နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, October 8, 2010

အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံ...


အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံ


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်ဆန္နသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို။ အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဆန္နသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို အဘယ့်ကြောင့် မကုစားလိုဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြ ကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြ ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေ၍- ''ရဟန်းတို့ ဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊
ရဟန်းတို့ မလျောက်ပတ်။ ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောက်ျားသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို အဘယ့်ကြောင့် မကုစားလိုဘိ သနည်း။ ရဟန်းတို့ ဤဆန္န ပြုမိသောအမှုသည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှာ လည်းကောင်း။ပ။ ကဲ့ရဲ့တော်မူပြီးနောက်။ပ။ တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-

ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် (ပြုအပ်သော) သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုလော့။
ရဟန်းတို့ ဤသို့ ပြုရမည်၊ ရှေးဦးစွာ ဆန္နရဟန်းကို စောဒနာ ရမည်၊ စောဒနာပြီးနောက် အောက်မေ့စေရမည်၊ အောက်မေ့ စေပြီးနောက် အာပတ်သို့ တင်ရမည်၊ အာပတ်သို့ တင်ပြီးနောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို၊ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြု၏၊ ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်းမရှိသော ဥက္ခေပနီယကံ ပြုလုပ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောကြားပါ၏။ ပ ။
သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောကြားပါ၏။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို၊ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြု၏၊ ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံ ပြုလုပ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်'' ဟု သိစေရမည်။


ယခုခေတ် အာပတ်သင့်သောရဟန်းများကိုလည်း တွေ့ဖူးပါ၏... ဒေသနာမကြားသောသူများကိုလည်းတွေ့ဖူးပါ၏... သို့သော် အာပတ်ကို မကုစားသောရဟန်းအား ဥက္ခေပနီယကံ ပြုခြင်းမျိုး မတွေ့ဖူးသေးပါ... ကံပြုခဲ့ပါလျှင်လည်း ကံပြုခံရသောရဟန်းသည် အရေးလုပ်မည် မထင်တော့ပါပေ... အမုန်းခံရဖို့ အလားအလာသာ ရှိပေသည်... ဤသည်ကား မိမိအထင်သာ...


ရဟန်းတို့ ''ဆန္နရဟန်းကို အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုအပ်ပြီ'' ဟု ကျောင်းတိုက် အဆက်ဆက်သို့လည်း ပြောကြား ကုန်လော့ဟု မိန့်တော်မူ၏။ 56

၆ - အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံ၊
ကမက္ခန္ဓက၊ စူဠ၀ဂ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: