နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Showing posts with label ဣတိဝုတ်ပါဠိတော်. Show all posts
Showing posts with label ဣတိဝုတ်ပါဠိတော်. Show all posts

Wednesday, November 12, 2008

လောဘပရိညာသုတ်-

လောဘပရိညာသုတ်-

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ လောဘကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင် မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ လောဘကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင် ပြုနိုင်သူ ကိလေသာ ၀ဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

လောဘဖြင့် တပ်မက်သူ သတ္တ၀ါတို့သည် မကောင်းသောလားရာ {ဂတိ}သို့ လားရောက်ကြရကုန်၏။

ထိုလောဘကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ ဖြင့် ရှုသူတို့သည် (ထိုလောဘကို) ပယ်စွန့် ကုန်၏။ (ယင်းလောဘကို) ပယ်စွန့် သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန် ဟု ဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၉ - လောဘပရိညာသုတ်၊ ပထမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

Thursday, November 6, 2008

ပဒုဋ္ဌစိတ္တသုတ်- (ပဒုဋ္ဌ=ပျက်စီးသည်+စိတ္တ=စိတ်)

ပဒုဋ္ဌစိတ္တသုတ်- (ပဒုဋ္ဌ=ပျက်စီးသည်+စိတ္တ=စိတ်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ...
ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို ဤသို့ (ငါဘုရား၏) စိတ်ဖြင့် ထိုသူ၏ စိတ်ကို ပိုင်းခြား၍ သိ၏ {{ဤဒေါသစိတ် ရှိသောအခါ၌ ဤပုဂ္ဂိုလ်သည် သေခဲ့မူ ၀န်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ငရဲ၌ ကျရလေ၏။ ဤသို့ ငရဲကျရခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ ထိုသူ၏ စိတ်သည် ဒေါသဖြင့် ဖျက်ဆီး အပ်သောကြောင့်တည်း}}၊

ရဟန်းတို့ ...
ဒေါသစိတ်ရှိခြင်း ဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တ၀ါတို့ သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော မကောင်း သော လားရာ ပျက်စီး ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ကြရကုန်၏။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို-
{{မြတ်စွာဘုရားသည် ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို သိ၍ ရဟန်းတို့အား ဤဆိုလတ္တံ့သော အနက် သဘောကို ဟောကြားတော်မူ၏။ ဤပုဂ္ဂိုလ်သည် ဒေါသစိတ်ရှိသော အချိန်အခါ၌ သေခဲ့မူ ၀န်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ငရဲ၌ ဖြစ်ရာ၏။

(အဘယ့်ကြောင့်ဆိုသော်)
ထိုပုဂ္ဂိုလ်၏ စိတ်ကို ဒေါသသည် ဖျက်ဆီးအပ်သော ကြောင့်တည်း။ မှန်၏။

သတ္တ၀ါတို့သည် ဒေါသဖျက်ဆီးအပ်သော စိတ်ဟူသော အကြောင်းကြောင့် မကောင်းသောလားရာ ဒုဂ္ဂတိ ဘ၀သို့ လားရောက်ကြရကုန်၏}} ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၁၀ - ပဒုဋ္ဌစိတ္တသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်၊

Monday, September 22, 2008

ပုညကိရိယ၀တ္ထု ၃-ပါး-




ပုညကိရိယ၀တ္ထုသုတ်-

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပုညကိရိယ၀တ္ထုတို့သည် ဤသုံးပါးတို့တည်း။

အဘယ်သုံးပါးတို့နည်း-
၁။ ပေးကမ်းမှု {ဒါန} ဟူသော ပုည ကိရိယ၀တ္ထု၊
၂။ ကျင့်သုံးမှု {သီလ} ဟူသော ပုညကိရိယ၀တ္ထု၊
၃။ ပွါးများမှု {ဘာဝနာ} ဟူသော ပုညကိရိယ၀တ္ထုတို့တည်း။
ရဟန်းတို့ ပုညကိရိယ၀တ္ထုတို့သည် ဤသုံးပါးတို့တည်း။

ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။
ထိုသုတ်၌ ဤအနက်သဘောကို -
{{ထိုသူသည် ကုသိုလ် ကောင်းမှုကိုသာလျှင် ကျင့်ရာ၏။ နောင်အခါ၌ မြင့်မြတ်၍ ချမ်းသာကျိုးရှိသော ဒါနကို လည်းကောင်း၊ ကောင်းသော အကျင့်ကို လည်း ကောင်း၊ မေတ္တာစိတ်ကို လည်းကောင်း ပွါးများရာ၏။ ပညာရှိသူသည် သုခလျှင် အာနိသင် ရှိကုန်သော ဤတရားသုံးပါးတို့ကို ပွါးများ၍ ဆင်းရဲကင်းသော ချမ်းသာသော လောကသို့ ကပ်ရောက်ရ၏}} ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၁ - ပုညကိရိယ၀တ္ထုသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

မက္ခပရိညာသုတ်-


မက္ခပရိညာသုတ်-
(မက္ခ=သူ့ကျေးဇူးခြေဖျက်ခြင်း၊ အမျက်) (ပရိညာ=ပိုင်းခြား၍သိခြင်း)

၁၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သူ့ကျေးဇူးကို ချေဖျက်မှု {မက္ခ} ကို ...
ထူးသောဉာဏ်ဖြင့် မသိသူ၊
ပိုင်းခြား၍ မသိသူ၊
ထိုတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင် မပြုနိုင်သူ၊
ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊

ရဟန်းတို့ သူ့ကျေးဇူးကို ချေဖျက်မှု {မက္ခ} ကို ...
ထူးသောဉာဏ်ဖြင့် သိသူ၊
ပိုင်းခြား၍ သိသူ၊
ထိုတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင် ပြုနိုင်သူ၊
ကိလေသာဝဋ်ကို ပယ်စွန့် နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။


ထိုသုတ်၌ ဤအနက်သဘောကို -
အကြင်မက္ခဖြင့် သူ့ကျေးဇူးကို ချေဖျက်သူတို့သည် မကောင်းသော လားရာ {ဂတိ} သို့ လားရောက်ကြရကုန်၏။ ထိုမက္ခတရားကို ကောင်းစွာသိ၍ (ခန္ဓာ ငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုမက္ခကို) ပယ်စွန့် ကုန်၏။

(ယင်းမက္ခတရားကို) ပယ်စွန့်သောကြောင့်
ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန် ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၃ - မက္ခပရိညာသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

Saturday, September 13, 2008

သဗြဟ္မကသုတ်-

သဗြဟ္မကသုတ်

{{ဗြဟ္မာ}} ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{အိမ်ဦးနတ်}} ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{လက်ဦးဆရာ}}ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူထိုက်သူ}} ဟူသော
ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊


သဗြဟ္မကသုတ်

၁၀၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်အမျိုးတို့၏ သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော် ထားကြကုန်၏၊ ထိုအမျိုးတို့သည် ဗြဟ္မာနှင့် အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ အကြင်အမျိုးတို့၏ သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော် ထားကြကုန်၏၊ ထိုအမျိုးတို့သည် အိမ်ဦးနတ်နှင့် အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ အကြင်အမျိုးတို့၏ သားသမီးတို့သည် အမိအဖတို့ကို မိမိ အိမ်၌ ပူဇော်ထားကြကုန်၏၊ ထိုအမျိုးတို့သည် လက်ဦးဆရာနှင့် အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ အကြင်အမျိုးတို့၏ သားသမီးတို့သည် အမိ အဖတို့ကို မိမိအိမ်၌ ပူဇော်ထားကြ ကုန်၏၊ ထိုအမျိုးတို့သည် အရပ်ဝေးမှ ဆောင် လာ၍သော်လည်း ပေးလှူထိုက်သူတို့နှင့် အတူတကွ နေရသူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ ...
{{ဗြဟ္မာ}} ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{အိမ်ဦးနတ်}} ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{လက်ဦးဆရာ}}ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူထိုက်သူ}} ဟူသော
ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊

ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊

ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား ကျေးဇူးများ ကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ပြတတ်ကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
အမိအဖတို့ကို သားသမီးတို့၏ ဗြဟ္မာဟူ၍ လည်းကောင်း၊ အိမ်ဦးနတ်ဟူ၍ လည်းကောင်း၊ လက်ဦးဆရာဟူ၍ လည်းကောင်း၊ အရပ်ဝေးမှ ဆောင်လာ၍သော် လည်း ပေးလှူအပ်သော အလှူခံထိုက်သူတို့ ဟူ၍ လည်းကောင်း ဆိုရကုန်၏၊ သားသမီးတို့အား စောင့်ရှောက်တတ်ကုန်၏။

ထို့ကြောင့် ပညာရှိသည် ထိုအမိအဖတို့ကို ရှိခိုးရာ၏၊
ထမင်းဖြင့် လည်းကောင်း၊
အဖျော်ဖြင့် လည်းကောင်း၊
အ၀တ်ဖြင့် လည်းကောင်း၊
အိပ်ရာနေရာဖြင့် လည်းကောင်း၊
နံ့သာပျောင်းစသည်တို့ဖြင့် လိမ်းကျံပေးခြင်းဖြင့် လည်းကောင်း၊
ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊
ခြေဆေးပေးခြင်းဖြင့် လည်းကောင်း ကောင်းစွာ ပြုရာ၏။

အမိအဖတို့၌ ထိုလုပ်ကျွေးခြင်းဖြင့် ထိုသူကို ဤဘ၀၌ပင် ပညာရှိတို့ ချီးမွမ်းကုန်၏၊

တမလွန်ဘ၀၌ နတ်ပြည်သို့ ရောက်ကာ ၀မ်းမြောက်ရ၏ ဟု
ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၇ - သဗြဟ္မကသုတ်၊ စတုက္ကနိပါတ်၊ ဣတိဝုတ်ပါဠိတော်။

ပုတ္တသုတ် (သား)

ပုတ္တသုတ် (သား)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤသားသုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊

အဘယ်သုံးယောက်တို့နည်း-
၁။ (အမိအဖတို့ထက်) ဂုဏ်လွန်သော အတိဇာတသား၊
၂။ (အမိအဖတို့နှင့်) ဂုဏ်တူသော အနုဇာတသား၊
၃။ (အမိအဖတို့အောက်) ဂုဏ်ယုတ်သော အ၀ဇာတသားတို့ပေတည်း။

၁။ အတိဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊
ရဟန်းတို့ ဤလောက၌ သား၏ အမိအဖတို့သည်
မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်သူတို့ မဟုတ်ကုန်၊
တရားတော်ကို ကိုးကွယ် ဆည်းကပ်သူတို့ မဟုတ်ကုန်၊
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ မဟုတ်ကုန်၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
မူးယစ်မေ့လျော့ကြောင်း ဖြစ်သော-
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
သီလမဲ့ကုန် ယုတ်မာသော သဘောရှိကုန်၏၊

ထိုအမိအဖတို့၏ သားသည်ကား ...
မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်သူ ဖြစ်၏၊
တရားတော်ကို ကိုးကွယ်ဆည်းကပ်သူ
ဖြစ်၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
မူးယစ်မေ့လျော့ကြောင်း ဖြစ်သော-
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊
ရဟန်းတို့ အတိဇာတသားသည် ဤသို့ ဖြစ်၏။



၂။ အနုဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊
ရဟန်းတို့ ဤလောက၌ သား၏ အမိအဖတို့သည်
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
တရားတော်ကို ကိုးကွယ် ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏။

ထိုအမိအဖတို့၏ သားသည်လည်း ...
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
တရားတော်ကို ကိုးကွယ် ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏။
ရဟန်းတို့ အနုဇာတသားသည် ဤသို့ ဖြစ်၏။

