နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, August 7, 2008

အဂုင်္လိမာလသုတ်-မှ...

ခြောက်ခုမြောက် အဂုင်္လိမာလသုတ်-မှ...

ပညာမဲ့ငြား လူမိုက်များတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊
ပညာရှိ ယောက်ျားသည့် မမေ့မလျော့မှုကို မြတ်သော ဥစ္စာကဲ့သို့ စောင့်ရှောက်၏၊
မေ့လျော့ခြင်းကို အားမထုတ်ကြကုန်လင့်၊
ကာမဂုဏ်တို့၌ မွေ့လျော်ပေါင်းဖော်မှုကို အားမထုတ်ကြကုန်လင့်၊
မမေ့မလျော့ဘဲ ရှုဆင်ခြင်သူသည်သာ နိဗ္ဗာန်ချမ်းသာသို့ ပေါက်ရောက်နိုင်၏။

ငါ ရဟန်းဘ၀သို့ ရောက်လာခြင်းသည် ကောင်းသော ရောက်လာခြင်းပေတည်း၊
ငါ ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသော ပြောဆိုခြင်းမဟုတ်၊
ကောင်းစွာ ဝေဖန်ဟောကြားသော တရားတို့တွင် အမြတ်ဆုံး နိဗ္ဗာန်သို့ရောက်ပြီ။
ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်အားဖြင့် ရောက်ခဲ့ပြီ၊
မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုအပ်ပြီးပေပြီ။

ခြောက်ခုမြောက် အဂုင်္လိမာလသုတ်-မှ...အနည်းငယ်
အင်္ဂုလိမာလသုတ်၊ ရာဇ၀ဂ်၊ မဇ္ဈိမပဏ္ဏာသ။

Wednesday, August 6, 2008

ဝိသာခါသုတ်-

ဝိသာခါသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် မိဂါရမာတာ ၀ိသာခါ လှူဒါန်းထားသော
သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မိဂါရမာတာ ၀ိသာခါ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီ ကောသလ မင်းနှင့် စပ်ဆိုင်နေ၏။ ထိုကိစ္စကို ပသေနဒီ ကောသလမင်းသည် ၀ိသာခါ၏ အလိုဆန္ဒအတိုင်း မပြီးစေ။

ထို့နောက် ကျောင်းအမကြီး ၀ိသာခါသည် နေ့လယ်အချိန်၌ပင် မြတ်စွာဘုရားထံ သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေ၏။ ထို ထိုင်နေသော မိဂါရမာတာ ၀ိသာခါကို မြတ်စွာဘုရားသည်၊ ၀ိသာခါ ယခု နေ့လယ် အချိန်၌ သင်သည် အဘယ်မှ လာသနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော်မ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီကောသလ မင်းနှင့် စပ်ဆိုင်နေ၏။ ထိုကိစ္စကို ပသေနဒီကောသလမင်းသည် တပည့်တော်မ၏ အလိုဆန္ဒအတိုင်း မပြီးပါစေဟု (လျှောက်၏)။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍....
သူတစ်ပါး အလိုလိုက်ရမှု ဟူသမျှသည် ဆင်းရဲ၏။
အစိုးရမှုဟူသမျှသည် ချမ်းသာ၏။ မှန်လှ၏။
ယောဂလေးပါးမှ လွန်နိုင်ခဲသောကြောင့် သတ္တ၀ါတို့သည် သူတစ်ပါးတို့နှင့် ဆက်ဆံရာ၌ ပင်ပန်းကြရကုန်၏ ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

န၀မသုတ်။
ဝိသာခါသုတ်၊ မုစလိန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်။

ယောဂ= ယှဉ်စပ်ခြင်း၊ ထမ်းပိုး။
ယောဂ ၄-မျိုး...မှာ
၁။ ကာမယောဂ= တဏှာထမ်းပိုး။
၂။ ဘ၀ယောဂ= ဘ၀ထမ်းပိုး။
၃။ ဒိဋ္ဌိယောဂ= အယူထမ်းပိုး။
၎။ အ၀ိဇ္ဇာယောဂ= မသိမှုထမ်းပိုးဟူ၍ ၄-မျိုးရှိသည်။
အချို့သတ္တ၀ါတို့သည်...
ထိုထမ်းပိုးကို အမြဲတမ်း ပခုံးပေါ်၌ထမ်းလျက် လှည့်လည်နေရသည်။

ဒုတိယသတ္တသုတ်-

ဒုတိယသတ္တသုတ်- (သတ္တ=ခုနှစ်)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည်.....
သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ သာဝတ္ထိပြည်သူ ပြည်သားတို့သည် အများအားဖြင့်
၁။ ကာမဂုဏ်တို့၌ ကပ်ငြိ၍ လည်းကောင်း၊
၂။ ကာမဂုဏ်တို့၌ တပ်စွန်း၍ လည်းကောင်း၊
၃။ ကာမဂုဏ်တို့၌ မက်မော၍ လည်းကောင်း၊
၎။ ကာမဂုဏ်တို့၌ ဖွဲ့နှောင်၍ လည်းကောင်း၊
၅။ ကာမဂုဏ်တို့၌ မိန်းမော၍ လည်းကောင်း၊
၆။ ကာမဂုဏ်တို့၌ မကန်းသော်လည်း ကန်းသကဲ့သို့ လည်းကောင်း၊
၇။ ကာမဂုဏ်တို့၌ ပြင်းစွာ ယစ်မူးခြင်းသို့ ရောက်ကာ နေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည် သို့ ဆွမ်းခံဝင်တော်မူ၏။
မြတ်စွာဘုရားသည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်း သော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာပျက်စီးခြင်းသို့ ရောက်ကာနေကုန်သော သာဝတ္ထိပြည်သူ ပြည်သားတို့ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည်....ဤသို့ဆို၏.....

၁။ ၀တ္ထုကာမတို့၌ ကိလေသာ ကာမဖြင့် ကန်းသည်ကို အပြုခံရသူ
၂။ တဏှာတည်းဟူသော ပိုက်ကွန်ဖြင့် အဖုံးလွှမ်းခံရသူ
၃။ တဏှာတည်းဟူသော အမိုးဖြင့် ဖုံးအုပ်ခံရသူ
၎။ မြှုံးဝ၌၀င်ကုန်သော ငါးတို့သည် သေခြင်းသို့ ရောက်သကဲ့သို့ လည်းကောင်း၊
၅။ နို့စို့အရွယ် နွားသူငယ်သည် အမိနွားမကြီးသို့ လိုက်သကဲ့သို့လည်းကောင်း၊
၆။ ကိလေသာမာရ် ကိုယ်တွင်းရန်၏ အနှောင်အဖွဲ့ကို ခံကြရကုန်သည်ဖြစ်၍
၇။ အိုခြင်းသေခြင်းသို့ အစဉ် လိုက်ကြရကုန်၏ ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

စတုတ္ထသုတ်။
ဒုတိယသတ္တသုတ်၊ စူဠ၀ဂ်၊ ဥဒါန်းပါဠိတော်။

ဘုသပေတ၀တ္ထု-

ဘုသပေတ၀တ္ထု- (စပါးဖျင်း+ပြိတ္တာ)

ရှေးဘ၀လူအဖြစ်၌ အိမ်ရှင်မဖြစ်စဉ် အမိကိုညှင်းဆဲ လင်ကိုဂရုမထား မုသားဆိုကာ တစ်စုံတစ်ခုကိုမျှ မလှူခဲ့သောကြောင့် ကွယ်လွန်သောအခါ သလေးစပါးကို ခေါင်းပေါ်၌ ကြဲဖြန့်သူ သံတင်းပုတ်ဖြင့် ရိုက်နှက်ခံရသူ မစင်ကို စားရသူ အသီးသီး ဖြစ်နေကြရသော ပြိတ္တာများအကြောင်း။

ပြိတ္တာတို့ သင်တို့လေးယောက်တို့တွင်....
တစ်ယောက်သည် ရဲရဲတောက်သော စပါးဖျင်းတို့ကို မိမိခေါင်းပေါ်၌ ကြဲဖြန့်နေ၏၊
တစ်ယောက်သောသူသည် သံတင်းပုတ်တို့ဖြင့် မိမိ ဦးခေါင်းကို ရိုက်နှက်ဖြတ်ခွဲ နေရ၏၊
ဤမိန်းမသည်ကား မိမိအသားအသွေးကို စားနေ၏၊
လင်သည်မူကား မစင်မကြယ် မနှစ်သက်ဖွယ်ရှိသော မစင်ကို စားရ၏၊

ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်းဟု (အရှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

သားဖြစ်သော ဤသူသည် ရှေးဘ၀က အမိကို ညှဉ်းဆဲခဲ့ပါ၏၊
လင်ဖြစ်သော ဤသူသည်ကား ကောက်ကျစ်စဉ်းလဲသော ကုန်သည်ပါတည်း၊
ချွေးမဖြစ်သူကား အသားကို စားပါလျက် မစားပါဟု မုသားဆိုခြင်းဖြင့် လှည့်ပတ်ခဲ့ပါ၏။
အကျွန်ုပ်သည် လူ့ဘ၀၌ လူဖြစ်ခဲ့စဉ်က တစ်အိမ်လုံးကို အစိုးရသူ အိမ်ရှင်မဖြစ်၍ စည်းစိမ်ဥစ္စာတို့ ရှိလျက်သာလျှင် လျှိုဝှက်ခဲ့ပါ၏၊ အကျွန်ုပ်၏ ပစ္စည်းဥစ္စာမှ တစ်စုံတစ်ခု ကိုမျှလည်း (သူတစ်ပါးအား) မပေးလှူခဲ့ပါ။

ဤဥစ္စာသည် ငါ၏ အိမ်၌ မရှိ၊ ရှိလျက် လျို့ဝှက်မိခဲ့ပါမူ ငါ၏ စားဖွယ်သည် မစင်ဖြစ်ပါစေသတည်းဟု မုသားစကားဖြင့် ဖုံးလွှမ်းပြောဆိုခဲ့ပါ၏။

ထိုမကောင်းမှုကံ၏ လည်းကောင်း၊ မုသားဆိုခြင်း၏ လည်းကောင်း နှစ်ပါးစုံသော ကံအကျိုးကြောင့် ကောင်းသော အနံ့ရှိသော သလေးထမင်းသည် အကျွန်ုပ်အတွက် မစင် အဖြစ်ဖြင့် ပြောင်းလဲနေပါ၏။

ကုသိုလ် အကုသိုလ်ကံတို့သည် အကျိုးမပြီး အချည်းနှီး မဖြစ်ကုန်၊ ဆည်းပူးထားသော ကံသည် (အကျိုးမပေးဘဲ) မပျက်စီးသည်သာတည်း၊ မကောင်းသော အနံ့ရှိသော ပိုးလောက်ရှိသော မစင်ကို စားလည်း စားရပါ၏၊ သောက်လည်း သောက်ရပါ၏ဟု (ကောက်ကျစ်သော ကုန်သည်မယား ပြိတ္တာမက လျှောက်၏)။

ဘုသပေတ၀တ္ထု၊ စူဠ၀ဂ်၊ ပေတ၀တ္ထု။

ပုဗ္ဗင်္ဂမသုတ်-

ပုဗ္ဗင်္ဂမသုတ်- (ရှေ့ပြေး၊ ရှေ့သွားဖြစ်သော)

ရဟန်းတို့ အရုဏ်တက်ခြင်းသည်...
ထွက်ပေါ်လာမည့် နေ၏ ရှေ့သွားတည်း၊ ရှေ့ပြေးနိမိတ်တည်း။

ရဟန်းတို့ ဤအတူပင်....
မှန်ကန်သော အမြင်သည် ကုသိုလ်တရားတို့၏ ရှေ့သွားတည်း၊ ရှေ့ပြေးနိမိတ်တည်း။

ရဟန်းတို့ ....
မှန်ကန်သော အမြင်ရှိသူအား မှန်ကန်သော အကြံအစည်သည် ဖြစ်နိုင်၏၊
မှန်ကန်သော အကြံအစည်ရှိသူအား မှန်ကန်သော စကားသည် ဖြစ်နိုင်၏၊
မှန်ကန်သော စကားရှိသူအား မှန်ကန်သော အလုပ်သည် ဖြစ်နိုင်၏၊
မှန်ကန်သော အလုပ်ရှိသူအား မှန်ကန်သော အသက်မွေးမှုသည် ဖြစ်နိုင်၏၊
မှန်ကန်သော အသက်မွေးမှုရှိသူအား မှန်ကန်သော လုံ့လသည် ဖြစ်နိုင်၏၊
မှန်ကန်သော လုံ့လရှိသူအား မှန်ကန်သော သတိသည် ဖြစ်နိုင်၏၊
မှန်ကန်သော သတိရှိသူအား မှန်ကန်သော သမာဓိသည် ဖြစ်နိုင်၏၊
မှန်ကန်သော သမာဓိရှိသူအား မှန်ကန်သော ဉာဏ်သည် ဖြစ်နိုင်၏၊
မှန်ကန်သော ဉာဏ်ရှိသူအား မှန်ကန်သော လွတ်မြောက်မှုသည် ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။

န၀မသုတ်။
ပုဗ္ဗင်္ဂမသုတ်၊ ပစ္စောရောဟဏီဝဂ်၊ အဂုင်္တ္တိုရ်။

ဒုတိယ ပစ္စောရောဟဏီသုတ်-

သူတော်ကောင်းတို့ သင်တို့အား မြတ်သော နှင်ထုတ်ခြင်းကို ဟောကြားပေအံ့....
ဒုတိယ ပစ္စောရောဟဏီသုတ်- (သက်ဆင်းခြင်း)

ရဟန်းတို့ သင်တို့အား မြတ်သော နှင်ထုတ်ခြင်းကို ဟောကြားအံ့၊
ထိုတရားကို နာကုန်လော့။

ရဟန်းတို့ မြတ်သော နှင်ထုတ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်
{{မျက်မှောက်ဘ၀၌ လည်းကောင်း၊ တမလွန်ဘ၀၌ လည်းကောင်း
မှားယွင်းသောအမြင်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏}} ဟု ဆင်ခြင်၏။

ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍.....
မှားယွင်းသော အမြင်ကို ပယ်စွန့်၏၊
မှားယွင်းသော အမြင်ကို နှင်ထုတ်၏။
မှားယွင်းသော အကြံအစည်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော စကား၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော အလုပ်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော အသက်မွေးမှု၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော လုံ့လ၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော သတိ၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော သမာဓိ၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော ဉာဏ်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော လွတ်မြောက်မှု၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
ထိုသူသည် ဤသို့ဆင်ခြင်ပြီး၍-

မှားယွင်းသော လွတ်မြောက်မှုကို ပယ်စွန့်၏၊
မှားယွင်းသော လွတ်မြောက်မှုကို နှင်ထုတ်၏။
ရဟန်းတို့ ဤသည်ကို မြတ်သော နှင်ထုတ်ခြင်းဟု ဆိုအပ်၏ဟု မိန့်တော်မူ၏။

အဋ္ဌမသုတ်။
ဒုတိယ ပစ္စောရောဟဏီသုတ်၊ ပစ္စောရောဟဏီဝဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

နိဂဏ္ဌသုတ် (ကိလေသာမရှိဟု ဆိုလေ့ရှိသူ)

နိဂဏ္ဌသုတ် (ကိလေသာမရှိဟု ဆိုလေ့ရှိသူ)

ရဟန်းတို့ နိဂဏ္ဌ {တက္ကတွန်း}တို့သည် မသူတော်တရားတို့နှင့် ပြည့်စုံကုန်၏။

အဘယ်တို့နည်းဟူမူ -
၁။ ရဟန်းတို့ နိဂဏ္ဌတို့သည် ယုံကြည်မှု မရှိကုန်။
၂။ ရဟန်းတို့ နိဂဏ္ဌတို့သည် သီလ မရှိကုန်။
၃။ ရဟန်းတို့ နိဂဏ္ဌတို့သည် အရှက် မရှိကုန်။
၎။ ရဟန်းတို့ နိဂဏ္ဌတို့သည် အကြောက် မရှိကုန်။
၅။ ရဟန်းတို့ နိဂဏ္ဌတို့သည် မသူတော်ကို ဆည်းကပ်တတ်ကုန်၏။
၆။ ရဟန်းတို့ နိဂဏ္ဌတို့သည် မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို နှိမ့်ချတတ်ကုန်၏။
၇။ ရဟန်းတို့ နိဂဏ္ဌတို့သည် မိမိ အမြင်အတိုင်း အမှား သုံးသပ် တတ်ကုန်၏၊
၈။ ရဟန်းတို့ နိဂဏ္ဌတို့သည် စွဲစွဲမြဲမြဲ ယူလေ့ရှိကုန်၏၊
၉။ ရဟန်းတို့ နိဂဏ္ဌတို့သည် အယူကို စွန့်နိုင်ခဲကုန်၏။
၁၀။ ရဟန်းတို့ နိဂဏ္ဌတို့သည် အံ့သြဖွယ် ပြုတတ်ကုန်၏။
၁၁။ ရဟန်းတို့ နိဂဏ္ဌတို့သည် အလိုဆိုးရှိကုန်၏။
၁၂။ ရဟန်းတို့ နိဂဏ္ဌတို့သည် မိတ်ဆွေယုတ် ရှိကုန်၏။
၁၃။ ရဟန်းတို့ နိဂဏ္ဌတို့သည် ဤမသူတော်တရားတို့နှင့် ပြည့်စုံကုန်၏ ဟု(မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

နိဂဏ္ဌသုတ်၊ အာကင်္ခ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကာကသုတ်- (ကျီးကန်း) မသူတော်တရား

ကာကသုတ် (ကျီးကန်း)

ရဟန်းတို့ ကျီးသည် မသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံ၏၊

အဘယ်ဆယ်မျိုးတို့နည်းဟူမူ-
၁။ ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏၊
၂။ ရဲတင်း၏၊
၃။ တဏှာနှင့် ပြည့်စုံ၏၊
၎။ အစားကြီး၏၊
၅။ ကြမ်းကြုတ်၏၊
၆။ သနားခြင်း ကရုဏာမရှိ၊
၇။ အားနည်း၏၊
၈။ မြည်တွန်တတ်၏၊
၉။ သတိမေ့တတ်၏၊
၁၀။ မစုဆောင်းတတ်။
ရဟန်းတို့ ကျီးသည် ဤမသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံ၏။

ရဟန်းတို့.....
ဤအတူပင် ရဟန်းယုတ်သည် မသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံ၏။

အဘယ်ဆယ်မျိုးတို့နည်းဟူမူ -
၁။ ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏၊
၂။ ရဲတင်း၏၊
၃။ တဏှာနှင့် ပြည့်စုံ၏၊
၎။ အစားကြီး၏၊
၅။ ကြမ်းကြုတ်၏၊
၆။ သနားခြင်း ကရုဏာမရှိ၊
၇။ အားနည်း၏၊
၈။ မြည်တွန်တတ်၏၊
၉။ သတိမေ့တတ်၏၊
၁၀။ မစုဆောင်းတတ်။

ရဟန်းတို့....
ရဟန်းယုတ်သည် ဤမသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။
ကာကသုတ်၊ အာကင်္ခ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Tuesday, August 5, 2008

ဒု သ န သော အစရှိသော ဂါထာလေးပုဒ်-

သေဋ္ဌိပုတ္တပေတ၀တ္ထု

သူတပါး သားမယားတို့အား ပြစ်မှားခဲ့ကြသည့်
သူဌေးသားလေးဦးတို့....... လောဟကုမ္ဘီငရဲမှ ညည်းညူ ရွတ်ဆိုကြသော
ဒု သ န သော အစရှိသော ဂါထာလေးပုဒ်။

အချင်းတို့ အချင်းခပ်သိမ်း လောဟကုမ္ဘီငရဲ၌ ကျက်ကြကုန်သော ငါတို့အား အနှစ်ခြောက်သောင်းတို့ ပြည့်ခဲ့ကုန်ပြီ၊ ငါတို့အား ဘယ်အခါ ဤဆင်းရဲ၏ အဆုံးသည် ဖြစ်ပါလတ္တံ့နည်း။

အချင်းတို့ အကြင်သို့သော အပြားအားဖြင့် သင့်အားလည်းကောင်း၊ ငါ့အားလည်း ကောင်း ဤဆင်းရဲ၏ အဆုံးမရှိ၊ ဤဆင်းရဲ၏ အဆုံးသည် အဘယ်မှာ ရှိနိုင်ပါ တော့အံ့နည်း၊ ဤဆင်းရဲ၏ အဆုံးကို မတွေ့မမြင်နိုင်၊ ထိုသို့သော အပြားအားဖြင့် သင်သည်လည်းကောင်း ငါသည် လည်းကောင်း မကောင်းမှုကို ပြုအပ်ခဲ့ပြီ။

အကြင် ငါတို့သည် လှူဖွယ်ဝတ္ထုတို့ ထင်ရှားရှိပါကုန်လျက် မပေး မလှူခဲ့မိကြပါ ကုန်၊ မိမိ၏မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို မပြုမိကြပါ ကုန်၊ ထိုငါတို့သည် ပညာရှိတို့ ကဲ့ရဲ့ထိုက်သော အသက်ရှည်ခြင်းဖြင့် အသက် ရှည်ခဲ့ကြရပါကုန်၏။

ထိုငါသည် ဤငရဲမှ သွား၍ လူ့ဘ၀ကို ရပါမူ အလှူခံပုဂ္ဂိုလ်တို့ ပြောဆိုသော စကားကိုသိတတ်သူ သီလနှင့် ပြည့်စုံသူဖြစ်၍ များစွာသော ကောင်းမှုကုသိုလ်ကို ပြုပါတော့အံ့၊ (ဤသို့ သူဌေးသားလေးယောက်တို့ ရွတ်ဆိုကြကုန်၏)။
တစ်ဆယ့်ငါးခုမြောက်သော သေဋ္ဌိပုတ္တပေတ၀တ္ထု ပြီး၏။

{{ယခုလူတို့ ဒု သ န သော ဟု သိနေကြသော သူဌေးသား ငရဲသတ္တ၀ါလေးဦးတို့ လောဟကုမ္ဘီငရဲမှ တစ်လုံးစီသာ ရွတ်ဆိုနိုင်သော ဂါထာလေးပုဒ်ဖြစ်သည်။}}

သေဋ္ဌိပုတ္တပေတ၀တ္ထု၊ မဟာဝဂ်၊ ပေတ၀တ္ထု။