နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, October 28, 2011

အဓိပ္ပါယ်ရှိအောင် ဒီလို နှလုံးသွင်း...


၁၀.၂၇.၂၀၁၁

လက်ကောက်ဝတ်မှာ စွပ်ထားတာက ဘာလေးလဲ ဒကာကြီး...
အကြောင်းအကျိုး မရှိပါဘူးဘုရား...
တရုတ်ကျောင်းကပေးတာနဲ့ လက်မှာစွပ်ထားလိုက်တာပါတဲ့...

တစ်နေ့ ဒကာကြီးတစ်ယောက် ကျောင်းကိုရောက်လာလို့
ဟိုအကြောင်း ဒီအကြောင်း ပြောရင်းကနေ...
သူ့လက်မှာ စွပ်လာတဲ့ ပုတီးလေးတစ်ခု အကြောင်းပြုပြီး မေးဖြစ်ပြောဖြစ်တာလေးပါ...
သူကတော့ အကြောင်းအကျိုး မရှိပါဘူးတဲ့...
ထေရဝါဒ ဘုန်းကြီးကျောင်းရောက်လာတော့
တရုတ်ကျောင်းနဲ့ ပတ်သက်တာ ပြောရခက်လို့လားတော့ မသိပါဘူး...
သူ့အကြောင်းနဲ့သူပေါ့လေ...

ဒကာကြီး အကြောင်းအကျိုးမရှိပဲ စွပ်ထားရတာ အဓိပ္ပါယ်မရှိ ဖြစ်နေမယ်...
အဓိပ္ပါယ်ရှိအောင် ဒီလို နှလုံးသွင်းပါ...
ကိုယ်ကလည်း ကိုယ်နဲ့သက်ဆိုင်တာကို ခိုင်းလိုက်ရမှာပါပဲ...

လက်မှာရှိတဲ့ပုတီးလေးမြင်တော့ ကုသိုလ်ပြုရမှာပါလားလို့ သတိရလိုက်ပါ...
မေတ္တာပို့ချင်ရင် ပို့လိုက်...
ဘုရားဂုဏ်တော်လေး ပွားချင်ရင် ပွားလိုက်...
သတိပဋ္ဌာန်ဆိုတာကတော့ လုပ်နိုင်ရင် အကောင်းဆုံးပေါ့... ဒကာကြီး...

မေတ္တာပို့တတ်အောင် ဂုဏ်တော်ပွားတတ်အောင် သတိပဋ္ဌာန်နဲ့နေတတ်အောင်
မြတ်ဗုဒ္ဓက သင်ပေးထားတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် နည်းရသွားပါပြီ...
သာသနာပမှာဆို သတိပဋ္ဌာန်ဆိုတဲ့အမည်လေး ကြားတောင်မကြားရဘူး...
ဒါကြောင့် မသိသေးရင် လေ့လာပါ ကျင့်ပါ... တန်ဖိုးကြီးပါတယ်...
သာသနာနဲ့တွေ့တုန်းမို့သာ ကျင့်နိုင်တာပါ...

လက်မှာပတ်ထားတဲ့ပုတီးလေးကို ကုသိုလ်ပြုဖို့ သတိပေးတဲ့ အရာလေးလို့မှတ်ထား...
ပတ်ထားရုံနဲ့ကတော့ ဗုဒ္ဓအလိုအရ ဘာမှဖြစ်မလာဘူးနော်...
သတိကအရေးကြီးပါတယ်... ဒါကြောင့် ထိတိုင်းမြင်တိုင်း သတိရပါ...

တစ်လတစ်ခါ ဒကာကြီး ကျောင်းကိုလာပြီးလှူနေတာ ကုသိုလ်ရပါတယ်...
ဒီကုသိုလ်မျိုး ရဖို့ဆိုတာ ကျောင်းလာရတယ် လှူဖွယ်ရှိရတယ် မဟုတ်လား...
နေ့တိုင်းအချိန်တိုင်း ဒီကုသိုလ်က လုပ်လို့မရဘူးပေါ့...
မေတ္တာပို့တယ် ဂုဏ်တော်ပွားတယ်ဆိုတာ နေ့တိုင်းအချိန်တိုင်း လုပ်လို့ ရတယ်လေ...
ဒါကြောင့် လုပ်ဖြစ်အောင်လုပ်ပါ...
ဒါနလည်းလုပ်တာပေါ့...
ဘာဝနာဆိုတာကိုလည်း လုပ်ဖြစ်စေချင်ပါတယ်...

ရှာကြဖွေကြ စားသောက်ကြနဲ့ ပျော်မယ်ပါးမယ်ဆိုတာကတော့
ဘဝတိုင်းမှာ လုပ်နေရတာ လုပ်ကိုလုပ်နေကြတာပါ...
ဘုန်းကြီးတို့ လူ့ဘဝရတုန်း ကောင်းမှုဆိုတာကို ပိုပြီးလုပ်နိုင်ကြတယ်...
ကောင်းမှုဆိုရာမှာလည်း သာသနာတွင်းဖြစ်တော့
လုပ်မယ်ဆိုရင် ပြည့်ပြည့်ဝဝကို လုပ်နိုင်တဲ့အချိန်အခါပဲ...
ဒါကြောင့် လုပ်ဖြစ်အောင်လုပ်ပါ...

တင်ပါ့ တပည့်တော်ကြိုးစားပါမယ်ဘုရား...

ကောင်းပါလေ့ဒကာကြီး... သာဓု သာဓု သာဓု...
မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...

ဦးလောကနာထ
၁၀.၂၇.၂၀၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Thursday, October 27, 2011

ဒီသစ်သီးတွေကို တပည့်တော်ယူသွားပြီး စားရင် ရပါသလား...

10.25.2011 

တယ်လီဖုန်းက ပိကျိ... ပိကျိ... တဲ့...
ဦးလောကနာထ စကားပြောနေပါတယ်...
လျှောက်စရာရှိတာ လျှောက်ထားနိုင်ပါတယ်...

တပည့်တော် - - - ပါ ဘုရား...
တပည့်တော်တို့ အရှင်ဘုရားကျောင်းရှေ့မှာ ရောက်နေပါတယ်...
ခေါင်းလောင်းတီးတာ တံခါးလာမဖွင့်လို့ပါ...
အရှင်ဘုရား ကျောင်းမှာ ရှိပါသလား...

မရှိပါဘူးဒကာကြီး... အပြင်မှာ လမ်းလျောက်နေပါတယ်...
ကျောင်းနားတော့ ပြန်ရောက်နေပါပြီ...
တစ်ပြလောက်ပဲ လိုပါတော့တယ်...
ကောင်းပါပြီ အရှင်ဘုရား ကျောင်းရှေ့က စောင့်နေပါ့မယ်...
စကားသာ ပြန်ပြောနေရတယ်...
တစ်နာရီခွဲလောက် လမ်းလျှောက်ထားတော့ မောတော့ အတော်မော...

ကျောင်းရောက်ပြီးနောက် ပါလာတဲ့ ကိစ္စလေးတွေ ပြောကြဆိုကြပေါ့...
ပြီးတော့ ဒကာမကြီးက သူလှူထားတဲ့ ဘုရားပန်းအိုးလေး ရေဖြည့်ဖို့ဘုရားစင်အသွား...
ဒကာကြီးက ဘုရားစင်ပေါ်က သစ်သီးတွေမြင်ပြီး စကားစလာပါတယ်...
အရှင်ဘုရား ဒီသစ်သီးတွေကို တပည့်တော်ယူသွားပြီး စားရင် ရပါသလား...
သိချင်လို့ မေးမြန်းတဲ့သဘော နေမှာပါ...
မရဘူးဒကာကြီး... ဒကာကြီးကို ဘုန်းကြီးပေးလို့ မရနိုင်ဘူး...

ဘာလို့လည်း အရှင်ဘုရား...

မိမိကျောင်း ဘုရားစင်ပေါ်မှာရှိတဲ့ သစ်သီး ပစ္စည်းဖြစ်တဲ့အတွက်...
ဘုန်းကြီးမှာ ပေးပိုင်ခွင့်တော့ ရှိပါတယ်...
ဒါပေမဲ့ ဘယ်လိုလူမျိုးကို ပေးရင် အပြစ်မဖြစ်ဖူး ဖြစ်တယ်ဆိုတာ ရှိပါတယ်...
ဒကာကြီးဟာ ဘုန်းကြီးပေးရမဲ့သူ ပေးသင့်သူထဲမှာ မပါဘူး...
ပေးရင်အပြစ်ဖြစ်လိမ့်မယ်လို့ ပြောလိုက်တော့...

ဘယ်လိုလူမျိုးကို အရှင်ဘုရားက ပေးပိုင့်ခွင့် ရှိတာပါလဲဘုရား...

ရဟန်းရဲ့အမေရင်း အဖေရင်းဖြစ်တဲ့ မယ်တော်ခမည်းတော်ကို ပေးနိုင်ပါတယ်...
သိက္ခာထပ်ပေးလို့ တော်ရတဲ့ ရဟန်းမယ်တော်မျိုး မဟုတ်ပါဘူး... မိခင်ရင်းပါ...
ဘုန်းကြီးများအတွက် ဝေယျာဝစ္စ တကယ်လုပ်ပေးနေတဲ့ ကပ္ပိယကို ပေးနိုင်ပါတယ်...
သူခိုးဓမြတွေနှင့် အစိုးရမင်း ဝန်ထမ်းများကို ပေးနိုင်ပါတယ်...
အစိုးရကို လာဘ်ထိုးတာ ဒီကစတာလားဘုရား... တဲ့...
မဟုတ်ပါဘူးဒကာကြီး မပေးရင် ဘေးဖြစ်တတ်လို့ပါ...

တနည်းအားဖြင့် ဘုန်းကြီးတို့ သီတင်းသုံးဖေါ်ငါးဦးကိုလည်း ပေးနိုင်ပါတယ်...
ဒီငါးဦးက ဘိက္ခု ဘိက္ခုနီ သာမဏေ သာမဏေရီ သိက္ခမာန် တဲ့...
ခုခေတ်တော့...
ဘိက္ခုနီ(ရဟန်းမ) သာမဏေရီ(ကိုရင်မ) သိက္ခမာန်(ကိုရင်မ ပြုလုပ်မည့်သူ)
ထေရဝါဒသာသနာမှာ မရှိတော့လို့...
ဘိက္ခု(ရဟန်း)နဲ့ သာမဏေ(ကိုရင်)ကိုပဲ ပေးခွင့်ရပါတော့တယ်...

ဒါပေမဲ့... ရေဘေး လေဘေး မီးဘေးစသည် ဘေးအမျိုးမျိုးကြောင့်
တကယ် ဆင်းရဲ မွဲတေနေလို့ ပေးရတာမျိုးတွေလည်း ရှိတတ်ပါတယ်...
ဒါက မေတ္တာ စေတနာသန့်သန့်နဲ့ ပေးလှူနေကြတာမျိုးတွေပါ...
ဒီကိစ္စမျိုးနဲ့... ဘုရားစင်ပေါ်ကသစ်သီး ကျောင်းပစ္စည်း
ဟိုလူဒီလူကို ပေးတာမျိုးနဲ့တော့ ရောတွက်လို့ မရဘူးပေါ့...

အင်မတန်မွန်မြတ်တဲ့ဒါနတွေပါ... လူတိုင်းလုပ်နိုင်ခဲပါတယ်...

ဒကာကြီးကတော့ ဘုန်းကြီးပေးရမဲ့ ဒီလူတွေထဲက လွတ်နေတာမို့ ပေးမရတာပါ...

ဒီလိုမှမဟုတ်ပဲ ကျောင်းလာသူတွေကို သစ်သီးပေး ပန်းပေး ဆပ်ပြာခဲပေးနေရင်တော့..
ရဟန်းတော်များ မလုပ်သင့်သော... မအပ်စပ်သော...
အနေသနလို့ခေါ်တဲ့ မသင့်သော စီးပွားရှာဖွေခြင်း ဖြစ်သွားတတ်ပါတယ်...
အနေသန အကျယ်သိလိုလျှင်... (ဒဿနခရီးစဉ် ဒီနေရာ)
ဒါကတော့ ထေရဝါဒမူပါ...
မဟာယာန ဗုဒ္ဓဘာသာကတော့
ဘုရားသစ်သီးစားရင် ကျန်းမာရေးကောင်းတယ်ဆိုပြီး စားခိုင်းကြတာပါပဲ...
ကြာတော့လည်း ဒီအကျင့်က တချို့ဘုန်းကြီးများထံမှာ ရောလာပါတယ်...

ဒကာကြီးတော့ ခွဲခွဲခြားခြား နားလည်သွားပါပြီ...

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
ဦးလောကနာထ
၁၀.၂၅.၂၀၁၁




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Monday, October 24, 2011

ကထိန်သင်္ကန်း လှူဒါန်းခြင်း... 2011


၂၀၁၁ ကထိန်သင်္ကန်း လှူဒါန်းခြင်း...


မယံဘန္တေ သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ သပရိဝါရံ ဣမံ ကထိနစီဝရံ ကထိနတ္ထာယ သံဃဿ ဒေမ။ ဣမိနာ စီဝရေန ကထိနံ အတ္ထရတ။
အရှင်ဘုရား တပည့်တော်တို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှာ အခြံအရံ လှူဒါန်းဘွယ်နှင့်တကွသော ဤကထိန်သင်္ကန်းကို သံဃာတော်မြတ်အပေါင်းအား လှူဒါန်းပါ၏။ တပည့်တော်တို့ လှူဒါန်းအပ်သော ဤကထိန်သင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါဘုရား။

ဒါကတော့ သံသရာဝဋ်ဆင်းရဲကလွတ်ဖို့ရာအတွက် သံဃာကိုရည်မှန်း ကထိန်သင်္ကန်း လှူပါတယ်ပေါ့... ဒီသင်္ကန်းနဲ့ ကထိန်ခင်းဖို့ တောင်းဆိုတာလေးပါ...

ယနေ့ အောက်တိုဘာလ ၂၃-ရက်နေ့မှာ ကထိန်သင်္ကန်းလှူဒါန်းကြပါတယ်...
ဆန်ဖရန်စစ်စကို လောကနာထ ဘုန်းကြီးကျောင်းမှာ သံဃာတော် ၆-ပါးကို ကထိန်သင်္ကန်းများနဲ့အတူ လှူဒါန်းဖွယ်ရာ အဖြာဖြာကို ဆရာဝန်များအသင်းက ဦးဆောင်ပြီး ဘေးဧရိယာမှာ ရှိကြတဲ့ အမျိုးကောင်းသားသမီးများက စုပေါင်း၍ လှူဒါန်းခြင်းဖြစ်ပါတယ်...


