နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Showing posts with label ခုဒ္ဒကနိကာယ်. Show all posts
Showing posts with label ခုဒ္ဒကနိကာယ်. Show all posts

Friday, June 17, 2011

ရဟန်းအဖြစ်...



ပဗ္ဗဇ္ဇာသုတ်

စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကြင်အခြင်းအရာ အားဖြင့် ရဟန်းပြု၏၊ အကြင် အခြင်းအရာအားဖြင့် စုံစမ်းသည်ဖြစ်၍ ရဟန်းအဖြစ်ကို နှစ်သက်တော်မူ၏၊ ထိုအခြင်းအရာအားဖြင့် မြတ်စွာဘုရား၏ ရဟန်းအဖြစ် ကို ပြောကြားပေအံ့။ 408

ဤအိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းလှ၏၊ ရာဂစသော မြူ၏ဖြစ်ရာ အာရုံတည်း ဟူ၍ လည်းကောင်း၊ ရဟန်းအဖြစ်သည် ဟင်းလင်းပြင်ကဲ့သို့ ကျယ်ပြန့်သည်သာ တည်းဟူ၍ လည်းကောင်း ဤသို့ မြင်သောကြောင့် ရဟန်း ပြုတော်မူ၏။ 409

ရဟန်းပြုပြီးလျှင် ကိုယ်ဖြင့် မကောင်းသော အမှုကို ကြဉ်ရှောင်၏၊ ဝစီ ဒုစရိုက်ကို ပယ်စွန့်၍ အသက်မွေးမြူမှု ကို သုတ်သင်၏။ 410

မြတ်စွာဘုရားသည် မဂဓတိုင်းသူတို့၏ တောင်ငါးလုံး ကာရံသည့် ရာဇဂြိုဟ်မြို့သို့ကြွတော်မူ၏၊ ကိုယ်တော် အလုံး၌ ပျံ့နှံ့တည်နေသော မြတ်သော လက္ခဏာ ရှိသည်ဖြစ်၍ ထိုရာဇဂြိုဟ်မြို့၌ ဆွမ်းခံကြွတော်မူ၏။ 411

ဗိမ္ဗိသာရမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် လက္ခဏာတော်တို့နှင့် ပြည့်စုံသော ထိုဘုရား အလောင်း တော်ကို မြင်သောကြောင့် ဤဆိုမည့် အကြောင်း အရာကို မိန့်ကြား၏။ 412

အချင်းတို့ ဤသူကို ရှုကြကုန်လော့၊ ရုပ်အဆင်းလှ၏၊ အလုံးအရပ်နှင့် ပြည့်စုံ၏၊ သန့်ရှင်းစင်ကြယ်၏၊ သိမ်မွေ့သော သွားခြင်းနှင့်လည်း ပြည့်စုံ၏၊ ရထား ထမ်းပိုး တစ်ပြန်မျှသာ ကြည့်ရှု၏။ 413

အောက်သို့ ချသော မျက်လွှာရှိ၏၊ သတိရှိ၏၊ ဇာတ်နိမ့်မှ ရဟန်းပြုသူ ဟုတ်ဟန်မတူ၊ ဤရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း၊ မင်းစေတမန်တို့ လျင်လျင်မြန်မြန် လိုက်ကြကုန်လော့။ 414

စေလွှတ်လိုက်ကုန်သော ထိုမင်းစေတမန်တို့က ရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း ဟု နှလုံးသွင်းလျက် ထက်ချပ်မကွာ လိုက်ကြကုန်၏။ 415

အိမ်စဉ် မပြတ် ဆွမ်းခံကြွတော်မူသော ဘုရားလောင်းသည် ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိသည် ဖြစ်၍ လက်ခြေတို့ကို စောင့်စည်းလျက် ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အောက်မေ့မှု 'သတိ' ရှိကာ လျင်စွာ သပိတ်ကို ပြည့်စေတော် မူ၏။ 418

မုနိဟု ဆိုအပ်သော ဘုရားလောင်းသည် ဆွမ်းခံ လှည့်လည်၍ မြို့မှ ထွက်ပြီးလျှင် ဤတောင်၌ နေမည်ဟု နှလုံးသွင်းလျက် ပဏ္ဍဝတောင်သို့ ရှေးရှု ကြွတော်မူ၏။ 417

မင်းစေတမန် သုံးယောက်တို့သည် တောင်သို့ နေရန်ကပ်သော ဘုရားလောင်းကို မြင်၍ ဘုရားလောင်း အနီးသို့ ချဉ်းကပ်ကြကုန်၏၊ ထိုသုံးယောက်တို့တွင် တစ်ယောက်သော သူသည်သာလျှင် ပြန်လာ၍ မင်းအား ကြားလျှောက်၏။ 418

မင်းကြီး ဤရဟန်းသည် ပဏ္ဍဝတောင်၏ ရှေကမျက်နှာ တောင်ခေါင်း လိုဏ်ဂူ၌ ကျားနှင့် နွားလားဥသဘ ကဲ့သို့ လည်းကောင်း၊ ခြင်္သေ့ကဲ့သို့ လည်းကောင်း နေတော်မူ၏။ 419

ဗိမ္ဗိသာရမင်းသည် စေတမန်၏ စကားကို ကြားလျှင် ကောင်းမြတ်သော ယာဉ်ဖြင့် လျင်မြန်သော သဘော ရှိသည် ဖြစ်၍ ပဏ္ဍဝတောင်သို့ ထွက်တော်မူ၏။ 420

ထိုဗိမ္ဗိသာရမင်းသည် ယာဉ်ဖြင့် သွားနိုင်သော အရပ်တိုင်အောင် ယာဉ်ဖြင့် သွားပြီးလျှင် ယာဉ်မှ သက်ဆင်း၍ ခြေကျင်သာလျှင် ထိုဘုရားလောင်း အနီးသို့ ချဉ်းကပ်ထိုင်နေ၏။ 421

မင်းသည် ထိုင်နေလတ်ပြီးသော် အသက်ထက်ဆုံး အောက်မေ့ ထိုက်သော စကားကို ဝမ်းမြောက်ဝမ်းသာ ပြောဆို ပြီးဆုံးစေပြီးလျှင် ဤအကြောင်းအရာကို လျှောက်ကြား၏။ 422

အသျှင်ဘုရား အသျှင်ဘုရားသည် ပျိုလည်း ပျို၏၊ ငယ်လည်း ငယ်၏၊ ပဌမအရွယ်လည်း ဖြစ်၏၊ နုလည်း နု၏၊ လုံးရပ် သဏ္ဌာန်နှင့်လည်း ပြည့်စုံ၏၊ အမျိုးဇာတ်နှင့် ပြည့်စုံသော မင်းနှင့်တူပါ၏။423

အသျှင်ဘုရား အသျှင်ဘုရားအား တပည့်တော်သည် ဗိုလ်ပါအပေါင်းကို အစပြု၍ စည်းစိမ်ဥစ္စာတို့ကို ပေးပါအံ့၊ အသျှင်ဘုရားသည် ဗိုလ်ပါ ဆင်မြင်း အပေါင်းခြံရံလျက် တင့်တင့်တယ်တယ် ခံစားပါလော့၊ အမျိုးဇာတ်ကို မေးမြန်းအပ်သည် ဖြစ်ရကား အသျှင်ဘုရားသည် ဖြေကြားပါလော့။ 424

မင်းကြီး ဟိမဝန္တာတောင်နံပါးမှ ဖြောင့်ဖြောင့်ဖြစ်၍ ကောသလတိုင်းတို့၌ အပါအဝင် ဖြစ်သော ခုနစ်ပါးသော ဥစ္စာရတနာ ရဲရင့်သော ယောက်ျားကောင်းတို့နှင့် ပြည့်စုံသော ဇနပုဒ်သည် ငါ၏ အမြဲနေရာတည်း။ 425

ငါသည် အနွယ်အားဖြင့် နေမျိုးနွယ်ဖြစ်၏၊ ဇာတ်အားဖြင့် သာကိယဇာတ်ဖြစ်၏၊ ထိုအမျိုးဇာတ်မှ ထွက်၍ ရဟန်းပြုခဲ့၏၊ ကာမဂုဏ်တို့ကို ငါမတောင့်တတော့ပေ။ 426

ငါသည် ကာမတို့၌ အပြစ်ကို မြင်၍ ကာမမှ ထွက်မြောက်ခြင်းကို ဘေးကင်းသောအားဖြင့် ရှုပြီးလျှင် နိဗ္ဗာန်ကို တောင့်တလျက် တရားအားထုတ်ရန် သွားအံ့၊ ဤတရားအားထုတ်မှု၌ ငါ၏စိတ်သည် နှစ်သက်၏ ဟု မိန့်တော်မူ၏။ 427

၁ - ပဗ္ဗဇ္ဇာသုတ်၊ မဟာဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, June 7, 2011

တရားဖြင့် ချီးမြှောက်ြခင်းသည် မြတ်၏...



ဗြာဟ္မဏဓမ္မယာဂသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ငါဘုရားသည် ဗြာဟ္မဏအစစ် ဖြစ်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်နေသူ ဖြစ်၏၊ အခါခပ်သိမ်း ပေးလှူရန် ဆေးကြောပြီးသော လက်ရှိသူ ဖြစ်၏၊ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်သူဖြစ်၏၊ အတုမရှိသော ဆေးဆရာဖြစ်၏၊ အတုမရှိမူ၍ ငြောင့်ကို နုတ်တတ်သူ ဆရာဖြစ်၏၊

သင်တို့သည် ထိုငါဘုရား၏ ရင်၌ ဖြစ်သူ ခံတွင်းမှဖြစ်သူ အရိယမဂ် တရား၌ ဖြစ်သူ အရိယမဂ်တရားသည် ဖန်ဆင်းအပ်သူ တရားအမွေခံသူ အာမိသအမွေခံ မဟုတ်သူ သားတော်တို့ ဖြစ်ကြကုန်လော့။

ရဟန်းတို့ ဒါနတို့သည် ပစ္စည်းလေးပါး အာမိသကို ပေးလှူမှု 'အာမိသဒါန' လည်းကောင်း တရားဟောခြင်းစသော ပေးလှူမှု 'ဓမ္မဒါန' လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤဒါနနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မဒါန' သည် မြတ်၏။

