နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, March 10, 2011

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''(ငါသည်) ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ်အကျိုးထူးကို စွဲ၍ ''ငါသည် ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟု မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ''ငါသည် ကံသာလျှင် ဥစ္စာရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

၇ - (အဘိဏှပစ္စဝေက္ခိတဗ္ဗ) ဌာနသုတ် –မှ၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။

အဘိဏှ အဘိဏှသုတ်


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, March 9, 2011

အရာအားလုံးနှင့် ရှင်ကွဲသေကွဲ ကွဲရခြင်းကို အမြဲမပြတ် ဆင်ခြင်ပါ…


အရာအားလုံးနှင့် ရှင်ကွဲသေကွဲ ကွဲရခြင်းကို အမြဲမပြတ် ဆင်ခြင်ပါ…

''ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ် အကျိုးထူးကို စွဲ၍ ''ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာ အားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ သတ္တဝါတို့အား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလားစွဲမက်ခြင်း 'ဆန္ဒရာဂ' ဖြင့် စွဲမက်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော သူအား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလား စွဲမက်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ''ငါ၏ ချစ်ခင် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည်'' ဟု မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။


''ငါတစ်ယောက်တည်းသာလျှင် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းဖြစ်သည် မဟုတ်။ စင်စစ်မူကား ဤဘုံဘဝသို့လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့သည် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေ၏'' ဟု ဆင်ခြင်၏။

ထို (ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏။

၇ - (အဘိဏှပစ္စဝေက္ခိတဗ္ဗ) ဌာနသုတ် –မှ၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။

အဘိဏှ အဘိဏှသုတ်


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, March 8, 2011

သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ…



သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''သေခြင်း သဘောရှိ၏၊ သေခြင်း သဘောတရားကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ်ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ် အကျိုးထူးကို စွဲ၍ ''ငါသည် သေခြင်း သဘောရှိ၏၊ သေခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ် သနည်း။

ရဟန်းတို့ သတ္တဝါတို့အား အသက်ရှင်ချိန်၌ အသက်မာန် ယစ်ခြင်းရှိ၏၊ ယင်းအသက် မာန်ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(သေခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား အသက်ရှင်ချိန်၌ ယင်းအသက် မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊

ခေါင်းပါးခြင်းမူလည်း ဖြစ်၏။ ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ''ငါသည် သေခြင်း သဘောရှိ၏၊ သေခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။


''ငါတစ်ယောက်တည်းသာလျှင် သေခြင်း သဘောရှိသည် ငါတစ်ယောက်တည်း သာလျှင် သေခြင်းသဘောကို မလွန်ဆန်နိုင်သည် မဟုတ်။ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့သည် သေခြင်း သဘော ရှိကုန်၏၊ သေခြင်း သဘောကို မလွန်ဆန်နိုင်ကုန်ချေ'' ဟူ၍ ဆင်ခြင်၏။

ထိုသေခြင်း အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏။

၇ - (အဘိဏှပစ္စဝေက္ခိတဗ္ဗ) ဌာနသုတ် –မှ၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။

အဘိဏှ အဘိဏှသုတ်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, March 7, 2011

နာခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ…



နာခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''နာခြင်း သဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍
မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ် အကျိုးထူးကို စွဲ၍ ''ငါသည် နာခြင်း သဘောရှိ၏၊ နာခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ သတ္တဝါတို့အား အနာကင်းချိန်၌ အနာကင်းမှု မာန်ယစ်ခြင်းရှိ၏၊ ယင်းမာန်ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(နာခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား အနာကင်းချိန်၌ အနာကင်းမှု မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ''ငါသည် နာခြင်း သဘောရှိ၏၊ နာခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

''ငါတစ်ယောက်တည်းသာလျှင် နာခြင်း သဘောရှိသည် ငါတစ်ယောက်တည်း သာလျှင် နာခြင်းသဘောကို မလွန်ဆန်နိုင်သည် မဟုတ်။ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် နာခြင်း သဘော ရှိကုန်၏၊ နာခြင်း သဘောကို မလွန်ဆန်နိုင်ကုန်ချေ'' ဟု ဆင်ခြင်၏။

