နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, April 1, 2008

ကလျာဏ မိတ်ဆွေဂုဏ်-

ကလျာဏမိတ်ဆွေဂုဏ်-

၁။ သီလစင်ကြယ်၍ ချစ်ခင်ဖွယ်ရှိသောဂုဏ်၊
၂။ သီလသမာဓိဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောဂုဏ်၊
၃။ မေတ္တာရေမခန်း ပွားစေအပ်သောဂုဏ်၊
၎။ သူတစ်ပါးကို ကောင်းအောင် ဆုံးမတတ်သောဂုဏ်၊
၅။ သူတစ်ပါးအဆိုကို ခံနိုင်သောဂုဏ်၊
၆။ နက်နဲသော တရားစကားကို ပြောကြားတတ်သောဂုဏ်၊
၇။ မလျောက်ပတ်သောအရာကို မတိုက်တွန်းတတ်သောဂုဏ်။
ဤဂုဏ်အင်္ဂါ ၇-ပါးနှင့် ပြည့်စုံသူကို ကလျာဏမိတ်ဆွေစစ်ဟုခေါ်ပါသည်။

သည်းခံခြင်း ခန္တီတရား-

သည်းခံခြင်း ခန္တီတရားနှင့်စပ်၍
အတုယူဖွယ်ကောင်းလှသော အရှင်ပုဏ္ဏမထေရ်၏
နှလုံးသွင်းပုံ အကျဉ်းချုပ်ကို ဖော်ပြပေအံ့။

မြတ်စွာဘုရား လက်ထက်တော်အခါက
အရှင်ပုဏ္ဏမထေရ်သည် (သုနာပရန္တ ဇနပုဒ်) တောရွာတစ်ရွာသို့ သွားရောက်နေထိုင်လိုပါကြောင်း လျှောက်ထားသည်တွင်၊ မြတ်စွာဘုရားက ချစ်သားပုဏ္ဏ ထို တောရွာသားတို့သည် ကြမ်းတမ်းရုန့်ရင်းကြ ကုန်၏၊ အကယ်၍ ထို တောသားတို့က သင့်ကို ဆဲဆိုခြင်းအမှု ပြုခဲ့လျှင် သင်၏စိတ် မည်ကဲ့သို့ဖြစ်မည်နည်းဟု မေးတော်မူသောအခါ-

အရှင်ပုဏ္ဏမထေရ်က မြတ်စွာဘုရား ထိုသူတို့သည် ဘုရားတပည့်တော်ကို ဆဲဆိုခြင်းအမှု ပြုကြကုန်ငြားအံ့၊ ဤသူတို့သည် လူကောင်းများသာဖြစ်ကြသည်၊ အထူးကောင်းသော လူများသာဖြစ်ကြသည်၊ ငါ့ကိုဆဲဆိုရုံမျှသာ ဆဲဆိုကြသည်၊ လက်သီးဖြင့်ထိုးခြင်း တတောင်ဖြင့်ထောင်းခြင်း အမှုကို မပြုကြရှာသေးပေဟူ၍ ထိုသူတို့အပေါ်မှာ လူကောင်းများဟူ၍ နှလုံးသွင်းလျှက် အမျက်ဒေါသကို သိမ်းဆည်းသည်းခံပါမည် ဟူ၍ လျှောက်ထားလေသည်။

တဖန် မြတ်စွာဘုရားက ချစ်သားပုဏ္ဏ ထို တောရွာသားတို့သည် လက်သီးဖြင့်ထိုးခြင်း တတောင်ဖြင့်ထောင်းခြင်းအမှုကို ပြုကြကုန်လျှင် သင်၏စိတ် မည်ကဲ့သို့ဖြစ်မည်နည်းဟု မေးတော်မူသောအခါ-