၃။ အ၀ဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊
ရဟန်းတို့ ဤလောက၌ သား၏ အမိအဖတို့သည်
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
တရားတော်ကို ကိုးကွယ် ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏။

ထိုအမိအဖတို့၏ သားသည်ကား
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်၊
တရားတော်ကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်၊
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊
အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင် ကြဉ်သူ မဟုတ်၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော-
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊
သီလမဲ့၏၊ ယုတ်မာသော သဘောရှိ၏၊
ရဟန်းတို့ အ၀ဇာတသားသည် ဤသို့ ဖြစ်၏။

ရဟန်းတို့ ဤသား သုံးယောက်တို့သည် ဤလောက၌ ထင်ရှား ရှိကုန်၏၊
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
ပညာရှိတို့သည်
(အမိအဖထက်) ဂုဏ်လွန်သော အတိဇာတ သားနှင့်
(အမိအဖတို့နှင့်) ဂုဏ်တူသော အနုဇာတ သားကို အလိုရှိကုန်၏၊
အကြင် သားသည် အမျိုးအနွယ်ကို ဖျက်၏၊
(အမိအဖတို့အောက်) ဂုဏ်ယုတ်သော ထိုအ၀ဇာတ သားကို အလိုမရှိကုန်။

ဤသုံးယောက်သော သားတို့သည် လောက၌ ထင်ရှားရှိကုန်၏၊
အကြင်သားတို့သည် ရတနာသုံးပါးကို ဆည်းကပ် ကုန်၏၊
သဒ္ဓါ သီလနှင့် ပြည့်စုံကုန်၏၊
တောင်းဆိုသူတို့၏ စကားကို သိကုန်၏၊
ဝန်တိုခြင်း ကင်းကုန်၏၊
ထိုသားတို့သည် တိမ်တိုက်မှ လွတ်သော လသည် တင့်တယ်သကဲ့သို့
ပရိသတ်တို့၌ တင့်တယ်ကုန်၏}} ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၅ - ပုတ္တသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

Wednesday, September 10, 2008

မာနပရိညာသုတ်-

မာနပရိညာသုတ်

ဆင်းရဲအားလုံးမှ လွန်မြောက်လိုသော် မာနလေးတော့ပယ်လိုက်ပါ။

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မာနကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုမာနတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင် မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ မာနကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍ သိသူ ထိုမာနတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင်ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲ ကုန်ခြင်းငှါ ထိုက်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို ...
{{ဤသတ္တ၀ါတို့သည် မာနနှင့် ပြည့်စုံကုန်၏။ မာနဖြင့် အထုံးအဖွဲ့ ခံရသူတို့သည် ဘ၀၌ မွေ့လျော်ကုန်၏။ မာနကို ပိုင်းခြား၍ မသိသူတို့သည် တစ်ဖန် ဘ၀သစ်သို့ လာရောက်ကြရကုန်၏။ အကြင်သူတို့သည် မာနကို ပယ်သောကြောင့် မာနကုန် ခန်းရာ နိဗ္ဗာန်၌ (ကိလေသာမှ) လွတ်မြောက် ကုန်၏။ ထိုသူတို့သည် မာနထုံးဖွဲ့ ခြင်းကို လွှမ်းမိုးနိုင်ကုန်သောကြောင့် ဆင်းရဲအားလုံးကို လွန်မြောက်ကုန်၏}} ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရ ပါသည်။

၈ - မာနပရိညာသုတ်၊ ပဌမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

Thursday, August 21, 2008

ဒုက္ခ၀ိဟာရသုတ်-

ဒုက္ခ၀ိဟာရသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘ၀၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက် စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘ၀သို့သာ ရောက်လိမ့် မည်ဟု မျှော်လင့်အပ်၏။

အဘယ် နှစ်ပါးတို့နည်းဟူမူ...