ရဟန်းတို့ ခွဲခြမ်း ဝေဖန်ခြင်းတို့သည် ပစ္စည်းလေးပါး အာမိသကို ခွဲခြမ်း ဝေဖန်ခြင်း 'အာမိသသံဝိဘာဂ' လည်းကောင်း၊ တရားဟောခြင်းစသော ခွဲခြမ်းဝေဖန်ခြင်း 'ဓမ္မသံဝိဘာဂ' လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ခွဲခြမ်း ဝေဖန်ခြင်း သံဝိဘာဂနှစ်မျိုးတို့တွင် တရားဟောခြင်း စသော 'ဓမ္မသံဝိဘာဂ' သည် မြတ်၏။

ရဟန်းတို့ ချီးမြှောက်ြခင်းတို့သည် ပစ္စည်းလေးပါးဖြင့် ချီးမြှောက်ြခင်း 'အာမိသာနုဂ္ဂဟ' လည်းကောင်း၊ တရားဟောခြင်း စသည်ဖြင့် ချီးမြှောက်ြခင်း 'ဓမ္မာနုဂ္ဂဟ' လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤနှစ်မျိုးသော ချီးမြှောက်ြခင်းတို့တွင် အကြင် တရားဟောခြင်း စသည်ဖြင့် ချီးမြှောက်ြခင်း 'ဓမ္မာနုဂ္ဂဟ' သည် မြတ်၏။

ရဟန်းတို့ ပူဇော်ခြင်းတို့သည် ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်း လည်းကောင်း၊ တရားဟောခြင်း စသည်ဖြင့် ပူဇော်ခြင်း လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤနှစ်မျိုးသော ပူဇြော်ခင်းတို့တွင် တရားဟောခြင်း စသည်ဖြင့် ပူဇြော်ခင်းသည် မြတ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို –

''အလုံးစုံသော သတ္တဝါတို့ကို သနားတော်မူလေ့ရှိသော အကြင် မြတ်စွာဘုရားသည် ဝန်တိုစိတ်မရှိမူ၍ တရားဟောတော်မူခြင်း ဟူသော ယဇ်ပူဇော်ခြင်းကို ပေးလှူပူဇော်ခဲ့ပြီ။ နတ်လူတို့ထက် မြတ်တော်မူသော ဘဝ၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ထိုသို့ သဘောရှိသော မြတ်စွာဘုရားကို သတ္တဝါတို့သည် ရှိခိုးကြကုန်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 100

၁ - ဗြာဟ္မဏဓမ္မယာဂသုတ်၊ စတုက္ကနိပါတ်၊ ဣတိဝုတ်ပါဠိတော်။ တရားဖြင့် ချီးမြှောက်ြခင်းသည် မြတ်၏...



Sunday, June 5, 2011

ချမ်းသာသော လောကသို့ ကပ်ရောက်လိုသော်...

ပုညကိရိယဝတ္ထုသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပုညကိရိယဝတ္ထုတို့သည် ဤသုံးပါးတို့တည်း။

အဘယ်သုံးပါးတို့နည်း-

ပေးကမ်းမှု 'ဒါန' ဟူသော ပုညကိရိယဝတ္ထု၊
ကျင့်သုံးမှု 'သီလ' ဟူသော ပုညကိရိယဝတ္ထု၊
ပွါးများမှု 'ဘာဝနာ' ဟူသော ပုညကိရိယဝတ္ထုတို့တည်း။
ရဟန်းတို့ ပုညကိရိယဝတ္ထုတို့သည် ဤသုံးပါးတို့တည်း။

ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

''ထိုသူသည် ကုသိုလ် ကောင်းမှုကိုသာလျှင် ကျင့်ရာ၏။ နောင်အခါ၌ မြင့်မြတ်၍ ချမ်းသာကျိုး ရှိသော ဒါနကို လည်းကောင်း၊ ကောင်းသော အကျင့်ကို လည်းကောင်း၊ မေတ္တာစိတ်ကို လည်းကောင်း ပွါးများရာ၏။

ပညာရှိသူသည် သုခလျှင် အာနိသင် ရှိကုန်သော ဤတရားသုံးပါးတို့ကို ပွါးများ၍ ဆင်းရဲကင်းသော ချမ်းသာသော လောကသို့ ကပ်ရောက်ရ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 60


၁ - ပုညကိရိယဝတ္ထုသုတ်၊ ဒုတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, June 3, 2011

ကာမ...



ကာမသုတ်

ဝတ္ထုကာမကို အလိုရှိသော သတ္တဝါအား ထိုဝတ္ထုကာမကို အလိုရှိတိုင်း အပြည့်အစုံရခဲ့မူ ယင်းသို့ အလိုရှိတိုင်း ရသောကြောင့် ဧကန် နှစ်သက် ဝမ်းမြောက်သော စိတ်ရှိ၏။ 773

ကာမကို အလိုရှိသည်ဖြစ်၍ လိုလားတောင့်တမှု ဖြစ်ပေါ်နေသော ထိုသတ္တဝါအား ထိုကာမတို့ ဆုတ်ယုတ်ကုန်မူ မြားပစ်ခံရသူကဲ့သို့ ဖောက်ပြန်တော့၏။ 774

မြွေ၏ ဦးခေါင်းကို မိမိ၏ ခြေဖြင့် ရှောင်ဖယ်သွား သကဲ့သို့ အကြင်သူသည် ကာမတို့ကို ရှောင်ဖယ်၏၊ သတိရှိသော ထိုသူသည် လောက၌ ဤကပ်ငြိမှု 'တဏှာ' ကို ကောင်းစွာ လွန်မြောက်နိုင်၏။ 775

အကြင်သူသည် လယ်ယာ မြေ အိမ်ရာ ရွှေ ငွေ နွား မြင်း ကျွန် အမှုလုပ် မိန်းမဆွေမျိုးတို့နှင့် အခြား ကာမဂုဏ်မျိုးတို့ကို တပ်မက်မော၏၊ အားမရှိသော ကိလေသာတို့သည် ထိုပုဂ္ဂိုလ်ကို နှိပ်စက်ကုန်၏၊ ထိုထိုဘေးရန်တို့ နှိပ်စက် ခံရသောကြောင့် ရေသည် လှေကွဲသို့ မပြတ်ဝင်ဘိ သကဲ့သို့ ဆင်းရဲသည် ထိုပုဂ္ဂိုလ်ကို မပြတ် လိုက်နေတော့၏။ 776-777

ထို့ကြောင့် သတ္တဝါသည် သတိထားလျက် ကာမတို့ကို အခါခပ်သိမ်း ရှောင်ကြဉ်ရာ၏၊ လှေကို ရေပက်ထုတ်လျက် တစ်ဖက်ကမ်းသို့ လှော်ခတ်သွား သကဲ့သို့ ထိုကာမတို့ကို ပယ်ထုတ်၍ သြဃလေးဖြာ သံသရာကို ကူးမြောက်ရာ၏။ 778

၁ - ကာမသုတ်၊ အဋ္ဌကဝဂ်၊ သုတ္တန္တပိဋကတ်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, May 18, 2011

ဇရာ...

ဇရာသုတ်

လူတို့၏ ဤအသက်သည် နည်းငယ် တိုတောင်းလှလေစွ၊ အနှစ်တစ်ရာ အတွင်း၌သော်လည်း သေတတ်၏၊ အနှစ်တစ်ရာကို လွန်၍ အသက်ရှင်စေကာမူ အိုမင်းရင့်ရော်၍သော်လည်း သေတတ်၏။ ၈၁၁

လူတို့သည် မြတ်နိုးဖွယ် ဝတ္ထုကြောင့် စိုးရိမ်ပူဆွေးကြကုန်၏၊ မှန်၏... အမြဲထာဝရ သိမ်းဆည်း ထားနိုင်သော ပစ္စည်း ဝတ္ထုတို့မည်သည် မရှိကြကုန်၊ ဤသို့ အမြဲထာဝရ သိမ်းဆည်း မထားနိုင်ခြင်းသည် လောက၌ ထင်ရှားဖြစ်ပေါ် နေသော ကွေကွင်း ပျက်စီးခြင်းပင်တည်းဟု မြင်၍ အိမ်ရာတည်ထောင် လူတို့ ဘောင်၌ မနေရာ။ ၈၁၂

ယောက်ျားသည် အကြင်မြတ်နိုးဖွယ် ဝတ္ထုပစ္စည်းကို ဤဥစ္စာကား ငါ့ဥစ္စာတည်းဟု မှတ်ထင်၏၊ ထိုဥစ္စာရှင် ယောက်ျား သေသောအခါ ထိုမြတ်နိုးဖွယ် ဝတ္ထုပစ္စည်းကို ပယ်စွန့်သွားရ၏၊ ရတနာသုံးပါးကို မြတ်နိုးသော ပညာရှိသည် ဤအကြောင်းကို လည်း သိ၍ ငါ့ဟာ ဟု စွဲလမ်းအပ်သော ဝတ္ထု၌ မညွတ်ကိုင်းရာ။ ၈၁၃

ယောက်ျားသည် အိပ်မက်ထဲ၌ တွေ့ဆုံကြုံကြိုက်သော သူကို နိုးသောအခါ မတွေ့မြင်ရတော့ သကဲ့သို့ ဤအတူပင် ချစ်မြတ်နိုးအပ်သော တမလွန်ဘဝသို့ ပြောင်းသွား ကွယ်လွန်လေပြီးသော သူကို မတွေ့မြင်ရတော့ပေ။ ၈၁၄

အကြင်သူတို့၏ ဦးဖြူ ဦးမည်းစသော ဤအမည်ကို ခေါ်ဝေါ်ပြောဆိုရာ၏၊ ထိုသူတို့ကို မြင်လည်းမြင်ရ ကြားလည်းကြားရကုန်၏၊ ထိုသတ္တဝါကွယ်လွန်သည် ရှိသော် မှည့်ခေါ်ထားသော ဦးဖြူ ဦးမည်းစသော အမည်မျှသာ ကြွင်းကျန် ရစ်တော့၏။ ၈၁၅

မြတ်နိုးဖွယ်ဝတ္ထု၌ မက်မော တွယ်တာသူတို့သည် စိုးရိမ်ပူဆွေး ငိုကြွေးမှု ဝန်တိုမှုကို မစွန့်လွှတ်နိုင်ကြကုန်၊ ထို့ကြောင့် ဘေးမရှိရာ နိဗ္ဗာန်ကို မြင်ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် သိမ်းဆည်းမှုကို စွန့်လွှတ်၍ ကျင့်ကြကုန်ပြီ။ ၈၁၆