ထို နာခြင်း အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏။

၇ - (အဘိဏှပစ္စဝေက္ခိတဗ္ဗ) ဌာနသုတ် –မှ၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။


အဘိဏှ အဘိဏှသုတ်




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, March 6, 2011

အိုခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

အိုခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''(ငါသည်) အိုခြင်း သဘောရှိ၏၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ အဘယ် အကျိုးထူးကို စွဲ၍ ''(ငါသည်) အိုခြင်း သဘောရှိ၏၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ သတ္တဝါတို့အား ပျိုရွယ်ချိန်၌ ပျိုရွယ် မာန်ယစ်ခြင်းရှိ၏၊ ယင်းပျိုရွယ်မာန်ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(အိုခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား ပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်းဖြစ်၏။

ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ''ငါသည် အိုခြင်း သဘောရှိ၏၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ အရိယာတပည့်သည် ''ငါတစ်ယောက်တည်းသာလျှင် အိုခြင်း သဘောရှိသည် ငါတစ်ယောက်တည်းသာလျှင် အိုခြင်း သဘောကို မလွန်ဆန်နိုင်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တခြားဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် အိုခြင်း သဘော ရှိကုန်၏၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်ကုန်ချေ'' ဟု ဆင်ခြင်၏။

ထို (အိုခြင်း) အကြောင်းကို မပြတ်ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏။ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ် ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏။


၇ - (အဘိဏှပစ္စဝေက္ခိတဗ္ဗ) ဌာနသုတ် –မှ၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။


အဘိဏှ


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အမြဲမပြတ် ဆင်ခြင်အပ်၏...



အဘိဏှသုတ် ပါဠိ အနက်



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


အဘိဏှ အဘိဏှသုတ်

Sunday, February 27, 2011

သဘိယ ပရိဗိုဇ်၏အမေး နှင့် မြတ်ဗုဒ္ဓအဖြေ...






အမေးပြဿနာကို သင်ပေးသူက နတ်တစ်ပါး
မေးသူက သဘိယ ပရိဗိုဇ်
အမေးခံရသူက ဆရာ(ဘုရား)ကြီး ၆-ဦး နှင့် မြတ်ဗုဒ္ဓ
ဖြေကြားနိုင်သူက မြတ်ဗုဒ္ဓ
နေရာကတော့ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း

သဘိယ ပရိဗိုဇ်သည် ဤသို့ မေးလျှောက်ခဲ့ဘူး၏

၁။ အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန်သနည်း၊
၂။ အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန်သနည်း၊
၃။ အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊
၎။ အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆိုသနည်း၊
၅။ အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုကြကုန်သနည်း၊
၆။ အဘယ် အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုကြကုန်သနည်း၊
၇။ အဘယ်သို့သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက' ဟူ၍ ဆိုကြကုန်သနည်း၊
၈။ အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ်သူ 'နာဂ' ဟူ၍ ဆိုပါသနည်း၊
၉။ အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ ဟောကုန်သနည်း၊
၁၀။ အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက်ဆီးတတ်သူ (လူလိမ္မာ)ဟူ၍
ဟောကုန်သနည်း၊
၁၁။ အဘယ်သို့သော သူကို ပညာရှိ ဟူ၍ ဆိုကြကုန်သနည်း၊
၁၂။ အဘယ်အကြောင်းဖြင့် မုနိမည်၏ ဟူ၍ ဆိုအပ်သနည်း၊
၁၃။ အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ' ဟူ၍ ဆိုကုန်သနည်း၊
၁၄။ အဘယ်အကြောင်းဖြင့် လျော်စွာ သိသူ 'အနုဗုဒ္ဓ' ဟူ၍ ဆိုကြကုန်သနည်း၊
၁၅။ အဘယ်သို့သော သူကို ဝီရိယ ရှိသူဟူ၍ ဆိုကြကုန်သနည်း၊
၁၆။ အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊
၁၇။ အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ' ဟူ၍ ဆိုကြကုန်
သနည်း၊
၁၈။ အဘယ် အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊
၁၉။ အဘယ်သို့ သောသူကို စရဏ ရှိသူ ဟူ၍ ဆိုကြကုန်သနည်း၊
၂၀။ အဘယ်သို့လျှင် ပရိဗိုဇ်မည်ပါသနည်း၊ ဟု
ကျော်စောသူ အယူဝါဒတီထွင်သူ
သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကြကုန်သော
ဆရာ(ဘုရား)ကြီးများ အမည်ခံသူ

