နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, December 8, 2011

ကျေးဇူးရှင်မိခင်ကြီး သေဆုံးလေပြီ...



မိဘကျေးဇူး ကျေအောင်ဆပ်ဖို့ အလွယ်ပေဘူး...
မလွယ်ပေမဲ့ ကျေအောင်ဆပ်နိုင်သူတွေထဲမှာတော့...
ဘုရားရှင်ဟာ ထိပ်ဆုံးကပါပဲ...
မိမိအပေါ် ကျေးဇူးရှိခဲ့သူများကို ဆင်းရဲငြိမ်းအောင် လုပ်ပေးသွားပါတယ်...

မိခင်ဖခင်တို့ကို ဆင်းရဲဒုက္ခချုပ်ငြိမ်းအောင် ပြုလုပ်ပေးနိုင်ရင်...
ကျေးဇူးကျေတယ်လို့ ဆိုပါတယ်...
ဒါကြောင့် သားသမီးများက မိဘများကို ဆင်းရဲငြိမ်းအောင် လုပ်ပေးကြရမယ်...
မသိသေးသူ မိဘများကို သိအောင် လမ်းညွှန်ပေးကြရမယ်...
ဒါနမပြုတဲ့မိဘကို ဒါနပြုအောင်...
သီလမလုံတဲ့မိဘကို သီလစောင့်ထိန်းအောင်...
ဘာဝနာမရှိသေးတဲ့မိဘကို တရားအားထုတ်တတ်အောင် သင်ပြပေးကြရမယ်...

အိုမင်းလာတဲ့ မိဘများကို ကျွေးမွေးပြုစု စောင့်ရှောက်ကြရမယ်...
ကောင်းမှုနဲ့ပျော်မွေ့ပြီး စိတ်ချမ်းသာအောင် ထားပေးရမယ်..

ကျေးဇူးရှင်မိဘများ သေဆုံးကြပြီဆိုရင်လည်း ကျန်ရစ်သူ သားသမီးများက...
မိဘတွေထားခဲ့တဲ့ (လုပ်စေချင်တဲ့) ကောင်းမှုနဲ့ယှဉ်တဲ့အလုပ်တွေဆိုရင် လုပ်ကြရမယ်...

တစ်ရက်မှာတော့ ဒကာလေးက ဖုံးဆက်လာတယ်...
အရှင်ဘုရား ကျေးဇူးရှင်မိခင်ကြီး ဒီဘဝ ငြိမ်းချမ်းသွားပါပြီတဲ့...
ခုတော့ တစ်ဘဝတစ်ခန္ဓာ မိဘတာဝန်ကျေပွန်စွာနဲ့ ဘဝကူးသွားပြီပေါ့...
မိဘများဟာ သားသမီးတွေအတွက်ပဲ အချိန်တွေ ပေးသွားကြတယ်...
သားသမီးတွေကလည်း နိုင်သလောက်လေးကျေးဇူးဆပ်ကြရင်းနဲ့ ပြီးသွားပြန်ရော...

ဒီလိုနဲ့ပဲ...

ဒီနေ့ကတော့ ဒီဇင်ဘာ ၇-ရက် ဆရာမကြီးရဲ့ အသုဘအခမ်းအနား...


ညနေ ၄-နာရီမှာ ဆရာတော်နှစ်ပါးပင့်ပြီး ကုသိုလ်ပြု အမျှဝေကြမယ်...
အသုဘကတော့ ဒီနိုင်ငံထုံးစံပဲပြောရမလား မသိဘူး ငိုယိုသူမရှိပေါ့...
အားလုံးတည်တည်ငြိမ်ငြိမ်နဲ့ပဲ လုပ်စရာရှိတာ လုပ်သွားကြပါတယ်...
ဘုန်းကြီးတွေ အခမ်းအနား အရင်စပါတယ်...
ပြီးရင်တော့ သေဆုံးသူရဲ့ တစ်ဘဝအကြောင်းအရာ ဂုဏ်ပုဒ်တွေပြောကြပါတယ်...
တစ်ဦးပြီးတစ်ဦး ဂုဏ်ကြီးရင် ကြီးသလောက် ပြောကြတယ်...
မြန်မာပြည်မှာဆိုရင်တော့ ပွဲကြီးနိုင်တဲ့ အသုဘတစ်ခုပါ...
ဒီမှာတော့ သာမန်ပါပဲလေ...

ဆရာတော်က သီလပေး တရားဟော ရေစက်ချအမျှဝေပေးပါတယ်...
ဟောတဲ့တရားလေးကတော့ ပဋာစာရီတဲ့...
ဓမ္မကထိကဆရာတော်ဆိုတော့ အသံကောင်း အပြောကောင်းပါပဲ...
ကြာနီကန်ဆရာတော်တို့နဲ့ ခေတ်ပြိုင်လောက်ဆရာတော်ထင်ပါ့...

ဘုန်းကြီးသာ ပဋာစာရီဟောရင်တော့ အစအဆုံးဟောမိမယ်ထင်တယ်...
ဒီလိုဟောရင်လည်း ကမောက်ကမ ဖြစ်မှာ သေချာတယ်...
ဘာလို့ဆို ပဋာစာရီက မိဘသဘောမတူတဲ့ ကိုဒါသကို ခိုးယူတာကနေ စမိမှာ...
ခုတော့ဆရာတော်က ဒါတွေကိုကျော်ဖြတ်ပြီး...
ကိုဒါသသေဆုံးလို့ ကိုဒါသရဲ့ဆိုပြီး ငိုခြင်းချတာလေးက စပြီးဟောသွားတယ်...
ပြီး သားငယ်လေးစွန်ချီပြန်ရော သားငယ်လေးစွန်ချီလို့ငို...
သားကြီးကရေနစ်သေပြန် ငို ဒီလိုစိတ်မကောင်းစရာတွေဖြစ်နေချိန်...
မိခင်ဖခင်နဲ့ မောင်ဖြစ်သူက အိမ်ပြိုလို့သေပြန် ငိုစရာတွေများစွာနဲ့...
စိတ်ဖေါက်ပြန်ပြီး ဘုရားရှင်ဆီရောက်လို့ တရားရေအေးတိုက်ကျွေးတော့မှ...
ဒီဘဝရူးတဲ့အရူးရော သံသရာကပါလာတဲ့ ကိလေသာအရူးကော ရှင်းသွားတယ်...

ဝမ်းနည်းပူဆွေးစရာလေးတွေ ဟောပြီးနောက်...
ခန္ဓာမှန်သမျှမမြဲကြောင်း မမြဲတဲ့ခန္ဓာတွေပဲ မိမိတို့မှာ ရှိနေကြောင်း...
ခန္ဓာမှန်သမျှ ဆင်းရဲကြောင်း ဆင်းရဲတဲ့ခန္ဓာတွေပဲ မိမိတို့မှာ ရှိနေကြောင်း...
ခန္ဓာမှန်သမျှ အစိုးမရကြောင်း အစိုးမရတဲ့ခန္ဓာတွေပဲ မိမိတို့မှာ ရှိနေကြောင်း...
ပြီးတော့မှ သစ္စာလေးပါးနဲ့ အဆုံးသတ်ပြီး အမျှဝေရေစက်ချကြတယ်ပေါ့...
အမျှဝေပြီးနောက်...

အနိစ္စာဝတ သင်္ခါရာ စတဲ့ သုံးဂါထာကိုတိုင်ပေးကြပြီး လိုက်ဆိုခိုင်းပါတယ်...

နောက်ဆုံး အမိနဲ့သား ဆွေမျိုးများ တစ်ဦးနဲ့တစ်ဦး အပြစ်တွေရှိရင်
ခွင့်လွှတ်ကျေနပ်ကြဖို့ တောင်းပန်ကန်တော့ကြရင်း အခမ်းအနားပြီးပါတယ်...

ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။


ဦးလောကနာထ
၁၂.၈.၂ဝ၁၁

အနိစ္စာဝတ သင်္ခါရာ ဂါထာ...






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, December 7, 2011

တပည့်တော်မ သားလေး အရမ်းဒေါသကြီးတယ် တရားဟောပေးပါဘုရား...


အရှင်ဘုရား
တပည့်တော်မ သားလေး အရမ်းဒေါသကြီးတယ် တရားဟောပေးပါဘုရား...

ကျောင်းကိုလာရင်တော့ ဟောပြောပေးရတာပေါ့ ဒကာမကြီး...
ဒီလိုပြောဆိုပြီးနောက်...
ဗုဒ္ဓဘုရားရှင်(လောင်းလျာ) နုစဉ်တုန်းက ဇာတ်တော်လေးသတိရမိတယ်...

မိဖုရားကြီးကံတော်ကုန် နတ်ရွာစံလို့ ဘုရင်ကြီးမှာ မအိပ်နိုင်မစားနိုင်...
တိုင်းရေးပြည်ရာ ဘာမှတစ်ခုမျှမလုပ်နိုင် တမှိုင်မှိုင်တစ်ထွေထွေ နေတဲ့အချိန်...
ဘုရားလောင်းရသေ့က ဘုရင်ရဲ့ဥယျာဉ်တော်မှာ နေ့သန့်စင်နေတဲ့တစ်နေ့...
ဥယျာဉ်မှူးက ရသေ့ကိုမေးလျှောက်တယ်လေ...
အရှင်ဘုရား ရှင်ဘုရင်ကြီး ဒီလို ဒီလိုဖြစ်နေတယ် တရားဟောပေးပါဆိုတော့...
မင်းတို့ရှင်ဘုရင်ကြီး ငါ့ဆီလာရင်တော့ ဟောပေးရတာပေါ့ ဆိုတာကို သတိရမိတယ်...
ဒီလိုပဲ တိုက်ဆိုင်မှုတွေရှိရင် သတိရတတ်ပါတယ်...

မှန်ပါ့ဘုရား တပည့်တော်ခေါ်လာခဲ့ပါ့မယ်...တဲ့...
နောက်တစ်နေ့ ရောက်လာတော့ ဘုန်းကြီး ဒုက္ခရောက်တော့တာပဲ...ဘာလို့...
ဒေါသကြီးတယ်ဆိုတဲ့ သူ့သားလေးက ၂-နှစ်သားလောက်ပဲ ရှိဦးမယ်လေ...
ဒီတော့ ဘုန်းကြီးက ဘယ်လိုလုပ် တရားဟောပေးရမလဲ...

စိတ်ကလည်းအလွန်ကြီး ဒေါသလည်းအလွန်ကြီးပါတယ်တဲ့...

ကလေးကို ပြောတာထက် ဒကာမကြီးကို ပြောပြရမဲ့သဘောရှိတယ်...
ကလေးက ဒကာမကြီးနဲ့ အမြဲတွေ့ရမှာ...
ကလေးတွေကို အပေးအယူလုပ်ပြီး ဆုံးမသင့်ပါတယ်...
ဆုပေးဒဏ်ပေးပေါ့...
မိမိဘက်က ဒေါသမပါ မကြမ်းတမ်းတဲ့ ဆုံးမမှုမျိုး ဖြစ်ရမယ်...
ကလေးတွေရှေ့မှာ မိသားစု ရန်ပွဲတွေလည်း မဖြစ်သင့်ဘူး...
အမိဘက်က သို့ အဖဘက်ကနေ ဒီစရိုက်မျိုးက ပါလာတတ်ပါတယ်...
ဒီလိုပြောတော့ ဒကာမက ဒကာကြီးဘက်လှည့်ကြည့်တယ်...
အရှင်ဘုရား အဲဒါ သူ့ဘက်ကပါလာတဲ့ အကျင့်ဆိုးတဲ့...
ဒီတော့ မိမိတို့ကိုယ်တိုင်က စပြင်ရပါမယ်...
မိမိကမှ မပြင်ပဲနဲ့ ကလေးကို ပြင်ခိုင်းနိုင်ဖို့ဆိုတာ အတော်မလွယ်ပါ...

ဒေါသထွက်နေတဲ့မျက်နှာနဲ့ သာမန်မျက်နှာဘယ်ဟာက လှသလဲ...
သူဒေါသထွက်နေရင် ဘီလူးလေးလိုပဲဘုရား...တဲ့
အဲဒါကိုနားလည်အောင် သူစိတ်ပျော်နေချိန်မှာ ပြောပြပါ...
ဆုံးမစကားတွေကို ဒေါသဖြစ်နေချိန်မှာ မပြောပါနဲ့...
အဲဒီအချိန်မှာ သူ့ကိုဘေးမဖြစ်အောင်သာ စောင့်ရှောက်ပါ...
ဒေါသငြိမ်းချိန်ကျမှ နားလည်အောင် မေတ္တာစိတ်နဲ့ ပြောပေးပါ...
ဒေါသထွက်နေသူဟာ တစ်ခုခုလိုနေသူပါ...
ဖြည့်ဆည်းနိုင်တာဆို ဖြည့်ဆည်းပေးပါ...
ပြီးမှ အကြောင်းအကျိုးပြပြီးတော့မှ ဆုံးမပါ...

ဒေါသထွက်နေသူမှာ ချစ်ခင် နှစ်သက်စရာ ဘာတစ်ခုမှ မရှိတော့ပါဘူး...
ဒေါသထွက်နေသူဟာ အမိအဖ ဆရာသမားရယ်ဆိုတဲ့အသိလည်း မရှိတော့...
ထင်ရာပြော ထင်ရာလုပ်တတ်တဲ့အတွက် အရူးရှစ်မျိုးထဲက တစ်မျိုးပါ...
အရူးလို့အပြောခံရရင် မကောင်းကြောင်း သင့်သလို အကျယ်ပြောပြပေးပါ...

အပုပ်ရည်ဆိုတာဟာလည်း ကြာလေချဉ်လေ ချဉ်လေနံလေပါပဲ...
ဒေါသဆိုတာလည်း ဒီလိုပဲ အစိုင်အခဲတည်လာပြီးနောက် ပေါက်ကွဲမယ်..
ဒေါသအားကြီးပြီးနောက် ရန်ညှိုးတွေဖွဲ့တတ်ပြန်တယ်...
နောက်ဆက်တွဲ မကောင်းမှု မကောင်းကျိုးတွေပေါ့...

မီးဟာ လေအကူရလျှင် ပိုပြီးတောက်လောင်တတ်သလိုပဲ...
ဒေါသကလည်း မာနနဲ့တွဲမိရင် ပိုပြီးအားပြင်းသွားတယ်...ခက်ထန်တယ်...
ကလေးကတော့ ဒေါသတို့ မာနတို့ဆိုတာ သိမှာမဟုတ်ဖူးပေါ့...
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ...
ကလေးဖြစ်စေ လူကြီးဖြစ်စေ...
လူဖြစ်စေ နတ်ဖြစ်စေ တိရစ္ဆာန်ဖြစ်စေ...
ဒေါသရဲ့သဘောကတော့ လူဖြူလူမဲ အတူတူပါပဲ...

ဒေါသဖြစ်လာလျှင် ဖြေဖျောက်ဖို့ရာ စာပေမှာ နည်း ၁၁-မျိုးရှိတယ်လေ...
၁...မေတ္တာပွားရမယ်...
၂...မြတ်ဗုဒ္ဓ၏ အဆုံးအမသြဝါဒတွေကို ဆင်ခြင်ပါ...
၃...သူများ၏ ကောင်းကွက်ကိုသာ ရှာ၍တွေး...
၎...သူဟာ ကိုယ်လောက်မှ မသိမတတ်ပါလားလို့ သနားစိတ်မွေး...
၅...မိမိကိုယ်ကို မပြတ်ဆုံးမပါ...
၆...ကံသာလျှင်အမိ ကံသာလျှင်အဖ ကိုယ်ပြုခဲ့သည့်ကံအတိုင်းပဲလို့ ဆင်ခြင်...
၇...ဇာတ်တော်တွေထဲက သူတော်ကောင်းတွေ သည်းခံပုံကိုတွေး...
၈...တစ်ချိန်တစ်ဘဝက သူဟာ ငါနဲ့ဆွေမျိုးတော်ခဲ့ဘူးမှာလို့တွေး...
၉...မေတ္တာ၏ အကျိုးတရားများကို ဆင်ခြင်...
၁ဝ...ဓာတ်ကြီးလေးပါးစသည်ခွဲ၍ ဖြေဖျောက်...
၁၁...ပစ္စည်းဥစ္စာ ပေးခြင်းလက်ခံခြင်းဖြင့် ဖြေဖျောက်ပါ...

ဒီလိုနည်းတွေနဲ့ ဒေါသကိုဖြေဖျောက်နိုင်ပါတယ်...

ဖြစ်နိုင်အောင်ကျိုးစားကြပြီး ဘုန်းကြီးကျောင်းကိုလာပါ...
လေ့လာပါ မှတ်သားပါ ကျင့်ကြပါ...

ဒေါသတရားတွေ ပြေပျောက်ကြပါစေ...
ဦးလောကနာထ
၁၂.၇.၂ဝ၁၁

ဒါကတော့ တည်တောဆရာတော်ရဲ့ ဒေါသဖြေဖျောက်နည်းပါ...
ဒါကတော့ အရူးရှစ်မျိုး




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, December 2, 2011

ရတုန်းယူထားရပါသည်...


ဒီလှေခါးလေး တက်နိုင်တုန်း ကုသိုလ်တွေယူထား...


လူကြီးတွေကျောင်းလာရင် အခက်တစ်ခုကတော့ လှေခါးတက်ရတာပါပဲ...
ဘုန်းကြီးကျောင်းဆိုတာကလည်း လူကြီးတွေပဲ အလာများတာ...
ခန္ဓာကိုယ်က နှစ်ပေါင်းများစွာ ခိုင်းထားပြီဆိုတော့ ဒဏ်တွေကပေါ်ပြီပေါ့...

ကျောင်းလာပြီး ဆွမ်းကပ်နေတဲ့ ဒီမိသားစုတွေ ကျောင်းပေါ်ရောက်ရင်
နှုတ်ဆက်စကားကတော့ လှေခါးလေးတက်နိုင်တုန်း လာထားရတယ်ဘုရား...
ကျောင်းပေါ်ရောက်တော့ ဆွမ်းကပ်ဖို့ ပြင်ဆင်ကြပြီး ဆွမ်းကပ်ကြပါတယ်...

ပြောမိတာလေးတွေကတော့ ကျေးဇူးတရားနဲ့ ပါတ်သက်တာလေးတွေ...
တပည့်တော်တို့ လာနိုင်တုန်းလေး လာပြီး ကုသိုလ်ယူနေရတာဘုရား...
ဟုတ်တာပေါ့ ဒကာမကြီး...အချိန်ရှိခိုက်လုံ့လစိုက်ပြီး ယူထားကြပေါ့...
ဒကာမကြီးတို့ ဒီလို ဒါနကုသိုလ်ယူနိုင်ဖို့ ဘုန်းကြီးဒီမှာ မရှိရင် ရပါ့မလား...
မဖြစ်ပါဘူးဘုရား တပည့်တော်တို့မှာက အဝေးကြီးလည်း မသွားနိုင်ဘူး...
အရှင်ဘုရား ဆန်ဖရန်ကိုပြောင်းလာတော့ တပည့်တော်တို့ ဝမ်းသာနေကြတာ...
ဟိုအဝေးမှာတုန်းက လာမှမလာနိုင်တာ ဒီလိုဆွမ်းလှူတဲ့ကုသိုလ် မရဘူးပေါ့...
ခုတော့ ဒါနကုသိုလ်ကို နီးနီးလေးမှာ ယူလို့ရသွားပြီ အရှင်ဘုရားကျေးဇူးပါပဲ...

ဒါနကုသိုလ်ဆိုတာ လှူလိုစိတ်ရယ် လှူဖွယ်ပစ္စည်းရယ် အလှူခံရယ် ရှိမှကိုး...

ကျေးဇူးတရားတွေ တစ်ဦးနဲ့တစ်ဦး သိကြမြင်ကြရင် ကောင်းပါတယ်...
သူတစ်ဦးကျေးဇူးတွေ မြင်အောင်ကြည့်ရင် မြင်ကြရမယ်...
ဘုန်းကြီးတို့ဆို ရဟန်းဝတ်ကထဲက စီးပွားရှာတဲ့အလုပ် လုပ်မစားရတော့ဘူး...
ဒါ ထေရဝါဒဘုန်းကြီးတိုင်းပါ...
ဒကာဒကာမများ ထောက်ပံ့တဲ့ ပစ္စည်းလေးပါးနဲ့တင် အသက်ရှင်နေရတာ...
အသက်သခင်ကျေးဇူးရှင်တွေလို့ ပြောရင်တောင် ရပါတယ်...
ကျေးဇူးတရားတွေ ကြည့်တတ်မြင်တတ်ကြရင် လောကကြီး ငြိမ်းချမ်းပါတယ်...
တစ်ဦးနဲ့တစ်ဦးဟာ ကျေးဇူးတွေ မကင်းကြဘူးပေါ့...

ဒကာဒကာမတို့ဘက်က လှူဒါန်းမှုဒါနနဲ့ ကျေးဇူးပြုသလို
ဘုန်းကြီးတို့ဘက်ကလည်း ဒကာဒကာမတို့ကို ဒါနတွေပြုနိုင်အောင်
သီလ ဘာဝနာတွေပွားနိုင်အောင် ပြုလုပ်ပေးရင်းနဲ့ ကျေးဇူးဆပ်ကြရတာပါပဲ...
ရဟန်းတွေ သိက္ခာသုံးပါး ကျင့်နေခြင်းသည်လည်း ကျေးဇူးဆပ်နေတာပါပဲ...

ပြောရင်းကနေ ပါလာနေကြ ဒကာလေး(သူ့သားမက်) မပါလို့ မေးကြည့်တော့
သူ့အမေ လူအိုရုံကနေ အရေးပေါ် ဆေးရုံတင်ရတဲ့အကြောင်းပြောလာတယ်...
အခြေအနေကတော့ သိပ်မကောင်းဘူးပေါ့...

မိခင်ကြီးက ဆရာဝန်တွေနဲ့ နီးနီးနေရမှ အဆင်ပြေမှာမို့ လူအိုရုံပို့ထားရပေမဲ့...
သိထားသလောက်ဆိုရင်တော့ တစ်နေ့တစ်ခေါက်အလုပ်ကအပြန်
မိခင်ဖြစ်သူထံ အမြဲသွားပြီ ဝေယျာဝစ္စလုပ်ပေးတတ်တယ်...
မိခင်ဖြစ်သူကလည်း သူ့သားကိုယ်တိုင် သွားတိုက်ပေးမှကောင်းတယ်တဲ့...
ဒီတော့ သားကလည်း နေ့တိုင်း သွားတိုက်ပေးလေ့ရှိတယ်...
ဒီမြင်ကွင်းမျိုးကြည့်လိုက်ရရင်တော့ အတော်ပီတိဖြစ်စရာ နေမှာပါပဲ...
စဉ်းစားရင်းနဲ့တောင် ဝမ်းသာကြည်နူးမိပါတယ်...
သားအမိနှစ်ဦးရဲ့ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးပေါ့...

