက နှစ်မျိုးရှိတယ်လေ...
ပစ္စည်းပစ္စယနဲ့ ပူဇော်တာရယ် တရားနဲ့ပူဇော်တာရယ်...
တရားနဲ့ပူဇော်တယ်ဆိုတာ တရားတော်ရွတ်ဖတ်တာအပြင်...
ဆုံးမစကားကို နားထောင်ခြင်းကလည်း ပူဇော်တာပါပဲ...
အစရှိသည်ပြောပြပြီးနောက် အမျှဝေ ရေစက်ချကြတယ်ပေါ့...

ကိစ္စလေးတွေပြီးတော့မှ စကားပြောရတယ်...
သမီးဖြစ်သူ ကလေးလေးကို မေးကြည့်ရတာပေါ့...
ခုန ကလေးမအဖေ သုရာမေရယကို ဆိုသံမကြားရပါဘူး...
ဆိုတော့...
ကလေးက ငယ်သေးတော့ သိပ်အဖြေတတ်ဖူးလေ...
သိသားပဲ တမင် လူကြီးကိုမေးရခက်လို့ ကလေးကိုမေးရတာ...
ဒီတော့မှ ဒကာမဖြစ်သူက ပြောပြတယ်
သူက ညကျရင် အဲဒါသွားလုပ်မှာလေ အရှင်ဘုရား...
ဒါကြောင့် မဆိုတာနေမှာပေါ့တဲ့...
ပြုံးစိစိနဲ့ သူ့ဒကာကို မျက်စောင်းက ထိုးသေးတယ်...

ဒီတော့ ဒကာက အကြောင်းပြတယ် အလုပ်က ပင်ပန်းတယ်ဘုရား...

   ကြားဖူးတယ်
          တချို့က ပင်ပန်းလို့တဲ့...
          တချို့က ပျော်လို့တဲ့...
          တချို့က ပျင်းလို့တဲ့...
သြော်... ပင်ပျော်ပျင်းလို့ မှီဝဲပါသည် ရှောင်နိုင်ခဲသည့်ဒီအရည်...

မကောင်းမှုမှန်သမျှ ရှောင်ရှားနိုင်ကြပါစေ...
ဦးလောကနာထ
၁၁.၁၂.၂ဝ၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Friday, November 11, 2011

နေ့စဉ်အမြဲ လိုနေတယ်...


နေ့စဉ်အမြဲ လိုနေတယ်...


နေ့စဉ်နေ့တိုင်း လိုနေတာက ဇီးယို... (plum)
အဲဒါကို ရေနွေးစိမ်ပြီး ဘုဉ်းပေးတာပါ...
ဇီးယိုလိုတယ်ဆိုတော့ ဘုန်းကြီးကို တစ်မျိုးတော့ထင်နိုင်တယ်...
ငယ်ငယ်က ကြားဖူးခဲ့တာက စိတ်မငြိမ်ရင် ဇီးယိုစားရတယ်ဆိုလားဘဲ...  
ခုတော့ ဒါကို နေ့စဉ်မဘုဉ်းရင် ဆေးတစ်မျိုးသောက်ရလိမ့်မယ်...
(ဘုန်းကြီးကတော့ ကျန်းမာရေးအရ ဝမ်းမှန်ဖို့အတွက်ပါ...)

နီးစပ်ရာ ဒကာဒကာမများကလည်း တော်ကြတယ်...
အမြဲ စီစဉ်ပေးကြပါတယ်...

ဒါပေမဲ့ တစ်ခါတစ်လေကျတော့ ရေနွေး အများကြီးထည့်ကြတယ်...
ဒီတော့ တွေးမိတာက လျော့ထည့်ရင်ကောင်းမယ်ပေါ့...

တစ်ဦးကတော့ ရေနွေးကို နည်းနည်းလေးပဲထည့်တယ်...
ဒီတော့လည်း တွေးမိပြန်တာက ပိုထည့်ရင် ကောင်းမယ်ထင်တယ်...

တစ်ချို့ကတော့ ရေနွေးမပါဘူး ဒီအတိုင်းဘဲ...

စိတ်ထဲမှာတော့ ခဏခဏလိုနေတယ်...
မိမိစိတ်ရဲ့သဘောကို ကြည့်နေတော့ မြင်နေရတယ်...
ငါလိုဘဲ လူတွေကော အမြဲတမ်း လိုနေကြသလား...
လိုတဲ့သူတိုင်းကော အလိုတွေ ပြည့်ကြရဲ့လား...
အလိုပြည့်တယ်ဆိုသူတွေကော ထပ်ပြီး လိုနေသေးသလား...
မလိုတော့ဘူးလား...

တစ်ရက်မှာတော့ စဉ်းစားမိတာက...
ဘယ်သူတွေ အလိုပြည့်ကြပြီလဲပေါ့...
ဘုရား ရဟန္တာတွေကတော့ အလိုပြည့်သွားကြတာ တွေ့ရပါတယ်...

သုမေဓာရှင်ရသေ့က သဗ္ဗညုတဉာဏ် လိုချင်တယ်...
သိဒ္ဓတ္ထမင်းသားဘဝမှာ ဂေါတမဗုဒ္ဓအဖြစ်နဲ့ အလိုပြည့်သွားပြီ...

သုရုစိရသေ့လည်း လက်ျာရံအဂ္ဂသာဝကဖြစ်ချင်တယ်...
ဥပတိဿဘဝမှာ အရှင်သာရိပုတြာအဖြစ်နဲ့ အလိုပြည့်သွားပြီ...

ဝရုဏမည် နဂါးမင်းသည်လည်း လက်ဝဲရံအဂ္ဂသာဝကဖြစ်ချင်တယ်...
ကောလိတဘဝမှာ အရှင်မဟာမောဂ္ဂလ္လာန်အဖြစ်နဲ့ အလိုပြည့်သွားပြီ...

သုမိတ္တာအမျိုးသမီးက ပါရမီဖြည့်ဖက်အဖြစ်နဲ့ ဆင်းရဲဒုက္ခငြိမ်းချင်တယ်...
ယသော်ဓရာဘဝမှာ ပါရမီပြည့်လို့ အလိုပြည့်သွားပြီ...

သူတို့တွေ အလိုပြည့်ခြင်းက ထပ်မလိုတော့ပါဘူးလေ...
တနည်းအားဖြင့် လိုချင်မှုဆိုတာ မရှိသူများ အလိုပြည့်နေပြီ ပြောရမယ်...

ဘုန်းကြီးတို့ လိုချင်နေမှုကတော့ ဒီဟာပြည့်လည်း ဟိုဟာ လိုချင်နေဦးမှာ...
ဒီလိုသာဆို ဘယ်တော့မှ ပြည့်မှာကို မဟုတ်တော့ဘူး...
ကိုယ့်အလို မပြည့်ပြန်တော့ သူတစ်ပါးကို အပြစ်တင်တတ်ပြန်တယ်...

သတိရမိတယ်...
ဘုရားရှင်လက်ထက်က ပုဏ္ဏားတစ်ဦးထင်ပါရဲ့...
တရားတိုတို ဟောသူနဲ့ တွေ့တော့လည်း အလိုမကျ အပြစ်တင်...
တရားရှည်ရှည် ဟောသူနဲ့ တွေ့တော့လည်း အလိုမကျ အပြစ်တင်...
မတိုမရှည် ဟောသူနဲ့ တွေ့တော့လည်း အလိုမကျ အပြစ်တင်တာပါဘဲ...

အလိုမကျရင် နောက်ဆက်တွဲ မကောင်းမှုတွေက ပါလာတတ်တယ်...
ဒါ့ကြောင့် လိုချင်တဲ့ဓာတ်တွေ လျှော့နည်းအောင် လုပ်ရမယ်...
ဒါမှ အပူနည်းတော့မှာပါ...

လိုချင်တာကို မရခြင်းသည်လည်း ဆင်းရဲ၏...

ရေးရင်းနဲ့ပဲ လိုလာပြန်တယ်...

ဒီနေ့မိုးရွာလေတိုက်နေတော့ ဆွမ်းခံထွက်မရဘူးလေ...
ဒီတော့ လိုပြန်ပြီ...

လိုချင်တယ် လိုချင်တယ်ဆိုတဲ့ဓာတ်တွေ နည်းကြပါစေ...
ဦးလောကနာထ
၁၁.၁၁.၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Wednesday, November 9, 2011

မိသားစုစိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ... ဆိုတော့...


မိသားစုစိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ... ဆိုတော့...
ဟဲ ဟဲ ဟဲ...တဲ့... သူက ရီ(ရယ်)ပါတယ်...

အရှင်ဘုရားပေးတဲ့ဆုက မပြည့်ဘူးဘုရား ဒါကြောင့်ရယ်တာပါတဲ့...
ကဲ... ဘယ်လိုလုပ်ကြမယ်...

ဆုပေးတာနဲ့ မေတ္တာပို့တာ မတူကွဲပြားတယ် ပြောရမလား... တူတူပါပဲလို့ပြောရမလားပဲ... ခက်ပါ့...
ဗုဒ္ဓဘာသာအရတော့ သူတစ်ဖက်သားကို ပြည့်စုံ ချမ်းသာစေလိုတဲ့သဘောပါ...
မနောကံမေတ္တာ... ဝစီကံမေတ္တာ... ကာယကံမေတ္တာ...ဆိုပြီး...
ကံသုံးပါးနဲ့ ပွားများကြပါတယ်...
ဒါကိုပဲ တနည်းအားဖြင့် ဆုပေးတယ်လို့ သုံးကြတယ် ထင်ပါတယ်...
ဝစီကံအနေနဲ့ ဆုပေးကြတယ်... ဥပမာ ကျန်းမာပါစေ ချမ်းသာပါစေပေါ့...

ကာယကံအနေနဲ့ဆို သူတစ်ပါးကိစ္စ အောင်မြင်အောင် စေတနာနဲ့ ဝင်လုပ်ပေးမယ်...
အောင်မြင်မှုတစ်ခုကြောင့် အထိမ်းအမှတ်ပစ္စည်းပေးတာကိုလည်း ဆုပေးတယ်သုံးပါတယ်...
ကာယကံမေတ္တာ ဆုပေးခြင်းကတော့ လက်ငင်းရတဲ့သဘော ရှိနေပါတယ်...

မြတ်ဗုဒ္ဓသာသနာအနေနဲ့တော့...
မောင်တင်ရေ... ဥုံဖွ... ရစေသတည်းဆိုပြီး ဆုပေးတာမျိုး မရှိဘူးပေါ့...
ဒါမျိုးက တစ်ချို့သော ဘာသာတွေမှာသာ ရှိတာပါ...
ဆုပေးတယ်ဆိုတဲ့စကားလေး တူပေမဲ့... အဓိပ္ပါယ်ခြင်းကတော့ မတူဘူးလေ...
ဒါကိုသဘောပေါက်ရတယ်... သဘောမပေါက်ရင် တမျိုးဖြစ်သွားမယ်...

မေတ္တာနဲ့ပါတ်သက်လို့က ပွားများသူမှာ ၁၁ မျိုး ဒါကတော့သိပြီးသားပါ...
မင်းကွန်းတောင်ရိုးက
ပတ္တမြားဆရာတော်ဘုရား ဘဒ္ဒန္တဇာဂရ (အဂ္ဂမဟာပဏ္ဍိတ) ရေးသားသောကဗျာပါ

အင်္ဂုတ္တရ၊ ဧက်ဒသ၌၊
ဗုဒ္ဓမြတ်စွာ၊ မိန့်တော်မှာသည်၊
မေတ္တာအကျိုး ဆယ့်တစ်မျိုးမှာ၊
ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကို၊
မြင်ရိုးမထင်၊ လူနတ်ပင်ချစ်၊
နတ်လျှင်စောင့်ငြား၊ အဆိပ်များနှင့်၊
မီး ဓား မဝင်၊ ဘေးမမြင်တည်း၊
စိတ်လျှင်တည်ကြည်၊ မျက်ဆင်းကြည်၏၊
သေမည်မတွေ၊ ဗြဟ္မာ့ပြည်သို့၊
ရောက်လေမိန့်မှာ၊ မော်ကွန်းဖြာသည်၊
လေ့လာလူတို့ မှတ်ဖွယ်တည်း...။ ဒါက မေတ္တာပို့သူရတာပါ...

ဒီတော့ အပို့ခံရသူမှာကောဆိုရင်တော့...(((တိတိကျကျမသိပါ)))
နားလည်သလို ဒီလိုစဉ်းစားကြည့်မိတယ်...
ကျွန်ုပ် ဒေါသဖြစ်ပြီး သင့်ကို သေနတ်နဲ့လှမ်းပစ်ရင် သင်သေသွားမယ်...
ဒေါသမထွက်ဘဲ မေတ္တာပို့တဲ့အတွက် သေဘေးကကင်းတဲ့အကျိုး သင်ရသွားပြီ...
ဒီလိုသဘောဆန်ဆန် အတွေးလေးတွေ ဖြန့်ပြီး တွေးကြည့်လိုက်ပါ...

မေတ္တာပို့ရင် မိခင်လို စိတ်ထားရမယ်လို့ ဆိုပါတယ်...
ဒီတော့ မိဘတွေနဲ့အတူနေရတဲ့ သားသမီးတွေဟာ အလွန်အေးချမ်းပါတယ်...
မေတ္တာပို့သနေသူနဲ့နေရတဲ့ သင်တို့မှာ ဒီအကျိုးလည်းရမှာပါ...
မေတ္တာပို့ ခံရသူတွေမှာ အကျိုးတရားတွေ များပါတယ်...
ဒါ့ကြောင့် လိုလိုချင်ချင် ပေးသောဆုနဲ့ ပြည့်ရပါလို၏ဘုရား... ဆိုတာ ကောင်းပါတယ်...
ဆုပေးရသူလည်း မျက်နှာမပူရတော့ပါ...
ပြီးတော့ လိုချင်တဲ့ဆန္ဒအတိုင်း ကျင့်ကြံကြပါ...

ပြောချင်တာကတော့...
မေတ္တာပို့နေသူ မိမိမှာတော့ ငြိမ်းချမ်းတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပို့သောကြောင့် သင့်ရဲ့ ပြုံးရွှင်မှုကို ရပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

ကျွန်ုပ်ကဆဲမိလျှင် သင့်ရဲ့ ဆဲဆိုငြိုငြင်မှုသာ ပြန်ရမယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဆိုတာ အလျှားအနံ မရှိပေမဲ့ အသွားအပြန် ရှိနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

လောကကြီး ငြိမ်းချမ်းနေတာ မေတ္တာတရားကြောင့် ဖြစ်ပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပွားလို့ ဈာန်ရလျှင် ဗြဟ္မာ့ပြည်သွားနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဈာန်ကို အခြေခံလို့ ဝိပဿနာပွားနိုင်ရင် ဆင်းရဲငြိမ်းနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

ဆုပေးနေတာ အပိုပါ...
ဒီလို ဆုပေးရုံနဲ့ မရပါဘူးကွာဆိုတဲ့ အတွေးအမြင်လေးတွေကြောင့်...
နိုင်ငံခြားရောက် တစ်ချို့ဆရာတော်များ မေတ္တာပို့ ဆုမပေးတော့ပါလေ...
ပြန်ကာနီး ဘိုင့်ဘိုင်...

စိတ်ချမ်းသာပါစေ...ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၁၁.၉.၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Monday, November 7, 2011

သားသမီးတွေကို ငယ်စဉ်က မဆုံးမတဲ့အခါ အရွယ်ရောက်လာသော်...


သားသမီးတွေကို ငယ်စဉ်က မဆုံးမတဲ့အခါ အရွယ်ရောက်လာသော်...


အိုးလုပ် အိုးဖုတ်တဲ့သူဆိုတာ
ရွှံ့ကောင်းကိုရွေးချယ် ကောင်းကောင်း နယ်တတ်ရတယ်...
စိတ်ကူးကောင်းနဲ့ မိမိလုပ်လိုတဲ့အိုးကို ပုံဖေါ်ရမယ်...
အိုးကို ကောင်းသထက်ကောင်းအောင် မာအောင် နာနာထုရိုက်ရတယ်...
ပြီးမှ မီးကောင်းကောင်း ကျက်အောင်ဖုတ်လို့ ဆေးလှလှချယ်...
ဒီလိုမှ မလုပ်တတ်ရင်တော့ မလှပတဲ့ဒီအိုး မကောင်း...
မြန်မြန်ကွဲလိမ့်မယ်...

ဒီနိုင်ငံရောက် မိသားစုတွေ တွေ့ကြုံကြရတဲ့ ပြဿနာတစ်ခုက...
သားသမီးငယ်ရွယ်စဉ်မှာ မိဘများက စားဝတ်နေရေး ရှာဖွေနေရတော့...
မိမိကိုယ်တိုင်ကလည်း ဗုဒ္ဓအကြောင်းအရာကို ကောင်းစွာမသိနိုင်ကြ...
ဖာသိဖာသာ မိရိုးဖလာ ဗုဒ္ဓဘာသာ...သာသာ...ဒီတော့
သားသမီးတွေကို ဗုဒ္ဓအဆုံးအမနဲ့အညီ မဆုံးမနိုင်ခဲ့ကြဘူးပေါ့...

ကလေးတွေ ကျောင်းသွားကျောင်းတက် သူငယ်ချင်းနဲ့နေချိန်ကများလာ...
အရွယ်ရောက်လာတဲ့အခါ ကလေးတွေမှာ ဘာသာပျောက်ကြတယ်...
ကလေးအချို့က ခရစ်ယန်တွေ ဖြစ်ကုန်ကြပါတယ်...
ဒါဟာ မိဘတွေမှာ အများကြီး တာဝန်ရှိပါတယ်...
သူတို့က ပြောမရဘူးဘုရား ဆိုတာက အကြောင်းပြတစ်ခုလောက်သာ...

ဒီတော့မှ တစ်ချို့မိဘများမှာ ခြေမကိုင်မိ လက်မကိုင်မိ...

ဒီလိုမဖြစ်အောင် မိဘတွေက ဗုဒ္ဓဘာသာဆိုတာကို သေသေချာချာ
မိရိုးဖလာ ဗုဒ္ဓဘာသာထက်သာအောင် လေ့လာထားသင့်ပါတယ်...
အချို့က ကလေးတွေကို လေ့လာခိုင်းတယ် သူတို့ကတော့ မလေ့လာ...
တစ်ချို့တော့ ကလေးတွေနဲ့အတူ လူကြီးပါ စတင်လေ့လာရတယ်...
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေ မလုပ်ဖြစ်ခဲ့ရင် နောင်တရကြလိမ့်မယ်...

နောင်တရကြတဲ့ မိသားစုတွေ များလှပါပြီ...

မိမိရှေ့က ဖြစ်ပျက်နေတဲ့ မိသားစုတွေကို ကြည့်ပြီးနောက်...
နောက် နောက်လူများ မိဘများက သင်ခန်းစာယူတတ်ဖို့ လိုပါတယ်...
မိမိသားသမီးများကို အနည်းဆုံး ဘုရားတရား သံဃာအကြောင်းနဲ့
ကံ ကံ၏အကျိုးလေးကိုတော့ နားလည်အောင်...
သဘောပေါက် လက်ခံအောင် သင်ပေးထားသင့်တယ်...

သားသမီးများကို သင်ပေးဖို့ မိဘတွေကိုယ်တိုင် အရင်လေ့လာရပါမယ်...
လေ့လာဖို့ ဘေးဧရိယာမှာ ဘုန်းကြီးကျောင်းတွေ အများကြီးရှိနေပါပြီ...
ဘုန်းတော်ကြီးများက ဗုဒ္ဓအဆုံးအမတွေကို သင်ပြပေးနေကြပါတယ်...
မိဘများအနေနဲ့ မိသားစုနောင်ရေး ငြိမ်းအေးဖို့အတွက် လေ့လာကြပါ...
စားဝတ်နေရေး တစ်ခုတည်းနဲ့တင် ဘဝဆိုတာ မပြည့်စုံနိုင်ဘူးလေ...

စီပွားရေး အဆင်ပြေပြီး မငြိမ်းအေးတဲ့ မိသားစုတွေ မနည်းပါဘူး...

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုတတ်ရုံနဲ့ ကျေနပ်နေတဲ့မိဘတွေ များလှတယ်...
ဒါလောက်နဲ့ ကလေးတွေ မရပါဘူး...
အရွယ်ရောက်ရင် သူ့ဟာ ဘာသာပျောက်သွားပါလိမ့်မယ်...
ပဋ္ဌာန်း ၂၄-ပစ္စည်း ဆိုတတ်ရုံနဲ့လည်း ကျေနပ်မနေကြပါနဲ့...
မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို အခြေခိုင်ခိုင် လေ့လာသင်ကြားပေးကြရမယ်...

ဘုန်းကြီးတွေ့ရင်... ဦးတော် ဦးတော်... ပိုက်ပိုက်... ထိန်းထိန်း...လုပ်ခိုင်းရုံနဲ့ကတော့...
ကလေးက ပြူးတူးပြဲတဲနဲ့ ပုံမကျပန်းမကျ ကန်တော့ရုံပဲ ရှိပါတယ်...
ကလေးအတွက် အကျိုးတရားနည်းပါတယ်...
ဗုဒ္ဓဘာသာမိသားစုတွေ ကလေးကြီးရင် စိတ်ဆင်းရဲကြရလိမ့်မယ်နော်...

ဗုဒ္ဓတရားတော်များ အချိန်မှီ လေ့လာနိုင်ကြပါစေ...
ဦးလောကနာထ
၁၁.၇.၂ဝ၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Sunday, November 6, 2011

ယနေ့ စုပေါင်း၍ သွေးဆေးသောက်သောနေ့...


ယနေ့ စုပေါင်း၍ သွေးဆေးသောက်သောနေ့...


စုပေါင်း၍ သွေးဆေးသောက်တယ်ဆိုလို့ ဒီကိုယ်တော် အဆန်းလုပ်တယ် မထင်လိုက်ပါနဲ့...
ဓမ္မစကြာတရား ပူဇော်တာကို ဆိုလိုတာပါ...
တရားတော်ကို စုပေါင်း ပူဇော်ကြတာ လစဉ် ပထမ တနင်္ဂနွေနေ့တိုင်းပေါ့...

မင်းကွန်းမှ ချမ်းသာကြီးဆရာတော်ဘုရားက ကျန်းမာစေဖို့ သွေးဆေးသောက်ရသလို...
၁၅ဝဝ ကိလေသာတွေကင်းစေဖို့ ဓမ္မစကြာတရားတော်ကို အမြဲပူဇော်ရတယ်တဲ့...
ဒါကို ရည်ရွယ်လို့ ပြောလိုက်တာပါ...
မကြာခဏလည်း ပူဇော်ဖြစ်ပါတယ် အလွန်ကို အေးချမ်းပါတယ်...
ဒကာဒကာမတို့လည်း ၁၅ဝဝ-ကနေ လျော့ချင်ရင် ပူဇော်ကြဖို့ တိုက်တွန်းပါတယ်...

မြတ်ဗုဒ္ဓသာသနာမှာ... ကိလေသာ စတင်ငြိမ်းသွားသူက...
အညာသိကောဏ္ဍညတဲ့ ကြားဖူးကြမှာပါ...
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ အစချီလို့ ဗုဒ္ဓဟောကြားခဲ့တာလေ...
ကိလေသာငြိမ်းချင်လို့ ရဟန်းဝတ်လာသူများ အယုတ်တရားနှစ်ပါးကို မမှီဝဲနဲ့တဲ့...
ကောင်းလိုက်တာ... မြတ်ဗုဒ္ဓရဲ့ ပထမဆုံး ဆုံးမစကားလေးပါ...
ဒီအစွန်းနှစ်ပါးက သံသရာတစ်လျောက်မှာ ကျင့်သုံးခဲ့တာပါ သတိမရလို့သာလေ...

ဘုန်းကြီးတို့ ရဟန်းဝတ်လာပြီဆိုတော့ ဒီတရားနှစ်ပါးထဲမှာ ရှိနေမယ်ဆို မတော်ဘူးပေါ့...
ပြင်းထန်ပင်ပန်းစွာကျင့်မယ်ဆိုတဲ့ အယုတ်တရားထဲမှာတော့ မရှိဘူး တော်ပါသေးရဲ့...
ဒါပေမဲ့ နောက်အယုတ်တစ်ပါးကတော့ တစ်ခါတစ်လေ ဆိုသလိုပါပဲ...
ကိလေသာကင်းလို့ ဆင်းရဲငြိမ်းလိုတယ်ဆိုရင် နှစ်ပါးလုံး ကြိုးစားရှောင်ရမှာပါလေ...
သူတော်ကောင်းတွေ သတိရကြပါစေ...

လစဉ်လာရောက်ပူဇော်သူများကတော့ ဝမ်းမြောက်ဝမ်းသာ ပူဇော်ကြပါတယ်...
လူတွေများသောအားဖြင့် ပါဠိလိုရွတ်ဖတ် ပူဇော်ကြတာက အကျင့်ရှိကြပါတယ်...
အဓိပ္ပါယ် သိသူကတော့ နည်းမယ်ထင်ပါရဲ့...
ဒါ့ကြောင့် ရွတ်ဖတ်ကုသိုလ်ယူရင်း အဓိပ္ပါယ်ပါ သိနိုင်ကြပါစေဆိုတဲ့ စေတနာနဲ့
ပါဠိမြန်မာ နှစ်ဘာသာ ပူဇော်ကြပါတယ်...

ပါဠိလိုတစ်ပိုဒ် မြန်မာလိုတစ်ပိုဒ်ပေါ့ အောက်မှာ စာအုပ်ထည့်ပေးလိုက်ပါ့မယ်...
ဒီလို အဓိပ္ပါယ်ပါ သိပြီဆိုရင် ကိုယ်တိုင်ကျင့်သုံးဖို့ရာ အဆင့်သင့် ဖြစ်သွားကြပြီပေါ့...
မသိလို့သာ မကျင့်ကြတာပါ... သိရင် ကျင့်ကြမယ်ထင်ပါတယ်...
မြတ်ဗုဒ္ဓက အယုတ်တရားတွေတဲ့လေ...
ဒီတော့ မဂ္ဂင်ရှစ်ပါးနဲ့နေမှ အယုတ်တရားက လွတ်မှာပါ...
အယုတ်တရားတွေထဲကနေ ရုန်းထွက်ကြပါစို့...


ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
ဦးလောကနာထ
၁၁.၆.၂ဝ၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Saturday, November 5, 2011

သီရိလင်္ကာကျောင်း ကထိန်ပွဲသို့ ယနေ့ကြွဖြစ်ပါသည်...


သီရိလင်္ကာကျောင်း ကထိန်ပွဲသို့ ယနေ့ကြွဖြစ်ပါသည်...


ဒီရာသီက ဘုန်းကြီးတွေအတွက် ကထိန်ရာသီဆိုတော့...
ဟိုကျောင်း ကထိန် ဒီကျောင်းက ကထိန် သင်္ကန်းလှူချိန်လေ...
လူတွေလည်း ဟိုကျောင်းပြေးလှူလိုက် ဒီကျောင်းပြေးလှူလိုက်နဲ့...
ကုသိုလ်တွေ... ကုသိုလ်တွေ...
ဒါက သဒ္ဓါတရား ပေါများသူတွေရဲ့ အတွေး အပြောပါ...
သဒ္ဓါတရား ရှားပါးသူကျတော့ ဒီကိုယ်တော်တွေ လုပ်နိုင်လိုက်တာ ခဏ ခဏပွဲ...
အပါတ်စဉ် သူတို့ကိစ္စချည့်ပဲ... အလုပ်ပိတ်ရက် ကိုယ့်ကိစ္စကို မလုပ်ရဘူးတဲ့...

ဒီနေ့ သွားခဲ့တဲ့ကျောင်းလေးက တစ်ဦးတည်းလှူတာလို့ သိရပါတယ်...
သိရသလောက်တော့ မိသားစုတစ်စုတည်းကနေ
ဆရာတော်ကို ကြည်ညိုလို့ လှူဖြစ်သွားတယ်လို့ ဆိုပါတယ်...
ပုဂ္ဂိုလ်ကို ကြည်ညိုပေမဲ့ သူတို့ သီရိလင်္ကာလူမျိုးတွေက
"ဘိက္ခုသံဃဿ ဒေမ" ဆိုပြီး ယောက်ျားသံဃာကိုရည်မှန်း လှူတတ်ပါတယ်...

လူလေး ၆၀-လောက်ပဲရှိပေမဲ့ သိုက်သိုက်ဝန်းဝန်း ရှိနေတယ်...
စည်းစည်းလုံးလုံးနဲ့ လှူဒါန်းနေကြတာ ပျော်ရွှင်နေကြပုံရတယ်...
မြန်မာတွေရဲ့ကထိန်အလှူနဲ့ မတူတာလေးတွေကတော့...
၁၁-နာရီလောက်မှာ ပင့်သံဃာတွေစုံတော့ ဘုရားဆွမ်းတော် စတင်ကပ်လှူပါတယ်...
ဆွမ်းကပ်ပုံကတော့ မြန်မာတွေနဲ့ တခြားစီပဲလေ...
မီးဖိုထဲကနေ တစ်ပန်းကန်စီထုတ်လာပြီး လူတွေလက်ဆင့်ကမ်းလို့
ဒီလိုနဲ့ လူလေးငါးဆယ်လက်ထဲမှာ လည်ပြီးတော့မှ ဘုရားဆွမ်းကပ်တယ်...
ဆွမ်းပွဲတိုင် ဒီအတိုင်းပါပဲ...
ကြည်ညိုဖွယ်ကောင်းပါတယ် စိတ်တော့ ရှည်ရမယ်...

ပြီးတော့မှ သီလယူကြ တရားဟောကြတယ်... ပြီးမှ ဆွမ်းကပ်တယ်ပေါ့
ဆွမ်းကပ်တော့ ၁၁-ခွဲ အချိန်နည်းနည်းအတွင်းမှာပဲ ဆွမ်းဘုဉ်းပေးကြရတယ်...
ဘုန်းကြီး ဆွမ်းကပ်ပုံကလည်း အဆန်း...
မြန်မာတွေက စားပွဲပေါ်မှာ လှူဖွယ်ရာဆွမ်းမျိုးစုံတင်ပြီး ကပ်လှူကြတယ်...
သူတို့ကတော့ မီးဖိုထဲကတစ်ယောက်ချင်း တန်းစီထွက်လာပြီးနောက်
ဘုန်းကြီးတွေကို ထည့်မလား ယူမလားသဘောမေးပြီးမှ ယူမယ်ဆို ထည့်ပေးတယ်...
ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်...
ဘုန်းကြီးတွေကတော့ ဖြေလိုက် ဘုဉ်းပေးလိုက်နဲ့ပေါ့လေ...
သူဇာတ်နဲ့သူကတော့ အိုကေနေတာပါပဲ...

ဆွမ်းဘုဉ်းပေးပြီးလို့ ပြီးပြီမထင်ပါနဲ့ဦး ပြန်ပြီး တရားနာကြရပြန်တယ်...
ပြီးတော့မှ ပရိတ်ရွတ် အမျှဝေပေါ့...
ဘုန်းကြီးကို သင်္ကန်းလှူပုံကလည်း ဆွမ်းလှူသလိုပါပဲ...
လှူတဲ့ ကထိန်သင်္ကန်းတစ်စုံကို စက္ကူနဲ့ အသေအချာထုပ်ထားပြီး
ရှိသမျှလူအကုန် တလှည့်စီ လက်ပြောင်းကိုင် နောက်ဆုံးလူကုန်မှ လှူကြတယ်...
အားလုံး ကိုယ်ထိလက်ရောက် ကပ်လှူကြတယ် ပြောရမယ်ထင်ပါတယ်...

လူမျိုးတွေ မတူကြတော့ အယူအဆနဲ့ လုပ်ပုံတွေ တမျိုးစီချည့်ပါပဲ...
ဘာတွေပဲ မတူတူလေ ဘုရားတရားတော် အယူတူရင်တော့ ဘုန်းကြီးတို့နဲ့ မျိုးတူပဲပေါ့...
ဒါအရေးကြီးတာပဲ မဟုတ်ပါလား...

အားလုံးပဲ ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၁.၅.၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Friday, November 4, 2011

ကိုယ်ကျင့်ရမှာမို့ ကိုယ်ကျင့်တရား...


ကိုယ်ကျင့်ရမှာမို့ ကိုယ်ကျင့်တရား...

ဆွမ်းခံကြွရင်း တွေ့ခဲ့ရတာလေး နှစ်ခုပါ...

တစ်ကတော့...
ဒီနိုင်ငံမှာက မိမိအသုံးမလိုတဲ့ပစ္စည်းတွေ စွန့်လိုတဲ့အခါမျိုး...
ပစ္စည်းအသစ်ဝယ်လို့ အဟောင်းကို စွန့်လိုရင်...
အိမ်ရှေ့လူသွားလမ်းဘေးမှာ ပုံပေးထားတတ်ကြတယ် ယူလိုသူများ ယူကြပေါ့...
လေးငါးရက်လောက်နေလို့ ယူလိုသူမရှိတော့ဘူးဆိုမှ အမှိုက်ကားထဲပါသွားရတယ်...
ဒီနေ့တွေ့ရတာက အိမ်တစ်အိမ်ရှေ့မှာ စွန့်ထားတဲ့ပစ္စည်းတွေ မနည်းဘူး...
အိတ်အကြည်တွေနဲ့ သပ်သပ်ယပ်ယပ် အတွင်းမြင်ရအောင် ထည့်ပေးထားပါတယ်...
ဒါကိုတောင် အမဲတစ်ယောက်နဲ့ တရုတ်တစ်ယောက်က လိုချင်တာရှာရင်းနဲ့
ဖွထားလိုက်တာ လမ်းတွေပေါ်မှာပါ ရှုပ်နေတာပါပဲ...
လမ်းလျှောက်လို့ မရလောက်အောင်ကို ပွနေပြီလေ...

