နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, May 6, 2010

အရှက်မရှိသော ရဟန်းယုတ်တို့တဲ့...


အရှက်မရှိသော ရဟန်းယုတ်တို့တဲ့...



ကုလဒူသကသိက္ခာပုဒ် မှ...

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ အဿဇိ ပုနဗ္ဗသုကမည်သော အရှက်မရှိကြသော ရဟန်းယုတ်တို့သည် ကီဋာဂိရိ၌ ကျောင်းထိုင် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏။

သင်္ဂါယနာတင် မထေရ်မြတ်ကြီးတို့ဘုရား ဤပုဂ္ဂိုလ်မျိုးကို ရဟန်းယုတ်လို့ ခေါ်ဆိုတာ အတော်သင့်လျော်ပါပေတယ် ဘုရား... သာဓုပါဘုရား...

ထိုရဟန်းတို့သည် ဤသို့သဘောရှိသော အကျင့်ဆိုးတို့ကို ပြုကျင့်ကြကုန်၏၊ ပန်းပင်ငယ်ကို စိုက်ကုန်၏ စိုက်စေကုန်၏၊ ရေသွန်းလောင်းကုန်၏ ရေသွန်းလောင်း စေကုန်၏။ ဆွတ်ခူးကုန်၏ ဆွတ်ခူးစေ ကုန်၏၊ သီကုံးကုန်၏ သီကုံးစေကုန်၏၊ ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို ပြုကုန်၏ ပြုစေကုန်၏၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို ပြုကုန်၏ ပြုစေကုန်၏၊ ပန်းတံကို ပြုကုန်၏ ပြုစေကုန်၏၊ ပန်းလက်ကောက်ကို ပြုကုန်၏ ပြုစေကုန်၏၊ ဦးဆောက်ပန်းကို ပြုကုန်၏ ပြုစေကုန်၏၊ နားသွယ်ပန်းကို ပြုကုန်၏ ပြုစေကုန်၏၊ ရင်လွှမ်းပန်းကို ပြုကုန်၏ ပြုစေကုန်၏။


သစ်ပင်တော့ စိုက်ဖူးခဲ့ပါ၏ ပန်းတော့ မပေးခဲ့ပါ... တပည့်တော် ရဟန်းယုတ်ထဲ ပါနေပြီလားတော့ မသိ...။ တစ်ချို့ကိုယ်တော်များတော့ နံပါတ်တွေ ပေးနေကြပါတယ်ဘုရား... ဗေဒင်လေးလည်း ဟောပေးကြပါတယ်... ကျန်းမာရေးအတွက် ယတြာလေးလည်း လုပ်ပေးနေကြပါတယ် ဘုရား... ကုသိုလ်အညွှန့် တုံးသွားတဲ့ လူတွေ အတော် ကြည်ညိုကြပါတယ် ဘုရား...

ထိုရဟန်းတို့သည် အမျိုးမိန်းမ အမျိုးသမီးကြီး အမျိုးသမီးငယ် အမျိုးချွေးမ အမျိုးကျွန်မတို့၏ အကျိုးငှါ ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ပန်းတံကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ပန်းလက်ကောက်ကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ဦးဆောက်ပန်းကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ နားသွယ်ပန်းကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ရင်လွှမ်းပန်းကို ဆောင်ကုန်၏ ဆောင်စေကုန်၏။

ထိုရဟန်းတို့သည်-
အမျိုးမိန်းမ အမျိုးသမီးကြီး အမျိုးသမီးငယ် အမျိုးချွေးမ အမျိုးကျွန်မတို့နှင့် အတူ-

လာပါပြီ... ပုနဗ္ဗသုက ရဟန်းယုတ်တို့ လုပ်ခဲ့တဲ့ အလုပ်တွေ... နည်းပါဘူး...