ဒီမှာကတော့ နေ့စဉ်သွားရောက် ပြုစုဖို့ဆိုတာ အတော်မလွယ်တာပါပဲ...
သားတာဝန်ကျေပါတယ်...

တနည်းအားဖြင့် မိဘကျေးဇူး ဆပ်နေတာပါပဲ...
မိဘကျေးဇူးဆပ်ကြဖို့ အမြဲလည်း ဆုံးမပေးပါတယ်...
မိဘတွေ အိုပြီး နာတာရှည်နေကြခြင်းဟာ
သားသမီးတွေ ကျေးဇူးဆပ်ဖို့ရာအတွက် အခွင့်အရေးတစ်ခုပါပဲ...
ယူတတ်တဲ့သားသမီးတွေရကြမယ်...
ယူတတ်ပါစေ...

သားသမီးတိုင်း ဘယ်လိုမိဘမျိုးကိုမဆို ပြုစုစောင်ရှောက်နိုင်ကြပါစေ...

ဦးလောကနာထ
၁၂.၂.၂ဝ၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, November 30, 2011

သူ့ကို သတိရသေးလား...


သံယောဇဉ်...
ဒကာလေးရေ ဒကာမလေးကို သတိရသေးလားဆိုတော့...
ရတာပေါ့ဘုရား မေ့မရပါဘူးတဲ့...
တစ်ချိန်က သူတို့တွေ လူငယ်ဘာဝ အချစ်ဆုံးအတွဲလေး တစ်တွဲပေါ့...
ခုတော့လည်း အယူအတွေးလေးတွေ မတိုက်ဆိုင်တော့ လမ်းခွဲကြပြန်တယ်...

သတိရတဲ့အခါမှာ မပူလောင်ဘူးလားဒကာလေးရဲ့...
ပူလောင်တာပေါ့ဘုရား ဒါပေမဲ့ ဘယ်တတ်နိုင်မလည်း...မေ့လို့မှမရတာ...
သံယောဇဉ်ဆိုတာ ကုန်အောင် နည်းအောင် လုပ်ရတယ် ဒကာလေးရဲ့...
တပည့်တော်က အိမ်ထောင်ပြုဦးမှာဘုရား မဖြစ်သေးဘူး...တဲ့
စိတ်ထဲတွေးမိလိုက်တာက သူဟာ အပူခံချင်သေးတဲ့ အပူကြိုက်ပဲလို့...

အရိယာဖြစ်တဲ့ သောတာပန်တောင် အိမ်ထောင်ပြုပါသေးတယ် ဒကာလေးရဲ့...
ယူလို့ ရပါသေးတယ်... သံယောဇဉ်ပါးတော့ အပူနည်းတာပေါ့...
အိမ်ထောင်မပြုကြတော့ဘူးဆိုတာက အနာဂါမ်ဖြစ်မှလေ...
ကိလေသာကုန်ခြင်းဆိုတာက ရဟန္တာဖြစ်မှပါ...
ဒီတော့ အပူနည်းဖို့ သံယောဇဉ်နည်းအောင်တော့ လုပ်သင့်တယ်...
ဖြစ်ပေါ်လာတဲ့ အပူဆင်းရဲအပေါ်မှာ ခံစားမှုဆင်းရဲဒုက္ခ နည်းတာပေါ့...
သံယောဇဉ်နည်းရင် အပူနည်းမယ်...
သံယောဇဉ်ပါးရင် အပူပါးမယ်...
သံယောဇဉ်ပြတ်ရင် အပူပြတ်မယ်...ဒကာလေး...

ဒကာလေး သပိတ်ဆေးတဲ့အခါ ဆီတွေများနေရင် ရေပူပူနဲ့ဆေးရတယ်လေ...
ရေပူပူက လက်ကိုပါပူလိမ့်မယ် ဒီတော့ လက်မပူအောင် ဘယ်လိုလုပ်မလဲ...
လက်အိပ်စွပ်ရပါတယ်ဘုရား...
ဟုတ်တာပေါ့ ဒကာလေး...
လက်အိပ်ပါးပါး စွပ်တော့ အပူနည်းနည်း သက်သာတယ်...
လက်အိပ်ထူထူစွပ်တော့ အပူများများ သက်သာတာပေါ့...

ထို့အတူပဲ ဒကာလေးရဲ့...
သံယောဇဉ်ပါးတော့ အပူနည်းနည်းသက်သာမယ်...
သံယောဇဉ်ပိုပြီးနည်းသွားရင် ပိုပြီး အပူသက်သာပါတယ်...
သံယောဇဉ်ကုန်ပြီဆိုရင်တော့ အပူငြိမ်းပေါ့...
ဒကာလေးက နည်းနည်းပူချင်သေးတာဆိုတော့ ကိလေသာကုန်တဲ့ထိ မသွားချင်နေဦး...
ပါးအောင်တော့ လုပ်ပါ...

သံယောဇဉ်ကုန်စေတဲ့နည်းကို ဘုရားက ဒီလိုပြောဖူးပါတယ်...
အာရုံဝင်လာစရာ ဒွါရခြောက်ပါးရှိတယ်...
မျက်စိ နား နှာ လျှာ ကိုယ် စိတ်လို့ခေါ်တာပေါ့...
မျက်စိကို မမြဲလို့သိရမယ်တဲ့...
ထို့အတူ နား နှာ လျှာ ကိုယ် စိတ်ကို မမြဲလို့သိရမယ်...
မမြဲလို့ မြင်သူ သိသူဟာ သံယောဇဉ်အနှောင်အဖွဲ့တွေကင်းတယ် နည်းတယ်...

ဒကာလေး ဒီခြောက်မျိုးဟာ မြဲသလား မမြဲဘူးလား စဉ်းစားကြည့်လေ...
ဘုန်းကြီးတို့က မြဲတယ်ထင်လို့ သူ့အပေါ် သံယောဇဉ်တွယ်နေတာပါ...
ဒီတော့ သံယောဇဉ်နည်းအောင် မမြဲဘူးလို့ သိရမယ်တဲ့...
မသိတဲ့သူကတော့ အနှောင်အဖွဲ့ခံရမယ်...

ဒွါရခြောက်ပါးဟာ မမြဲသလိုပါပဲ ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲလို့သိရပါတယ်...
ဒီလိုမမြဲလို့ရှုသိရင် သံယောဇဉ်နည်းမယ်...ကုန်မယ်...

သံယောဇဉ်ကြောင့် ဖြစ်ပေါ်တဲ့အပူတွေ နည်းပါးပါစေ...
ဦးလောကနာထ
၁၁.၃ဝ.၂ဝ၁၁

၂ - သံယောဇနပဟာနသုတ်၊ (၆) ၁ - အဝိဇ္ဇာဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, November 22, 2011

အသုဘနဲ့ မရဏာ နာနာပွားရမှာ...


မရဏာနုဿတိအား နာနာပွား...

ဒီနေ့သွားခဲ့ရတာကတော့ စိတ်မကောင်းစရာပါ...
ဘာလို့လဲဆို အသုဘမို့...
အသုဘမှ ရိုးရိုးအသုဘမဟုတ် မိမိကိုယ်ကိုမိမိ ဖြေရှင်းလိုက်ပြန်တာ...
သံသရာတစ်လျောက်က ပါလာတဲ့ကံ၏အကျိုးတရားတွေ မနည်းဘူးကိုး...
သူတို့ အကျိုးပေးတော့မယ်ဆိုရင် စိတ်တွေက ကပြောင်းကပြန်...

