နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Saturday, September 13, 2008

ပုတ္တသုတ် (သား)

ပုတ္တသုတ် (သား)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤသားသုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊

အဘယ်သုံးယောက်တို့နည်း-
၁။ (အမိအဖတို့ထက်) ဂုဏ်လွန်သော အတိဇာတသား၊
၂။ (အမိအဖတို့နှင့်) ဂုဏ်တူသော အနုဇာတသား၊
၃။ (အမိအဖတို့အောက်) ဂုဏ်ယုတ်သော အ၀ဇာတသားတို့ပေတည်း။

၁။ အတိဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊
ရဟန်းတို့ ဤလောက၌ သား၏ အမိအဖတို့သည်
မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်သူတို့ မဟုတ်ကုန်၊
တရားတော်ကို ကိုးကွယ် ဆည်းကပ်သူတို့ မဟုတ်ကုန်၊
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ မဟုတ်ကုန်၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
မူးယစ်မေ့လျော့ကြောင်း ဖြစ်သော-
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊
သီလမဲ့ကုန် ယုတ်မာသော သဘောရှိကုန်၏၊

ထိုအမိအဖတို့၏ သားသည်ကား ...
မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်သူ ဖြစ်၏၊
တရားတော်ကို ကိုးကွယ်ဆည်းကပ်သူ
ဖြစ်၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
မူးယစ်မေ့လျော့ကြောင်း ဖြစ်သော-
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊
သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊
ရဟန်းတို့ အတိဇာတသားသည် ဤသို့ ဖြစ်၏။

၂။ အနုဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊
ရဟန်းတို့ ဤလောက၌ သား၏ အမိအဖတို့သည်
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
တရားတော်ကို ကိုးကွယ် ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏။

ထိုအမိအဖတို့၏ သားသည်လည်း ...

ရဟန်းတို့ အနုဇာတသားသည် ဤသို့ ဖြစ်၏။

၃။ အ၀ဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊
ရဟန်းတို့ ဤလောက၌ သား၏ အမိအဖတို့သည်
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
တရားတော်ကို ကိုးကွယ် ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊
သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏။

ထိုအမိအဖတို့၏ သားသည်ကား
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်၊
တရားတော်ကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်၊
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊
အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင် ကြဉ်သူ မဟုတ်၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊
မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော-
သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊
သီလမဲ့၏၊ ယုတ်မာသော သဘောရှိ၏၊
ရဟန်းတို့ အ၀ဇာတသားသည် ဤသို့ ဖြစ်၏။

ရဟန်းတို့ ဤသား သုံးယောက်တို့သည် ဤလောက၌ ထင်ရှား ရှိကုန်၏၊
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
ပညာရှိတို့သည်
(အမိအဖထက်) ဂုဏ်လွန်သော အတိဇာတ သားနှင့်
(အမိအဖတို့နှင့်) ဂုဏ်တူသော အနုဇာတ သားကို အလိုရှိကုန်၏၊
အကြင် သားသည် အမျိုးအနွယ်ကို ဖျက်၏၊
(အမိအဖတို့အောက်) ဂုဏ်ယုတ်သော ထိုအ၀ဇာတ သားကို အလိုမရှိကုန်။

ဤသုံးယောက်သော သားတို့သည် လောက၌ ထင်ရှားရှိကုန်၏၊
အကြင်သားတို့သည် ရတနာသုံးပါးကို ဆည်းကပ် ကုန်၏၊
သဒ္ဓါ သီလနှင့် ပြည့်စုံကုန်၏၊
တောင်းဆိုသူတို့၏ စကားကို သိကုန်၏၊
ဝန်တိုခြင်း ကင်းကုန်၏၊
ထိုသားတို့သည် တိမ်တိုက်မှ လွတ်သော လသည် တင့်တယ်သကဲ့သို့
ပရိသတ်တို့၌ တင့်တယ်ကုန်၏}} ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၅ - ပုတ္တသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။