ဆိတ်ငြိမ်သော နေရာသို့ ချဉ်းကပ်လျက် မြတ်နိုးဖွယ်အာရုံမှ တွန့်ဆုတ်သော စိတ်ရှိသည်ဖြစ်၍ ကျင့်သော ရဟန်း၏ ထိုအကျင့်ကို ညီညွတ် ကောင်းမြတ်သော အကျင့်ဟူ၍ ဆိုကြကုန်၏၊ ယင်းသို့ ကျင့်သော ရဟန်းသည် မိမိကိုယ်ကို သုံးဆယ့်တစ်ဘုံ၌ မမြင်စေတော့ပေ။ ၈၁၇

တဏှာဒိဋ္ဌိတို့ဖြင့် မမှီသော ရဟန္တာပုဂ္ဂိုလ်သည် အတွင်းအပ တရားအား လုံးတို့၌ ချစ်ခြင်းကိုလည်း မပြု၊ မုန်းခြင်းကိုလည်း မပြု၊ ကြာဖက်၌ ရေသည် မကပ်ငြိသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၌ ငိုကြွေးမှု ဝန်တိုမှုသည် မကပ်ငြိနိုင်။ ၈၁၈

ကြာဖက်၌ ရေပေါက်သည် မကပ်ငြိသကဲ့သို့ လည်းကောင်း၊ ပဒုမ္မာကြာ ၌ ရေသည်မကပ်ငြိသကဲ့သို့ လည်းကောင်း ဤအတူ ရဟန္တာပုဂ္ဂိုလ် သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌ မကပ်ငြိတော့ပေ။ ၈၁၉

ကိလေသာကို ခါတွက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့၌ ထိုတဏှာ မာန ဒိဋ္ဌိဖြင့် မစွဲလမ်း မမှတ်ထင်၊ တစ်ပါးသော အကျင့်ဖြင့် စင်ကြယ်ခြင်းကို အလိုမရှိ၊ ထိုရဟန္တာသည် ဗာလပုထုဇဉ်ကဲ့သို့ တပ်နှစ်သက်တတ်သူလည်း မဟုတ်၊ ကလျာဏ ပုထုဇဉ် သေက္ခတို့ကဲ့သို့ တပ်နှစ်သက်ခြင်း ကင်းဆဲလည်း မဟုတ်၊ တပ်နှစ်သက်ခြင်း ကင်းပြီးသူ ဖြစ်၏။ ၈၁၉

၆ - ဇရာသုတ်၊ အဋ္ဌကဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, May 15, 2011

သူတစ်ပါးကို မညှဉ်းဆဲရာ...






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, March 21, 2011

ချစ်အပ်သော အရာဝထ္ထု မရှိမူ ချမ်းသာ၏...



''လောက၌ များသော သဘောရှိကုန်သော အလုံးစုံသော စိုးရိမ်ခြင်းတို့သည် လည်းကောင်း၊ ငိုကြွေးခြင်းတို့သည် လည်းကောင်း၊ ဆင်းရဲခြင်းတို့သည် လည်းကောင်း ထင်ကုန်၏။ ထိုအလုံးစုံတို့သည် ချစ်အပ်သော အရာဝတ္ထုကို စွဲ၍ ဖြစ်ပေါ်ကုန်၏။ ချစ်အပ်သော အရာဝထ္ထု မရှိမူ ထိုအလုံးစုံတို့သည် မဖြစ်နိုင်ကုန်။

ထို့ကြောင့် လောက၌ အကြင်သူတို့အား ချစ်အပ်သော အရာဝတ္ထုသည် တစ်စုံ တစ်ခုမျှ မရှိ၊ ထိုသူတို့သည် ချမ်းသာ ကုန်၏။ စိုးရိမ်မှု ကင်းကုန်၏။ ထို့ကြောင့် စိုးရိမ်ကင်းမှု ကိလေသာမြူ ကင်းမှုကို တောင့်တသူတို့သည် လောက၌ တစ်စုံတစ်ခုသော ချစ်ခင်မှုကိုမျှ မပြုကြကုန်ရာ''

မူရင်းသုတ်တော် အစအဆုံး

၈ - ဝိသာခါသုတ် -မှ၊ ပါဋလိဂါမိယ၀ဂ်၊ ဥဒါန်းပါဠိတော်။ ခုဒ္ဒကနိကာယ်။







ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, February 27, 2011

သဘိယ ပရိဗိုဇ်၏အမေး နှင့် မြတ်ဗုဒ္ဓအဖြေ...






အမေးပြဿနာကို သင်ပေးသူက နတ်တစ်ပါး
မေးသူက သဘိယ ပရိဗိုဇ်
အမေးခံရသူက ဆရာ(ဘုရား)ကြီး ၆-ဦး နှင့် မြတ်ဗုဒ္ဓ
ဖြေကြားနိုင်သူက မြတ်ဗုဒ္ဓ
နေရာကတော့ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း

သဘိယ ပရိဗိုဇ်သည် ဤသို့ မေးလျှောက်ခဲ့ဘူး၏

၁။ အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန်သနည်း၊
၂။ အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန်သနည်း၊
၃။ အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊
၎။ အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆိုသနည်း၊
၅။ အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုကြကုန်သနည်း၊
၆။ အဘယ် အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုကြကုန်သနည်း၊
၇။ အဘယ်သို့သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက' ဟူ၍ ဆိုကြကုန်သနည်း၊
၈။ အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ်သူ 'နာဂ' ဟူ၍ ဆိုပါသနည်း၊
၉။ အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ ဟောကုန်သနည်း၊
၁၀။ အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက်ဆီးတတ်သူ (လူလိမ္မာ)ဟူ၍
ဟောကုန်သနည်း၊
၁၁။ အဘယ်သို့သော သူကို ပညာရှိ ဟူ၍ ဆိုကြကုန်သနည်း၊
၁၂။ အဘယ်အကြောင်းဖြင့် မုနိမည်၏ ဟူ၍ ဆိုအပ်သနည်း၊
၁၃။ အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ' ဟူ၍ ဆိုကုန်သနည်း၊
၁၄။ အဘယ်အကြောင်းဖြင့် လျော်စွာ သိသူ 'အနုဗုဒ္ဓ' ဟူ၍ ဆိုကြကုန်သနည်း၊
၁၅။ အဘယ်သို့သော သူကို ဝီရိယ ရှိသူဟူ၍ ဆိုကြကုန်သနည်း၊
၁၆။ အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊
၁၇။ အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ' ဟူ၍ ဆိုကြကုန်
သနည်း၊
၁၈။ အဘယ် အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊
၁၉။ အဘယ်သို့ သောသူကို စရဏ ရှိသူ ဟူ၍ ဆိုကြကုန်သနည်း၊
၂၀။ အဘယ်သို့လျှင် ပရိဗိုဇ်မည်ပါသနည်း၊ ဟု
ကျော်စောသူ အယူဝါဒတီထွင်သူ
သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကြကုန်သော
ဆရာ(ဘုရား)ကြီးများ အမည်ခံသူ

ပူရဏကဿပ
မက္ခလိဂေါသာလ
အဇိတကေသကမ္ဗလ
ပကုဓကစ္စာယန
သဉ္စယ ဗေလဋ္ဌပုတ္တ
နိဂဏ္ဌနာဋပုတ္တ
ဟူကုန်သော သမဏဗြာဟ္မဏတို့ထံသို့ ချဉ်းကပ်၍ ထိုအမေး ပြဿနာတို့ကို မေးမြန်း၏။ ထိုဆရာ (ဘုရား)ကြီးများသည် မဖြေနိုင်ကြကုန်၊

ထိုအမေးတို့ကို မြတ်ဗုဒ္ဓမှ ဤသို့ ဖြေကြားတော်မူလေသည်။

၁။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန်သနည်း၊


သဘိယ အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်၏၊ ယုံမှားခြင်းကို လွန်မြောက်၏၊ ပျက်စီးဆုတ်ယုတ်ခြင်းကို လည်းကောင်း၊ ကြီးပွါးခြင်းကို လည်းကောင်း ပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံးပြီး ဖြစ်၏၊ တစ်ဖန် ဘဝသစ်၌ ဖြစ်မှု ကုန်ခန်းပြီး ဖြစ်၏၊
ထိုပုဂ္ဂိုလ်သည် ဘိက္ခုမည်၏။


၂။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ (ဆဠင်္ဂုပေက္ခာဖြင့်) လျစ် လျူရှုတတ်၏၊ သတိရှိ၏၊ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ သြဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏၊ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင် ပုဂ္ဂိုလ်အား (ရာဂစသော) ထူပြောမှု 'ဥဿဒ' တို့ မရှိကုန်၊
ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူ မည်၏။


၃။ မြတ်စွာဘုရား အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောကအားလုံးဝယ် စက္ခု စသော ဣနြေ္ဒတို့သည် ပွါးများပြီး ဖြစ်ကုန်၏၊ ဤလောကကို လည်းကောင်း၊ တမလွန် လောကကို လည်းကောင်း ထိုးထွင်း သိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏၊
ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဉ်ကျေးသူ မည်၏။


၎။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆိုသနည်း၊


ကပ်ကမ္ဘာ အားလုံးတို့ကို လည်းကောင်း၊ နှစ်ပါးစုံသော စုတိပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကို လည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ ဆိုကြကုန်၏။


၅။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုကြကုန်သနည်း၊


သဘိယ (အကြင်ပုဂ္ဂိုလ်သည် ) မကောင်းမှု အားလုံးတို့ကို အပပြု၍ တည်သော သဘောရှိ၏၊ အညစ်အကြေး ကင်း၏၊ အရဟတ္တဖိုလ် သမာဓိဖြင့် ကောင်းစွာ တည်၏၊ သံသရာကို လွန်၍ ပြုဖွယ်ကိစ္စ ပြီးဆုံးပြီး ဖြစ်၏၊ တဏှာဒိဋ္ဌိကို မမှီမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုအပ်၏။


၆။ မြတ်စွာဘုရား အဘယ် အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် ထိုအရိယမဂ်ဖြင့် ကိလေသာတို့ကို ငြိမ်းစေလျက် တည်၏၊ ကောင်းမှု မကောင်းမှုကို ပယ်၍ ရာဂမြူ ကင်း၏၊ ဤလောကကို လည်းကောင်း၊ တမလွန်လောကကို လည်းကောင်း သိ၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ် ကို ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုအပ်၏။