သီလမပေးခင်မှာပဲ...
သေသူအတွက်ရည်စူးပြီး ပြုလုပ်တာမို့ နားလည်အောင် ရှင်းပြပေးခဲ့ပါတယ်...
သေဆုံးသူကို အမျှပေးဝေမှာ ဖြစ်တဲ့အတွက် မိမိမှာ ပေးစရာရှိဖို့ လိုပါတယ်...
သူ့ကို ဘာတွေပေးမလဲ...
ကောင်းကျိုးချမ်းသာ ဖြစ်စေလိုတဲ့အတွက်...
ကောင်းမှုဆိုတာ ကိုယ်မှာရှိရမယ် ကောင်းမှုကို အရင်ပြုရမယ်ပေါ့...

ဒါကြောင့်...
ဒါနကုသိုလ် ဆွမ်းလှူဒါန်းတယ်...
သီလကုသိုလ် ငါးပါးသီလစောင့်ထိန်းကြမယ်...
ဘာဝနာကုသိုလ် တရားတော်တွေ နာကြားရမယ်...
မေတ္တာတရားတွေ ပွားများရမယ်...
ပြီးတော့မှ ဒီကုသိုလ်တွေကို သူ့ကိုမျှဝေပေးမယ်ပေါ့...

နောက်တစ်ခု သိထားဖို့ကတော့ သီလရှိသူကို လှူဒါန်းမှအကျိုးကြီးမှာမို့...
ဘုရားအမှူးရှိတဲ့ အရိယာသံဃာကို အာရုံပြုလို့ လှူဒါန်းကြရမယ်...

သေသူဟာ ဒကာဒကာမတို့လို မလုပ်နိုင် မကိုင်နိုင်တော့ဘူး...
ဒါ့ကြောင့် ဒကာမတို့က ကုသိုလ်လုပ် အမျှဝေပေးနေရတယ်...
ဒီတော့ အချိန်ရှိတုန်း လုပ်နိုင်တုန်း လုပ်သင့်တဲ့ကုသိုလ်တွေ လုပ်ထားကြရမယ်...
သေတော့မှ မိသားစုက လုပ်ပေးရတာ သေချာတဲ့အလုပ် မဟုတ်တော့ဘူးလေ...
ကိုယ်တိုင် လုပ်ကိုင်ပြီး ကုသိုလ်တွေ ယူသွားကြရမယ်...
အချိန်ဆိုတာ ကိုယ်ပိုင်တာ မဟုတ်ဘူး...

ဘုရားက မသိနိုင်ခြင်းအကြောင်း ၅-မျိုးရှိတယ်တဲ့...
ဘယ် ၅-လုံးလို့ မှတ်ထားပေါ့...
ဘယ် ၅-လုံးဆိုတာက...
ဘယ်အရွယ် ဘယ်ရောဂါ ဘယ်အချိန် ဘယ်သင်္ချိုင်း ဘယ်ဘဝ...တဲ့

ဘယ်အရွယ်မှာ သေမယ် ဆိုတာလဲ မသိနိုင်...
      ဘယ်ရောဂါနဲ့ သေမယ် ဆိုတာလဲ မသိနိုင်...
            ဘယ်အချိန်ခါ သေမယ် ဆိုတာလဲ မသိနိုင်...
                  ဘယ်သင်္ချိုင်းမှာ မြှုပ်နှံမယ် ဆိုတာလဲ မသိနိုင်...
                        ဘယ်ဘဝကို ရောက်မယ် ဆိုတာလဲ မသိနိုင်...

ပြောစရာရှိတာလေးတွေ ပြောဆိုပြီးနောက်...
အရှင်ပုဏ္ဏအကြောင်း ဇာတ်တော်လေးတစ်ခုပါ ပြောပြလိုက်ပါတယ်...

အဓိကတော့ အရှင်ကောင်းဟာ သူသွားတဲ့အရပ်ဒေသမှာပဲ သူဟာသေမယ်...
သို့သော် သေမယ်ဆိုတာကိုတော့ သူမသိဘူးပေါ့...
မသွားခင် မြတ်စွာဘုရားက နှလုံးသွင်းကောင်းရန် တရားဟောလိုက်ကြောင်း...
ဟောကြားလိုက်တဲ့ တရားကို နှလုံးသွင်းရင်းနဲ့ပဲ တရားထူးရပြီးနောက်
သွားရာ ရောက်ရာအရပ်မှာ တပည့်ဒကာတွေကို တရားဟောပေး
နောက်ဆုံးတော့ သူသွားလိုတဲ့နေရာ အရပ်ဒေသမှာပဲ သေဆုံးသွားပါတယ်...
ဆိုတဲ့အကြောင်းလေးပြောပြီး အမျှဝေပေးခဲ့ပါတော့တယ်...

ဒီစာကိုဖတ်ရတဲ့ ဒကာဒကာမတို့လည်း ပေါ့ပေါ့တန်တန်မနေကြနဲ့တော့...
နေ့စဉ် နေစဉ်ဆိုတာလိုပေါ့ ကုသိုလ်ရအောင်ယူနေပါ...

အသုဘနဲ့ မရဏာ...
မေတ္တာနဲ့ ဂုဏ်တော်ဟာ အမြဲပွားရမှာ...
မမေ့လိုက်ပါနဲ့ သူတော်ကောင်းတို့ရာ...

ဦးလောကနာထ
၁၁.၂၂.၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Monday, November 21, 2011

၁၁-လပိုင်း မွေးနေ့ပွဲသို့...

၁၁-လပိုင်း မွေးနေ့ပွဲ...

မွေးနေ့မှသည် နှစ်ပေါင်း ၁၂ဝ ရှည်ပါစေသော်...
အသက်ရှည်စေချင်သလိုပဲ ဒီဘဝမှာပဲ ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းပါစေ...
မွေးနေ့ရှင်က ကံစမ်းရင်း မဲနှိုက်ခိုင်းတော့လည်း နှိုက်ရတာပေါ့လေ...
ဘုန်းကြီး ပေါက်မဲနံပါတ်ကတော့ ၂၁-တဲ့...

လိုချင်တာက နံပါတ်-၁... မရဘူး ၂၁-တဲ့...
ဒီတော့လည်း ရတာပဲပေါ့...
နံပါတ် ၂၁-က ဖမ်းစက်...
ဘယ်နေရာ ဘယ်လိုဖမ်းရမယ် မသိဘူးလေ...
ဘုန်းကြီးမှာက တရားဟော ရှယ်ကောင်းကောင်း မဖြစ်...
အသုံးတဲ့မဲ့သူရှိရင်တော့ လှူပလိုက်မယ် စဉ်းစားပါတယ်...
တန်ဖိုးရှိတဲ့နေရာ ရောက်သွားနိုင်ပါတယ်...

ဒီစာဖတ်မိသူ အရှင်သူမြတ်တို့ အလှူခံတော်မူကြပါဘုရား...
မွေးနေ့ရှင်များက သက်တော်-၉ဝ နဲ့ သက်တော်-၅ဝ ဆရာတော်နှစ်ပါး...

အခမ်းအနားကတော့ ဆရာတော်တစ်ပါးက သီလပေး...
ပြီးတော့ ဆရာတော်ဘုရားများရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြားတယ်...
မွေးနေ့ရှင်ဆရာတော်ဘုရားများ တစ်ပါးနည်းနည်းစီ တရားဟောကြပါတယ်...
လှူဖွယ်များလှူဒါန်း အမျှဝေရေစက်ချ ဆွမ်းကပ်ကြတယ်ပေါ့...

သက်တော်ရှည်ဆရာတော်ဘုရားက အမေရိကားကို ရောက်လာတာ သက်တော်-၆ဝ ဝါတော်-၄ဝ မှာ ရောက်လာပါတယ်... ခုဆို အမေရိကားမှာ သာသနာ့တာဝန် ထမ်းဆောင်နေတာ နှစ်ပေါင်း-၃ဝ ရှိသွားပြီပေါ့... တပည့်ဒကာတွေကလည်း မနည်းပါဘူး... ဝိုင်းဝန်းပြီး စောင့်ရှောက်ကြတယ် ဆိုပါတယ်...

သက်တော်-၅ဝ ဆရာတော်ကတော့ စကားပြော တရားဟော အလွန်ကောင်းတယ်... ဆရာတော်ဘေးမှာဆို အမြဲပဲ ဒကာ ဒကာမတွေ ဝိုင်းနေကြတာ... သက်တော်ကလည်းငယ် ပညာကလည်းစုံတော့ မြတ်ဗုဒ္ဓသာသနာအတွက် တစ်အားပါပဲ... ဒီလိုဆရာတော်နဲ့ နီးစပ်တဲ့ ဒကာဒကာမတွေ ကံကောင်းကြပါတယ်... ကံကောင်းတယ်ဆိုတာ ကောင်းကံတွေ လုပ်တယ်လို့ပြောတာနဲ့ အတူတူပါပဲ... ဆက်လက်ပြီး ဆရာဒကာတွေ ညီညွတ်စွာနဲ့ ကောင်းသောကံတွေ ထူထောင်လို့ ထေရဝါဒ သာသနာကို စောင့်ရှောက် ထောက်ပံ့နိုင်ကြပါစေ...


မွေးနေ့အမှတ်တရ မေတ္တာပို့သလိုက်ပါသည်...
ကိုယ်ရောစိတ်ပါ ချမ်းသာပါစေ...
ဦးလောကနာထ
၁၁.၂၁.၂ဝ၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Sunday, November 20, 2011

တန်ဖိုးရှိမှန်း သိကြပါစို့...


၁၅-နှစ်ပြည့် မွေးနေ့...

ဘုန်းကြီး ဒီကိုရောက်ခါစမှာ သူက မွေးကာစ...
ခုတော့ ဒီကလေးက ၁၅-နှစ်... ဒါဆို ဘုန်းကြီးတို့ အတော်အိုပြီပဲ...

ဆွမ်းကပ် သီလပေး...
ပြီးတော့ ပရိတ်ရွတ်မယ်... မေတ္တာသုတ်...
မေတ္တာသုတ်ဆိုတာက မေတ္တာပို့တာ...
သူတစ်ပါးကို ကိုယ်ရောစိတ်ပါ ချမ်းသာစေချင် ဆင်းရဲကင်းစေချင်တာ...
မေတ္တာပို့တာနဲ့ ရန်လုပ်ခံရတာ ဘယ်ဟာကြိုက်လဲလို့ မေးကြည့်တော့...
ကလေးက... မေတ္တာပို့တာ ကောင်းပါတယ်တဲ့...
ကောင်းတယ်ဆိုရင် မိမိကိုယ်တိုင်လည်း သူတစ်ပါးတွေအပေါ်မှာ မေတ္တာပို့...
ပြီးရင် မေတ္တာသုတ်ထဲမှာ ပါတဲ့ ကျင့်စဉ် ၁၅-ချက်ကို ကျင့်ပါ...

မေတ္တာသုတ်ပူဇော် ဆွမ်းစားပြီးရွတ်နေကျ ပရိတ်အတိုလေးတွေဆက်ရွတ်...
ပြီးတော့မှ ကလေးကိုမေးကြည့်တယ် ဘာလိုချင်လဲလို့...
ပေးနိုင်လို့တော့ မဟုတ်ပါဘူး...ရနိုင်တဲ့နည်းပြောပေးမလို့ပါ...
ကောင်းသောအရာတွေ လိုချင်ပါတယ်တဲ့...
ဒါဆိုရင် ကောင်းသောအရာတွေ ရနိုင်သောအလုပ်ကိုလုပ်ပါ...
ဒါတော့ အရှင်ဘုရား ပြောမှလားလို့ထင်လိမ့်မယ်...
အမှန်ပြောတာပါပဲ... ကောင်းတာတွေလိုချင် ကောင်းတာလုပ်
မကောင်းတာလိုချင် မကောင်းတာတွေလုပ်...

ဘယ်ဟာကောင်းတယ် မကောင်းဘူးဆိုတာ မြတ်ဗုဒ္ဓက သင်ပေးထားပါတယ်...

ငွေတစ်ထောင်လိုချင်သူဟာ တစ်ထောင်ရကြောင်းအလုပ်တွေလုပ်ရမယ်...
တစ်ထောင်တော့လိုချင်တယ် ငွေရကြောင်းကိုတော့ မလုပ်ဘူး...
အိပ်ရာပေါ်မှာပဲ အိပ်နေမယ်ဆို ဘယ်ရမလဲ မရနိုင်ဘူးပေါ့...

ဗိုက်ဆာတယ်ဆို အစာစားရမယ်...
ရေငတ်တယ်ဆို ရေသောက်ရမယ်...
ရောက်ချင်တယ်ဆို သွားရမယ်...
ဒီလိုဆင်းရဲလေးတွေငြိမ်းစေဖို့ ငြိမ်းကြောင်းအလုပ်တွေ လုပ်ကြရတယ်...
လိုချင်တာတွေ ရစေဖို့ ရကြောင်းအလုပ်တွေ လုပ်ကြရတယ်...

ဒီဥပမာလေးတွေက လူတိုင်းသိပြီးသား
လူတိုင်းလည်း နေ့စဉ် ကြိုးစားလုပ်နေကြတဲ့ အလုပ်တွေပါပဲ...
လုပ်နေသူတိုင်း ဒါလေးတွေတောင် ပြည့်စုံလားဆိုတော့ မပြည့်စုံဘူးနော်...
ဒါလေးတွေအတွက်လုပ်ရင်း မပြည့်မစုံနဲ့ဘဲ တစ်ဘဝ ပြီးသွားကြရပြန်တယ်...
ဒီတော့ ဆင်းရဲဒုက္ခ အပြီးချုပ်ငြိမ်းဖို့ရာ အလုပ်လုပ်ချိန်တွေ မပါကြဘူးပေါ့...

မြတ်ဗုဒ္ဓအဆုံးအမထဲမှာ လက်ရှိဘဝဆင်းရဲငြိမ်းကြောင်းတွေ ပါသလို...
သံသရာဆင်းရဲ ကင်းငြိမ်းကြောင်းအကျင့် ကျင့်စဉ်တွေရှိနေပါတယ်...
ဒီဘဝဟာ လေ့လာဖို့ရာ အကောင်းဆုံး အချိန်အခါတွေပါပဲ...
ဒကာဒကာမတို့မှာ ရခဲတဲ့ လူ့ဘဝရယ် သာသနာရယ်တွေ့ကြုံနေကြရပြီ...
ကျင့်ဖို့ရာ မိမိတာဝန်လေးပဲ ပြည့်စုံဖို့ လိုပါတော့တယ်...