ပူရဏကဿပ
မက္ခလိဂေါသာလ
အဇိတကေသကမ္ဗလ
ပကုဓကစ္စာယန
သဉ္စယ ဗေလဋ္ဌပုတ္တ
နိဂဏ္ဌနာဋပုတ္တ
ဟူကုန်သော သမဏဗြာဟ္မဏတို့ထံသို့ ချဉ်းကပ်၍ ထိုအမေး ပြဿနာတို့ကို မေးမြန်း၏။ ထိုဆရာ (ဘုရား)ကြီးများသည် မဖြေနိုင်ကြကုန်၊

ထိုအမေးတို့ကို မြတ်ဗုဒ္ဓမှ ဤသို့ ဖြေကြားတော်မူလေသည်။

၁။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန်သနည်း၊


သဘိယ အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်၏၊ ယုံမှားခြင်းကို လွန်မြောက်၏၊ ပျက်စီးဆုတ်ယုတ်ခြင်းကို လည်းကောင်း၊ ကြီးပွါးခြင်းကို လည်းကောင်း ပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံးပြီး ဖြစ်၏၊ တစ်ဖန် ဘဝသစ်၌ ဖြစ်မှု ကုန်ခန်းပြီး ဖြစ်၏၊
ထိုပုဂ္ဂိုလ်သည် ဘိက္ခုမည်၏။


၂။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ (ဆဠင်္ဂုပေက္ခာဖြင့်) လျစ် လျူရှုတတ်၏၊ သတိရှိ၏၊ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ သြဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏၊ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင် ပုဂ္ဂိုလ်အား (ရာဂစသော) ထူပြောမှု 'ဥဿဒ' တို့ မရှိကုန်၊
ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူ မည်၏။


၃။ မြတ်စွာဘုရား အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောကအားလုံးဝယ် စက္ခု စသော ဣနြေ္ဒတို့သည် ပွါးများပြီး ဖြစ်ကုန်၏၊ ဤလောကကို လည်းကောင်း၊ တမလွန် လောကကို လည်းကောင်း ထိုးထွင်း သိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏၊
ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဉ်ကျေးသူ မည်၏။


၎။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆိုသနည်း၊


ကပ်ကမ္ဘာ အားလုံးတို့ကို လည်းကောင်း၊ နှစ်ပါးစုံသော စုတိပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကို လည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ ဆိုကြကုန်၏။


၅။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုကြကုန်သနည်း၊


သဘိယ (အကြင်ပုဂ္ဂိုလ်သည် ) မကောင်းမှု အားလုံးတို့ကို အပပြု၍ တည်သော သဘောရှိ၏၊ အညစ်အကြေး ကင်း၏၊ အရဟတ္တဖိုလ် သမာဓိဖြင့် ကောင်းစွာ တည်၏၊ သံသရာကို လွန်၍ ပြုဖွယ်ကိစ္စ ပြီးဆုံးပြီး ဖြစ်၏၊ တဏှာဒိဋ္ဌိကို မမှီမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ' ဟူ၍ ဆိုအပ်၏။


၆။ မြတ်စွာဘုရား အဘယ် အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် ထိုအရိယမဂ်ဖြင့် ကိလေသာတို့ကို ငြိမ်းစေလျက် တည်၏၊ ကောင်းမှု မကောင်းမှုကို ပယ်၍ ရာဂမြူ ကင်း၏၊ ဤလောကကို လည်းကောင်း၊ တမလွန်လောကကို လည်းကောင်း သိ၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ် ကို ငြိမ်းအေးပြီးသူ 'သမဏ' ဟူ၍ ဆိုအပ်၏။