အရှင်ပုဏ္ဏမထေရ်က မြတ်စွာဘုရား ထိုသူတို့သည် ဘုရားတပည့်တော်ကို လက်သီးဖြင့်ထိုးခြင်း တတောင်ဖြင့်ထောင်းခြင်းအမှုကို ပြုကြကုန်လျှင် ဤသူတို့သည် လူကောင်းများသာဖြစ်ကြသည်၊ အထူးကောင်းသော လူများသာ ဖြစ်ကြသည်၊ ငါ့ကိုလက်သီးဖြင့်ထိုးခြင်း တတောင်ဖြင့်ထောင်းခြင်း အမှုကိုသာ ပြုကြသေးသည်၊ ခဲဖြင့် မထုကြသေးပေဟူ၍ ထိုသူတို့အပေါ်မှာ လူကောင်းများဟု နှလုံးသွင်းလျှက် အမျက်ဒေါသကို သိမ်းဆည်းသည်းခံပါမည်၊ အစရှိသည်ဖြင့် ထိုသူတို့က အသက်ဆုံးအောင် သတ်ဖြတ်ကြစေကာမူ ငါ့မှာအရ တော်လေစွ အရှင်ဂေါဓိက အရှင်ဆန္န အစရှိသည်တို့မှာ မိမိကိုယ်ကို ကိုယ်တိုင် သတ်ဖြတ်ခြင်း ပြုကြရသေးသည်၊ ငါ့မှာ မပြုရပဲ ရပေသည်ဟု နှလုံးသွင်းလျှက် အမျက်ဒေါသကို သိမ်းဆည်းသည်းခံပါမည် ဟူ၍ လျှောက်ထားသည်တွင် မြတ်စွာဘုရားက သာဓုကောင်းချီး ခေါ်တော်မူသည်။

ကောင်းသောအကျင့် ၁၀-ပါး

သုစရိုက် ၁၀-ပါး-

ကာယ သုစရိုက် ၃-ပါး-
၁။ သတ္တ၀ါ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ သူတစ်ပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။

ဝစီ သုစရိုက် ၄-ပါး-
၎။ မှန်သောစကားကို ပြောဆိုခြင်း။
၅။ ညီညွတ်စေလိုသောစိတ်ဖြင့် ပြောဆိုခြင်း။
၆။ နူးညံ့ချိုသာသော စကားကိုပြောဆိုခြင်း။
၇။ အကျိုးရှိသော စကားကိုပြောဆိုခြင်း။

မနော သုစရိုက် ၃-ပါး-
၈။ သူတစ်ပါးပစ္စည်း ရယူလိုစိတ် မရှိခြင်း။
၉။ သူတစ်ပါးကို ဖျက်ဆီးလိုစိတ် မရှိခြင်း။
၁၀။ မှန်သော အယူဝါဒကို ကိုးကွယ်ခြင်း။

မကောင်းသောအကျင့် ၁၀-ပါး-

ဒုစရိုက် ၁၀-ပါး-

ကာယ ဒုစရိုက် ၃-ပါး---
၁။ သတ္တ၀ါ အသက်ကိုသတ်ခြင်း။
၂။ သူတစ်ပါးပစ္စည်းကို မတရားယူခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။

ဝစီ ဒုစရိုက် ၄-ပါး---
၎။ လိမ်ပြောခြင်း။
၅။ ကုန်းတိုက်ခြင်း။
၆။ ကြမ်းတမ်း ရိုင်းစိုင်းသော စကားကိုပြောခြင်း။
၇။ အကျိုးမရှိသော စကားကိုပြောခြင်း။

မနော ဒုစရိုက် ၃-ပါး---
၈။ သူတစ်ပါးပစ္စည်း ရလိုမှုနှင့် ကြံစည်စိတ်။
၉။ သူတစ်ပါးကို ဖျက်ဆီးလိုစိတ်။
၁၀။ မှားယွင်းသော အယူဝါဒကို ကိုးကွယ်ခြင်း။

လူမိုက်ကိုရှောင် သူတော်ကောင်းကိုပေါင်း-

အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

အသေ၀နာ စ ဗာလာနံ= လူမိုက်ကို အပေါင်းအသင်း မပြုခြင်းသည်လည်းကောင်း။
ပဏ္ဍိတာနဉ္စ သေ၀နာ= သူတော်ကောင်းကို ဆည်းကပ်ခြင်းသည်လည်းကောင်း။
ပူဇာ စ ပူဇနေယျာနံ= ပူဇော်သင့်သူကို ပူဇော်ခြင်းသည်လည်းကောင်း။
ဧတံ မင်္ဂလ မုတ္တမံ= ဤတရားသုံးပါးသည် ကြီးပွားချမ်းသာကြောင်း
မင်္ဂလာဖြစ်ပါသည်။

လူမိုက် လက္ခဏာ ၃-ပါး။
၁။ မကောင်းသော အကြံအစည် ကြံစည်ခြင်း။
၂။ မကောင်းသော စကားကို ပြောဆိုခြင်း။
၃။ မကောင်းသော အလုပ်ကို ပြုလုပ်ခြင်း။