၇။ မြတ်စွာဘုရား အဘယ်သို့သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက' ဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောက အားလုံးဝယ် အလုံးစုံသော မကောင်းမှုတို့ကို ဆေးလျော် ပြီးလျှင် တဏှာဒိဋ္ဌိတို့ဖြင့် ကြံစည်အပ်ကုန်သော လူ့ပြည် နတ်ပြည်တို့၌ လူဟူ၍ လည်းကောင်း၊ နတ်ဟူ၍ လည်းကောင်း ကြံစည်ခြင်းသို့ မရောက်၊
ထိုပုဂ္ဂိုလ်ကို ဆေးလျော်ပြီးသူ 'နှာတက' ဟူ၍ ဆိုအပ်၏။


၈။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ်သူ 'နာဂ' ဟူ၍ ဆိုပါသနည်း၊


အကြင်ပုဂ္ဂိုလ်သည် လောက၌ တစ်စုံတစ်ခုသော မကောင်းမှုကို မပြု၊ စပ်ယှဉ်မှု အားလုံးတို့ကို လည်းကောင်း၊ အနှောင်အဖွဲ့တို့ကို လည်းကောင်း ဖြေဖျောက်ပယ်စွန့်ပြီးလျှင် အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်သည်ဖြစ်၍ မကပ်ငြိ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို မကောင်းမှုကို မပြုသော 'နာဂ' ဟူ၍ ဆိုအပ်၏။


၉။ မြတ်စွာဘုရား အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ ဟောကုန်သနည်း၊


သဘိယ အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော အာယတနကို လည်းကောင်း၊ လူ၌ ဖြစ်သော အာယတနကို လည်းကောင်း ဗြဟ္မာ့ပြည်၌ ဖြစ်သော အာယတနကို လည်းကောင်း အာယတန အားလုံးတို့ကို သိမြင်တော်မူပြီး၍ အာယတန အားလုံးတို့၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို ခေတ္တမည်သော အာယတနကို အောင်ပြီးသူဟူ၍ ဆိုအပ်၏။


၁၀။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဟောကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော ကျီကြ (ကံ)ကို လည်းကောင်း လူ၌ ဖြစ်သော ကျီကြ(ကံ)ကို လည်း ကောင်း ဗြဟ္မာ၌ ဖြစ်သော ကျီကြ (ကံ) ကို လည်းကောင်း ကုသိုလ်ကံ အကုသိုလ်ကံ ကျီကြ အားလုံးတို့ကို သိမြင်ပြီး၍ ကျီကြကံ အားလုံးတို့၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို ကျီကြ (ကံ) ကို ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဆိုအပ်၏။


၁၁။ မြတ်စွာဘုရား အဘယ်သို့သော သူကို ပညာရှိ ဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း ဖြစ်ကုန်သော ဖြူစင်ကုန် သော အာယတနနှစ်ပါးတို့ကို သိမြင်၍ စင်ကြယ်သော ပညာရှိ၏၊ မည်းနက်သော အကုသိုလ်ကံ ဖြူစင်သော ကုသိုလ်ကံ တရားကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို ပညာရှိ ဟူ၍ ဆိုအပ်၏။


၁၂။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် မုနိမည်၏ ဟူ၍ ဆိုအပ်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း၊ လောကအားလုံး၌ သူယုတ်မာတို့၏ တရားကိုလည်းကောင်း၊ သူတော်ကောင်းတို့၏ တရားကို လည်းကောင်း သိမြင်၍ ရာဂစသော ကပ်ငြိမှု နှင့် တဏှာဒိဋ္ဌိဟူသော ကွန်ရက်ကို လွန်၍တည်၏၊
ထိုပုဂ္ဂိုလ်ကို နတ်လူတို့ ပူဇော်အပ်သည် ဖြစ်၍ မုနိဟူ၍ ဆိုအပ်၏။


၁၃။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ' ဟူ၍ ဆိုကုန်သနည်း၊


သဘိယ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် သမဏဗြာဟ္မဏတို့၏ ဝေဒကျမ်းအားလုံးတို့ကို သိမြင်၍ ဝေဒကျမ်း အားလုံးကို လွန်မြောက်လျက် ဝေဒနာအားလုံးတို့၌ တပ်စွန်းမှု ကင်း၏၊ ထိုပုဂ္ဂိုလ်ကို ဝေဒဂူမည်၏ ဟူ၍ ဆိုအပ်၏။


၁၄။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် လျော်စွာ သိသူ 'အနုဗုဒ္ဓ' ဟူ၍ ဆိုကြကုန်သနည်း၊


အကြင် ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း တဏှာဒိဋ္ဌိမာန ပပဉ္စတရားသုံးပါး နာမ်ရုပ်တရားနှင့် နာမ်ရုပ်ဟူသော အနာရောဂါ၏ အမြစ် အဝိဇ္ဇာဘဝတဏှာကို လျော်စွာ သိမြင်၍ ရောဂါ အားလုံးတို့၏ မူလဖြစ်သော အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို အနုဗုဒ္ဓဟူ၍ ဆိုအပ်၏။


၁၅။ မြတ်စွာဘုရား အဘယ်သို့သော သူကို ဝီရိယ ရှိသူဟူ၍ ဆိုကြကုန်သနည်း၊


ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် မကောင်းမှု အားလုံးတို့မှ ကြဉ်ရှောင်၏၊ ငရဲ၌ ဖြစ်သော ဝဋ်ဆင်းရဲကို လွန်မြောက်၍ တည်၏၊ ဝီရိယဟူသော နေရာအိမ်ရှိ၏၊ အကျင့်ပဓာန ရှိသည်ဖြစ်၍ တည်ကြည်မှုရှိသော ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို ဝီရိယ ရှိသူ ဟူ၍ ဆိုအပ်၏။


၁၆။ မြတ်စွာဘုရား အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊


အကြင် ပုဂ္ဂိုလ်အား အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း
အနှောင်အဖွဲ့ တို့သည် ဖြတ်တောက်ပြီး ဖြစ်ကုန်၏၊ ကပ်ငြိမှု အမြစ်မူလကိုလည်း နုတ်ပြီးဖြစ်၏၊ ကပ်ငြိမှုအားလုံး၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို အာဇာနည်ဟူ၍ ဆိုအပ်၏။


၁၇။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ' ဟူ၍ ဆိုကြကုန်သနည်း၊


သဘိယ လောက၌ တရားအားလုံးကို ကြားနာရသည်ရှိသော် ထူးသောဉာဏ်ဖြင့် သိလျက် အပြစ်ရှိ မရှိတရား ဟူသမျှကို နှိမ်နင်းသူ ယုံမှားခြင်း မရှိသူ အနှောင် အဖွဲ့မှ လွတ်မြောက်သူ ခန္ဓာစသော တရားအားလုံးတို့၌ ရာဂစသည် နှိပ်စက်ခြင်း မရှိသူ။
ထိုသူကို အကြားအမြင်များသူ 'သောတ္တိယ' ဟူ၍ ဆိုကြကုန်၏။


၁၈။ မြတ်စွာဘုရား အဘယ် အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အာသဝလေးပါးတို့ကို လည်းကောင်း၊ တဏှာဒိဋ္ဌိဟူသော အာလယ နှစ်ပါး တို့ကို လည်းကောင်း ဖြတ်၍ လေးပါးသော မဂ်ဉာဏ်သို့ ရောက်သဖြင့် သိကြားလိမ္မာ၏၊ ထိုပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်၊ သုံးပါးအပြားရှိသော သညာကို လည်းကောင်း၊ ကာမဂုဏ်တည်း ဟူသော ညွန်ကို လည်းကောင်း ပယ်ဖျောက်၍ တဏှာဒိဋ္ဌိဟူသော ကြံစည်မှု 'ကပ္ပ' သို့လည်း မရောက်၊ ထိုပုဂ္ဂိုလ်ကို အရိယာဟူ၍ ဆိုကြကုန်၏။


၁၉။ မြတ်စွာဘုရား အဘယ်သို့သောသူကို စရဏ ရှိသူ ဟူ၍ ဆိုကြကုန်သနည်း၊


ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်သည် စရဏတရားတို့ကြောင့် ရောက်သင့် ရောက်ထိုက်သော အရဟတ္တ ဖိုလ်သို့ ရောက်၏၊ စရဏတရားတို့၌လည်း လိမ္မာ၏၊ အခါခပ်သိမ်း နိဗ္ဗာန်တရားကိုလည်း သိ၏၊ အလုံးစုံသော ခန္ဓာစသော တရားတို့၌ မကပ်ငြိ၊ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်ပြီးသော စိတ်ရှိ၏၊ အကြင်ပုဂ္ဂိုလ်အား စိတ်ထိခိုက်မှု 'ပဋိဃ' တို့သည် မရှိကုန်၊
ထိုပုဂ္ဂိုလ်သည် စရဏရှိသူမည်၏။


၂၀။ အဘယ်သို့လျှင် ပရိဗိုဇ်မည်ပါသနည်း၊


အကြင် ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးကို ဖြစ်စေတတ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ကံကို မဂ်ဉာဏ်ဖြင့် ပယ်ထုတ်လွှင့်မှုတ်၍ လှည့်ပတ်မှု 'မာယာ' ကိုလည်းကောင်း၊ မာနကို လည်းကောင်း၊ လောဘ ဒေါသကို လည်းကောင်း ပိုင်းခြားသိလျက် ကျင့်သုံးပြီးလျှင် နာမ်ရုပ်တို့၏ အဆုံးကို ပြုခဲ့ပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ပရိဗ္ဗာဇက ဟူ၍ ဆိုကြကုန်၏။ ဟု မြတ်စွာဘုရားသည် မိန့်တော်မူလေ၏။


ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏'' ဟု လျှောက်၏။

အမေးအဖြေအဖြစ် တင်ပြရုံမျှသာ ဖြစ်ပါတယ်…
အစအဆုံးဖတ်နိုင်လျှင် ပိုကောင်းတယ်…
pdf နဲ့တင်ပေးထားမယ် အားသည့်အခါ ဖတ်မှတ်လေ့လာနိုင်ကြပါစေ…

သဘိယသုတ် အစအဆုံး

၆ - သဘိယသုတ်၊ ၃ - မဟာဝဂ်၊ သုတ္တနိပါတ်၊ ခုဒ္ဒကနိကာယ်။

Tuesday, April 6, 2010

မဏ္ဍူကဒေဝပုတ္တဝိမာန

မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု


ရေကန်၌ ဖါးသတ္တဝါဖြစ်စဉ် တနေ့သ၌ ဘုရားတရားတော်ကို နာယူခိုက် နွားကျောင်းသား၏ လက်ချက်ဖြင့် အသက်ဆုံး၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော အရောင်အဝါ ပြည့်စုံစွာ ဖြစ်လာရသော နတ်သား။

တန်ခိုးအားဖြင့် လည်းကောင်း, အခြံအရံ အကျော်အစောအားဖြင့် လည်းကောင်း ထွန်းလင်း တောက်ပလျက် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် ငါ၏ ခြေတော်တို့ကို ရှိခိုးသောသူကား အဘယ်သူပါနည်း ဟု မြတ်စွာဘုရားကမေးတော်မူ၏။ 857

အကျွန်ုပ်သည် ရှေးဘဝက ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားသော ဖားသတ္တဝါ ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရား၏ တရားတော်ကို နာနေစဉ် နွားကျောင်းသားသည် အကျွန်ုပ်ကို သေစေခဲ့ပါ၏။ 858

တစ်ခဏမျှ စိတ်ကြည်ညိုခြင်း၏ အကြောင်းကြောင့်ဖြစ်သော အကျွန်ုပ်၏ ပြည့်စုံခြင်းကို လည်းကောင်း, အခြံအရံများခြင်းကို လည်းလောင်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ အာနုဘော်ကိုလည်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ ကိုယ်ရေအဆင်းကို လည်းကောင်း, အရောင်အဝါကို လည်းကောင်း ရှုတော်မူပါလော့။ 859

ဂေါတမနွယ်ဖွား မြတ်စွာဘုရား တရားတော်ကို ရှည်ကြာစွာသော ကာလပတ်လုံး နာကုန်သော သတ္တဝါတို့သည်ကား စိုးရိမ်ပူပန်ခြင်း မရှိရာဖြစ်သော မတုန်လှုပ်သော နိဗ္ဗာန် အရပ်သို့ မချွတ် ရောက်ကြရကုန်သည်သာတည်း ဟု ဖြေကြား၏။ 860

၁ - မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု၊ မဟာရထ၀ဂ်၊ ၂ - ပုရိသဝိမာန၊ ခုဒ္ဒကနိကာယ်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, March 21, 2010

ငါသည် သပိတ်အလှူကို ပေးလှူခဲ့၏...

ပတ္တဒါယကတ္ထေရအပဒါန်

ကိုယ်နှုတ်နှလုံးကို လွန်စွာ ဆုံးမတော်မူသဖြင့် ဖြောင့်မတ်သည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား ငါသည် သပိတ်အလှူကို ပေးလှူခဲ့၏။20

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေး ကမ္ဘာထက်၌ သပိတ်လှူဒါန်းခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သပိတ်ကို လှူရခြင်း၏ အကျိုးပေတည်း။ 21

လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက် ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံး အမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ 22

ဤသို့လျှင် အသျှင်ပတ္တဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

၆ - ပတ္တဒါယကတ္ထေရအပဒါန်၊ တုဝရဒါယက၀ဂ်၊ ထေရာပဒါန်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါသည် တိဝရာပြည်မြတ်၌ ပန်းပဲသမား ဖြစ်ခဲ့၏...

ဝါသိဒါယကတ္ထေရအပဒါန်

ရှေးအခါက ငါသည် တိဝရာပြည်မြတ်၌ ပန်းပဲသမား ဖြစ်ခဲ့၏၊ ငါသည် ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရားအား ပဲခွပ်တစ်ခုကို ပေးလှူခဲ့၏။ 36

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေး ကမ္ဘာထက်၌ ပဲခွပ်ကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပဲခွပ်လှူရခြင်း၏ အကျိုးပေတည်း။ 37

လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက် ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ 38

ဤသို့လျှင် အသျှင်ဝါသိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

၁ဝ - ဝါသိဒါယကတ္ထေရအပဒါန်၊ ဥဒကာသန၀ဂ်၊ ထေရာပဒါန်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, March 1, 2010

ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကို လည်းကောင်း...

အဋ္ဌိပုဉ္ဇသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်စုဆောင်းထားသူလည်း ရှိခဲ့မူ စုဆောင်းထားတိုင်းလည်း မပျက်စီးခဲ့မူ တစ်ကမ္ဘာပတ်လုံး ပြေးသွား ကျင်လည်သော ပုဂ္ဂိုလ်တစ်ယောက်၏ ကြီးစွာသော အရိုးပေါင်း အရိုးပုံ အရိုးစုသည် ဤဝေပုလ္လတောင်ကြီးမျှပင် ရှိသည် ဖြစ်ရာ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက် သဘောကို ...
တစ်ကမ္ဘာပတ်လုံး ကျင်လည် ပြေးသွားရသော ပုဂ္ဂိုလ်တစ်ယောက်၏ အရိုးစုသည် တောင်မျှလောက် အစုအပုံရှိသည် ဖြစ်ရာ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

ထိုတောင်ကိုမူကား ...
မဂဓတိုင်းတို့၏ ဂိရိဗ္ဗဇမည်သော ရာဇဂြိုဟ် မြို့ဝယ် ဂိဇ္ဈကုဋ်တောင်၏
မြောက်ဘက်၌ တည်သော ကြီးသော ဝေပုလ္လတောင်ဟု ဆိုအပ်၏။

ဒုက္ခသစ္စာကို လည်းကောင်း ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကို လည်းကောင်း၊ ဒုက္ခကို လွန်မြောက်ရာ 'နိရောဓ' သစ္စာကို လည်းကောင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာ ဟု ဆိုအပ်သော အရိယသစ္စာတို့ကို လည်းကောင်း၊ အကြင်အခါ၌ ကောင်းသော ပညာဖြင့် မြင်၏။ ထိုအခါ ထိုပုဂ္ဂိုလ် သည် ကာမဘုံ၌ ခုနစ်ကြိမ် အလွန်ပြေးသွား၍ သံယောဇဉ် အားလုံးတို့၏ ကုန်ခြင်းကြောင့် ဒုက္ခ၏ အဆုံးကို ပြုလေတော့၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၎ - အဋ္ဌိပုဉ္ဇသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, January 24, 2010

စမ္ပေယျနဂါးမင်းအကျင့်...

စမ္ပေယျနာဂစရိယ၊ (စမ္ပေယျနဂါးမင်းအကျင့်)


ငါသည် တန်ခိုးကြီးသော စမ္ပေယျနဂါးမင်း ဖြစ်၏၊
ထိုအခါ၌လည်း တရားကို စောင့်သူ၊ သီလအကျင့်နှင့် ပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုအခါ၌လည်း ကုသိုလ်တရားကို ကျင့်လေ့ရှိသော ဥပုသ်ကျင့်သုံးသော ငါ့ကို မြွေဖမ်းသမားသည် ဖမ်းယူ၍ နန်းတော်တံခါး၌ ကစားစေ၏၊

ထိုမြွေဖမ်းသမားသည် အညို, အရွှေ, အနီဟူသော အကြင် အကြင်အဆင်းကို ကြံစည်၏၊ ငါသည် ထိုမြွေဖမ်းသမား၏ စိတ်သို့ အစဉ်လိုက်လျက် ကြံစည်သော အဆင်းနှင့်တူသော အဆင်းရှိသည် ဖြစ်၏။

ငါသည် ကုန်းကို ရေဖြစ်အောင် ပြုနိုင်၏၊ ရေကိုလည်း ကုန်းဖြစ်အောင် ပြုနိုင်၏၊ အကယ်၍ ငါသည် ထိုမြွေဖမ်းသမားအား အမျက်ထွက်ငြားအံ့၊ တစ်ခဏဖြင့် ပြာဖြစ်အောင် ပြုနိုင်၏။

ငါသည် အကယ်၍ စိတ်အလို လိုက်သည် ဖြစ်အံ့၊ သီလမှ ဆုတ်ယုတ်တော့အံ့၊ သီလမှ ဆုတ်ယုတ်သူအား မြတ်သော အကျိုးသည် မပြီးစီးနိုင်ချေ။

အကယ်၍ပင် ဤကိုယ်သည် ပျက်စီးပါစေ၊ ဤနေရာ၌ပင် ဖရိုဖရဲ ကြဲမူလည်း ကြဲပါစေ၊ 'ဖွဲပြာ ကဲ့သို့' ဖရိုဖရဲ ကြဲသော်လည်း ငါသည် သီလကိုမူ မဖျက်ဆီးလို။ ။
20-25
၃ - စမ္ပေယျနာဂစရိယ၊ ဟတ္ထိနာဂ၀ဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဝက်မျက်နှာ

သူကရမုခပေတ


ကိုယ်ဖြင့် စောင့်စည်း၍
နှုတ်ဖြင့် မစောင့်စည်းခဲ့သောကြောင့်
ကွယ်လွန်သောအခါ ရွှေအဆင်းနှင့်တူသော ကိုယ်
ဝက်မျက်နှာဖြင့်တူသော မျက်နှာဖြင့် ပြိတ္တာဖြစ်ရသူ

သင်၏ ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့် တူ၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်းဟု အသျှင်နာရဒက မေး၏။

အသျှင်နာရဒ ရှေးဘဝက အကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ နှုတ်ဖြင့်မူကား မစောင့်စည်းခဲ့ပါ၊ ထို့ကြောင့် အကျွန်ုပ်၏ အဆင်းသည် အရှင်ဘုရား မြင်ရသည့်အတိုင်း ကိုယ်မှာ ရွှေအဆင်း မျက်နှာကား ဝက်မျက်နှာနှင့်တူသော အဆင်းသဏ္ဌာန် ရှိပါ၏။

အသျှင်နာရဒ ထို့ကြောင့် အကျွန်ုပ်သည် အရှင့်အား ပြောဆိုလိုပါ၏၊ ဤအဖြစ်သနစ်ကို အရှင်ဘုရား ကိုယ်တိုင် မြင်ရပါပြီ၊ နှုတ်ဖြင့် မကောင်းမှုကို မပြုပါလင့်၊ ဝက်မျက်နှာနှင့်တူသူ မဖြစ်ပါစေလင့်ဟု ပြိတ္တာက ဖြေဆို၏။

၂ - သူကရမုခပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထုပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, January 11, 2010

မြတ်စွာဘုရားတို့၏ အဆုံးအမတော်...