ပိုက်ဆံဆိုရင် လူတွေ လိုချင်ကြတယ်...
ဘာကြောင့်လည်းဆို တန်ဖိုးရှိမှန်းသိလို့...
အသုံးချလို့ရမှန်းသိလို့ပါ...
တရားဆို စိတ်မဝင်စားဘူး မလိုချင်ဘူး...
ဒါဆိုဘာကြောင့်လည်းတဲ့ တန်ဖိုးရှိတယ်မထင်လို့...
အသုံးချလို့ရတယ် မထင်လို့...
ဒါကြောင့် တရားဆိုတာကို တန်ဖိုးရှိမှန်းသိအောင် လုပ်ကြရမယ်...

ဘုရားပွင့်ပေါ်လာခြင်းဟာ ဘုန်းကြီးတို့ ဒကာဒကာမတို့အတွက်ပါ...
သုမေဓာရှင်ရသေ့ သူ့ဟာသူ ဆင်းရဲကင်းချင်ရင် အဲဒီဘဝမှာကထဲက သွားလို့ရနေပါပြီ...
တို့တစ်တွေကို သနားလို့...အပင်ပန်းခံပြီး ကျင့်ခဲ့တာပါ....
ဒီလို ဆင်းရဲကင်းကြောင်းတရားတွေ နာဖို့ရာ လေးသင်္ချေမက ကြာပါတယ်...
ဘုန်းကြီးတို့တစ်တွေ တွေ့ကြုံရဲ့သားနဲ့မှ တန်ဖိုးနားမလည်ဘူး ဖြစ်နေကြတာ...

တန်ဖိုးရှိမှန်း သိကြပါစို့...
ဦးလောကနာထ
၁၁.၁၉.၂ဝ၁၁

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Friday, November 18, 2011

အရှင်ဘုရား မငတ်အောင်လို့ ဆွမ်းလှူပါသည်...



ဘာ့ကြောင့် ဒီလိုလှူတာလဲ...

ဆွမ်းလာကပ်တဲ့ ဒကာလေးကို မေးကြည့်မိတယ်...
သူတို့ ကလေးတွေ ဘယ်လိုအသိ ရှိကြသလဲပေါ့...
ဒကာလေး ဘာ့ကြောင့် ဒီလိုဆွမ်းလှူတာလဲလို့ မေးလိုက်တော့...
သူက ဒီလိုဖြေတယ်လေ...
အရှင်ဘုရား မငတ်အောင်လို့တဲ့...မှန်လိုက်တာ...

ဒကာလေးပြောတာ မှန်တာပါပဲ...
ဒီလို ဆွမ်းလှူတဲ့အတွက်...
စားရသူမှာ ဆွမ်းမငတ်ဖူး အဆာပြေတယ်...
စိတ်ချမ်းသာ ကိုယ်ကျန်းမာတယ် အသက်ရှည်တယ်...
ဒီတော့ ကိုယ်ရည်အဆင်းလှတယ်...
အာဟာရပြည့်ဝတော့ ဉာဏ်ရည်လည်း ပြည့်ဝလာနိုင်တယ်...

စားရတဲ့သူမှာ ဒီလိုအကျိုးတရားတွေ ရလာတော့...
ပေးလှူသူမှာလည်း တူညီတဲ့အကျိုးတရားတွေ ရမှာဖြစ်တယ်...
ဒါကိုပဲ ကံ ကံ၏အကျိုးလို့ ခေါ်တာပါဒကာလေး...
ဒီလိုသိပြီး ပေးလှူခြင်းက ပိုပြီးကောင်းတယ် ပြောပြလိုက်တော့

အရှင်ဘုရား ပေးတာနဲ့ လှူတာ ဘာထူးလဲတဲ့...

ဘာမှ မထူးဘူးဒကာလေး တနည်းအားဖြင့်တော့ တူတူပါပဲ...

မိမိထက် သီလ သမာဓိ ပညာ နိမ့်သူကို ပေးတယ်သုံးပြီး...
မိမိထက် သီလ သမာဓိ ပညာ မြင့်သူကို လှူတယ်သုံးကြတာပါ...
ပေးတာပဲဖြစ်ဖြစ် လှူတာပဲဖြစ်ဖြစ် ပါဠိလိုကတော့ ဒါနပါပဲ...
ဘုန်းကြီးများဟာ ဒကာလေးတို့စောင့်တဲ့သီလထက် ပိုပြီးစောင့်ထိန်းတယ်...
တည်ကြည်မှုခေါ်တဲ့ သမာဓိ ဉာဏ်လို့ခေါ်တဲ့ပညာ ပိုအောင်ကျင့်နေကြတယ်...
ဒါကြောင့် ရဟန်းတွေကို လှူတယ်သုံးပြီး...
လမ်းဘေးမှာ တောင်းနေသူများကိုတော့ ပေးတယ် သုံးလိုက်ကြပါတယ်...
တနည်းအားဖြင့်တော့ ကိုယ်ပိုင်ပစ္စည်း သူများကိုပေးလိုက်တာ တူတူပါပဲ...

ဒါ့ကြောင့် ဒါနပြုရင် မိမိပစ္စည်း စွန့်လွှတ်ပြီးမှသာ ပေးလို့လှူလို့ရပါတယ်...
စွန့်လွှတ်တာကို စာဂ... ပေးလှူတာကို ဒါန...
ဒါကြောင့် စာဂရှိမှ ဒါနဖြစ်တယ်...
စာဂမရှိရင် ဒါနမဖြစ်ဘူးဆိုတော့ ချေးငှားတဲ့သဘောဖြစ်သွားတတ်ပါတယ်...

အလှူခံသူဘုန်းကြီးများဟာ လူတွေထက်ပိုပြီး သိက္ခာရှိဖို့လိုပါတယ်...ကျင့်ရမယ်
တောင်းသူများကတော့ မလိုတော့ဘူးပေါ့...

နောက် မိမိရဲ့ဒါန အားကောင်းဖို့ရာ စေတနာ အားကောင်းရပါတယ်...
ပစ္စည်းနည်းပြီး စေတနာအားကောင်းတာနဲ့
ပစ္စည်းများပြီး စေတနာအားနည်းတာ ယှဉ်လိုက်ရင်
ပစ္စည်းနည်းပေမဲ့ စေတနာအားကောင်းတာက အကျိုးပေးကောင်းပါတယ်...
ဒီလိုပြောလိုက်လို့...
တပည့်တော် နည်းနည်းလေးနဲ့ စေတနာကောင်းအောင်လုပ်တော့မယ်ဆိုခဲ့ရင်...

စေတနာအားကောင်းတဲ့သူဟာ တွန့်တိုမှု မရှိတော့ပါဘူး...

မိမိမှာမရှိတဲ့ထဲက ရှိသလောက်လေးကို ဖဲ့ပြီးလှူတတ်တယ်...
မိမိသုံးမဲ့ထဲက မသုံးတော့ပဲ ပေးလှူတာမျိုးတွေကို ပြုလုပ်လာပါတယ်...
တစ်ချို့မှာစေတနာတော့ရှိတယ် ပစ္စည်းမရှိလို့ အနည်းငယ်သာလှူရတာပါ...
ဒီလိုစေတနာမျိုးက လှူဖွယ်နည်းပေမဲ့ အကျိုးပေးကောင်းပါတယ်...

နောက်တစ်ခုက သီလရှိသူကို ပေးလှူခြင်းက အကျိုးကြီးစေတယ်ဒကာလေး...
ဒါကြောင့် သီလရှိသူ ပြည့်စုံသူတွေကိုရှာပြီး သံဃာရည်မှန်းလို့ ပေးလှူ...

မရှာတတ်လို့သော်လည်းကောင်း...
သီလပြည့်စုံသူတွေ ရှိကိုမရှိတော့လို့ ဆိုတဲ့အခါကြရင်တော့ နောက်ဆုံးပေါ့...
သံဃာကိုသာ ရည်မှန်းလို့ ကြုံရာဘုန်းကြီးကို ပေးလှူလိုက်ပါဒကာလေး...
ဒီလိုပေးလှူခြင်းက သာသနာကို စောင့်ရှောက်ရာလည်း ရောက်ပါတယ်...