နှစ်ကတော့...
တစ်နေရာမှာ ခွေးတစ်ကောင်နဲ့ လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး...
ဘုန်းကြီး ဆွမ်းခံကြွလာတာတွေ့တော့...
သူ့ခွေးလေးကို သေသေချာချာ ထိန်းပေးထားတယ်...
သူ့ခွေးကြောင့် လမ်းလျှောက်သူ အနှောက်အယှက် မဖြစ်စေလိုတဲ့သဘောရှိတယ်...
ယဉ်ကျေးတယ်ပြောရမလား ကိုယ်ကျင့်ကောင်းတယ် ပြောရမလားပဲ...

ဒီအကြောင်းအရာ နှစ်ခုတွေ့ပြီးနောက် ကိုယ်ကျင့်တရားလို့ခေါ်ဆိုတဲ့...
ဆောင်ရမဲ့သီလနဲ့ ရှောင်ရမဲ့သီလကို သတိရမိပါတယ်...
အတော်များများကတော့ ဆောင်ရ ရှောင်ရမှာ ဘာလဲဆိုတာ မသိကြတော့ဘူး...
ဘာသာခြားများကတော့ ပိုဆိုးနိုင်တယ် ထင်ပါတယ်...
ဗီဇကောင်းသူနဲ့ ဥပဒေကိုကြောက်သူလောက်ပဲ အများမထိခိုက်အောင်နေကြမယ်...

ကိုယ်ကျင့်တရား မကောင်းသူတွေများတဲ့အိမ်...
ကိုယ်ကျင့်တရား မကောင်းသူတွေများတဲ့မြို့...
ကိုယ်ကျင့်တရား မကောင်းသူတွေများတဲ့တိုင်းပြည် ပျက်စီးတော့မယ်...

ဘုန်းကြီးဖြစ်စေ လူဖြစ်စေ
တိုင်းပြည် မြို့ရွာ မိမိနေထိုင်ရာ ငြိမ်းချမ်းလိုတယ် ဆိုရင်တော့...
သူများကျင့်ကျင့် မကျင့်ကျင့် မိမိကတော့ ကျင့်ရမယ်...
ဘာတွေကျင့်ရမလဲ...
ရဟန်းဆို ရဟန်းသိက္ခာ...
လူဆို လူ့သီလ...
နောက် ဆက်ပြီးကျင့်ရမှာကတော့ ကျွေးမွေးမပျက် ဆောင်ရွက်စီမံ က စလို့...
မိမိရဲ့ ရောက်ရာဘဝနဲ့ သက်ဆိုင်ရာရာ ကျင့်ဝတ်မျိုးစုံ...ပေါ့လေ...

ကျင့်ဝတ်တွေ ပျက်လာတာနဲ့အမျှ ငြိမ်းချမ်းမှုတွေလည်း လျော့နည်းလာလိမ့်မယ်...

သတ္တဝါအားလုံး ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၁.၄.၂၀၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Thursday, November 3, 2011

အံမဝင်လည်း ခွင်ကျအောင်နေပါ...



အံမဝင်လည်း ခွင်ကျအောင်နေပါ...

ဆောင်းတွင်းဆိုတော့ ရာသီကအေး ညတာကရှည် အလင်းရောင်က မရှိသေး...
ဒါပေမဲ့ နံနက် ၇-နာရီဆိုတော့လည်း အာရုံ(အရုဏ) တက်ပြီပေါ့...
အရုဏ်တက်ပြီဆိုတော့ သပိတ်သင်္ကန်း ပြင်ဆင်လို့ ဆွမ်းခံကြွတော့မယ်...

ဒီနေ့ ဆွမ်းခံအိမ်ကနီးပါတယ် ၂-လမ်းကျော်လောက်ပါပဲ...
ဆွမ်းခံပြီး ကျောင်းမပြန်သေးပဲ သပိတ်ပိုက်လို့ လမ်းဆက်လျှောက်မယ်လေ...
သပိတ်ပိုက်ပြီး လမ်းလျှောက်ရတဲ့ သမဏသုခ လူတွေ မခံစားဖူးလောက်ပါဘူး...
ယာယီဝတ်တဲ့ ဒုလ္လဘတစ်ချို့ဆို ဆွမ်းခံရတာ သူတို့ရှက်ကြတယ်တဲ့...
မြတ်စွာဘုရားကတော့ ဆွမ်းခံခြင်းက မွန်မြတ်တယ်တဲ့... မတူဘူးနော်...

အလှူရှင် ဒကာကြီးထံမှ သပိတ်ပြန်ယူလိုက်တဲ့အခါမှာတော့ ဒုက္ခကို စတွေ့ရပါပြီ...
သပိတ်ထဲမှာ လှုပ်စိစိနဲ့ ပူလိုက်တာ...
မီးဖိုပေါ်ကချချခြင်း သံသပိတ်ထဲ ထည့်ပေးလိုက်တဲ့သဘောရှိတယ်...
ဘာတွေလောင်းတာလဲ ဒကာကြီးဆိုတော့... သူကတော့ ပြန်ဖြေပါတယ်...
ဒါပေမဲ့ ကိုယ့်မှာက အပူကိုစိတ်ရောက်နေတော့ ဘာပြောမှန်း မသိလိုက်ပါဘူး...
ကျောင်းရောက်လို့ ကြည့်လိုက်တော့မှ ယာဂုနဲ့ကန်စွန်းရွက် ရောပြုတ်ထားတာလေး...
သပိတ်ပေါ်မှာက ကောဖီမှုန့်ထုတ်လေးကိုတော့ ယူပြီး ခါးကြားမှာထိုးပေါ့...
တော်ကြာ လမ်းလျှောက်ရင်း ထွက်ကျသွားနိုင်တယ်...
ပလပ်စတစ်ထုပ်ဆိုတော့ အပူလွန်တာလည်း မကောင်းဘူး မဟုတ်လား...

ဒီလိုနဲ့ သူ့အိမ်ကထွက်လို့ လမ်းလျှောက်ပြန်လာရော...
သပိတ်လွယ်နဲ့ လွယ်ထားတော့ မကြာပါဘူး ဗိုက်မှာ သပိတ်အပူရှိန်က ပူလာတယ်...
ဒါနဲ့ လက်မှာသပိတ်ပိုက်ပြီး ကိုင်လာရတယ်...
မကြာဘူး လက်ပူလာပြန်ရော...
ဒီတော့ ဗိုက်မှာ ပြန်ထား...
မကြာခင် လက်မှာပြန်ကိုင်နဲ့ပေါ့... ဒီအချိန်မှာ...

ဆရာတော်တစ်ပါးဟောတဲ့ ဖင်လိမ်ကွင်းအကဆိုတာကို သတိရမိပါတယ်...
ကျောင်းတကျောင်းမှာ လူငယ်လေးတွေ ယာယီ ဒုလ္လဘဝတ်ကြတယ်တဲ့...
ဆရာတော်က... ဦးဇင်းတို့ မနက်စောစောထကြ ဆွမ်းခံကြွကြမယ်ပေါ့...
ဒီတော့ ရဟန်းသစ်တွေက တပည့်တော်တို့ ဘယ်လိုလုပ်ရမှာလည်း မသိဘူးနော်...
လွယ်ပါတယ် မနက်ကျ သင်္ကန်းရုံပေးမယ် ရှေ့ကငါသွားမယ် ငါလုပ်သလိုလိုက်လုပ်...
ဆိုပြီး ကျောင်းထိုင်ဆရာတော်က မှာထားရော...

