နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, September 13, 2008

သဗြဟ္မကသုတ်-

သဗြဟ္မကသုတ်

{{ဗြဟ္မာ}} ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{အိမ်ဦးနတ်}} ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{လက်ဦးဆရာ}}ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူထိုက်သူ}} ဟူသော
ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊


သဗြဟ္မကသုတ်

၁၀၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်အမျိုးတို့၏ သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော် ထားကြကုန်၏၊ ထိုအမျိုးတို့သည် ဗြဟ္မာနှင့် အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ အကြင်အမျိုးတို့၏ သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော် ထားကြကုန်၏၊ ထိုအမျိုးတို့သည် အိမ်ဦးနတ်နှင့် အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ အကြင်အမျိုးတို့၏ သားသမီးတို့သည် အမိအဖတို့ကို မိမိ အိမ်၌ ပူဇော်ထားကြကုန်၏၊ ထိုအမျိုးတို့သည် လက်ဦးဆရာနှင့် အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ အကြင်အမျိုးတို့၏ သားသမီးတို့သည် အမိ အဖတို့ကို မိမိအိမ်၌ ပူဇော်ထားကြ ကုန်၏၊ ထိုအမျိုးတို့သည် အရပ်ဝေးမှ ဆောင် လာ၍သော်လည်း ပေးလှူထိုက်သူတို့နှင့် အတူတကွ နေရသူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ ...
{{ဗြဟ္မာ}} ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{အိမ်ဦးနတ်}} ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{လက်ဦးဆရာ}}ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
{{အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူထိုက်သူ}} ဟူသော
ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊

ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊

ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား ကျေးဇူးများ ကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ပြတတ်ကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
အမိအဖတို့ကို သားသမီးတို့၏ ဗြဟ္မာဟူ၍ လည်းကောင်း၊ အိမ်ဦးနတ်ဟူ၍ လည်းကောင်း၊ လက်ဦးဆရာဟူ၍ လည်းကောင်း၊ အရပ်ဝေးမှ ဆောင်လာ၍သော် လည်း ပေးလှူအပ်သော အလှူခံထိုက်သူတို့ ဟူ၍ လည်းကောင်း ဆိုရကုန်၏၊ သားသမီးတို့အား စောင့်ရှောက်တတ်ကုန်၏။

ထို့ကြောင့် ပညာရှိသည် ထိုအမိအဖတို့ကို ရှိခိုးရာ၏၊
ထမင်းဖြင့် လည်းကောင်း၊
အဖျော်ဖြင့် လည်းကောင်း၊
အ၀တ်ဖြင့် လည်းကောင်း၊
အိပ်ရာနေရာဖြင့် လည်းကောင်း၊
နံ့သာပျောင်းစသည်တို့ဖြင့် လိမ်းကျံပေးခြင်းဖြင့် လည်းကောင်း၊
ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊
ခြေဆေးပေးခြင်းဖြင့် လည်းကောင်း ကောင်းစွာ ပြုရာ၏။

အမိအဖတို့၌ ထိုလုပ်ကျွေးခြင်းဖြင့် ထိုသူကို ဤဘ၀၌ပင် ပညာရှိတို့ ချီးမွမ်းကုန်၏၊

တမလွန်ဘ၀၌ နတ်ပြည်သို့ ရောက်ကာ ၀မ်းမြောက်ရ၏ ဟု
ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၇ - သဗြဟ္မကသုတ်၊ စတုက္ကနိပါတ်၊ ဣတိဝုတ်ပါဠိတော်။