ပိဏ္ဍောလသုတ်


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာ အလိုနည်းသူ ရောင့်ရဲ လွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန် သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြော တတ်သူ လွန်ကဲသော အရဟတ္တဖိုလ်သမာဓိ စိတ်ကို မပြတ် အားထုတ်သူ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာ အလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြောတတ်သူ လွန်ကဲသော အရဟတ္တဖိုလ် သမာဓိစိတ်ကို မပြတ် အားထုတ်သူ အသျှင် ပိဏ္ဍောလဘာရဒွါဇကို မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည်ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍...
ထိုသိသောအချိန်၌-





''တစ်စုံတစ်ယောက်ကိုမျှ နှုတ်ဖြင့် မစွပ်စွဲခြင်း လည်းကောင်း၊ ကိုယ်ဖြင့် မညှဉ်းဆဲခြင်း လည်းကောင်း၊ ပါတိမောက္ခသီလ၌ စောင့်စည်းခြင်း လည်းကောင်း၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း လည်းကောင်း၊ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာ၌ နေခြင်း လည်းကောင်း၊ လွန်ကဲသော စိတ်၌ အားထုတ်ခြင်း လည်းကောင်း ဤကား မြတ်စွာဘုရားတို့၏ အဆုံးအမတော်တည်း'' ဟု ဤဥဒါန်းကို
ကျူးရင့်တော်မူ၏။

၆ - ပိဏ္ဍောလသုတ်၊ မေဃိယ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, December 21, 2009

သေမင်းမမြင်နိုင်သော လောက...


မောဃရာဇမာဏဝပုစ္ဆ


သေမင်းမမြင်နိုင်သော လောက...

မောဃရာဇသည် ဤသို့ မေးလျှောက်၏...

အကျွန်ုပ်သည်သာကီနွယ်ဖွား မြတ်စွာဘုရားကို နှစ်ကြိမ်တိုင် မေးလျှောက်ခဲ့ပါပြီ၊ စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား ဖြေကြားတော် မမူခဲ့ပါ၊ ဝိသုဒ္ဓိနတ် ရဟန်းမြတ် ဖြစ်တော်မူသော အသျှင်ဘုရားသည် သုံးကြိမ် တိုင် မေးမှသာလျှင် ဖြေကြားတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါသည်။ 1123 - 1

ဤလောကသည်လည်းကောင်း၊ အခြားလောကသည်လည်းကောင်း၊ နတ်နှင့်တကွ သော ဗြဟ္မာလောကသည် လည်းကောင်း၊ ဂေါတမအနွယ် ဖြစ်တော်မူသော အခြံ အရံ အကျော်အစော ရှိတော်မူသော အသျှင်ဘုရား၏ အယူကို မသိပါ။ 1124 - 2

ဤသို့ အလွန်မြတ်သည်ကို သိမြင်တော်မူလေ့ရှိသော မြတ်စွာဘုရားထံသို့ ပြဿနာ မေးလိုသဖြင့် အကျွန်ုပ် လာရောက်ပါ၏၊ လောကကို အဘယ်သို့ ရှုသူကို သေမင်းသည် မမြင်နိုင်ပါသနည်း။ 1125 - 3

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
မောဃရာဇ အခါ ခပ်သိမ်း အောက်မေ့မှု 'သတိ' ရှိလျက် မိမိကိုယ်ဟု စွဲလမ်းယူမှု 'အတ္တာနုဒိဋ္ဌိ' ကို နုတ်ပယ်၍ လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှုလော့၊ ဤသို့ ရှုသည်ရှိသော် သေမင်းကို လွန်မြောက် နိုင်ရာ၏၊ ဤသို့ လောကကို ရှုသောသူကို သေမင်းသည် မမြင်နိုင်။ 1126 - 4

၁၅ - မောဃရာဇမာဏဝပုစ္ဆ၊ ပါရာယနဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, December 18, 2009

သြော် ချမ်းသာပေစွ ချမ်းသာပေစွ...

ဘဒ္ဒိယသုတ်

သြော် ချမ်းသာပေစွ ချမ်းသာပေစွ...


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် အနုပိယမြို့ သရက်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ကာဠီဂေါဓာ သာကီဝင်မင်းသမီး၏ သားဖြစ်သော အသျှင်ဘဒ္ဒိယသည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူးရင့်၏။

ကာဠီဂေါဓာ သာကီဝင်မင်းသမီး၏သား အသျှင်ဘဒ္ဒိယသည် တော၌နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည် ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူး ရင့်သည်ကို များစွာသော ရဟန်းတို့ ကြားကြ၍ ထိုရဟန်းတို့အား ဤသို့ အကြံဖြစ်၏ ''ငါ့သျှင်တို့ မချွတ် ဧကန် ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်၏။ ထိုအသျှင် ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဉ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူးရင့်၏ဟု ဤအကြံသည် ဖြစ်၏။

ထို့နောက် များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်ကြကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ ''အသျှင်ဘုရား ကာဠီဂေါဓာ၏ သား အသျှင်ဘဒ္ဒိယသည် တော၌ နေသည် ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည် ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ 'သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ' ဟု
မပြတ်ဥဒါန်းကို ကျူးရင့်ပါ၏။ မချွတ်ဧကန် ကာဠီဂေါဓာ၏သား အသျှင် ဘဒ္ဒိယသည် မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ကျင့်၏။ ထိုအသျှင်ဘဒ္ဒိယသည် လူ့ဘဝက ခံစားခဲ့ဖူးသော မင်းစည်းစိမ်ကို အစဉ်အောက်မေ့လျက် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူးရင့်ပါ၏ ဟု လျှောက်ထား ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်၍ ''ရဟန်း လာလော့၊ ငါ၏ စကားဖြင့် ဘဒ္ဒိယရဟန်းကို 'ငါ့သျှင် ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏' ဟု ခေါ်ချေလော့'' ဟု မိန့်တော်မူ၏။

''အသျှင်ဘုရား ကောင်းပါပြီ'' ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားတော်ကို ဝန်ခံ၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယထံသို့ ချဉ်းကပ်၍ ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို ''ငါ့သျှင်ဘဒ္ဒိယ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏'' ဟု ဤသို့ ပြောကြား၏။ ''ငါ့သျှင် ကောင်းပါပြီ''ဟု ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယသည် ထိုရဟန်း၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား ကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏။

တစ်ခုသော အရပ်၌ ထိုင်နေသော ကာဠီဂေါဓာ၏သား အသျှင်ဘဒ္ဒိယကို မြတ်စွာ ဘုရားသည် ဘဒ္ဒိယ သင်သည် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကျူးရင့်၏ဟု ငါ ကြားရခြင်းသည် မှန်သလောဟု မိန့်တော်မူ၏။

အသျှင်ဘုရား မှန်ပါ၏ဟု လျှောက်ထား၏။

ဘဒ္ဒိယ သင်သည် အဘယ်အကြောင်းကို သိမြင်သောကြောင့် တော၌ နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည် ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော်ချမ်းသာပေစွ'' ဟု မပြတ် ဥဒါန်းကို ကျူးရင့် သနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော်သည် ရှေးလူအဖြစ်ဖြင့် မင်းပြုစဉ် နန်းတော်တွင်း နန်းတော်ပြင်၌ လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ မြို့တွင်း မြို့ပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင် အပ်ပါ၏။ ဇနပုဒ်အတွင်း ဇနပုဒ် အပြင်၌လည်း အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်သည် ဤသို့ စောင့်ရှောက်အပ် လုံခြုံစေအပ်သည် ဖြစ်သော်လည်း ကြောက်ရွံ့ ထိတ်လန့်သည်ဖြစ်၍ နေရပါ၏။ အသျှင်ဘုရား တပည့်တော်သည် ယခုအခါ၌မူကား တော၌နေသည်ဖြစ်စေ၊ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ မကြောက်မရွံ့ မထိတ် မလန့်သည် ဖြစ်၍ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကြက်သီးမွေးညင်း မထဘဲ သူတစ်ပါးနှင့်စပ်သော အသက်မွေးခြင်း ရှိသည်ဖြစ်၍ သားသမင်စိတ်ထားဖြင့် နေရပါ၏။ အသျှင်ဘုရား တပည့်တော်သည် ဤအကြောင်းကို သိမြင်သည်ဖြစ်၍ တော၌ နေသည်ဖြစ်စေ သစ်ပင်ရင်း၌ နေသည်ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေသည်ဖြစ်စေ ''သြော် ချမ်းသာပေစွ၊ သြော် ချမ်းသာပေစွ'' ဟု မပြတ် ဤဥဒါန်းကို ကျူးရင့်ပါ၏ ဟု လျှောက်ထားလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''အကြင်ပုဂ္ဂိုလ်၏ အတွင်းစိတ်၌ အမျက် 'ဒေါသ' တို့သည် မရှိကုန်။ ဤသို့ ပြည့်စုံခြင်း ပျက်စီးခြင်းကိုလည်း လွန်မြောက်၏။ ဘေးကင်း၍ ချမ်းသာသော ကြောင့်ကြကွာသော ထိုပုဂ္ဂိုလ်ကို နတ်တို့သည်ပင် မြင်ရန် မစွမ်းနိုင်ကုန်'' ဟု ဤဥဒါန်းကို ကျူးရင့်တော် မူ၏။ 20 ၂၀

၁ဝ - ဘဒ္ဒိယသုတ်၊ မုစလိန္ဒဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, December 8, 2009

အမျှဝေသဖြင့် ချမ်းသာသုခ ရရှိကြသူ...




သာဏဝါသီထေရပေတဝတ္ထု

သာဏမထေရ်၏ မိဘဆွေမျိုးများသည် အကုသိုလ်ကို ပြုခဲ့ကြသောကြောင့် သေလွန်ကြသောအခါ ပြိတ္တာဘဝ၌ အဝတ်မပါ အစာမရ ဒုက္ခကြီးစွာ တွေ့နေကြရသည်ကို သာဏမထေရ် တွေ့မြင်၍ အလှူ အတန်းပြုကာ အမျှဝေသဖြင့် ချမ်းသာသုခ ရရှိကြသော ပြိတ္တာများ။

မကောင်းမှုမှ ငြိမ်းအေးစေပြီးသော ပွါးများပြီးသော ဣနြေ္ဒရှိသော ကုဏ္ဍိမြို့သား ပေါဋ္ဌပါဒမည်သော မထေရ်သည် သာဏတောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုသာဏဝါသီမထေရ်၏ အမိ အဖ အစ်ကိုတို့သည် မကောင်းမှုကံကို ပြုကြကုန် သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာ ရှိကုန်သည်ဖြစ်၍ ဤလူ့ပြည်မှ ပြိတ္တာဘုံသို့ လားရောက်ကြရကုန်၏။ 408-9

ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုသူတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့် ကြောက်ရွံ့ကြသူ၊ များစွာ ကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမှု ရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။ 410

ထိုသာဏဝါသီမထေရ်၏ အစ်ကိုသည် အဝတ်မပါဘဲ ခြေတစ်ဖဝါး သွားသာရှိ သော လမ်းကျဉ်း၌ အဆောတလျင် တစ်ယောက်တည်း လေးဘက်ထောက် သွားလျက် မထေရ်အား ကိုယ်ထင်ပြ၏။ 411
မထေရ်သည်ကား နှလုံးမသွင်းသောကြောင့် စကားမဆိုမူ၍ လွန်သွား၏၊ ထိုပြိတ္တာသည်လည်း ဤသို့ မထေရ်အား သိစေ၏၊ အကျွန်ုပ်သည် သင်၏ အစ်ကိုပါတည်း၊ ပြိတ္တာဘုံသို့ ရောက်နေရပါ၏။ 412

အရှင်ဘုရား သင်၏ အမိသည် လည်းကောင်း၊ အဖသည် လည်းကောင်း မကောင်းမှုကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာရှိကုန်သည်ဖြစ်၍ ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြရကုန်၏။ 413

ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုအမိ အဖတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့် ကြောက်ရွံ့ကြသူ၊ များစွာ ကြောက်ခြင်း ရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမှု ရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။ 414

အရှင်ဘုရား သနားခြင်း ရှိတော်မူသော အရှင်ဘုရားသည် သနားစောင့်ရှောက် ချီးမြှောက်တော်မူပါလော့၊ အကျွန်ုပ်တို့အတွက် ပေးလှူ၍ ကုသိုလ်အဖို့ကို ရည်ညွှန်း ပေးဝေပါလော့၊ အရှင်ဘုရား ပေးလှူအပ်သော အလှူဒါနဖြင့် ကြမ်းတမ်းသော မကောင်းမှုရှိသော မိဖတို့သည် မျှတကြပါကုန်လတ္တံ့ဟု အစ်ကို ပြိတ္တာက ပြော၏။ 415

သာဏဝါသီမထေရ်သည် လည်းကောင်း၊ အခြားရဟန်း တစ်ဆယ့်နှစ်ပါးတို့သည် လည်းကောင်း ဆွမ်းခံလှည့်လည်ကြကုန်၍ ဆွမ်းကိစ္စဟူသော အကြောင်းကြောင့် တစ်ပေါင်းတည်း စုဝေးကြကုန်၏။ 416

သာဏဝါသီမထေရ်သည် အလုံးစုံသော ရဟန်းတို့အား ''အရှင်တို့ အရှင်တို့သည် ရသမျှသော ဆွမ်းကို အကျွန်ုပ်အား ပေးကြပါကုန်လော့၊ ဆွေမျိုးတို့ကို ချီးမြှောက်ရန် သံဃာအား ဆွမ်းလုပ်ကျွေးခြင်းကို အကျွန်ုပ် ပြုလိုပါ၏'' ဟု ပြောဆို၏။ 417

တစ်ကျိပ်နှစ်ပါးသော ရဟန်းတို့သည် သာဏဝါသီမထေရ်အား ရသမျှ ဆွမ်းကို လှူဒါန်းဆောင်နှင်းကြကုန်၏၊ သာဏဝါသီမထေရ်သည် သံဃာကို ပင့်ဖိတ်၏၊ သာဏဝါသီမထေရ်သည် ပေးလှူပြီးလတ်သော် ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့ အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေ၏။ 418

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား စင်ကြယ်မွန်မြတ်၍ အရသာနှင့် ပြည့်စုံသော အထူးထူးသော အရသာရှိသည့် ဟင်းတို့နှင့် ယှဉ်သော ဘောဇဉ်သည် ဖြစ်ပေါ်လာတော့၏။ 419

ထိုနောက် အစ်ကိုသည် အဆင်းခွန်အားနှင့် ပြည့်စုံလျက် ချမ်းသာခြင်း ရှိသည်ဖြစ်၍ ကိုယ်ထင်ပြ၏၊ အရှင်ဘုရား ဘောဇဉ်သည် များပြားလှပါ၏၊ သို့သော် ကြည့်တော်မူပါဦးလော့၊ အကျွန်ုပ်တို့သည် အဝတ်မဆီး အချည်းနှီးသာ ဖြစ်ကြပါကုန်သေး၏၊ အရှင်ဘုရား အကျွန်ုပ်တို့ အဝတ် ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု အစ်ကို ပြိတ္တာက သာဏဝါသီမထေရ်ကို လျှောက်ပြန်၏။ 420

သာဏဝါသီမထေရ်သည် အမှိုက်ပုံမှ အနားပြတ်သော ပုဆိုး အပိုင်းအစတို့ကို ရှာမှီး ကောက်ယူ၍ ပုဆိုးကြမ်း သင်္ကန်းပြုလျက် စာတုဒ္ဒိသာ သံဃာအား ပေးလှူ၏။ 421

သာဏဝါသီမထေရ်သည် သင်္ကန်း ပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။ 422

ရည်ညွှန်း ပေးဝေသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား အဝတ်တို့သည် ဖြစ်ကုန်၏၊ ထို့နောက် အစ်ကို ပြိတ္တာသည် ကောင်းသော အဝတ်ကို ဝတ်လျက် မထေရ်အား မိမိကိုယ်ကို ကိုယ်ထင်ပြ၏။ 423

နန္ဒမင်း၏ တိုင်းနိုင်ငံ၌ အကြင်မျှလောက် အဝတ်ပုဆိုးတို့သည် ရှိပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့၏ အဝတ် ပုဆိုးတို့သည် ထိုအဝတ်တို့ထက် များပါ ကုန်၏။ 424

ပိုးကမ္ဗလာထည်တို့သည် လည်းကောင်း၊ ခေါမထည် ဝါချည်ထည်တို့သည် လည်းကောင်း အလျားအနံအားဖြင့်လည်း ကျယ်ပြန့်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည် လည်းကောင်း ကင်၌သာ တွဲရရွဲကျကုန်၏။

ထိုအကျွန်ုပ်တို့သည် စိတ်နှစ်သက်ရာရာ အဝတ်ကို ဝတ်ဆင်ရပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် အိမ်တို့ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု လျှောက်ပြန်၏။ 426

သာဏဝါသီမထေရ်သည် သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်၍ စာတုဒ္ဒိသာ သံဃာအား ပေးလှူ၏၊ သာဏဝါသီမထေရ်သည် ပေးလှူပြီး၍ ''ငါ၏ ဤအလှူ သည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။ 427

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား ပုံစံတူဖြစ်သော စုလစ်မွန်းချွန် အထွတ်တပ်သော အိမ်တို့သည် ဖြစ်ပေါ်ကုန်၏။

ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် အကြင်သို့သော သဘောရှိ၏၊ ဤသို့သော သဘောရှိသော အိမ်တို့သည် လူ့ပြည်တို့၌ မရှိပါကုန်၊ နတ်ပြည်တို့၌ အိမ်တို့သည် အကြင်သို့သော သဘောရှိကုန်၏၊ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် ထိုသို့သော သဘောရှိပါကုန်၏။ 429

အကျွန်ုပ်တို့၏ အိမ်တို့သည် အရောင်ဖြင့် ထွန်းပလျက် ထက်ဝန်းကျင်အရပ် လေးမျက်နှာတို့ကို တင့်တယ်စေပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် သောက်ရေကို ရနိုင်လောက်သော အခြင်းအရာအားဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု လျှောက်၏။ 430

သာဏဝါသီမထေရ်သည် ဓမကရိုဏ်ရေစစ်ကို (ရေဖြင့်) ပြည့်စေ၍ စာတုဒ္ဒိသာ သံဃာအားပေးလှူ၏၊ မထေရ်သည် ရေပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေတော်မူ၏။ 431

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား သောက်ရေသည် ဖြစ်၏၊ အေးမြသော ရေရှိကုန်သော၊ ကောင်းသော ဆိပ်ကမ်း ရှိကုန်သော၊ အေးမြ၍ မွှေးပျံ့ကြိုင်လှိုင်သော ရနံ့ ရှိကုန်သော၊ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော နက်သော လေးထောင့်ရေကန်တို့သည် ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းကုန်သည်ဖြစ်၍ ရေ၏ အထက်၌ ကြာဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။ 432-433

ထိုပြိတ္တာတို့သည် ထိုရေကန်၌ ချိုးသောက်ပြီးနောက် သာဏဝါသီမထေရ်အား ကိုယ်ထင်ပြကုန်၏၊ အရှင်ဘုရား သောက်ရေသည် များပြားလှပါပြီ၊ အကျွန်ုပ်တို့၏ ခြေတို့သည် နာကျင်ပါကုန်၏၊ ပြတ်ကွဲပါကုန်၏၊ ကျောက်စရစ်, သမန်းမြက်, ဆူးငြောင့်ရှိသော အရပ်၌ လှည့်လည်ကြရကုန်သော အကျွန်ုပ်တို့သည် ခြေခွင်လျက် သွားကြရပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် ယာဉ်ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု လျှောက်ကြကုန်၏။ 434-5

သာဏဝါသီမထေရ်သည် တစ်လွှာ တစ်ထပ်သာရှိသော ဖိနပ်ကိုရ၍ စာတုဒ္ဒိသာသံဃာအား ပေးလှူ၏၊ မထေရ်သည် ပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။ 436

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ မထေရ်၏ အဆွေအမျိုး ပြိတ္တာတို့သည် ရထားဖြင့် မထေရ်ထံသို့ လာကုန်၏၊ အရှင်ဘုရား ထမင်းကို လှူခြင်းဖြင့် လည်းကောင်း၊ အဝတ်ပုဆိုးကို လှူခြင်းဖြင့် လည်းကောင်း - 437

အိမ်ကို လှူခြင်းဖြင့် လည်းကောင်း၊ သောက်ရေကို လှူခြင်းဖြင့် လည်းကောင်း၊ ယာဉ် (ဖိနပ်)ကို လှူခြင်းဖြင့် လည်းကောင်း (ယာဉ်ကို ပေးလှူခြင်း, ထမင်းစသည့် ပစ္စည်းလေးပါးကို ပေးလှူခြင်း) နှစ်ပါးစုံဖြင့် အရှင်ဘုရားသည် အကျွန်ုပ်တို့ကို သနား ချီးမြှောက်အပ်ပါကုန်၏၊ အရှင်ဘုရား လောက၌ သနားခြင်း ကရုဏာ ရှိသော ရဟန်းကို ရှိခိုးခြင်းငှါ လာရောက်ကြပါကုန်၏ဟု လျှောက်ကုန်၏။

၂ - သာဏဝါသီထေရပေတဝတ္ထု၊ စူဠဝဂ်၊ ပေတဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, December 6, 2009

အဖော်မပါ တစ်ယောက်တည်း နေရပါမူ ကောင်းလေစွ...