ဣနြေ္ဒတို့၌ ပိတ်ဆို့မထားသော တံခါးရှိသည်၏ အဖြစ်နှင့် လည်းကောင်း၊
စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည် မသိသည်၏ အဖြစ်နှင့် လည်းကောင်းတည်း။

ရဟန်းတို့
ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသောရဟန်းသည် ယခုဘ၀၌ပင် ပင်ပန်းခြင်းပြင်းစွာ ပင်ပန်းခြင်း ပူလောင်ခြင်းရှိသည် ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ မကောင်းသောလားရာ ဒုဂ္ဂတိဘ၀သို့သာ ရောက်လိမ့်မည် ဟု မျှော်လင့်အပ်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌
ဤအနက် သဘောကို ...
{{အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ပိတ်ဆို့မထား၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို မသိ၊ ဣနြေ္ဒတို့၌ မစောင့် ရှောက်၊ ထိုရဟန်းသည် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဟူသော ဆင်းရဲကိုရ၏။

ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌ လည်းကောင်း၊ ညဥ့်၌ လည်းကောင်း ပူလောင်သော ကိုယ်ပူလောင်သော စိတ်ဖြင့် ဆင်းရဲစွာနေရ၏}}ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၁ - ဒုက္ခ၀ိဟာရသုတ်၊ အဌမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ဒါနသုတ်-

ဒါနသုတ်-

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဟောတော်မူ၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သတ္တ၀ါတို့သည် လှူဒါန်းခြင်း၏ အကျိုးကို
ငါဘုရားသိသကဲ့သို့ သိကြကုန်မူ မပေးလှူဘဲ မစားကုန်ရာ။

ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည်
ထိုသူ၏စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ မတည်နိုင်ရာ။

အလှူခံ ပုဂ္ဂိုလ်ရှိကုန်မူ ...
ထိုသူတို့သည် နောက်ဆုံးဖြစ်သော ထမင်းလုတ် ထမင်းဆုပ်မှသော်လည်း
မခွဲခြမ်း မဝေဖန်မူ၍ မစားကုန်ရာ။

ရဟန်းတို့ သတ္တ၀ါတို့သည် လှူဒါန်းဝေဖန်ခြင်း၏အကျိုးကို
ငါဘုရားသိသကဲ့သို့ မသိကုန်သောကြောင့်သာ မပေးလှူဘဲ စားကြကုန်၏။

ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည်
ထိုသူ၏ စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ တည်လေ၏ ဟု
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌
ဤအနက်သဘောကို -
{{ခွဲခြမ်းဝေဖန်မှုသည် ဤသို့ ကြီးသော အကျိုးရှိ၏ဟု ခွဲခြမ်းဝေဖန်မှု၏ အကျိုးကို မြတ်စွာဘုရား ဟောတော်မူသည့် အတိုင်း အကယ်၍ သိကြကုန်မူ ၀န်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ် အညစ်အကြေးကို ပယ်ဖျောက်၍ အထူးကြည်လင်သော စိတ်ဖြင့် အကြင် အရိယာပုဂ္ဂိုလ်တို့၌ ပေးလှူသော အလှူသည် အကျိုးကြီး၏။

ထိုအရိယာပုဂ္ဂိုလ်တို့၌ လျောက်ပတ်သောအခါ ပေးလှူကုန်ရာ၏။ လူများစွာအား ထမင်းကို လည်းကောင်း၊ မြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ မြတ်သော အလှူကို လည်းကောင်း ပေးလှူသောကြောင့် အလှူဒါယကာတို့သည် ဤလူ၏ အဖြစ်မှ သေသည်ရှိသော် နတ်ပြည်သို့ လားရောက်ကြရကုန်၏။

နတ်ပြည်၌ ရောက်ကြကုန်သော ထိုသတ္တ၀ါတို့သည် ထိုနတ်ပြည်၌ အလိုရှိအပ် သော ကာမဂုဏ် တို့နှင့် ပြည့်စုံကုန်သည် ဖြစ်၍ ၀မ်းမြောက်ကြရကုန်၏။ ၀န်တိုမှု မရှိသူတို့သည် ခွဲခြမ်း ဝေဖန်ခြင်း အကျိုးကို ခံစားကြရကုန်၏}} ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၆ - ဒါနသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ဒါနသုတ် နောက်ထပ် လေ့လာလိုပါလျှင်...