သူတော်ကောင်း လက္ခဏာ ၃-ပါး။
၁။ ကောင်းသော အကြံအစည် ကြံစည်ခြင်း။
၂။ ကောင်းသော စကားကို ပြောဆိုခြင်း။
၃။ ကောင်းသော အလုပ်ကို ပြုလုပ်ခြင်း။

ကမ္မနိယာမ-

သတ္တ၀ါများအားလုံးသည်
မိမိတို့ပြုလုပ်ထားသော ကံအသီးသီး၏ အကျိုးကိုခံစားရပေမည်။
ပြုလုပ်ခဲ့သော ကောင်းမှုများနှင့် မကောင်းမှုများ၏
အသီးအပွင့်များကို အမွေခံကြရမည်။
ကောင်းမှုကုသိုလ်ကံသည် ကောင်းကျိုးများပေး၍
မကောင်းမှုကံများသည် မကောင်းကျိုးများကိုပေးလိမ့်မည်။

ဤကမ္မနိယာမကို သဘောပေါက်ထားလျှင်
သင်သည် သူတစ်ပါးတို့အား စိတ်ဆိုးမှုနည်းပါးလာလိမ့်မည်။
စိတ်ဆိုးမည့်အစား သနားကြင်နာမှုကို ပျိုးထောင်လာနိုင်လိမ့်မည်။

ထိုသူတို့သည်
သူတို့၏အပြုအမူဆိုးများအတွက် မကောင်းကျိုးများကို
ခံစားကြရမည်မဟုတ်ပါလော။

အကျိုးရလိုသော်-

သင့်အားပြစ်မှားခဲ့သူ သို့မဟုတ် ထိခိုက်နစ်နာစေခဲ့သူသို့
ဦးတည်သော စိတ်ကူးဆိုးများနှင့်
သင်၏စိတ်ကို မညစ်ညမ်း မပင်ပမ်းပါစေနဲ့။
သင်၏စိတ်၌ ထွေးပိုက်ထားသော ဒေါသသည်
အခြားပုဂ္ဂိုလ်ထက် သင့်အား ပို၍ပျက်စီးစေလိမ့်မည်။
ထို့ကြောင့် မုန်းတီးသူများအကြား၌ နေထိုင်စဉ် အခါ၌ပင်
ဝမ်းမြောက်မှု-ပီတိနှင့် ချစ်ခင်မှု-မေတ္တာတို့ကို ပြုစုပျိုးထောင်ပါ
သင့်အတွက်အကျိုးကြီးပေလိမ့်မည်။

ပါဠိဖတ်နည်း အကျဉ်းချုပ်-

ပါဠိဖတ်နည်း အကျဉ်းချုပ်-

၁။ နှစ်လုံးဆင့်တွင်၊ အထက်လျှင်၊ သတ်ပင် မြဲဧကန်။(ကတ္ထ=ကတ်ထ)
၂။ သဝေလည်းထိုး၊ တ-သတ်မျိုး၊ ဖတ်ရိုး စ-သတ်သံ။ (မေတ္တ= မစ်တ)
၃။ သဝေလည်းထိုး၊ န-သတ်မျိုး၊ ဖတ်ရိုး င-သတ်သံ။ (ပူရေန္တံ= ပူရင်တံ)
၎။ သဝေ ရေးချ၊ သတ်မြင်က၊ ဖတ်ကြ ၀ဆွဲသံ။ (ဟောန္တု= ဟွန်တု)
၅။ ဿ-ကိုမြင်လတ်၊ သ-နှစ်လုံးမှတ်၊ ဖတ်ကြ တ-သတ်သံ။
(တဿ= တတ်သ)

၁။ နှစ်လုံးဆင့်ခေါ်သော ပါဌ်ဆင့်စာလုံးတို့ကိုတွေ့လျှင်
အထက်ကစာလုံး၌ အသတ်ထည့်ဖတ်ပါ။
ဥပမာ။ ။ကတ္ထ-၌ တ၀မ်းပူကို အသတ်ထည့်၍ ကတ်ထ-ဟုဖတ်ပါ။
ကန္တ-၌ နငယ်ကို အသတ်ထည့်၍ ကန်တ-ဟုဖတ်ပါ။
ပါဌ်ဆင့်တိုင်း၌ အပေါ်စာလုံးကို အသတ်ထည့်၍ဖတ်ပါ။ - - -မူသေစည်းဖြစ်ပါသည်။
၂။ သဝေထိုးလည်းပါ တ-သတ်လည်းပါသော စာလုံးမျိုးတွင်
အသံထွက်သော အခါ စ-သတ်အသံဖြင့်ဖတ်ပါ။
ဥပမာ။ ။ခေတ္တ-၌ သဝေထိုးနှင့် တ-သတ်ပါနေသဖြင့် ခစ်တ-ဟု ဖတ်ပါ။
မေတ္တ-၌လည်း မစ်တ-ဟုဖတ်ပါ။
၃။ သဝေထိုးလည်းပါ န-သတ်လည်းပါလျှင် င-သတ်သံဖြင့် အသံထွက်ပါ။
ဥပမာ။ ။ပူရေန္တံ-၌ သဝေထိုးလည်းပါ န-သတ်လည်းပါသဖြင့်
ပူရင်တံ-ဟု င-သတ်သံ ဖြင့်ဖတ်ပါ။
၎။ သဝေထိုးလည်းပါ ရေးချလည်းပါ အသတ်တစ်ခုခုလည်းပါနေပါက
ဝဆွဲသံဖြင့်ဖတ်ပါ။
ဥပမာ။ ။သောတ္ထိ-၌ သဝေထိုး ရေးချ တ-သတ်ပါနေသဖြင့်
သွတ်ထိ-ဟု ၀ဆွဲသံဖြင့်ဖတ်ပါ။
ဟောန္တု-၌လည်း ဟွန်တု-ဟု ၀ဆွဲသံဖြင့်ဖတ်ပါ။
၅။ ဿ(သ-ကြီး) သည် သနှစ်လုံး တွဲထားခြင်းဖြစ်သည်။
တ-သတ်သံဖြင့် ဖတ်ရမည်။
ဥပမာ။ ။နမော တဿ-ကိုဖတ်လျှင် နမော တတ်သ-ဟု ဖတ်ရမည်။

ရဿ၊ အသံတိုတိုရွတ်ရန်---
(အ ဣ ဥ) (က ကိ ကု) (ခ ခိ ခု) (ဂ ဂိ ဂု)

ဒီဃ၊ အသံရှည်ရှည်ရွတ်ရန်---
(အာ ဤ ဦ ဧ သြ) (ကာ ကီ ကူ ကေ ကော) (ခါ ခီ ခူ ခေ ခေါ)

ဗောဇ္ဈင်သုတ်-

ဗောဇ္ဈင်္ဂသုတ္တံ

သတ္တိမေ ( - - ) ဗောဇ္ဈင်္ဂါ မယာ သမ္မဒက္ခာတာ
ဘာဝိတာ ဗဟုလီကတာ အဘိညာယ သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တန္တိ။

ကတမေ သတ္တ-
၁။ သတိသမ္ဗောဇ္ဈေင်္ဂေါ ခေါ ( - - ) မယာ သမ္မဒက္ခာတော
ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ။

၂။ ဓမ္မ၀ိစယသမ္ဗောဇ္ဈေင်္ဂေါ ခေါ ( - - ) မယာ သမ္မဒက္ခာတော
ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ။

၃။ ၀ီရိယသမ္ဗောဇ္ဈေင်္ဂေါ ခေါ ( - - ) မယာ သမ္မဒက္ခာတော
ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ။

၎။ ပီတိသမ္ဗောဇ္ဈေင်္ဂေါ ခေါ ( - - ) မယာ သမ္မဒက္ခာတော
ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ။

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈေင်္ဂေါ ခေါ ( - - ) မယာ သမ္မဒက္ခာတော
ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ။

၆။ သမာဓိသမ္ဗောဇ္ဈေင်္ဂေါ ခေါ ( - - ) မယာ သမ္မဒက္ခာတော
ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ။

၇။ ဥပေက္ခာသမ္ဗောဇ္ဈေင်္ဂေါ ခေါ ( - - ) မယာ သမ္မဒက္ခာတော
ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ။

ဣမေ ခေါ ( - - ) သတ္တ ဗောဇ္ဈင်္ဂါ မယာ သမ္မဒက္ခာတာ
ဘာဝိတာ ဗဟုလီကတာ အဘိညာယ သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တန္တိ။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။

အမှာ။ ။( - - ) အတွင်း၌ လူနာ၏အမည်ကို ထည့်ပြီးရွတ်ဆိုပါ။