အခန်းအနားကိုတော့
နံနက် ၉နာရီ ၁၅ မိနစ်အချိန်မှာ ဒကာဒကာမများက ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ကြပါတယ်... ဆရာတော် ဦးလောကနာထထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ကြပါတယ်... ပရိတ်တရားတော်များနာကြားပြီး ကထိန်သင်္ကန်းနှင့်အတူ လှူဒါန်းဖွယ်ရာများကို လှူဒါန်းကြလို့ နောက်ဆုံးမှာတော့ လှူဒါန်းမှု အစုစုအတွက် ဝမ်းမြောက်ဖွယ်ရာ အနုမောဒနာစကားကို ဆရာတော် ဦးဂရုဓမ္မကဟောကြားပြီး အမျှဝေ ရေစက်ချ သာဓု သုံးကြိမ်ခေါ်လို့ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်...

အခမ်းအနားပြီး သံဃာတော်များကို ဆွမ်းဆက်ကပ်ကြ၍...
ရောက်ရှိလာသူ ပရိသတ်ကို စားသောက်ဖွယ်ရာများ ကျွေးမွေးကြပါတယ်...

ကထိန်နှင့်စပ်၍ သိဖွယ်ရာ အကျဉ်းမျှ...
ကထိန်သင်္ကန်းဆိုတာ သံဃာကိုရည်မှန်း လှူဒါန်းခြင်းဖြစ်ပါတယ်...
ကထိန်ခင်းတယ်ဆိုတာ ဘုန်းတော်ကြီးများကသာ ခင်းရပါတယ်...
ဒကာဒကာမတို့က သင်္ကန်းအလှူရှင်သာ ဖြစ်ကြပါတယ်... ခင်းသူမဟုတ်ပါ...
ကထိန်သင်္ကန်း အလှူခံခွင့် ရသူများကတော့...
ပထမဝါဆိုထားသူ ဝါမကျိုးမပေါက်သူ ဘုန်းကြီးများသာ အကျိုးရနိုင်ပါတယ်...
ကထိန်သင်္ကန်းအလှူခံခွင့်ဟာ တစ်ကျောင်းတိုက်မှာ တစ်ကြိမ်သာ ရပါတယ်...
ကထိန်သင်္ကန်းကို အလှူခံခွင့်ရသော အချိန်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ထိ ဖြစ်ပါတယ်...


ကထိန်ခင်းသူဘုန်းကြီး ရရှိသောအကျိုး ၅-မျိုးက
   ၁...စာရိတ္တသိက္ခာပုဒ်-၉၅၊ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားမှု...
   ၂...ပထမကထိနသိက္ခာပုဒ်-၂၀၊ သင်္ကန်းအပိုဆောင်မှု (အထုပ်ပိုတွေနှင့် ခရီးသွား၍)
   ၃...ဒုတိယကထိနသိက္ခာပုဒ်-၂၁၊ (ဒုကုဋ်)သင်္ကန်းဖြင့် ညဥ့်ကင်းနေမှု...
   ၄...ဂဏဘောဇနသိက္ခာပုဒ်-၈၁၊ မအပ်သော အသုံးဖြင့် (စားသောက်ဖွယ်ရာကို)ဖိတ်ကြားမှု...
   ၅...သံဃိကသင်္ကန်းကို ကထိန်ခင်းသော ရဟန်းတို့သာ ပိုင်ဆိုင်ရခြင်း...
သိက္ခာပုဒ် ၄-မျိုး ကင်းလွတ်၍ လာဘ်လာဘအကျိုး ၁-မျိုးရရှိခြင်းတို့ ဖြစ်ပါတယ်...
သိက္ခာပုဒ်ကင်းလွတ်ခွင့်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တပေါင်းလပြည့်နေ့ထိ ၅-လတိုင်ဖြစ်ပါတယ်...


ကထိန်ခင်းသူ ဘုန်းကြီးများ အကျိုးတရားများစွာ ရရှိသလို
လှူဒါန်းသူ ဒကာဒကာမများလည်း အကျိုးတရားများ ရရှိမှာဖြစ်ပါတယ်...


ရရှိနိုင်သော အကျိုးတရားများကတော့...


ကထိန်အကျိုးဟာ သည်လိုပါ...
   ၁...သွားလေရာရာ ဘေးကင်းတာ ကထိန်အကျိုးပါ...
   ၂...တာဝန်ပေါ့ပါး အလုပ်များ လွယ်လွယ်ပြီးစီးမှာ...
   ၃...စားကောင်းသောက်ဖွယ် ပေါများတယ် အဆိပ်ဘေးကင်းမယ်...
   ၄...မိမိပိုင်တယ် ပစ္စည်းရယ် မဖျက်ဆီးနိုင်ကွယ်...
   ၅...ကိုယ်မပေးလို ပစ္စည်းကို သူယူမရဆို...
   ဒီအကျိုးတွေ ကောင်းလှတယ် နှစ်စဉ်တို့ယူမယ်...

ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
ဦးလောကနာထ
၁၀.၂၄.၂၀၁၁

ကထိန် ကဌိန် ကထိန ကဌိန ကထိန်သင်္ကန်း





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Friday, October 21, 2011

အရှင်ဘုရား အမေကိုတော့ လူအိုရုံပို့လိုက်ပါပြီ...


အရှင်ဘုရား အမေကိုတော့ လူအိုရုံပို့လိုက်ပါပြီ...
ဒါက လွန်ခဲ့သောသုံးနှစ်လောက်က ဒကာလေးတစ်ဦး ပြောခဲ့တဲ့ စကားပါ...

ဒီနိုင်ငံအနေအထားကတော့ များသောအားဖြင့် မိဘတွေကြီးလာရင် လူအိုရုံပို့ကြရတာပါပဲ... ဒီလိုသတင်းတွေ သိရကြားရခါစကတော့ စိတ်မကောင်း ဖြစ်မိတာအမှန်... ငါ့အလှည့် ဘယ်တော့လဲလို့လည်း တွေးမိတယ်... ကြားရဖန်များတော့လည်း နားယဉ်လာတယ်ပေါ့...

မိဘများကို ဒီလိုနေရာ ပို့ကြသူတွေကတော့ မိသားစုအရေး ပုံစံမျိုးစုံပါပဲ... မပို့ပဲ သားသမီးတွေနဲ့ သေသည်ထိ နေထိုင်ပြုစုသွားနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ... ဒီဒကာလေး မိဘကတော့ ပို့မှသာ သက်တမ်းပိုရှည်မယ်... မိဘလည်း နေထိုင်ရ သက်တောင့်သက်သာဖြစ်မယ် ကျန်းမာရေး ပိုဂရုစိုက်နိုင်မယ်ဆိုပြီး ပို့ကြတဲ့ သဘောပါ... ပို့ပြီးနောက် အပတ်စဉ်သွား ကျွေးမွေးပြုစုပေါ့... ကြုံရင်သူပြောပြသမျှ နားထောင်ရခြင်းအားဖြင့် ကျေးဇူးရှင် မိဘအပေါ် သားတစ်ဦးရဲ့ တာဝန်ကျေအောင် အမြဲ ဆောက်ရွက်နေတဲ့သဘော ရှိပါတယ်...

ခုတော့ အိုနာနေတဲ့ မိခင်ကြီး အခြေအနေက အတော်ဆိုးလာပါပြီ...ငြိမ်းချမ်းပါစေ...

လူငယ်ကို အရင်မေးကြည့်မိတယ်...
ဒကာလေးကော ဒီအခြေအနေမျိုးရောက်ရင် ဘယ်လိုလုပ်မလဲပေါ့...
ဆေးဆိုင်ကနေ ဆေးပဲ ဝယ်သောက်လိုက်တော့မယ်တဲ့... (သေနိုင်တဲ့ဆေး)
မကောင်းလိုက်တာ...

လူကြီးကိုမေးကြည့်တော့...
တပည့်တော်တို့ ဘယ်တော့သေမယ် မသိဘူးလေဘုရား...
မသိနိုင်ခြင်းအကြောင်းတရား ငါးပါးရှိတယ်လေ... ဒီတော့ မစဉ်းစားတော့ဘူးတဲ့...

