နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 5, 2008

နတ် လူတို့ ပျက်စီးကြောင်းတရား-

နတ် လူတို့ ပျက်စီးကြောင်းတရား-

နတ် လူတို့ ပျက်စီးကြောင်းတရား ( ပရာဘ၀သုတ် )

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ဖြစ်သော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားထံတော် မှ မင်္ဂလသုတ်တော်ကို ကြားနာရ၍ မိမိတို့သိလိုသော သတ္တ၀ါများ၏ ကြီးပွားချမ်းသာကြောင်းများကို သိရှိကြရပြီး ထိုမှတစ်ပါး သတ္တ၀ါများ၏ ပျက်စီးဆုတ်ယုတ်ကြောင်းကိုလည်း သိလိုကြပြန်သေးသည်။ ထို့ကြောင့် မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်ပေါ် လာရ၏။

မင်္ဂလသုတ်တော်ကို ကြားနာရပြီး နောက်တစ်နေ့၌ သိကြားမင်း၏ ခိုင်းစေချက်အရ နတ်သားတစ်ပါး လျှောက်ထားမေးမြန်း၍ ဤပရာဘ၀သုတ်တော်ကို အောက်ပါအတိုင်း မြတ်စွာဘုရား ဟောကြားတော် မူခဲ့ပါသည်။

ပရာဘ၀သုတ်၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်၊ ခုဒ္ဒကပါဠိတော်။

၁။ ပျက်စီးကြောင်းတရား-

နတ်ဗြဟ္မာများ ကိုယ်တော်စား လျှောက်ထားပါသည် ဘုရား-

နတ်ဗြဟ္မာများ ကိုယ်တော်စား လျှောက်ထားပါသည် ဘုရား၊

လောကအလယ် ဂုဏ်မကြွယ် သိမ်ငယ်မှုန်မွှားမွှား၊
မကြီးမပွား ဆုတ်ပျက်ပြား မျက်ဝါးထင်အရှား၊
ဤသို့ဖြစ်ခြင်း အကြောင်းရင်း ရှင်းလင်းတော်မူဘုရား။

နတ်တို့ကိုယ်စား မေးလျှောက်ထား နတ်သား ဤသို့ မှတ်လေလော့။

ပင်ကိုယ်ဉာဏ်ကြွယ် အမြင်ကျယ် လူဝယ်ကြီးပွားကြောင်း၊
ထုံ အ နုံ ဖျင်း အမြင်ကျဉ်း ယိုယွင်းပျက်စီးကြောင်း၊
တရားကိုချစ် ဤသို့ဖြစ် စင်စစ်ပြန့်ပွားကြောင်း၊
တရားကိုမုန်း လူညွန့်တုံး လူလုံးမလှတောင်း။

ဆိုလိုရင်း

၁။ အလိမ္မာနည်းခြင်း။
၂။ တရားကိုမုန်းခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

၂။ ပျက်စီးကြောင်းတရား-

ဆုတ်ယုတ်ကြောင်းတရားသုံးပါး-

ဆုတ်ယုတ်ကြောင်းတရားသုံးပါး

သိအပ်ရာရာ သိတတ်စွာ သတ္တာသုံးလူ့ရှင်၊
အရှင်ဟောကြား ထိုတရား မှတ်သားနှလုံးတွင်၊
ယွင်းမှားတိမ်းစောင်းပျက်စီးကြောင်း ထပ်လောင်းမိန့်စေချင်။

သို့ဖြစ်မူကား မောင်နတ်သား နာကြားသတိစွဲ၊
သူတော်ကောင်းကို မကြည်ညို မလိုမုန်းမာန်မဲ၊
သူယုတ်ကိုကား ထိပ်ပေါ်ထား ချစ်အားပို၍ကဲ၊
သူတော်ကျင့်သုံး တရားထုံး လုံးလုံးမျက်နှာလွှဲ၊
သူယုတ်တရား လိုက်စားစား အားပါးတခဲခဲ၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း တိမ်းစောင်းပြိုယိုင်လဲ။