၇။ မြတ်စွာဘုရား အဘယ်သို့သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက' ဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောက အားလုံးဝယ် အလုံးစုံသော မကောင်းမှုတို့ကို ဆေးလျော် ပြီးလျှင် တဏှာဒိဋ္ဌိတို့ဖြင့် ကြံစည်အပ်ကုန်သော လူ့ပြည် နတ်ပြည်တို့၌ လူဟူ၍ လည်းကောင်း၊ နတ်ဟူ၍ လည်းကောင်း ကြံစည်ခြင်းသို့ မရောက်၊
ထိုပုဂ္ဂိုလ်ကို ဆေးလျော်ပြီးသူ 'နှာတက' ဟူ၍ ဆိုအပ်၏။


၈။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ်သူ 'နာဂ' ဟူ၍ ဆိုပါသနည်း၊


အကြင်ပုဂ္ဂိုလ်သည် လောက၌ တစ်စုံတစ်ခုသော မကောင်းမှုကို မပြု၊ စပ်ယှဉ်မှု အားလုံးတို့ကို လည်းကောင်း၊ အနှောင်အဖွဲ့တို့ကို လည်းကောင်း ဖြေဖျောက်ပယ်စွန့်ပြီးလျှင် အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်သည်ဖြစ်၍ မကပ်ငြိ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို မကောင်းမှုကို မပြုသော 'နာဂ' ဟူ၍ ဆိုအပ်၏။


၉။ မြတ်စွာဘုရား အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ ဟောကုန်သနည်း၊


သဘိယ အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော အာယတနကို လည်းကောင်း၊ လူ၌ ဖြစ်သော အာယတနကို လည်းကောင်း ဗြဟ္မာ့ပြည်၌ ဖြစ်သော အာယတနကို လည်းကောင်း အာယတန အားလုံးတို့ကို သိမြင်တော်မူပြီး၍ အာယတန အားလုံးတို့၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို ခေတ္တမည်သော အာယတနကို အောင်ပြီးသူဟူ၍ ဆိုအပ်၏။


၁၀။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဟောကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော ကျီကြ (ကံ)ကို လည်းကောင်း လူ၌ ဖြစ်သော ကျီကြ(ကံ)ကို လည်း ကောင်း ဗြဟ္မာ၌ ဖြစ်သော ကျီကြ (ကံ) ကို လည်းကောင်း ကုသိုလ်ကံ အကုသိုလ်ကံ ကျီကြ အားလုံးတို့ကို သိမြင်ပြီး၍ ကျီကြကံ အားလုံးတို့၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏၊
ထိုပုဂ္ဂိုလ်ကို ကျီကြ (ကံ) ကို ဖြတ်တောက် ဖျက်ဆီးတတ်သူ လူလိမ္မာဟူ၍ ဆိုအပ်၏။


၁၁။ မြတ်စွာဘုရား အဘယ်သို့သော သူကို ပညာရှိ ဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း ဖြစ်ကုန်သော ဖြူစင်ကုန် သော အာယတနနှစ်ပါးတို့ကို သိမြင်၍ စင်ကြယ်သော ပညာရှိ၏၊ မည်းနက်သော အကုသိုလ်ကံ ဖြူစင်သော ကုသိုလ်ကံ တရားကို လွန်မြောက်၏၊ ဖောက်ပြန်ခြင်း မရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို ပညာရှိ ဟူ၍ ဆိုအပ်၏။


၁၂။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် မုနိမည်၏ ဟူ၍ ဆိုအပ်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း၊ လောကအားလုံး၌ သူယုတ်မာတို့၏ တရားကိုလည်းကောင်း၊ သူတော်ကောင်းတို့၏ တရားကို လည်းကောင်း သိမြင်၍ ရာဂစသော ကပ်ငြိမှု နှင့် တဏှာဒိဋ္ဌိဟူသော ကွန်ရက်ကို လွန်၍တည်၏၊
ထိုပုဂ္ဂိုလ်ကို နတ်လူတို့ ပူဇော်အပ်သည် ဖြစ်၍ မုနိဟူ၍ ဆိုအပ်၏။