ဒီအဖြေတွေကြားရတော့ ဘုန်းကြီးတို့မှာ တာဝန်ရှိတယ်လို့ တွေးမိပါတယ်...
လူငယ်ကိုတော့ အဆင်ပြေတဲ့တစ်နေ့ သင်ပေးရဦးမယ်...
လူကြီးကတော့ ရှေ့ပိုင်းမှာ ဟုတ်ပြီး နောက်ပိုင်းကြတော့ ကွေ့သွားပြန်တယ်...
ဟောပြပြောပြသင်ပြရမှာ ဘုန်းကြီးတို့ရဲ့တာဝန်တွေပါ...
ဆရာတော်များကတော့ နေရာတကာမှာ ပုံစံစုံနဲ့ သင်ပေးနေကြပါတယ်...
ယူနိုင်သလောက် ရကြမှာကတော့ ဒကာဒကာမတို့အပိုင်းပေါ့...

လူ့ဘဝကသေပြီးနောက် အပါယ်ရောက်သူများဟာ ကမ္ဘာမြေကြီးလောက် ရေတွက်မရလောက်အောင် အရေအတွက် များတဲ့အကြောင်း... လူ့ဘဝတစ်မနက်ဟာ အပါယ်ဘဝ တစ်မနက်ထက် သက်သာတဲ့အကြောင်းတွေ... လူဆင်းရဲထက် အပါယ်ဆင်းရဲက သာပြီးဆိုးတဲ့အကြောင်းတွေ... ဒကာလေးကို အချိန်ရလို့ အခြေအနေပေးလာခဲ့ရင် သင်ပြပြောပြ ပေးရပါဦးမယ်...

မသိနိုင်ခြင်းအကြောင်းတရား ငါးပါးရှိတာမှန်ပါတယ်...
ဘယ်အရွယ် ဘာနဲ့ ဘယ်မှာ... ဘယ်အချိန် ဘယ်ကိုသွား ဘာမှမသိနိုင်ပါ...
ဒီအဆိုအတိုင်းပါပဲ...

ဘယ်အရွယ်မှာ သေမယ်...
ဘာရောဂါနဲ့ သေမယ်...
ဘယ်နေရာမှာ သေမယ်...
ဘယ်အချိန် သေမယ်...
ဘယ်ဘဝကို သွားရမယ်... မသိနိုင်ဘူးပေါ့...

ဒီလို ဘာမှမသိနိုင်တဲ့အတွက်ကြောင့် လုပ်သင့်တဲ့ သိက္ခာသုံးပါး...
အချိန်မှီလုပ်ကြဖို့ နှိုးဆော်တိုက်တွန်းရပေမည်...
သိက္ခာရှိရင် ရှိသလောက် နေသာမယ် ဆိုတာလေးတွေ ပြောပြရပေဦးမည်...

ဒီမှာကလည်း စားသုတ်သုတ် သွားသုတ်သုတ်ဆိုတာလိုပါပဲ...
ကျောင်းလာသူများအားလုံး အချိန်မရှိကြဘူး ပြောကြတယ်...
ဘဝတိုင်းမှာ သူကခေါ်နေကြ သူခေါ်ရင်တော့ မအားဘူးဆိုလို့ မရဘူး...

ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...

ဦးလောကနာထ
၁၀.၂၁.၂၀၁၁




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, October 19, 2011

ပဒေသာပင်သီးဖို့လား...


ဒကာတစ်ယောက် လက်ထဲမှာ ပစ္စည်းလေးကိုင်လို့ ကျောင်းပေါ်တက်လာတယ်...

ဒီမှာကလည်း ဒကာတွေ လုပ်နေဆဲ ကထိန်ပဒေသာပင်ကြီးက ရှိနေတော့ ဘာရယ်မဟုတ် နှုတ်ဆက်ရင်းနဲ့ မေးလိုက်တယ်လေ... ပဒေသာပင်သီးဖို့လားလို့... ဒီတော့ ဒကာက မဟုတ်ပါဘူးဘုရား လမ်းကကောက်လာတာပါ... ပြီးတော့ ဆက်ပြောလာတာက ဒီလိုကောက်လာတဲ့ပစ္စည်း လှူလို့ရပါသလား...

ပစ္စည်းကြည့်လိုက်တော့ အမှောင်ခွင်းလို့ အလင်းဆောင်မဲ့ လက်နှိပ်ဓာတ်မီး...
ငလျင်ဒေသတွေဆိုတော့ အရေးပေါ်သုံး ဓါတ်ခဲမလိုတဲ့ ဓာတ်မီးလေးပါ...


ဒကာရယ် ဒါနဆိုတာက စေတနာရယ် ပစ္စည်းရယ် အလှူခံသူရယ် ဒီသုံးမျိုးပြည့်စုံပြီဆို ဒါနခေါ်ဆို အလှူတစ်ခု ဖြစ်ပြီပေါ့... တပည့်တော်က ပစ္စည်းအဟောင်းတွေ ကောက်လာတဲ့ပစ္စည်းတွေဆို လှူလို့မသင့် မရဘူးထင်လို့ဘုရား... လှူလို့ကတော့ ရပါတယ်ဒကာ... မိမိစေတနာပေါ်မူတည်လို့ အကျိုးပေးကတော့ ကွာသွားမယ် ဒါလောက်ပါပဲ... ငါသုံးပြီးသားလှူမယ် မကောင်းတာလှူမယ် ဆိုရင်တော့ စေတနာအားနည်းတယ်ပေါ့... ဒီတော့ အကျိုးပေးညံ့တတ်ပါတယ်... ဒီလိုစိတ်မျိုးမဟုတ်ပဲ အခြေအနေအရ ပစ္စည်းဟောင်းလှူရတယ် ကောက်ရလာတဲ့ပစ္စည်း လှူရတယ် ဆိုပေမဲ့ ရရှိသူ စိတ်ချမ်းသာပါစေ အဆင်ပြေပါစေ မိမိအသုံးမပြုတော့ပဲ စွန့်လွှတ်ပြီး လှူလိုက်တော့မယ် အစရှိသည် စေတနာကောင်းတွေ မွေးမြူ လှူဒါန်းမယ်ဆို အကျိုးကြီးပါတယ်...

ဘုရားရှင်လက်ထက်က ပုဏ္ဏားလင်မယား ဘုရားကို ဆွမ်းကျန်လှူတာ ကြားဖူးလားဒကာ...
မသိပါဘုရား...

ဇာတ်လမ်းအကျဉ်းက ဒီလိုဒကာကြီး...

ပုဏ္ဏားကြီး ထမင်းစားနေစဉ် ဘုရားရှင် ရောက်သွားပြီး အလှူခံတဲ့ဇာတ်လမ်း...

ပုဏ္ဏားက အိမ်ထဲမှာ လမ်းဘက်ကို ကျောပေးပြီး ထမင်းထိုင်စားနေစဉ် ပုဏ္ဏေးမက လမ်းမဘက်ကို မျက်နှာမူလို့ လိုအပ်တာပြုစုနေတယ်လေ... ဒီအချိန်မှာ ဘုရားရှင်က ကြွလာပြီး ဆွမ်းရပ်တယ်... အလှူခံသူဆိုတာ သူတစ်ပါးက မမေးပဲနဲ့ နှုတ်ကနေ ထုတ်ဖေါ်မပြောကြပါဘူး... (အရှင်ဘုရား ဘာလိုပါသလဲ ဆိုတော့မှ ထုတ်ဖေါ်ပြောဆိုတာက အလှူခံတို့ရဲ့ ယဉ်ကျေးမှုပါ...)