ဆိုလိုရင်း

၁။ သူယုတ်သူမိုက်ကို ချစ်လေ့ရှိခြင်း။
၂။ ပညာရှိသူတော်ကောင်းကို မချစ်ခင်။
၃။ သူယုတ်သူမိုက်တို့၏ တရားစကားကို နှစ်သက်၏။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

၃။ ပျက်စီးကြောင်းတရား-

ပျက်စီးကြောင်းတရား ၅-ပါး-


ပျက်စီးကြောင်းတရား ၅-ပါး

သမန္တစက္ခု သဗ္ဗညု အတုလ ပရမေဘုရား၊
ထိုမှတစ်ဖန် ပျက်စီးဟန် နာခံလိုပါသေးသည်ဘုရား၊
ဉာဏ်တော်ကွန်ရက် ဖြန့်ကာကြက် ဟောမြွက်ဆက်တရား။

သို့ဖြစ်သော်ငြား မောင်နတ်သား နာကြားသတိပြု၊
အအိပ်စုံမက် သဘင်ဖက် မဖက်ထကြွမှု၊
အပျင်းထူပြန် ဒေါသထန် စောင်မာန်ထောင်လွှားပြု၊
ဤသူလည်းကောင်းပျက်စီးကြောင်း ထပ်လောင်းမှတ်လေဟု။

ဆိုလိုရင်း

၁။ အအိပ်စုံမက်ခြင်း။
၂။ ပွဲလမ်းသဘင် လိုက်စားခြင်း။
၃။ ထကြွလုံ့လ မရှိခြင်း။
၎။ ပျင်းရိထိုင်းမှိုင်းခြင်း။
၅။ အမျက်တံခွန်ထောင်ခြင်း။


ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

၎။ ပျက်စီးကြောင်းတရား-

မိအိုဖအိုနှင့် ပျက်စီးကြောင်းတရား-

မိအိုဖအိုနှင့် ပျက်စီးကြောင်းတရား

ပျက်စီးခြင်းတရား ကြောင်းငါးပါး မှတ်သားရပြီမင့်၊
အားမရသေး ထပ်၍မေး ဖြေရေးကျူးကာရင့်၊
မေးမှုဖြေမှု မှန်လိုရှု လူမှုရေးရာကျင့်။

ကျေးဇူးမြင့်မိုရ် တောင်ထက်ပို မိအိုဖအိုအား၊
ပြုစုသိမ်းမွေး ယုယထွေး လုပ်ကျွေးနိုင်လျက်သား၊
မလုပ်ကျွေးပဲ မျက်နှာလွှဲ မိုက်မဲလေမူကား၊
ထိုသူလည်းကောင်းပျက်စီးကြောင်း ထပ်လောင်းမှတ်၍သွား။

ဆိုလိုရင်း

အရွယ်လွန်၍ အိုမင်းသော မိဘကို ကျွေးမွေးနိုင်သော အစွမ်းရှိပါလျက် မပြုစု မကျွေးမွေးခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

၅။ ပျက်စီးကြောင်းတရား-

အလှူခံများနှင့် ပျက်စီးကြောင်းတရား-

အလှူခံများနှင့် ပျက်စီးကြောင်းတရား

လေးကြိမ်လျှောက်ထား ပျက်ကြောင်းများ ထင်ရှားသိပါပြီ၊
နောက်ထပ်ဆင့်လောင်း ပျက်စီးကြောင်း မိန့်တောင်း ဆွေသာကီ။

ရဟန်းတော်များ နောက်ပုဏ္ဏား တောင်းစားသူများကို၊
ဖြားယောင်းလှည့်ပတ် ဇိုးဇတ်ဇတ် ပုတ်ခတ်ရေရွတ်ဆို၊
နှုတ်စကားလုံး မုသားသုံး မျက်မုန်းကျိုးသလို၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း ထပ်လောင်းသိစေလို။

ဆိုလိုရင်း

ရဟန်းတော်အရှင်မြတ်များနှင့် တောင်းစားသူတို့အား မဟုတ်မမှန်ပြောကြား၍ လိမ်လည်ခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

၆။ ပျက်စီးကြောင်းတရား-

တကိုယ်ကောင်းစိတ်ထားနှင့် ပျက်စီးကြောင်းတရား-

တကိုယ်ကောင်းစိတ်ထားနှင့် ပျက်စီးကြောင်းတရား

ကိုးဝဂုဏ်တော် ပြည့်စုံကျော် ရှင်တော်မြတ်ဘုရား၊
ငါးကြိမ်တိုင်တိုင် ပျက်စီးနိုင် ယိမ်းယိုင်အကြောင်းများ၊
နာကြားမ၀ ထပ်ကာပ ဟောပြပေးပါဘုရား။

စည်းစိမ်ဥစ္စာ ရတနာ လိုရာပြည့်စုံသည်၊
ချို ချဉ် ဖန် ခါး ရသာများ မရှားပေါလှသည်၊
သို့ပါသော်လည်း တစ်ယောက်ထဲ ကျိတ်ခဲစားသုံးသည်၊
တစ်ပါးသူအား ပေးမစား မုန်းအားပိုကြမည်၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်း မှတ်လေတည်။

ဆိုလိုရင်း

ပစ္စည်းဘဏ္ဍာ ချိုချဉ်ရသာ ပေါများပါလျက်
သူတစ်ပါးတို့ကို သတိမရ မဝေငှပဲ
တစ်ကိုယ်တည်း စားသောက်ခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

၇။ ပျက်စီးကြောင်းတရား-

မျိုးနွယ်မာန်တက် ပျက်စီးကြောင်းတရား-

မျိုးနွယ်မာန်တက် ပျက်စီးကြောင်းတရား

ခြောက်ကြိမ်မြောက်လည်း နာမညည်း
ခုနှစ်ကြိမ်မြောက် ထပ်မံလျှောက် မိန့်ထောက်စကားဆို။

မျိုးနွယ်ဥစ္စာ မာန်တက်ခါ မညှာဆက်ဆံသည်၊
အမျိုးကိုပင် ထေမဲ့မြင် မာန်ဝင်မှားလေပြီ၊
ဂုဏ်နေမတက် သရေပျက် မိုက်ထက်မိုက်တော့သည်၊
ဤသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်း မှတ်လေတည်။

ဆိုလိုရင်း

၁။ အမျိုးမာန် အနွယ်မာန်ဖြင့် ခက်ထန်ခြင်း၊
၂။ ပစ္စည်းမာန်ဖြင့် ခက်ထန်ခြင်း၊
၃။ မာန်ခက်ထန်၍ မိမိအမျိုးကိုပင် မထေမဲ့မြင်ပြုခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

၈။ ပျက်စီးကြောင်းတရား-

မိန်းမ အရက် လောင်းကစား ၀ါသနာပါက ပျက်စီးကြောင်း-

မိန်းမ အရက် လောင်းကစား ၀ါသနာပါက ပျက်စီးကြောင်း

မာန်ကိုမာန်ဖျက် မာနတက် ဆက်ဆက်မှားလေပြီ၊
အရှင်ဟောကြား ထိုတရား မှတ်သားရပါသည်၊
ယခုတစ်ဖန် ပျက်စီးဟန် ဟောရန်လျှောက်ပါသည်။

မိန်းမအရက် ကစားဖက် ပျော်ပျက်နေသူမှာ၊
ရလေသမျှ ငွေဓန ကုန်ကျပျက်စီးမှာ၊
ဤသည့်အတွက် ထိုသုံးချက် ထိပ်ထက်မှတ်လေပါ။

ဆိုလိုရင်း

၁။ မိန်းမလိုက်စားခြင်း၊
၂။ အရက်သောက်သုံးခြင်း၊
၃။ လောင်းကစားကြူးခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။