၁၃။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ' ဟူ၍ ဆိုကုန်သနည်း၊


သဘိယ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် သမဏဗြာဟ္မဏတို့၏ ဝေဒကျမ်းအားလုံးတို့ကို သိမြင်၍ ဝေဒကျမ်း အားလုံးကို လွန်မြောက်လျက် ဝေဒနာအားလုံးတို့၌ တပ်စွန်းမှု ကင်း၏၊ ထိုပုဂ္ဂိုလ်ကို ဝေဒဂူမည်၏ ဟူ၍ ဆိုအပ်၏။


၁၄။ မြတ်စွာဘုရား အဘယ်အကြောင်းဖြင့် လျော်စွာ သိသူ 'အနုဗုဒ္ဓ' ဟူ၍ ဆိုကြကုန်သနည်း၊


အကြင် ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း တဏှာဒိဋ္ဌိမာန ပပဉ္စတရားသုံးပါး နာမ်ရုပ်တရားနှင့် နာမ်ရုပ်ဟူသော အနာရောဂါ၏ အမြစ် အဝိဇ္ဇာဘဝတဏှာကို လျော်စွာ သိမြင်၍ ရောဂါ အားလုံးတို့၏ မူလဖြစ်သော အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို အနုဗုဒ္ဓဟူ၍ ဆိုအပ်၏။


၁၅။ မြတ်စွာဘုရား အဘယ်သို့သော သူကို ဝီရိယ ရှိသူဟူ၍ ဆိုကြကုန်သနည်း၊


ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် မကောင်းမှု အားလုံးတို့မှ ကြဉ်ရှောင်၏၊ ငရဲ၌ ဖြစ်သော ဝဋ်ဆင်းရဲကို လွန်မြောက်၍ တည်၏၊ ဝီရိယဟူသော နေရာအိမ်ရှိ၏၊ အကျင့်ပဓာန ရှိသည်ဖြစ်၍ တည်ကြည်မှုရှိသော ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို ဝီရိယ ရှိသူ ဟူ၍ ဆိုအပ်၏။


၁၆။ မြတ်စွာဘုရား အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊


အကြင် ပုဂ္ဂိုလ်အား အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း
အနှောင်အဖွဲ့ တို့သည် ဖြတ်တောက်ပြီး ဖြစ်ကုန်၏၊ ကပ်ငြိမှု အမြစ်မူလကိုလည်း နုတ်ပြီးဖြစ်၏၊ ကပ်ငြိမှုအားလုံး၏ မူလ အနှောင်အဖွဲ့မှ လွတ်မြောက်၏၊ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို အာဇာနည်ဟူ၍ ဆိုအပ်၏။


၁၇။ မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ' ဟူ၍ ဆိုကြကုန်သနည်း၊


သဘိယ လောက၌ တရားအားလုံးကို ကြားနာရသည်ရှိသော် ထူးသောဉာဏ်ဖြင့် သိလျက် အပြစ်ရှိ မရှိတရား ဟူသမျှကို နှိမ်နင်းသူ ယုံမှားခြင်း မရှိသူ အနှောင် အဖွဲ့မှ လွတ်မြောက်သူ ခန္ဓာစသော တရားအားလုံးတို့၌ ရာဂစသည် နှိပ်စက်ခြင်း မရှိသူ။
ထိုသူကို အကြားအမြင်များသူ 'သောတ္တိယ' ဟူ၍ ဆိုကြကုန်၏။


၁၈။ မြတ်စွာဘုရား အဘယ် အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊


အကြင်ပုဂ္ဂိုလ်သည် အာသဝလေးပါးတို့ကို လည်းကောင်း၊ တဏှာဒိဋ္ဌိဟူသော အာလယ နှစ်ပါး တို့ကို လည်းကောင်း ဖြတ်၍ လေးပါးသော မဂ်ဉာဏ်သို့ ရောက်သဖြင့် သိကြားလိမ္မာ၏၊ ထိုပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်၊ သုံးပါးအပြားရှိသော သညာကို လည်းကောင်း၊ ကာမဂုဏ်တည်း ဟူသော ညွန်ကို လည်းကောင်း ပယ်ဖျောက်၍ တဏှာဒိဋ္ဌိဟူသော ကြံစည်မှု 'ကပ္ပ' သို့လည်း မရောက်၊ ထိုပုဂ္ဂိုလ်ကို အရိယာဟူ၍ ဆိုကြကုန်၏။