ဘုရားရှင် ဆွမ်းခံရပ်တာကို ပုဏ္ဏေးမက မြင်တော့ ပုဏ္ဏားကြီးသိရင် အကုန်လှူတော့မှာပဲ ငါတော့ ပြန်ချက်ရတော့မှာပဲဆိုပြီး ကန်တော့ပါသေးရဲ့လို့ ဆိုလိုတဲ့ တိုးတိုးလေး အမူအရာနဲ့ ပြတယ်တဲ့... ဒီတော့ဘုရားရှင်ကလည်း မသွားဘူးဆိုတဲ့သဘော ခေါင်းခါပြီး အမူအရာနဲ့ပဲ ပြတယ်ဆိုပါတယ်... ဘုရားရှင်က အမူအရာနဲ့ပြတော့ ပုဏ္ဏေးမက ရယ်ချင်စိတ်ကို မအောင့်နိုင် ရယ်မိတယ်ပေါ့... ပုဏ္ဏေးမ ရယ်တော့ ပုဏ္ဏားကြီးက ဘာပါလိမ့်ဆိုပြီး လှည့်အကြည့် ရောင်ခြည်တော်ကို ဖူးမြင်ရတော့မှ ဘုရားရှင် ကြွလာတာ သိသွားပြီး... မြတ်စွာဘုရားကို မေးလျှောက်တယ်... အရှင်ဘုရား တပည့်တော် ထမင်းစားနေဆဲ ဖြစ်ပါတယ် ပုဂံထဲမှာ တစ်ဝက်ကိုတော့ ဖယ်ထားတာ ရှိနေပါတယ် သည်တစ်ဝက်ကို အရှင်ဘုရားတို့ အလှူခံပါသလားတဲ့... ဒီတော့ မြတ်စွာဘုရားက ပုဏ္ဏားကြီး ရဟန်းဆိုတာ သူတစ်ပါးကို မှီပြီး အသက်မွေးရတာဖြစ်တယ်... အကောင်းလှူလှူ အညံ့လှူလှူ အကျန်လှူလှူ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း မရှိပဲ အလှူခံပါတယ်တဲ့...

မြတ်စွာဘုရားတောင် ဒီလိုအလှူမျိုးကို ခံယူသေးတာဒကာ
ဒကာပစ္စည်း လှူဒါန်းခွင့်ရှိတာပေါ့...

ဒါလောက်ပါပဲ...
ကျန်တာကတော့ ဟိုအကြောင်း ဒီအကြောင်း...

ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၀.၁၉.၂၀၁၁
----------------------------------------------------------------

ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း မရှိပဲ အလှူခံပါတယ်တဲ့...

ကြည်ညိုဖွယ် အလွန်ကောင်းပါတယ်...
ဘုန်းကြီးကတော့ တစ်ခါတစ်ရံ ချီးမွမ်းမိပါတယ်...
နောက်ဆို သတိထားဖွယ်ရာတွေ... ကျင့်ဖွယ်ရာတွေပါ...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Tuesday, October 18, 2011

ဒီတစ်ပါတ် ဘာကုသိုလ်တွေပါလဲ...


တစ်ပါတ်တော့ ပြည့်သွားပြန်ပြီနော်...

ဒီတစ်ပါတ် ဘာကုသိုလ်တွေပါလဲ...
ဒါကတော့ သည်ဒကာကြီးလာတိုင်း သူ့ကို နှုတ်ဆက်နေကြ သတိပေးစကားပါ...
သည်လိုမေးတော့ ကုသိုလ်ပြုဖို့ သတိရစေမယ် ထင်ပါတယ်...

သူလည်း ဖြေတတ်လာပါပြီ...
အရှင်ဘုရားကို ဆွမ်းလှူဖို့ နေ့စဉ် အချိန်အတော်များများ သတိရနေပါတယ်...

အရင်ကတော့ ဒီလိုမေးရင် အင်းအဲနဲ့ ပြီးသွားတတ်တယ်လေ...

ဒကာမကြီးက အလုပ်များနေတော့ ဒကာကြီးကပဲ တာဝန်ယူရတယ်...
ကိုယ်တိုင်ဈေးဝယ် ကိုယ်တိုင်ချက်
အလုပ်ရုံအသွားမှာတော့ ကိုယ်တိုင်ဝင်ပြီး အရုဏ်ဆွမ်း ကပ်နေသူဖြစ်တယ်...
တစ်ပါတ်တစ်ခါ ကုသိုလ်ယူ(ကိုယ်ကျိုးရှာ)နေတာပေါ့...
(ဒီစာရေးရင်းနဲ့ ကြားကဖြတ်လို့ စဉ်းစားမိတာက... ကိုယ်ကျိုးပဲ ရှာနေတာ ဘယ်ကောင်းမလည်းဆိုတဲ့စကား လူတွေ သုံးတတ်ကြပါတယ်... ခုလို ကောင်းမှုကုသိုလ် ပြုခြင်းဟာ တကယ်တော့ကိုယ်ကျိုးပဲ ဒီကံရဲ့အကျိုးဟာ မိမိအတွက်သာ ဘယ်သူ့အတွက်မှ မပါဘူး... ဒါဆိုရင် ကိုယ်ကျိုးပဲကြည့်တယ် ဘယ်ကောင်းမလည်း ဆိုတဲ့စကားဟာ နေရာတကာမှာ သုံးလို့ မဖြစ်တဲ့ မပြည့်စုံတဲ့ စကားတစ်ခွန်းသာ ဖြစ်မယ်ထင်ပါတယ်... တစ်ချို့က ပစ္စေကဗုဒ္ဓကိုတောင် စွပ်စွဲကြတယ်... တကိုယ်ကောင်းဆန်တယ်တဲ့... ကိုယ်ကျိုးပဲ ကြည့်တယ်တဲ့...)

သဒ္ဓါတရားကို အခြေခံလို့
သည်တစ်ပါတ် ဘယ်လိုချက်ပြီးလှူရင် ကောင်းမလဲ စဉ်းစားနေတာလည်း ကုသိုလ်ပဲ...
ဆွမ်းချက်ဖို့ ဘာတွေဝယ်ရရင်ကောင်းမလဲ စဉ်းစားနေတာ ကုသိုလ်ပါပဲ...
ဘုန်းကြီးနဲ့ တည့်တဲ့ဆွမ်းချက်လှူနေခြင်းဟာ ဆွမ်းအလှူ ဆေးအလှူ ဖြစ်ကြောင်း...
ကောင်းစေလိုတဲ့စိတ်နဲ့ ချက်ပြုတ်နေစဉ်မှာလည်း ကုသိုလ်ဖြစ်နေကြောင်း...
ကျောင်းကို ဆွမ်းသွားကပ်မယ်ဆိုပြီး ကားမောင်းလာဆဲမှာလည်း ကုသိုလ်ပဲ...
ဒီအလုပ်တွေ လုပ်နေဆဲမှာ သတိလေးကပ်ထားနိုင်ရင် အကျိုးပိုကြီးတယ်...
ဒီလိုပြောပြထားတော့ သိသင့်သလောက်တော့ သိလာတယ်ထင်ပါတယ်...
နောက်ထပ်ပြီး လုပ်ဖို့လိုလာတာကတော့ မေတ္တာဘာဝနာ...
ပွားများတတ်အောင် မြတ်စွာဘုရားက သင်ပေးထားခဲ့ပြီ...
လေ့လာကြပြီး လုပ်ဖို့ပဲ လိုတော့တယ်...
ဆက်လုပ်နိုင်ပြီဆိုရင်တော့ သတိပဋ္ဌာန်ပေါ့...

ဒကာဒကာမများ မဟာသတိပဋ္ဌာန်သုတ်တော်ကို ဖတ်စေချင်ပါတယ်...
ဗုဒ္ဓဘာသာဝင်တွေ မဖတ်ဖူးကြတာများတယ် ဒါ စိတ်မကောင်းစရာပါပဲ...
မြန်မာပြန် ဖြစ်တဲ့အတွက် အခက်အခဲလည်း ရှိမှာမဟုတ်ပါဘူး...
နေ့စဉ် ရွတ်ဖတ်ပူဇော်နိုင်ရင် အလွန်ကောင်းပါတယ်...
တစ်ချို့ဆို ပဋ္ဌာန်းတရားကို နေ့စဉ် ပူဇော်ကြပါတယ်...
ပဋ္ဌာန်းရွတ်တဲ့အတွက် ကုသိုလ်ဖြစ်ပါတယ် ကောင်းပါတယ်...
ဒါပေမဲ့ အဓိပ္ပါယ်ကတော့ သိနိုင်ခဲတယ်...

ဒီတော့ အဓိပ္ပါယ်လည်းသိနိုင် သာသနာရဲ့ကျင့်စဉ်လည်းဖြစ်နေတဲ့...
သတိပဋ္ဌာန်မြန်မာပြန်ကို အမြဲရွတ်ဖတ်ပူဇော်သွားရင်...
သတိပဋ္ဌာန်လေးပါး အဓိပ္ပါယ်လည်း သိလာမယ်...
သတိနဲ့ နေတတ် သွားတတ် ကျင့်တတ်လာမယ်...
ဒါဆိုရင် ပူပင်သောကတွေ ကင်းဝေးလာပါလိမ့်မယ်...
နောက်ဆို ဆရာတော်တွေဟောတဲ့ တရားတွေကို နာတဲ့အခါမှာလည်း
လွယ်ကူစွာနဲ့ အဓိပ္ပါယ်တွေ ပိုပြီး ရှင်းလင်း နားလည်လာပါလိမ့်မယ်...

အမြဲရွတ်ဖတ် ပူဇော်နိုင်ကြပါစေ...

ဦးလောကနာထ
၁၀.၁၈.၂၀၁၁
ကျေးဇူးတင်ပါတယ်...





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, October 17, 2011

ဆွမ်းခံကြွဖြစ်တယ်လေ... ဒီနေ့...


၁၀.၁၇.၂၀၁၁
ဆွမ်းခံကြွဖြစ်တယ်လေ... ဒီနေ့...

အိမ်အများကြီးမထင်နဲ့ နှစ်အိမ်ထဲပါ...
ဒီမှာ အနေနဲ့တော့ နှစ်အိမ်တောင် ရှားရှားပါးပါးပေါ့...
တစ်အိမ်က ထိုင်အိမ်...
အိမ်ထဲဝင် ဆွမ်းထည့်လှူနေတုန်း ထိုင်စောင့်ရလို့ ထိုင်အိမ်တဲ့...
နောက်တစ်အိမ်ကတော့ ရပ်အိမ်...
သူတို့က မန္တလေးကလေ... မန်းစတိုင်...
အိမ်အပြင်ဘက်မှာပဲ ရောက်ရင် ခေါင်းလောင်းတီးပြီး ရပ်နေ...
အိမ်ထဲကနေ ဆွေမျိုးတစ်စု တန်းစီထွက်လာပြီး ဆွမ်းလောင်းကြတယ်...
ပြီးရင် မေတ္တာပို့ ကျောင်းပြန်ပေါ့...
ကျောင်းကနေ အသွားအပြန်ဆို တစ်နာရီလောက်တော့ကြာမယ်...

ဒီမှာ ဆွမ်းခံကြွတဲ့အခါ လမ်းဖြတ်ကူးရတာ အကောင်းဆုံးပဲထင်တယ်...
ဗိုလ်ချုပ်လာတဲ့အတိုင်းပဲ လာသမျှကားတွေ အကုန်ရပ်ပေးကြတယ်...
လမ်းလျှောက်သူ လူတွေက ခပ်တည်တည်ပဲ...
ဟိုကိုယ်တော် သေချင်လို့လားလို့...
ကားသမား ဆိုက်ကားသမားက ပြောတာမျိုး မခံရဘူး...

ဘာကြောင့်လည်းဆို ဒီမှာက...
လူကိုတိုက်မိရင် တိုက်တဲ့ကားသမားဟာ
ခန္ဓာပျက်ဆီးမှုပေါ် မူတည်ပြီး တစ်ဘဝလုံး လျော်ပေတော့လို့ ဆိုတာပဲ...
ဒါကြောင့်မတိုက်ရဲတာ... စည်းကမ်းရှိတာ...
ဥပဒေကို ပြင်းပြင်းထားမှ လူတွေ လိမ်မာကြတယ်...
အတိုက်တော့ မခံဖူးသေးပါဘူး...

ဝိနည်းတော်အရ မျက်လွှာလေးချလို့
လေးတောင်လောက်ကြည့်ပြီး လမ်းလျှောက်ရင် ရမယ်ပေါ့...
ဒါပေမဲ့ ဒီအကျင့်က ပျက်သွားတယ်...
ဘာလို့ဆို ဒီမှာက စကားပြောရင် တစ်ဦးနဲ့တစ်ဦး
မျက်လုံးတည့်တည့် စိုက်ကြည့်ပြီး ပြောကြတာ...
ဒီလိုမှမပြောရင် သူတို့က လူလိမ်လို့ထင်တယ် ပြောကြတာပဲ...
နောက်... ရင်မဆိုင်ရဲသူ လူပျော့ လူညံ့ထင်တယ်ပေါ့...
သူတို့တံဆိပ်ကိုက ကြည့်ပါလား မျက်စိက စူးစူးရဲရဲနဲ့ သိန်းငှက်ပုံလေ...
ဒီရောက်လာတဲ့ ဆရာတော်တွေ စူစူးရဲရဲ ဖြစ်သွားပြီ...
ပြူးတူးပြဲတဲတော့ မဟုတ်ပါဘူး...
အကျင့်စရိုက်တွေက အတော်လေးကူးပါတယ်...
ပြောရရင်တော့... စကားပြောရင် လက်အမူအရာလည်း ပါကုန်ပြီ...
တစ်ချို့က ဝင်းဦးလို ပခုံးတောင်တွန့်လိုက်သေး...

မြန်မာပြည်မှာသာ ဒကာမတွေကို ဒီလို စူးစူးရဲရဲကြည့်ပြီး စကားပြောရင်တော့...
တမျိုးထင်ကြမှာပဲ...
ဟိုရောက်ဒီရောက်နဲ့ နည်းနည်းတော့ အူပေါက်သွားတယ်...

ဆွမ်းခံပြန်လာရင်းနဲ့ လမ်းမှာ အဖြူမတစ်ဦးက လက်အုပ်လေးချီပြီး ဂါရဝပြုတယ်...
ဘဝတု သဗ္ဗမင်္ဂလာ တစ်ဂါထာဆိုပေးလိုက်တော့ ငြိမ်ပြီးနာယူတယ်...
သူကတော့ ဘယ်လိုထင်မယ် မသိဘူးပေါ့...
ကိုယ်ကတော့ ဝမ်းသာမိပါတယ်...
တစ်ချို့ ဗုဒ္ဓဘာသာကို အတော် စိတ်ဝင်စားကြတယ်...
ဒါပေမဲ့ များသောအားဖြင့် မဟာယာနတွေနဲ့ပဲ သူတို့တွေ့မယ်ထင်ပါတယ်...
ဒီတော့ တို့မြန်မာတွေ ထေရဝါဒသာသနာကို ကိုယ်ပိုင်မြန်မာဘာသာနဲ့
သေချာ လေ့လာခွင့်ရတာ ဝမ်းမြောက်စရာ သိပ်ကောင်းပါတယ်...

သတိပေးပါတယ်...
မေ့မေ့လျော့လျော့ မနေနဲ့တော့...

ဦးလောကနာထ
၁၀.၁၇.၂၀၁၁
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အရှင်ဘုရား တပည့်တော်...



အရှင်ဘုရား တပည့်တော်...

အရှင်ဘုရား တပည့်တော်ဖခင်ကြီးအတွက် ရည်စူးလို့ ဆွမ်းကပ်လှူလိုပါတယ်ဘုရား...

ဖုန်းနဲ့ ဆက်သွယ်လို့ လျှောက်ကြားလာတဲ့ စကားတစ်ခွန်း... သြ ကျေးဇူးရှင်အတွက် ကျေးဇူးဆပ်လိုတဲ့ ပွဲလေးပါလား... ဒီလိုနဲ့ ၁၁-ခုနှစ် အောက်တိုဘာ ၁၆-ရက် နေ့လည် ၁၁း၀၀ နာရီမှာ ဆွမ်းကပ်ဖြစ်သွားပါတယ်...

သေဆုံးလေသူအတွက် ပြုလုပ်ကြတဲ့ ဗုဒ္ဓဘာသာ ထုံးစံအတိုင်းပေါ့...
သံဃာရည်မှန်း ဆွမ်းကပ်...
သီလခံယူ...
ပရိတ်ရွတ်...
လှူဖွယ်ပစ္စည်းများကို သံဃာရည်မှန်းလှူ...
တရားနာ...
အမျှဝေ ရေစက်ချ...

ပြောပြလိုက်တဲ့ တရားကတော့ သီလပေးမှာ ထည့်ဆိုလိုက်တဲ့...
မအိုချင်လို ငါကဆိုလည်း ဆိုတိုင်းမရ အိုကြရ အနတ္တခန္ဓာကိုယ်...
မနာချင်လို ငါကဆိုလည်း ဆိုတိုင်းမရ နာကြရ အနတ္တခန္ဓာကိုယ်...
မသေချင်လို ငါကဆိုလည်း ဆိုတိုင်းမရ သေကြရ အနတ္တခန္ဓာကိုယ်...

ဒါလေးအခြေခံလို့ ပထမရှင်းပြလိုက်ပါတယ်... ခန္ဓာရတဲ့သူတိုင်း အိုချင် နာချင် သေချင်သူဆိုတာ မရှိဘူး... ဒါပေသိ အိုကြ နာကြ သေကြရတာပဲ... ဒီတော့ အိုဆဲ နာဆဲ မသေခင်မှာ ပြုသင့်ပြုထိုက်တဲ့ ကိုသိုလ်တွေပြုကြဖို့ ပြောတယ်ပေါ့... ကုသိုလ်က ရောက်ရာဘဝမှာ ကောင်းကျိုးချမ်းသာ ရရှိစေတယ်လေ... များသောအားဖြင့် ဒါနရဲ့အကျိုးက ချမ်းသာတဲ့အကျိုး... သီလရဲ့အကျိုးက သုဂတိဘုံလို့ ခေါ်ဆိုရတဲ့ လူဘုံနတ်ဘုံ... ဘာဝနာရဲ့အကျိုးကတော့ ဈာန် အဘိညာဏ်ရခဲ့ရင် ဗြဟ္မာပြည်... ဒါက သမထဘာဝနာရဲ့အကျိုးပါ... သူတို့က ဆင်းရဲတွင်းကတော့ တကယ်မလွတ်ဘူးနော်... မြတ်စွာဘုရားအမှူးရှိတဲ့ သူတော်ကောင်းတွေကတော့ ဆင်းရဲတွင်းကလွတ်တဲ့ ဝိပဿနာကို အားထုတ်စေချင်ကြပါတယ်... ကိလေသာစင်ရင် ဆင်းရဲကင်းပြီကိုး...

ဒါပေမဲ့လည်း ဝိပဿနာဆိုတာ ဘုန်းကံရှိသူများအတွက်သာလို့ ဆိုကြတယ်...

ဒကာမတစ်ဦးကပြောတယ်... အရှင်ဘုရားက ဘယ်နည်းလဲတဲ့... ဒီတော့ ဘုန်းကြီးက ဘုရားနည်းလို့ ပြောလိုက်ပါတယ်... ဟုတ်ဖူးလေအရှင်ဘုရား မဟာစည်နည်းလား မိုးကုတ်နည်းလေလားလို့ မေးတာပါတဲ့... လူတွေမှာ ဒါပဲ ခဏခဏ မေးကြတယ်... ဒကာဒကာမတို့ပဲ စဉ်းစားကြည့်လေ... ကိလေသာစင်တဲ့လမ်း တစ်လမ်းပဲရှိရမှာပေါ့... ဘုရားနည်းက လွတ်ပြီဆို ဘယ်ဖြစ်တော့မှာလဲ... မဟာစည်ဆရာတော် မိုးကုတ်ဆရာတော်တို့ကလည်း မဟာစည်နည်းပါ မိုးကုတ်နည်းပါလို့ ပြောဆိုသံမျိုးမရှိခဲ့ မကြားခဲ့ရပါဘူး... လူတွေမှာကိုက ပြောရင်းပြောရင်းကနေ ကွဲကွဲလာတယ် ထင်တာပဲ... နားလည်သူများကတော့ သဘောပေါက်ပါတယ်... အရေးမကြီးပေမဲ့... နားမလည်သူများဆို နည်းမျိုးစုံ ထင်ကုန်ကြပါတယ်...

ဒီနည်းတွေဟာ ဘုရားနည်းပါ... သတိပဋ္ဌာန်လေးပါးမှာ ကာယာနုပဿနာ ၆-ပိုင်း ထဲက ထွက်လေဝင်လေ ရှုဆင်ခြင်ခြင်းအပိုင်းပါပဲ... မဟာစည်ဆရာတော်ကလည်း အာနာပါနလို့ ပြောတာပါပဲ... ထို့အတူ မိုးကုတ်ဆရာတော်ကလည်း အာနာပါနလို့ ပြောတာပါပဲ တူတူပါပဲ မခွဲကြပါနဲ့... ခွဲရင် ကွဲတတ်ပါတယ်...

သတိပဋ္ဌာန်လေးပါးထဲ အကျုံးဝင်ရင် ဘုရားနည်း...
ဘုရားနည်းနဲ့ဆို ကိလေသာစင်မယ်လေ...

နောက်တစ်ဦး ဆိုပြန်တာက...
အရှင်ဘုရား အကြားအမြင်ဆရာမကလေတဲ့... ဒီအသံကြားရင် ဘုန်းကြီးကလည်း ယုံကိုမယုံ... (အကြားအမြင်ဆိုတာ မရှိလို့ မယုံတာမျိုးတော့ မဟုတ်ပါလေ) ကိုယ်ကမယုံပေမဲ့ သူများပြောလာတာကိုတော့ ဆုံးအောင် နားထောင်ပေးပါတယ်... ဒါမှ လိုအပ်တာ သင်ပြပေးနိုင်တာပေါ့... တပည့်တော်မက ယုံတော့မယုံပါဘူးဘုရား ဒါပေမဲ့ အမေဆိုတော့လည်း စိတ်ထဲတမျိုးပေါ့... သူကပြောတာကတော့ တပည့်တော်တို့အိမ်နားက သစ်ပင်မှာ ရုက္ခစိုးဖြစ်နေတယ်လို့ ပြောပါတယ်တဲ့... ဒါက အမေရိကားက အကြားအမြင်ရဲ့အပြောပါ... တစ်ချိန်တည်းမှာပဲ မြန်မာပြည်က အကြားအမြင်ဆရာကပြောတော့ တစ်မျိုးဘုရား သူတို့နှစ်ဦးအဖြေက မတူကြဘူးတဲ့... တပည့်တော်အမေက နှစ်နေရာတောင် ရောက်နေသလိုပဲ...

ကဲ တော်သေးပြီ...

နေ့စဉ်နေ့တိုင်း ပြုနေတဲ့ ကုသိုလ်တွေ သတ္တဝါအားလုံးကို မျှဝေပေးပါတယ်...

ဦးလောကနာထ
၁၀.၁၆.၂၀၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Sunday, October 16, 2011

ပညာရှိ သူတော်ကောင်းတို့ သတ်မှတ်အပ်သော...




,ရောက်လာသူတစ်ချို့ထံမှ သိရသည်ကို အခြေခံ၍...

ပညာရှိ သူတော်ကောင်းတို့ သတ်မှတ်အပ်သော တရားများထဲက သုံးမျိုးကို ပြောပြချင်ပါတယ်... ဘာကြောင့်လည်းဆို ခုခေတ် ကာလအနေအထားအရ ချို့ယွင်းမှုတွေများလာသည့်အတွက် ဖြစ်ပေါ်လာမည့် ကုသိုလ်တွေ မဖြစ်ပေါ်လာတော့ဘဲ... မဖြစ်သင့်တဲ့ အကုသိုလ်တွေ ဖြစ်ပေါ်နေကြရတယ်...

ပေးကမ်းခြင်း လှူဒါန်းခြင်းကို ပညာရှိသူတော်ကောင်းတို့က လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လို့ သတ်မှတ်ထားပါတယ်... သူတော်ကောင်းတောင်မှ ပညာရှိသူတော်ကောင်းလို့ ဆိုထားပါတယ်...

တစ်ချို့မှာ သားသမီးတွေက ပေးကမ်းလှူဒါန်းချင် မိဘတွေကဖျက်...
တစ်ချို့မှာ မိဘတွေက ပေးကမ်းလှူဒါန်းချင် သားသမီးတွေကဖျက်...
တစ်ချို့မှာ ဇနီးမယားက ပေးကမ်းလှူဒါန်းချင် ခင်ပွန်းသည်ကဖျက်...
တစ်ချို့မှာ ခင်ပွန်းက ပေးကမ်းလှူဒါန်းချင် ဇနီးမယားကဖျက်...
ဒီလိုအနေအထား ကြုံလာသည့်အခါ ဖျက်သူဘက်က အကုသိုလ်ဖြစ်ကြ လှူလိုသူမှာလည်း မလှူရတော့ စိတ်ဆင်းရဲနဲ့... ကြာလာတော့ မိသားစုကြား အကုသိုလ်တွေတိုးလို့ လာတတ်ပါတယ်... သဒ္ဓါတရားဆိုတာ လောကီလောကုတ် နှစ်ဖြာ ကြီးပွားတိုးတက်စေပါတယ်... ဒါ့ကြောင့် ကြီးပွားလိုသူများ သဒ္ဓါတရားတွေ တိုးအောင် ကျင့်နိုင်ကြပါစေ...

နောက်တစ်ခု...
ပညာရှိသူတော်ကောင်းတို့က ကိလေသာငြိမ်းအောင် ရှင်ရဟန်းပြုခြင်းကို လုပ်သင့်လုပ်ထိုက်သောအလုပ်ဟု သတ်မှတ်ကြပါတယ်... သားသည်မိခင် ဖခင်များ မိမိတို့သားလေးကို ရှင်ရဟန်းပြုဖို့ရာ တိုက်တွန်းနိုးဆော်ဖို့ လိုပါတယ်... ခုခေတ်အနေနဲ့ ဇွတ်ခိုင်းလို့ မရပေမဲ့... မိဘများက ဝတ်ချင်စိတ်ပေါ်အောင် ရှင်ရဟန်းဝတ်ရခြင်းရဲ့ တန်ဖိုးသိအောင် ညွှန်ပြသွန်သင် တတ်ရပါလိမ့်မယ်...

တစ်ချို့ တကယ်ဝတ်လိုသူများကြတော့လည်း ဇနီးမယား သမီးသားများက ခွင့်မပြုကြပြန် ဖြစ်တတ်ပါတယ်... ပညာရှိသူတော်ကောင်းတွေ သတ်မှတ်အပ်တဲ့ လုပ်ငန်းတွေ ဖြစ်သည့်အတွက် မဝတ်နိုင်သူများက ဝတ်နိုင်သူများကို အားပေးအားမြှောက် ပြုသင့်ပါတယ်... ဒါမှ မိမိတို့တစ်တွေလည်း မဝတ်နိုင်ကြပေမဲ့ ပညာရှိသူတော်ကောင်း စားရင်ဝင်ဖြစ်သွားမယ်...

နောက်ဆုံးတစ်ခုကတော့...
အများသိကြပြီးဖြစ်တဲ့ တုနှိုင်းမရတဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကို ပြုစုလုပ်ကြွေးခြင်း... သည်အလုပ်ကိုလည်း ပညာရှိသူတော်ကောင်းတို့က လုပ်သင့်လုပ်ထိုက်တဲ့အလုပ်လို့ သတ်မှတ်ပါတယ်... မိမိတို့တစ်တွေ စဉ်းစားကြည့်လိုက်ပါ သည်အလုပ်ဟာ ကောင်းလား မကောင်းလားဆိုတာကို... အားလုံးသော သားသမီးများဟာ ကောင်းပါတယ်ဘုရားလို့ပဲ ဆိုကြပါလိမ့်မယ်... ဒါပေမဲ့ ပြုစုနိုင်ကြသလား စောက်ရှောက်နိုင်ကြသလား ဆိုရင်တော့...

တစ်ချို့က မှန်ပါ့ဘုရား...
တစ်ချို့ကတော့ တတ်နိုင်သလောက်ပေါ့တဲ့...
တစ်ချို့ကတော့ အင်းအဲဆို မသိချင်ယောင်ဆောင်သွားရော...

ကျေးဇူးရှင် မိဘနှစ်ပါးကိုမှ ပြုစု စောက်ရှောက်ရကောင်းမှန်း မသိတဲ့ သားသမီးမျိုးကတော့... ဆီသုတ်တောင် အရောင်မထွက်ပဲ နေလိမ့်မယ်နော်... တစ်ချို့သားသမီးတွေကတော့ ကျေးဇူးသိတတ်တယ် သေချာပြုစုကြပါတယ်... ဒါပေမဲ့ အနေအထိုင်မတတ်တဲ့ မိဘနဲ့တွေ့ရတော့ အခက်တွေ့ကြပြန်ရော... နေ့ရောညပါ သားသမီးတွေမှာ စိတ်ဆင်းရဲကြရတယ်... ဘာပဲဖြစ်ဖြစ် မိဘဖြစ်နေတဲ့အတွက် ကံသုံးပါးလုံး ထိန်းကြဖို့ မပြစ်မှားမိကြဖို့ အများကြီး လိုပါတယ်... ပြုစုရခက်လာတော့ ကြာရင် လွယ်လွယ်ကူကူ ပြစ်မှားမိတတ်ကြတယ်လေ... အသိသတိရှိပါစေ...

ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းစွာနဲ့
ပညာရှိသူတော်ကောင်းများ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ...

ဦးလောကနာထ
၁၀.၁၆.၂၀၁၁
အင်-၃-၅-၅



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။