ကောင်း၍တူသောအကျိုးတွေ ရကြပါစေ...
ဦးလောကနာထ
၁၁.၁၈.၂ဝ၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Tuesday, November 15, 2011

ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ ကထိန်ပွဲတော်သို့...


ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ ကထိန်ပွဲတော်သို့...


တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက်နေ့ ကထိန်ပွဲ...

ဘေးဧရိယာက သံဃာတော် ၁၂-ပါး ကြွရောက်ကြပါတယ်...
ဆရာတော်ဟောတဲ့တရားကတော့ အကုသိုလ်စိတ် ၁၂-ပါးရှိကြောင်း...
လောဘ ဒေါသ မောဟတရားဆိုးတွေကြောင့် ဆင်းရဲနေကြရကြောင်း...
မိဒွေးတော်ဂေါတမီ သင်္ကန်းလှူတဲ့အခါမှာ သံဃာကိုသာလှူဖို့အကြောင်း...
အလှူခံပုဂ္ဂိုလ်တွေက ၁၄-ဦး ၁၄-မျိုးရှိကြောင်း...
ဒကာဒကာမတွေလှူတဲ့ ကထိန်သင်္ကန်းဆိုတာလည်း သံဃာကိုသာလှူရကြောင်း...
ဂုဏ်ကြီးမားတဲ့ဆရာတော်ဖြစ်စေ ကိုယ်ရင်လေးကိုပဲဖြစ်စေ
သံဃာကိုရည်မှန်းလှူဒါန်းလျှင် အကျိုးကြီးကြောင်းတွေပေါ့လေ...
ဟောသွားလိုက်တာ စီကာပတ်ကုံး အများကြီးပါပဲ...
နာကြားလို့ကောင်းပြီး မှတ်သားဖွယ်တွေချည့်ပါပဲ...

အချိန်နည်းနေတော့ လှူဖွယ်တွေလှူဒါန်းပြီးနောက် အမျှဝေရေစက်ချ...
ပြီးနောက် ဘုန်းတော်ကြီးများကို စုပေါင်း ဆွမ်းကပ်ကြပါတယ်...

တစ်ချို့လူတွေမှာ မရှင်းတော့မေးကြပြန်တယ်...
တန်ဆောင်မုန်းလပြည့်ကျော်မှာ ကထိန်ခင်းလို့ရသလားတဲ့...
ကထိန်ခင်းလို့ မရပါဘူးဒကာလေး...
ဆရာတော်တွေ လပြည့်မတိုင်ခင်က ကထိန်ကံဆောင်တဲ့ကိစ္စ လုပ်ပြီးပါပြီ...
ခုလုပ်တာကတော့ ပွဲတစ်ခုလုပ်ရုံ ဆွမ်းလှူဒါန်းရုံသာဖြစ်ပါတယ်...
ဒီလိုပြောပြ ရှင်းပြလိုက်တော့ နားလည်သွားပါတယ်...

ကထိန်ခင်းလို့ရတဲ့ရာသီက သီတင်းကျွတ်လပြည့်ကျော်ကနေ
တန်ဆောင်မုန်းလပြည့် တစ်လအတွင်း သင်္ကန်းအလှူခံခွင့်ရပါတယ်...
ဒီနိုင်ငံမှာက ပွဲလုပ်ရင် တနင်္ဂနွေနေ့မှာပဲ လုပ်ရတာ အဆင်ပြေတယ်လေ...
တစ်လမှ တနင်္ဂနွေကလည်း လေးပါတ်ပဲရှိ ကျောင်းက ၁၁-ကျောင်း...
ဒါ့ကြောင့် ကထိန်ခင်းတဲ့ရက်ထပ်တယ် ထပ်ရင် သံဃာမလောက်ငှပြန်ဘူး...
တစ်ခါတစ်ရံ ဒီလိုပဲ လပြည့်ကျော်မှ ပွဲလုပ်ကြရတယ်...
တစ်လအတွင်းမှာပဲ ပြီးအောင်လုပ်ရင်တော့ အမြင်ရှင်းတာပေါ့လေ...

တစ်နာရီ မိုင် ၇ဝ-နှုန်း မောင်းတဲ့ကားနဲ့
ကျောင်းကိုအသွားအပြန် နှစ်နာရီကျော်လောက် ကြာပါတယ်...
ဟိုမှာနေရတာနဲ့ အပြန်မှာ ဝင်ချင်တဲ့နေရာဝင်တော့ တစ်နေကုန်တာပါပဲ...
သူ့ကျောင်းကိုယ်ကသွား ကိုယ့်ကျောင်းသူကလာပေါ့...
ဘုန်းကြီးတွေ ဒီလိုသွားလာမှလည်း လူတွေမှာ လှူဒါန်းခွင့်ရကြမယ်...
သီလယူ တရားနာခွင့် ရကြမှာမဟုတ်လား...

ဘုန်းကြီးအတွက်ကတော့ ဒေသနာကြားခွင့်ရတာ အမြတ်ပါပဲ...

ဝင်ချင်တဲ့နေရာဝင်တယ်ဆိုတာကတော့ ကျောင်းမှာ ပဋ္ဌာန်းပူဇော်ပွဲလုပ်မယ်လေ...
ဒီတော့ လိုအပ်တဲ့ပစ္စည်းလေးတွေ ဒကာကိုလက်ညှိုးထိုးပြ သူကထည့်ပေါ့...
(စဉ်းစားမိတာ) ဘုန်းကြီးတွေ ကံကောင်းကြပါတယ်...
လက်ညှိုးထိုးရင် ထိုးသမျှ ရနေကြတာပါ...
မအပ်စပ်တာ လက်ညှိုးမထိုးမိဖို့တော့ လိုတာပေါ့လေ...

ဘာကြောင့် ဒီလိုလွယ်လွယ်ကူကူ ရနေတာလဲဆိုတော့
ပြုခဲ့ဖူးကြတဲ့ ကောင်းမှုကုသိုလ်ကံရဲ့ အကျိုးတရားတွေပေါ့...
လိုချင်လို့ဘဲလုပ်လုပ် အကျိုးကို လိုချင်စိတ်မရှိဘဲနဲ့ လုပ်လုပ်
လုပ်သမျှမှာတော့ အကျိုးတရားတွေ ကပ်ပါလာတာပါပဲ...
ဒါကြောင့် လုပ်နေကြဖို့လိုပါတယ်...
ကောင်းကျိုးချမ်းသာ လိုချင်တဲ့သူက ကုသိုလ်ကောင်းမှုတွေကိုလုပ်...
မကောင်းမှုလုပ်ရင်တော့ လိုချင်ချင် မလိုချင်ချင် မကောင်းကျိုးရလိမ့်မယ်...

ဒါလောက်တော့ သိပါတယ်ဘုရားလို့ ဆိုချင်ဆိုကြမယ်...
မှန်ပါတယ် သိကြမှာပါ...
ဒါပေသိ ကောင်းမှုလုပ်ဖို့ မေ့နေမှာ စိုး၍သာ သတိပေးရတာပါ...

သတ္တဝါမှန်သ၍ ကိုယ်စိတ်ဆင်းရဲ ကင်းဝေးကြပါစေ...
ဦးလောကနာထ
၁၁.၁၃.၂ဝ၁၁
ပဋ္ဌာန်းပူဇော်ပွဲ နိုဝင်ဘာ ၂၄-မှ-၂၆-ထိ



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။