တစ်ခုတည်းသော ခွက်၌လည်း စားကုန်၏၊
သောက်ရေခွက် တစ်ခုတည်း၌လည်း သောက်ကုန်၏။
တစ်နေရာတည်း၌လည်း ထိုင်ကုန်၏၊
တစ်ညောင်စောင်းတည်း၌လည်း အိပ်ကုန်၏၊
တစ်ခင်းတည်းလည်း အိပ်ကုန်၏၊
တစ်ခြုံတည်းလည်း အိပ်ကုန်၏၊
တစ်ခင်းတစ်ခြုံတည်းလည်း အိပ်ကုန်၏၊
အခါမဲ့၌လည်း စားကုန်၏၊
သေကိုလည်း သောက်ကုန်၏၊
ပန်း နံ့သာ နံ့သာပျောင်းကိုလည်း ဆောင်ကုန်၏၊
ကလည်းကကုန်၏၊
သီဆိုလည်း သီဆိုကုန်၏၊
တီးမှုတ်လည်း တီးမှုတ်ကုန်၏၊
မြူးထူးစံပယ်လည်း၁ မြူးထူးစံပယ်ကုန်၏၊
ကချေသည်မ၏ အလိုက်လည်း ကကုန်၏။
ကချေသည်မ၏ အလိုက်လည်း သီဆိုကုန်၏၊
ကချေသည်မ၏ အလိုက်လည်း တီးမှုတ်ကုန်၏။
ကချေသည်မ၏ အလိုက်လည်း စံပယ်ကုန်၏။
အဆိုသည်မ၏ အလိုက်လည်း ကကုန်၏။
အဆိုသည်မ၏ အလိုက်လည်း သီဆိုကုန်၏။
အဆိုသည်မ၏ အလိုက် လည်း တီးမှုတ်ကုန်၏။
အဆိုသည်မ၏ အလိုက်လည်း စံပယ်ကုန်၏။
ဆိုင်းသမ၏ အလိုက်လည်း က ကုန်၏။
ဆိုင်းသမ၏ အလိုက်လည်း သီဆိုကုန်၏။
ဆိုင်းသမ၏ အလိုက်လည်းတီးမှုတ်ကုန်၏။
ဆိုင်းသမ၏ အလိုက်လည်း စံပယ်ကုန်၏။
စံပယ်သော မိန်းမ၏ အလိုက်လည်းကကုန်၏။
စံပယ်သော မိန်းမ၏ အလိုက်လည်း သီဆိုကုန်၏။
စံပယ်သော မိန်းမ၏ အလိုက်လည်းတီးမှုတ်ကုန်၏။
စံပယ်သော မိန်းမ၏ အလိုက်လည်း စံပယ်ကုန်၏။
ရှစ်ကွက်ကျားကိုလည်း ကစားကုန်၏။
ဆယ်ကွက်ကျားကိုလည်း ကစားကုန်၏။
ကောင်းကင်ကျားကိုလည်း ကစားကုန်၏။
ဖိုးလမင်းကျားကိုလည်း ကစားကုန်၏။
ဇယ်တောက်ခြင်းဖြင့်လည်း ကစားကုန်၏။
အန်စာဖြင့်လည်း ကစားကုန်၏။
ကျည်းသားရိုက်ခြင်းခြင့်လည်း ကစားကုန်၏။
စုတ်ခတ်ရေးခြင်းဖြင့်လည်း ကစားကုန်၏။
ဂေါ်လီ ကစားခြင်းဖြင့်လည်း ကစားကုန်၏။
ပိပီမှုတ် သဖြင့်လည်း ကစားကုန်၏။
ထွန်ငယ်ဖြင့်လည်း ကစားကုန်၏။
ကျွမ်းထိုးခြင်းဖြင့်လည်း ကစားကုန်၏။
စကြာဖြင့်လည်း ကစားကုန်၏။
ခြင်ခွက်ငယ်ဖြင့်လည်း ကစားကုန်၏။
ရထားငယ်ဖြင့်လည်း ကစားကုန်၏။
လေးငယ်ဖြင့်လည်း ကစားကုန်၏။
အက္ခရာဝှက်ခြင်းဖြင့်လည်း ကစားကုန်၏။
စိတ်အကြံ ဖော်ခြင်းဖြင့်လည်း ကစားကုန်၏။
ကျိုး ယောင် ကန်းယောင်ပြု၍လည်း ကစားကုန်၏။
ဆင်ကြန် အတတ်ကိုလည်း သင်ကုန်၏။
မြင်းကြန် အတတ်ကိုလည်း သင်ကုန်၏။
ရထားအတတ်ကိုလည်း သင်ကုန်၏။
လေးအတတ်ကိုလည်း သင်ကုန်၏။
သန်လျက်အတတ်ကိုလည်း သင်ကုန်၏။
ဆင်၏ ရှေ့မှလည်း ပြေးကုန်၏။
မြင်း၏ ရှေ့မှလည်း ပြေးကုန်၏။
ရထား၏ ရှေ့မှလည်းပြေးလွှား လမ်းသလားကုန်၏။
လေလည်း ချွန်ကုန်၏။
လက်ပမ်းပေါက်လည်း ခတ်ကုန်၏။
လက်ပမ်းလည်း လုံးကုန်၏။
လက်ဝှေ့လည်း သတ်ကုန်၏။
ကပွဲ၏ အလယ်၌လည်း ဒုကုဋ်ကို ဖြန့်ခင်း၍-
ကချေသည်မကို ''နှမ ဤနေရာ၌ ကလော့'' ဟုဆိုကုန်၏။
ကောင်းစွ ကောင်းစွ ငါ့နှမဟု ကောင်းချီးလည်း ပေးကုန်၏။
နဖူးတင်ထား လက်ချောင်းများကိုလည်း ပေးကုန်၏။
အမျိုးမျိုးသော အကျင့်ဆိုးတို့ကိုလည်း ပြုကျင့်ကုန်၏။ 431


ဒကာဒကာမတို့ ရဟန်းယုတ်တွေကို ကြည့်ညိုကြပြီဆိုရင်တော့... ရဟန်းကောင်းတွေ အတွက် နေစရာ စားစရာ ရှားပါးတော့မယ်... သူတော်ကောင်းတရားတွေ ရှားပါးတော့မယ်... အောက်မှာ လာပါပြီ သူတော်ကောင်း ရဟန်းတစ်ပါး... ဆွမ်းငတ်တော့မည်...