ဒီလိုနဲ့ မနက်မှာတော့ သံဃာတန်းကြီးနဲ့ ကြည်ညိုဖွယ်ရာ ဆွမ်းခံကြွကြတာပေါ့...
လမ်းတနေရာမှာတော့ ရှေ့ဆုံးကဆရာတော်ဘုရား အခက်တွေ့ပြီ...
ဘာဖြစ်လည်းဆိုတော့ ပေါင်ကြားထဲမှာ ပရွက်ဆိတ်ဝင်နေတယ်ဆိုပဲ...
လက်ကလည်း သပိတ်ကပိုက်ထားတော့ လက်ကမအား လူကြားထဲလည်းဖြစ်ပြန်...
ဒီတော့ ပရွက်ဆိတ် ထွက်ကျလိုကျညားပေါ့ ပေါင်နှလုံး ဟိုဘက်ပွတ် ဒီဘက်ပွတ်နဲ့...
နောက်ကကြည့်ရတော့ လိမ်ဖယ်ဖယ်ဖြစ်နေမယ်ထင်ပါတယ်...
ဆရာတော့်နောက်က ကိုယ်တော်က စဉ်းစားတယ်...
ဆရာတော်ကပြောထားတယ် ဆွမ်းခံကြွရင် သူလုပ်သလိုလုပ်တဲ့...
ငါလည်း ဆရာတော့်လို လုပ်ရမှာပဲလေ ဆိုပြီး လိမ်ဖယ်ဖယ်လျှောက်တော့...
နောက်ကဦးဇင်းတွေလည်း လိမ်ဖယ်ဖယ်ဖြစ်ကုန်ရောဆိုပဲ...

ဒီလိုနဲ့ ပုရွက်ဆိတ်ကတော့ မထွက်ဘူး ဆွမ်းလောင်းသူများရှေ့ ရောက်ပြီ...
ဒကာမများက စဉ်းစားတယ်တဲ့လေ...
ဒီနေ့ တို့ကျောင်းကဆရာတော်ဘုရား ဖင်လိမ်းကွင်းအကနဲ့လာတာ ထူးခြားတယ်...
ဧကန်တ တရားထူးရလာကြတာနဲ့တူတယ်ဆိုပြီး အရမ်းကြည်ညိုကြတယ်ဆိုပဲ...

သူတို့ကတစ်မျိုးလေး ဘုန်းကြီးကလည်းတစ်မျိုးလေးပေါ့...
သပိတ်ကို လက်မှာကိုင်လိုက်... လွယ်ကြိုးနဲ့လွယ်လိုက်... ပြန်ကိုင်လိုက်ပေါ့...
ဒုက္ခ... ဒီဒုက္ခ ဘယ်တော့ငြိမ်းမလဲ...
သာမန်ကတော့ ပူနေတဲ့သပိတ်ကလေး အေးသွားရင်ငြိမ်းမယ်...

လောကဓံတဲ့ ...
လောကကြီးမှာ အဆင်ပြေတာလည်းတွေ့ရ အဆင်မပြေတာလည်း ကြုံကြရနဲ့ပါ...
အရာရာဟာ အံဝင်ခွင်ကျတော့ အမြဲမဖြစ်နိုင်ဘူးလေ...
မိမိကြုံတွေ့ရတဲ့အပေါ် သင့်တင့်မျှတစွာ နှလုံးသွင်းနိုင်မယ်ဆိုရင်တော့ အေးတယ်...
ဒီလိုနှလုံးသွင်းနိုင်ရင်တော့ အံမဝင်ပေမဲ့ ခွင်ကျနိုင်ပါတယ်...
နှလုံးသွင်းတွေ မကောင်းရင်တော့...
ပူတော့လည်း ပူလိုက်တာ...
အေးတော့လည်း အေးလိုက်တာဆိုပြီး အမြဲပဲ အလိုမကျ ဖြစ်နေတော့မှာပါ...
ဒါကြောင့် အရာရာမှာ နှလုံးသွင်းလေး ကောင်းပါစေ...
ယောနိသော မနသိကာရ သင့်တင့်မျှတစွာ နှလုံးသွင်းပါ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
၁၁.၃.၂၀၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Tuesday, November 1, 2011

မသေလို့နေရ တစ်နှစ်ရှိသွားပြီ...


11.1.11

ဒီနေ့ ဆန်ဖရန်စစ်ကို လောကနာထကျောင်းမှာ သီတင်းသုံးတာ တစ်နှစ်ပြည့်တဲ့နေ့...
ဆွမ်းဒကာမက ဒီနေ့မလာနိုင်လို့ မနေ့ညက အဖေါ်တစ်ဦးနဲ့ လာပို့သွားပြီ...
ဒီမနက်တော့ ဒကာတစ်ဦးက အဲဒီဆွမ်းကို လာကပ်ပေးပါတယ်...

ဆွမ်းကပ်ရင်းနဲ့ ပြောဖြစ်လိုက်တဲ့ စကားလေးကတော့...
ဒကာကြီး မေတ္တာပို့ဖြစ်ရဲ့လားဆိုတော့...
တင်ပါ့ ပို့ဖြစ်ပါတယ် ဘုရား...
ကောင်းတယ်ဒကာကြီး...
သတ္တဝါတွေဟာ သူသူကိုယ်ကိုယ် မေတ္တာလိုချင်ကြပါတယ်...
ဒါပေမဲ့ ကိုယ်က သူ့ကို မေတ္တာပို့ရမှာပါလားဆိုတာကြတော့ မေ့နေကြတယ်...
သဘောက... လိုတော့ လိုချင်ကြတယ် မပေးချင်ကြဘူးပေါ့...
မေတ္တာတရားမဖြစ်ကြတော့ ဒေါသတရားတွေ ဖြစ်ပေါ်လာတတ်ပါတယ်...
မှန်ပါ့ဘုရား ဒီနိုင်ငံကလူတွေ ပိုဆိုးပါတယ်ဘုရား...
တပည့်တော်က သွားရင်းလာရင်း သူတစ်ပါးကို အကူအညီပေးလာတော့...
တပည့်တော်လိုတော့လည်း အကူအညီတွေ ပြန်ရပါတယ်ဘုရား...
ဝမ်းသာစရာပါ...

မှန်ပါတယ်ဒကာကြီး
ကိုယ်ကသူ့ကို ကောင်းတာတွေပေးတော့ ကောင်းကျိုးက ကိုယ်ဆီပြန်လာတာပေါ့...
အကျိုးက ချက်ခြင်းပြန်ပေးရင်ပေး မပေးသေးရင် တချိန်တော့ပေးမယ်လေ...
ဒါ့ကြောင့် ကောင်းကျိုးတွေရဖို့ ကုသိုလ်အမြဲ လုပ်နေဖို့လိုပါတယ်...
မကောင်းတဲ့ကံသုံးပါးကို မလွန်ကျူးနဲ့... အမြဲရှောင်...