Friday, August 15, 2008

အဂ္ဂိသုတ်- (မီး) မီး ၃-မျိုး

အဂ္ဂိသုတ်- (မီး) မီး ၃-မျိုး

ဤဒေသနာကို ဘုန်းတော်ကြီးမူသော မြတ်စွာဘုရားသည် ဟောတော်မူပါ၏၊ ပူဇော်အထူးကို ခံတော်မူ ထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မီးတို့သည် ဤသုံးပါးတို့တည်း၊
အဘယ်သုံးပါးတို့နည်း-
၁။ ရာဂမီး
၂။ ဒေါသမီး
၃။ မောဟမီးတို့တည်း၊
ရဟန်းတို့ မီးတို့သည် ဤသုံးပါးတို့တည်း၊
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

(မီး ၃-မျိုး ငြိမ်းလိုပါလျှင်...)

ထိုသုတ်၌ ဤအနက်သဘောကို -

၁။ ကာမတို့၌ တပ်စွန်းသူ တွေဝေသူ သတ္တ၀ါတို့ကို ရာဂမီးသည် လောင်မြိုက်၏၊
၂။ သူ့အသက်ကို သတ်လေ့ရှိသူ ဖောက်ပြန်သော စိတ်ရှိသူတို့ကို ဒေါသမီးသည် လောင်မြိုက်၏။
၃။ အရိယာတရား၌ မလိမ္မာသူ တွေဝေသူတို့ကို မောဟမီးသည် လောင်မြိုက်၏၊

ဤမီးသုံးပါးတို့ကို မသိကြသော သတ္တ၀ါတို့သည် ခန္ဓာငါးပါး (သက္ကာယ)၌ အလွန် မွေ့လျော်ကြကုန်၏။ ထိုသူတို့သည် မာရ်အနှောင်အဖွဲ့မှ မလွတ်ကြကုန်မူ၍ ငရဲ တိရစ္ဆာန် အသုရကာယ် ပြိတ္တာဘုံတို့ကို ပွါးများစေကုန်၏။

(ရာဂမီး ငြိမ်းစေရန်...)
အကြင်သူတို့သည်ကား မြတ်စွာဘုရား သာသနာတော်၌ ညဥ့်နေ့ပတ်လုံးအား ထုတ်ကုန်၏၊ ပုဂ္ဂိုလ်မြတ် ဖြစ်ကြသော ထိုသူတို့သည် အသုဘဟု အမြဲ ရှုမှတ်ကုန် သည်ဖြစ်၍ ရာဂမီးကို ငြိမ်းအေး စေကြကုန်၏။

(ဒေါသမီး ငြိမ်းစေရန်...)
ဒေါသမီးကိုမူကား မေတ္တာဖြင့် ငြိမ်းအေးစေကြကုန်၏။

(မောဟမီး ငြိမ်းစေရန်...)
အကြင်ပညာသည် ကိလေသာကို ဖောက်ခွဲနိုင်၏၊ ထိုပညာဖြင့် မောဟမီးကို ငြိမ်း အေးစေကြကုန်၏။

ညဥ့်နေ့ပတ်လုံး မပျင်းရိကုန်သော ရင့်ကျက်သော ပညာရှိတို့သည် ထိုကိလေသာ တို့ကို ငြိမ်းစေကြကုန်၍ အကြွင်းမဲ့ ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။ အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ် ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသော ကြောင့် တစ်ဖန် ဘ၀သစ်သို့ မရောက်ကြရကုန် ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း-
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။
အဂ္ဂိသုတ်၊ ပဉ္စမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။