၁၉။ မြတ်စွာဘုရား အဘယ်သို့သောသူကို စရဏ ရှိသူ ဟူ၍ ဆိုကြကုန်သနည်း၊


ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်သည် စရဏတရားတို့ကြောင့် ရောက်သင့် ရောက်ထိုက်သော အရဟတ္တ ဖိုလ်သို့ ရောက်၏၊ စရဏတရားတို့၌လည်း လိမ္မာ၏၊ အခါခပ်သိမ်း နိဗ္ဗာန်တရားကိုလည်း သိ၏၊ အလုံးစုံသော ခန္ဓာစသော တရားတို့၌ မကပ်ငြိ၊ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်ပြီးသော စိတ်ရှိ၏၊ အကြင်ပုဂ္ဂိုလ်အား စိတ်ထိခိုက်မှု 'ပဋိဃ' တို့သည် မရှိကုန်၊
ထိုပုဂ္ဂိုလ်သည် စရဏရှိသူမည်၏။


၂၀။ အဘယ်သို့လျှင် ပရိဗိုဇ်မည်ပါသနည်း၊


အကြင် ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးကို ဖြစ်စေတတ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ကံကို မဂ်ဉာဏ်ဖြင့် ပယ်ထုတ်လွှင့်မှုတ်၍ လှည့်ပတ်မှု 'မာယာ' ကိုလည်းကောင်း၊ မာနကို လည်းကောင်း၊ လောဘ ဒေါသကို လည်းကောင်း ပိုင်းခြားသိလျက် ကျင့်သုံးပြီးလျှင် နာမ်ရုပ်တို့၏ အဆုံးကို ပြုခဲ့ပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ပရိဗ္ဗာဇက ဟူ၍ ဆိုကြကုန်၏။ ဟု မြတ်စွာဘုရားသည် မိန့်တော်မူလေ၏။


ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏'' ဟု လျှောက်၏။

အမေးအဖြေအဖြစ် တင်ပြရုံမျှသာ ဖြစ်ပါတယ်…
အစအဆုံးဖတ်နိုင်လျှင် ပိုကောင်းတယ်…
pdf နဲ့တင်ပေးထားမယ် အားသည့်အခါ ဖတ်မှတ်လေ့လာနိုင်ကြပါစေ…

သဘိယသုတ် အစအဆုံး

၆ - သဘိယသုတ်၊ ၃ - မဟာဝဂ်၊ သုတ္တနိပါတ်၊ ခုဒ္ဒကနိကာယ်။

Wednesday, February 16, 2011

သမယ...

ကျွန်ုပ်တို့ထံ ချဉ်းကပ်ရန် အချိန်အခါမှာ...




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။




သာဓု... သာဓု... သာဓု...။

Friday, February 11, 2011

လောက၌ ဤ ပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏...




လောက၌ ဤ ပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏၊

(၁) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန် ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။

(၂) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန် ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။

(၃) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန် ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့် အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။

(၄) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန် ဆင်းရဲစေတတ်သူလည်းမဟုတ်၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေတတ် သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ် သူလည်း မဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည် ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင် မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာ သုခကို ခံစားရသည် ဖြစ်၍ မြတ်သော ကိုယ်ဖြင့် နေထိုင်ရ၏။

ပုဏ္ဏား ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ် ပုဂ္ဂိုလ်သည် သင်၏ စိတ်ကို နှစ်သိမ့်စေဘိ သနည်း ဟု (မိန့်ဆိုတော်မူ၏)။

---------------------------------------

ပရိသတ်နှစ်မျိုး
လောကမှ များသော ပရိသတ်
ပုဏ္ဏား ဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြား နားတောင်းတို့၌ ပြင်းစွာ တပ်ခြင်းဖြင့် တပ်နှစ်သက်ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောက်ျား လယ်ယာ ရွှေ ငွေတို့ကို ရှာမှီးသူ။