နာဂသုတ်


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာ မိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုအခါ မြတ်စွာဘုရားအား ''ငါသည် ယခုအခါ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ပရိသတ် အပေါင်းမှ ထွက်၍ တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ'' ဟု အကြံသည် ဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီ ပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံ လှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြွလျက် ကိုယ်တိုင် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်း၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် အလုပ်အကျွေးကိုလည်း မခေါ် ရဟန်းသံဃာကိုလည်း မပန်ကြားဘဲ အဖော်မပါ တစ်ပါးတည်း ပါလိလေယျက တောအုပ်သို့ ဒေသစာရီ ကြွတော်မူ၏။ အစဉ်သဖြင့် ဒေသစာရီ ကြွတော်မူလတ်သော် ပါလိလေယျက တောအုပ်သို့ ဆိုက်ရောက် တော်မူ၏။

မြတ်စွာဘုရားသည် ထိုပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျို အနီး၌ နေတော်မူ၏။ ဆင်ပြောင်ကြီး တစ်ကောင်သည်လည်း ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းသည် ဖြစ်၍ အညွန့် ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ထိုဆင်ပြောင်ကြီး ချိုး၍ ချိုး၍ ချသော သစ်ခက် သစ်ကိုင်းကိုလည်း အခြား ဆင်တို့ စားကုန်၏။ ထိုဆင်ပြောင်ကြီးသည် နောက်ကျုကုန်သော ရေတို့ကိုလည်း သောက်ရ၏။ ရေဆိပ်မှ တက်သော ထိုဆင်ပြောင်ကြီး၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည် ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာ စွာ မနေရ။

ထိုအခါ ထိုဆင်ပြောင်ကြီးအား ''ငါသည် ယခုအခါ၌ ဆင်ထီး ဆင်မ ဆင်ပေါက် ဆင်ငယ်တို့နှင့် ရောပြွမ်း၍ နေရ၏။ အဖျားပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ ချသော အကိုင်းအခက်ကိုလည်း ဆင်ပေါက် ဆင်ငယ်တို့သည် စားကုန်၏။ နောက်ကျုသော ရေကိုလည်း သောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။

ငါသည် ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ဆင်အုပ် မှ ထွက်၍ တစ်ကောင်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ'' ဟု ဤအကြံသည် ဖြစ်၏။

ထို့နောက် ထိုဆင်ပြောင်ကြီးသည် ဆင်အုပ်မှ ဖဲ၍ ပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျို အနီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ နေ၏။ ထိုအခါ ထိုဆင်ပြောင်ကြီးသည် မြတ်စွာဘုရား နေတော်မူရာ အရပ်ကိုလည်း စိမ်းစိုသော မြက်သစ်ပင် မရှိအောင် ပြု၏။ နှာမောင်း ဖြင့်လည်း မြတ်စွာဘုရား၏ သောက်ရေ သုံးဆောင်ရေကို တည်ထား၏။

ထို့နောက် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူသော မြတ်စွာဘုရားအား ''ငါသည် ရှေးအခါက ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်း အမတ် တိတ္ထိ တိတ္ထိတပည့်တို့ နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ''ထိုငါသည် ယခုအခါ၌ ရဟန်းယောက်ျား ရဟန်း မိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်းမင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် မရောပြွမ်းဘဲ နေသောကြောင့် ချမ်းသာစွာ နေရ၏'' ဟု စိတ်အကြံ ဖြစ်၏။

ထိုဆင်ပြောင်ကြီးအားလည်း ''ငါသည် ရှေးအခါက ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းလျက် နေရသည် ဖြစ်၍ အညွန့်ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ချသော သစ်ခက် သစ်ကိုင်းကိုလည်း ဆင်ငယ်တို့သည် စားကုန်၏။ ငါသည် နောက်ကျုသော ရေတို့ကိုလည်း သောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုငါသည် ယခုအခါ ဆင်ထီး ဆင်မ ဆင်ပေါက်ဆင်ငယ်တို့နှင့် မရောပြွမ်းဘဲ နေရ၏။ အဖျားမပြတ်သော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ချသော သစ်ခက် သစ်ကိုင်းတို့ကိုလည်း ဆင်ငယ်တို့သည် မစားကုန်။ ကြည်လင်သော ရေတို့ကိုလည်း သောက်ရ၏။ ဆိပ်ကမ်းမှတက်သော ငါ၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် မသွားကုန်။ မရောပြွမ်းသောကြောင့် ချမ်းသာစွာ နေရ၏''ဟု ဤသို့ စိတ်အကြံ ဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် မိမိ၏ ကာယဝိဝေကကို သိ၍ ထိုဆင်ပြောင်ကြီး၏ စိတ်အကြံကိုလည်း မိမိစိတ်ဖြင့် သိတော်မူ၍ ထိုသိသော အချိန်၌- ''ဘုရားတည်း ဟူသော ဆင်ပြောင်ကြီးသည် တစ်ပါးတည်း တော၌ မွေ့လျော်ကုန် သကဲ့သို့ ဤဆင်ပြောင်ကြီးသည်လည်း တစ်စီးတည်း တော၌ မွေ့လျော်၏။ ထို့ကြောင့် မြတ်စွာဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ ထိုတစ်ပါးတည်း မွေ့လျော်သော စိတ်သည် လှည်းစွယ်ရန်းနှင့် တူသော အစွယ်ရှိသော ဆင်ပြောင်ကြီး၏ တစ်စီးတည်း မွေ့လျော်သော စိတ်နှင့်တူမျှ၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 35

၅ - နာဂသုတ်၊ မေဃိယဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, November 6, 2009

အမှန်မပြော ကုန်းတိုက်စကား ဆိုခဲ့သောကြောင့်

ကူဋဝိနိစ္ဆယိကပေတဝတ္ထု

ကျောက်ကုန်းသားကို ဖြတ်တောက် စားရသူ

တရားရုံးတော်၌ အမှန်မပြော ကုန်းတိုက်စကား ဆိုခဲ့သောကြောင့် သေလွန်သော အခါ နတ်ဝတ်တန်ဆာ နတ်သမီး အခြွေအရံတို့ဖြင့် အာနုဘော်ကြီးစွာ ခံစားရ သော်လည်း ကြောက်ခမန်းလိလိ မိမိ ကျောက်ကုန်းသားကို ဖြတ်တောက် စားသောက်နေရသော ပြိတ္တာ

ယောက်ျား သင်သည် နတ်ပန်းကို ပန်ဆင်လျက် ဦးရစ်ပေါင်းကာ လက်ကောက်စသော လက်ဝတ်တန်ဆာရှိသူ ဖြစ်ပေ၏၊ သင်၏ ကိုယ်ကို စန္ဒကူးနံ့သာဖြင့် လိမ်းကျံလျက် ကြည်လင်သော မျက်နှာ အဆင်းရှိသူ တက်သစ်စနေ၏ အဆင်းကဲ့သို့ တင့်တယ်သူ ဖြစ်ဘိ၏။ 499

သင်၏ ပရိသတ်၌ အကျုံးဝင်ကုန်သော သင်၏ ဤအခြွေအရံ နတ်တို့သည် လည်းကောင်း၊ သင်၏ တစ်သောင်းသော အခြွေအရံ နတ်သမီးတို့သည် လည်းကောင်း ခရုသင်း, လက်ကောက်, လက်ကြပ်တန်ဆာကို ဝတ်ဆင်ကြ ကုန်၏၊ ရွှေနားသွယ်ပန်းကိုလည်း ထူးဆန်းစွာ ပန်ဆင် ကြကုန်၏။ 500

သင်သည် ကြီးသော အာနုဘော်ရှိ၏၊ ကြက်သီးမွေးညင်း ထလောက်အောင် အဆင်း သဏ္ဌာန်ရှိပါပေ၏၊ (သို့ပါသော်လည်း) မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင်ဖြတ်၍ ခဲစားနေရဘိ၏။ 501

သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း အဘယ် မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင်ဖြတ်၍ ခဲစားဘိသနည်းဟု အသျှင်နာရဒက မေး၏။ 502

အရှင်ဘုရား အကျွန်ုပ်သည် သက်ရှိလောက၌ မိမိ၏ အကျိုးမဲ့ဖြစ်ရန် ကုန်းတိုက်စကား မုသားစကားဖြင့် လည်းကောင်း၊ ကောက်ကျစ်စဉ်းလဲခြင်း လှည့်ပတ်ခြင်းဖြင့် လည်းကောင်း ပြုကျင့်ခဲ့မိပါ၏။ 503

ထိုတရားစီရင်ရာ အရပ်၌ အကျွန်ုပ်သည် ပရိသတ်လယ်သို့ ရောက်၍ အမှန် ဆိုရမည့် အခါ ကြုံကြိုက် ဖြစ်ပေါ်လာသည်ရှိသော် အကျိုးအကြောင်းကို စွန့်ပစ်၍ အဓမ္မသို့ အစဉ်လိုက်ခဲ့မိပါ၏။ 504

အကြင်သူသည် ကျောက်ကုန်းသားကို ခဲစားသည်နှင့်တူစွာ ချောပစ်ကုန်းတိုက် မုသား ပြောဆိုတတ်၏၊ အကျွန်ုပ်သည် ယနေ့ မိမိကျောက်ကုန်းသားကို ခဲစားရသကဲ့သို့ ထို့အတူ ချောပစ်ကုန်းတိုက် မုသား ပြောဆိုတတ်သော ထိုသူသည် မိမိကျောက်ကုန်းသားကို ခဲစားရ၏။ 505

အသျှင်နာရဒ ဤအကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရား ကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော သူတစ်ပါးအကျိုးကို ကျင့်ခြင်း၌ လိမ္မာ ကုန်သော ဘုရားစသော သူတော်ကောင်းတို့ ဆိုဆုံးမသော ''သင်သည် ကုန်းတိုက်သော စကားကို မပြောဆိုလင့်၊ မုသား မပြောဆိုလင့်၊ အကျွန်ုပ်ကဲ့သို့ မိမိကျောက်ကုန်းသားကို စားရသည် မဖြစ်စေလင့်'' ဟူသော စကားမျိုးကိုသာ အကျွန်ုပ် ပြောဟောလိုပါ၏ဟု ပြိတ္တာက လျှောက်၏။ 506

၉ - ကူဋဝိနိစ္ဆယိကပေတဝတ္ထု၊ စူဠဝဂ်၊ ပေတဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။