အရှင်ဘုရား သွားရလာရတာ လမ်းတွေကလည်း အရမ်းပျက်...
တလောကဆို မီးရထားဇလီဖားတုံးတွေ ပြင်နေတာ အကြာကြီးပဲ...တဲ့...
အရှင်ဘုရားကျောင်းက မီးရထားလမ်းနဲ့နီးတော့ လှုပ်တယ်ဘုရား...
ခုခေတ် အဆောက်အဦးတွေဆောက်ရင် ငလျင်ဒဏ်ခံအောင်
အောက်မှာ ရာဘာခင်း ကျောက်ခင်းပြီးမှ ဆောက်ကြတယ်...
မလှုပ်အောင် လှုပ်တဲ့ဒဏ်ခံနိုင်အောင် တဲ့...

...စကားကောင်းပြောရင်းက တရားစကားကနေ ဘေးကွေ့သွားပြီ...
လျှပ်စစ်မီးရထား ဇလီဖားတုံးနဲ့ ကျောင်းတုန်တာ ရောက်သွားပြန်ပြီ...
ဒီလိုပါပဲ ကြုံတုန်းပြောရတာဆိုတော့ စကားကောင်းကို ပြန်ဆွဲယူရင်ယူ မယူရင်တော့...
အကြာကြီးပေါ့... ဟိုရောက်ဒီရောက် မိုင်တစ်ရာလောက်တော့ ပါသွားနိုင်တယ်...

ဒကာကြီးတို့ ထမင်းစားရင် ဘာတွေတွေးလို့ နှလုံးသွင်းပြီး စားကြသလဲ... အမျိုးမျိုးပါပဲဘုရား... ဘုန်းကြီးတို့ကိုတော့ မြတ်ဗုဒ္ဓက တရားသဘော ဆင်ခြင်ပြီး စားဖို့ ညွှန်ပြ သင်ပြထားတယ် ဒကာကြီး... စားတိုင်းဆင်ခြင်ရမှာကတော့... ငါ ဒီအစားစာတွေကို ဘုဉ်းပေးတာ ခန္ဓာကိုလှပဖို့ ကြီးမားထွားကျိုင်းဖို့ မဟုတ်ဖူး... သူတော်ကောင်းတရားတွေကျင့်ဖို့ ခန္ဓာကိုယ်မျှတ ကျန်းမာရုံ ဘုဉ်းပေးတယ်... ဒီလို နှလုံးသွင်းခိုင်းတယ် ဒကာကြီး... ရှေးသူတော်ကောင်းများ ဒီလိုနှလုံးသွင်းခဲ့ကြလို့ အရိယာဖြစ်သွားသူတွေ မနည်းဘူး... သီရိလင်္ကာမှာဆို တခေတ်တစ်ခါက အရိယာ မဖြစ်ဖူးတဲ့ ဆွမ်းစားဇရပ် မရှိဘူးတောင် ဆိုကြပါတယ်... ဘုန်းကြီးတို့ ကျင့်ကြရမှာတွေ...

မှန်လှပါဘုရား အချိန်နည်းလို့ တပည့်တော်ကို အလုပ်သွားခွင့်ပြုပါဦး...

ကောင်းပါပြီဒကာကြီး...
မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...

---×---

ခုခေတ် ဆွမ်းဘုဉ်းရင်း အရိယာဖြစ်သွားတာ ရှိမရှိတော့ မပြောတတ် မပြောနိုင်ပါ...
တချို့လည်း ဆင်ခြင်မှု ပြုကြသေးရဲ့လား မသိပါ...
မိမိကိုယ်တိုင် အမြဲ ဆင်ခြင်မိအောင်တော့ ကြိုးစားရမှာပါပဲ...
ကျောင်းတစ်ကျောင်းက ဆရာတော်များကတော့ ဆင်ခြင်ကြတာ တွေ့ရပါတယ်...
မိမိကျောင်းကို လာရင်လည်း မိမိကနှစ်သက်တော့ သံပြိုင်ဆိုကြပါတယ်...
ဒီလိုဆင်ခြင်နေကြ သူတို့ကျောင်းမှာ တစ်နေ့က ကထိန်မှာတော့ မလုပ်ကြပြန်ဘူး...
ကြွလာတဲ့ ဘုန်းတော်ကြီးတွေကို အားနာလို့ထင်ပါရဲ့...
တကယ်တော့ အားနာစရာ မဟုတ်ပါဘူး...
မြတ်ဗုဒ္ဓက ရဟန်းတိုင်းကို ခိုင်းထားတာ လုပ်သင့်တဲ့အလုပ် လုပ်ရမဲ့အလုပ်ပါ...
ပင့်သံဃာတွေကလည်း ဝမ်းမြောက်ဝမ်းသာ လုပ်ကြမယ်ထင်ပါတယ်...
တချို့လည်း စိတ်ထဲမှာ နှလုံးသွင်းတော့ ရှိကြမှာပါ...

ဒီအကျင့်ကို ကျောင်းတိုင်း ဆွမ်းစားတိုင်း ကျင့်ကြရင် သိပ်ကောင်းမှာပါပဲ...
အရှင်ကောင်းတို့ ဒီစာလေးဖတ်မိပြီး မေ့နေသူများ ပြန်လည်ကျင့်ကြပါစေ...
မြတ်ဗုဒ္ဓက ဘုန်းကြီးတို့ကို
ဆွမ်းဘုဉ်းစဉ်၊ သင်္ကန်းဝတ်နေစဉ်၊ ကျောင်းတွင်းနေစဉ်၊ ဆေးမှီဝဲစဉ်...
တပည့်သားတွေကို ကိလေသာမဖြစ်စေဖို့ရာ အမြဲဆင်ခြင်ရန် ညွှန်ပြထားတာပါ...

ဒကာဒကာမတွေ ဗဟုသုတဖြစ်စေရန် မြန်မာလိုထည့်ပေးလိုက်ပါ့မယ်...
မိမိတို့နဲ့ သက်ဆိုင်ရာ စကားလုံးလဲလှယ်ပြီးတော့လည်း ဆင်ခြင်နိုင်ကြပါတယ်...

ဆွမ်း၌ ဆင်ခြင်ရန်...
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။

သင်္ကန်း၌ ဆင်ခြင်ရန်...
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေ လွှဲသုန်၊ ဟိရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း ဝတ်ရုံပါသတည်း။

ကျောင်း၌ ဆင်ခြင်ရန်...
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။

ဆေး၌ ဆင်ခြင်ရန်...
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျင်း၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကျင့်ဖြည့်စွမ်းဖို့၊ ရည်မှန်း သုံးဆောင်ပါသတည်း။


ဦးလောကနာထ
၁၁.၁.၁၁
မသေလို့နေရ တစ်နှစ်ရှိသွားပြီ...
တစ်နှစ်အတွင်း ငါ့မှာ ဘာတွေပါပြီလဲ...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။