လောကမှ ရှားသော ပရိသတ်
ပုဏ္ဏား ဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြား နားတောင်းတို့၌ ပြင်းစွာ တပ်ခြင်းဖြင့် မတပ် မနှစ်သက် ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောက်ျား လယ်ယာ ရွှေ ငွေတို့ကို ပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သူ။

---------------------------------------

နောက်ဆုံးအပိုဒ်သည်လည်း
ဝိနည်းလေးစားသည်ဖြစ်၍ ကြည်ညိုဖွယ်ကောင်းပေသည်

အသျှင်ဥဒေနသည် အကျွန်ုပ်ကို ယနေ့ကို အစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါလော့။ အသျှင်ဥဒေန အကျွန်ုပ်အား အင်္ဂမင်းက နေ့တိုင်း အမြဲ ထောက်ပံ့ထားသော ရိက္ခာရှိပါ၏၊ ထိုရိက္ခာမှ အကျွန်ုပ်သည် အသျှင်ဥဒေနအား တစ်ရက်စာ အမြဲ ထောက်ပံ့ထားသော ရိက္ခာကို ပေးလှူပါအံ့ ဟု (လျှောက်၏)။

ပုဏ္ဏား သင့်အား အင်္ဂမင်းက နေ့တိုင်း အဘယ်မျှလောက် အမြဲ ထောက်ပံ့ထားသော ရိက္ခာကို ပေးပါသနည်း ဟု (မေး၏)။ အသျှင်ဥဒေန အသပြာ ငါးရာတို့ကို ပေးပါ၏ ဟု (လျှောက်၏)။ ပုဏ္ဏား ငါတို့မှာ ရွှေ ငွေကို ခံယူခြင်းငှါ မအပ် ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနမှာ ထိုရွှေ ငွေသည် အကယ်၍ မအပ်သည် ဖြစ်အံ့၊ အသျှင်ဥဒေန၏ အကျိုးငှါ ကျောင်းဆောက်ပါအံ့ ဟု (လျှောက်၏)။ ပုဏ္ဏား အကယ်၍ သင်သည် ငါ၏ အကျိုးငှါ ကျောင်းဆောက်လုပ်လို ငြားအံ့၊ ပါဋလိပုတ်ပြည်၌ သံဃာများ၏ စည်းဝေးရာ ဇရပ်ကို ဆောက်လုပ်လေလော့ ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနသည် အကျွန်ုပ်ကို သံဃာ၌ ဒါနကို ဆောက်တည်စေ၏၊ ဤအကြောင်းကြောင့်လည်း အကျွန်ုပ်သည် အသျှင်ဥဒေနအား အတိုင်းထက် အလွန် နှစ်သက် ဝမ်းမြောက်ပါ၏။ အသျှင်ဥဒေန ထိုအကျွန်ုပ်သည် ထိုတစ်နေ့စာ အမြဲ ထောက်ပံ့ထားသော ရိက္ခာဖြင့် လည်းကောင်း၊ တစ်ပါးသော အမြဲ ထောက်ပံ့ထားသော ရိက္ခာဖြင့် လည်းကောင်း ပါဋလိပုတ်ပြည်၌ သံဃာ၏ စည်းဝေးရာ ဇရပ်ကို ဆောက်လုပ်စေပါအံ့ ဟု (လျှောက်၏)။

ထိုအခါ ဃောဋမုခပုဏ္ဏားသည် ထိုတစ်နေ့စာ အမြဲ ထောက်ပံ့ထားသော ရိက္ခာဖြင့် လည်းကောင်း၊ တစ်ပါးသော အမြဲ ထောက်ပံ့ထားသော ရိက္ခာဖြင့် လည်းကောင်း ပါဋလိပုတ်ပြည်၌ သံဃာ၏ စည်းဝေးရန် ဇရပ်ကို ဆောက်လုပ်စေ၏။ ထိုဇရပ်ကို ယခုအခါ ဃောဋမုခီဇရပ် ဟူ၍ ဆိုရသတည်း။

၎ - ဃောဋမုခသုတ်၊ ဗြဟ္မဏ၀ဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။ လူလေးမျိုး…





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။