ထိုအခါ ရဟန်းတစ်ပါးသည် ကာသိတိုင်း ဇနပုဒ်၌ ဝါမှ ထပြီး၍ မြတ်စွာဘုရားကို ဖူးမြော်ရန် အလို့ငှါ သာဝတ္ထိမြို့သို့ သွားသည်ရှိသော် ကီဋာဂိရိသို့ ရောက်၏၊ ထိုအခါ နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ကြည်ညိုဖွယ်ဆောင်သော ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်းဖြင့် ချအပ်သော မျက်လွှာရှိသည်ဖြစ်၍ ဣရိယာပုထ်နှင့် ပြည့်စုံသော ထိုရဟန်းသည် ကီဋာဂိရိသို့ ဆွမ်းအလို့ငှါ ဝင်၏။


မြတ်ဗုဒ္ဒရဲ့ အဆုံးအမကို ရရှိထားသူတစ်ဦးရဲ့ နေထိုင်သွားလာမှု ဣနြေ္ဒပြည့်စုံမှု ကြည်ညိုဖွယ် ကောင်းလှပါပေတယ်... ဒါပေမဲ့ သူတောင်းတရား သူတော်ကောင်းအကျင့်ကို သူတို့က မနှစ်သက်ကြတော့ဘူးတဲ့... ရဟန်းယုတ်တို့ကိုသာ နှစ်သက် ကြည်ညိုကြကုန်ပြီ... ဒကာဒကာမတို့ရဲ့ စစ်မှန်တဲ့ သဒ္ဓါတရားတွေ ပျက်စီးကုန်ပြီ... အဖျက်ဆီး ခံလိုက်ရပြီ...

လူတို့သည် ထိုရဟန်းကိုမြင်၍ ''ထုန်ထိုင်းထိုင်း နုန့်နဲ့နဲ့ ဒေါသထွက်သကဲ့သို့ မျက်မှောင်ကုပ်၍ သွားသော ဤသူကား အသူနည်း၊ ချဉ်းကပ်သော ဤသူအား အဘယ်သူသည် ဆွမ်းကို လှူလတ္တံ့နည်း၊ ငါတို့၏ အသျှင်အဿဇိ ပုနဗ္ဗသုက တို့သည်ကား သိမ်မွေ့ကုန်၏၊ ပြေပြစ်ကုန်၏၊ နှုတ်ချိုကုန်၏၊ ပြုံးခြင်းလျှင် ရှေ့သွား ရှိကုန်၏၊ ကြွပါ ကြွပါဟု ဖော်ရွေစွာ ကြိုဆိုလေ့ရှိကုန်၏၊ ချိုသာကြည်လင် ပေါ်လွင်သော မျက်နှာရှိကုန်၏၊ ဦးစွာ ဆိုလေ့ရှိကုန်၏၊ ထိုအသျှင်တို့အားသာလျှင် ဆွမ်းကို လှူသင့်ပေ၏'' ဟု ပြောဆို ကြကုန်၏။

ဥပါသကာ တစ်ယောက်သည် ကီဋာဂိရိ၌ ဆွမ်းအလို့ငှါ လှည့်လည်သော ထိုရဟန်းကို မြင်လေသော် ထိုရဟန်းအထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ ''အသျှင်ဘုရား ဆွမ်းကို ရခဲ့ပါ၏ လော'' ဟု လျှောက်၏။

ဒါယကာ ဆွမ်းကို မရခဲ့သေးဟု ပြန်ပြော၏။ 432


ဝိနည်း သိက္ခာပုဒ်တို့နှင့် ဘုရားစကား နားထောင်တော်မူသော အရှင်ကောင်းမှာ ယခုထိ ဆွမ်းမရရှိသေးပေ... ဗုဒ္ဓဘာသာဝင်များ အသိ သတိရှိကြပါလေ... ရဟန်းဆိုတာ ဘာလဲ ဘယ်လိုလဲ အမှန်သိရှိကြပါစေ... သင်တို့ အမှန်သိရှိကြမှ မြတ်ဗုဒ္ဓသာသနာ အဓွန့်ရှည်ပေမည်... ရဟန်းသူတော်ကောင်းတွေ ပစ္စည်းလေးပါး ရှာပါးလာပါက... သူတော်ကောင်း ရဟန်းတို့ ရှားပါးလာပေလိမ့်မည်... ထိုအခါ ပုနဗ္ဗသုကလို ရဟန်းယုတ်မျိုး တိုးပွားလာပါလိမ့်မည်... ထိုသည့်နောက်ဝယ် အရည်းကြီး သာသနာ...

၁၁၃၃ - ကုလဒူသကသိက္ခာပုဒ် -မှ- သံဃာဒိသိသ်အခန်း၊ ပါရာဇိကဏ်ပါဠိတော်။

၁။ စံပယ်ခြင်း=
မိန်းမတို့၏ တဏှာရာဂကြောင့်ဖြစ်ပေါ်လာသော အမူအရာ ကြိယာအထူးတည်း။








ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ သာဓု... သာဓု... သာဓု...။

No comments: