ပဗ္ဗဇ္ဇာသုတ်
စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကြင်အခြင်းအရာ အားဖြင့် ရဟန်းပြု၏၊ အကြင် အခြင်းအရာအားဖြင့် စုံစမ်းသည်ဖြစ်၍ ရဟန်းအဖြစ်ကို နှစ်သက်တော်မူ၏၊ ထိုအခြင်းအရာအားဖြင့် မြတ်စွာဘုရား၏ ရဟန်းအဖြစ် ကို ပြောကြားပေအံ့။ 408
ဤအိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းလှ၏၊ ရာဂစသော မြူ၏ဖြစ်ရာ အာရုံတည်း ဟူ၍ လည်းကောင်း၊ ရဟန်းအဖြစ်သည် ဟင်းလင်းပြင်ကဲ့သို့ ကျယ်ပြန့်သည်သာ တည်းဟူ၍ လည်းကောင်း ဤသို့ မြင်သောကြောင့် ရဟန်း ပြုတော်မူ၏။ 409
ရဟန်းပြုပြီးလျှင် ကိုယ်ဖြင့် မကောင်းသော အမှုကို ကြဉ်ရှောင်၏၊ ဝစီ ဒုစရိုက်ကို ပယ်စွန့်၍ အသက်မွေးမြူမှု ကို သုတ်သင်၏။ 410
မြတ်စွာဘုရားသည် မဂဓတိုင်းသူတို့၏ တောင်ငါးလုံး ကာရံသည့် ရာဇဂြိုဟ်မြို့သို့ကြွတော်မူ၏၊ ကိုယ်တော် အလုံး၌ ပျံ့နှံ့တည်နေသော မြတ်သော လက္ခဏာ ရှိသည်ဖြစ်၍ ထိုရာဇဂြိုဟ်မြို့၌ ဆွမ်းခံကြွတော်မူ၏။ 411
ဗိမ္ဗိသာရမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် လက္ခဏာတော်တို့နှင့် ပြည့်စုံသော ထိုဘုရား အလောင်း တော်ကို မြင်သောကြောင့် ဤဆိုမည့် အကြောင်း အရာကို မိန့်ကြား၏။ 412
အချင်းတို့ ဤသူကို ရှုကြကုန်လော့၊ ရုပ်အဆင်းလှ၏၊ အလုံးအရပ်နှင့် ပြည့်စုံ၏၊ သန့်ရှင်းစင်ကြယ်၏၊ သိမ်မွေ့သော သွားခြင်းနှင့်လည်း ပြည့်စုံ၏၊ ရထား ထမ်းပိုး တစ်ပြန်မျှသာ ကြည့်ရှု၏။ 413
အောက်သို့ ချသော မျက်လွှာရှိ၏၊ သတိရှိ၏၊ ဇာတ်နိမ့်မှ ရဟန်းပြုသူ ဟုတ်ဟန်မတူ၊ ဤရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း၊ မင်းစေတမန်တို့ လျင်လျင်မြန်မြန် လိုက်ကြကုန်လော့။ 414
စေလွှတ်လိုက်ကုန်သော ထိုမင်းစေတမန်တို့က ရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း ဟု နှလုံးသွင်းလျက် ထက်ချပ်မကွာ လိုက်ကြကုန်၏။ 415
အိမ်စဉ် မပြတ် ဆွမ်းခံကြွတော်မူသော ဘုရားလောင်းသည် ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိသည် ဖြစ်၍ လက်ခြေတို့ကို စောင့်စည်းလျက် ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အောက်မေ့မှု 'သတိ' ရှိကာ လျင်စွာ သပိတ်ကို ပြည့်စေတော် မူ၏။ 418
မုနိဟု ဆိုအပ်သော ဘုရားလောင်းသည် ဆွမ်းခံ လှည့်လည်၍ မြို့မှ ထွက်ပြီးလျှင် ဤတောင်၌ နေမည်ဟု နှလုံးသွင်းလျက် ပဏ္ဍဝတောင်သို့ ရှေးရှု ကြွတော်မူ၏။ 417
မင်းစေတမန် သုံးယောက်တို့သည် တောင်သို့ နေရန်ကပ်သော ဘုရားလောင်းကို မြင်၍ ဘုရားလောင်း အနီးသို့ ချဉ်းကပ်ကြကုန်၏၊ ထိုသုံးယောက်တို့တွင် တစ်ယောက်သော သူသည်သာလျှင် ပြန်လာ၍ မင်းအား ကြားလျှောက်၏။ 418
မင်းကြီး ဤရဟန်းသည် ပဏ္ဍဝတောင်၏ ရှေကမျက်နှာ တောင်ခေါင်း လိုဏ်ဂူ၌ ကျားနှင့် နွားလားဥသဘ ကဲ့သို့ လည်းကောင်း၊ ခြင်္သေ့ကဲ့သို့ လည်းကောင်း နေတော်မူ၏။ 419
ဗိမ္ဗိသာရမင်းသည် စေတမန်၏ စကားကို ကြားလျှင် ကောင်းမြတ်သော ယာဉ်ဖြင့် လျင်မြန်သော သဘော ရှိသည် ဖြစ်၍ ပဏ္ဍဝတောင်သို့ ထွက်တော်မူ၏။ 420
ထိုဗိမ္ဗိသာရမင်းသည် ယာဉ်ဖြင့် သွားနိုင်သော အရပ်တိုင်အောင် ယာဉ်ဖြင့် သွားပြီးလျှင် ယာဉ်မှ သက်ဆင်း၍ ခြေကျင်သာလျှင် ထိုဘုရားလောင်း အနီးသို့ ချဉ်းကပ်ထိုင်နေ၏။ 421
မင်းသည် ထိုင်နေလတ်ပြီးသော် အသက်ထက်ဆုံး အောက်မေ့ ထိုက်သော စကားကို ဝမ်းမြောက်ဝမ်းသာ ပြောဆို ပြီးဆုံးစေပြီးလျှင် ဤအကြောင်းအရာကို လျှောက်ကြား၏။ 422
အသျှင်ဘုရား အသျှင်ဘုရားသည် ပျိုလည်း ပျို၏၊ ငယ်လည်း ငယ်၏၊ ပဌမအရွယ်လည်း ဖြစ်၏၊ နုလည်း နု၏၊ လုံးရပ် သဏ္ဌာန်နှင့်လည်း ပြည့်စုံ၏၊ အမျိုးဇာတ်နှင့် ပြည့်စုံသော မင်းနှင့်တူပါ၏။423
အသျှင်ဘုရား အသျှင်ဘုရားအား တပည့်တော်သည် ဗိုလ်ပါအပေါင်းကို အစပြု၍ စည်းစိမ်ဥစ္စာတို့ကို ပေးပါအံ့၊ အသျှင်ဘုရားသည် ဗိုလ်ပါ ဆင်မြင်း အပေါင်းခြံရံလျက် တင့်တင့်တယ်တယ် ခံစားပါလော့၊ အမျိုးဇာတ်ကို မေးမြန်းအပ်သည် ဖြစ်ရကား အသျှင်ဘုရားသည် ဖြေကြားပါလော့။ 424
မင်းကြီး ဟိမဝန္တာတောင်နံပါးမှ ဖြောင့်ဖြောင့်ဖြစ်၍ ကောသလတိုင်းတို့၌ အပါအဝင် ဖြစ်သော ခုနစ်ပါးသော ဥစ္စာရတနာ ရဲရင့်သော ယောက်ျားကောင်းတို့နှင့် ပြည့်စုံသော ဇနပုဒ်သည် ငါ၏ အမြဲနေရာတည်း။ 425
ငါသည် အနွယ်အားဖြင့် နေမျိုးနွယ်ဖြစ်၏၊ ဇာတ်အားဖြင့် သာကိယဇာတ်ဖြစ်၏၊ ထိုအမျိုးဇာတ်မှ ထွက်၍ ရဟန်းပြုခဲ့၏၊ ကာမဂုဏ်တို့ကို ငါမတောင့်တတော့ပေ။ 426
ငါသည် ကာမတို့၌ အပြစ်ကို မြင်၍ ကာမမှ ထွက်မြောက်ခြင်းကို ဘေးကင်းသောအားဖြင့် ရှုပြီးလျှင် နိဗ္ဗာန်ကို တောင့်တလျက် တရားအားထုတ်ရန် သွားအံ့၊ ဤတရားအားထုတ်မှု၌ ငါ၏စိတ်သည် နှစ်သက်၏ ဟု မိန့်တော်မူ၏။ 427
၁ - ပဗ္ဗဇ္ဇာသုတ်၊ မဟာဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။
No comments:
Post a Comment