ဘုသပေတ၀တ္ထု- (စပါးဖျင်း+ပြိတ္တာ)
ရှေးဘ၀လူအဖြစ်၌ အိမ်ရှင်မဖြစ်စဉ် အမိကိုညှင်းဆဲ လင်ကိုဂရုမထား မုသားဆိုကာ တစ်စုံတစ်ခုကိုမျှ မလှူခဲ့သောကြောင့် ကွယ်လွန်သောအခါ သလေးစပါးကို ခေါင်းပေါ်၌ ကြဲဖြန့်သူ သံတင်းပုတ်ဖြင့် ရိုက်နှက်ခံရသူ မစင်ကို စားရသူ အသီးသီး ဖြစ်နေကြရသော ပြိတ္တာများအကြောင်း။
ပြိတ္တာတို့ သင်တို့လေးယောက်တို့တွင်....
တစ်ယောက်သည် ရဲရဲတောက်သော စပါးဖျင်းတို့ကို မိမိခေါင်းပေါ်၌ ကြဲဖြန့်နေ၏၊
တစ်ယောက်သောသူသည် သံတင်းပုတ်တို့ဖြင့် မိမိ ဦးခေါင်းကို ရိုက်နှက်ဖြတ်ခွဲ နေရ၏၊
ဤမိန်းမသည်ကား မိမိအသားအသွေးကို စားနေ၏၊
လင်သည်မူကား မစင်မကြယ် မနှစ်သက်ဖွယ်ရှိသော မစင်ကို စားရ၏၊
ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်းဟု (အရှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
သားဖြစ်သော ဤသူသည် ရှေးဘ၀က အမိကို ညှဉ်းဆဲခဲ့ပါ၏၊
လင်ဖြစ်သော ဤသူသည်ကား ကောက်ကျစ်စဉ်းလဲသော ကုန်သည်ပါတည်း၊
ချွေးမဖြစ်သူကား အသားကို စားပါလျက် မစားပါဟု မုသားဆိုခြင်းဖြင့် လှည့်ပတ်ခဲ့ပါ၏။
အကျွန်ုပ်သည် လူ့ဘ၀၌ လူဖြစ်ခဲ့စဉ်က တစ်အိမ်လုံးကို အစိုးရသူ အိမ်ရှင်မဖြစ်၍ စည်းစိမ်ဥစ္စာတို့ ရှိလျက်သာလျှင် လျှိုဝှက်ခဲ့ပါ၏၊ အကျွန်ုပ်၏ ပစ္စည်းဥစ္စာမှ တစ်စုံတစ်ခု ကိုမျှလည်း (သူတစ်ပါးအား) မပေးလှူခဲ့ပါ။
ဤဥစ္စာသည် ငါ၏ အိမ်၌ မရှိ၊ ရှိလျက် လျို့ဝှက်မိခဲ့ပါမူ ငါ၏ စားဖွယ်သည် မစင်ဖြစ်ပါစေသတည်းဟု မုသားစကားဖြင့် ဖုံးလွှမ်းပြောဆိုခဲ့ပါ၏။
ထိုမကောင်းမှုကံ၏ လည်းကောင်း၊ မုသားဆိုခြင်း၏ လည်းကောင်း နှစ်ပါးစုံသော ကံအကျိုးကြောင့် ကောင်းသော အနံ့ရှိသော သလေးထမင်းသည် အကျွန်ုပ်အတွက် မစင် အဖြစ်ဖြင့် ပြောင်းလဲနေပါ၏။
ကုသိုလ် အကုသိုလ်ကံတို့သည် အကျိုးမပြီး အချည်းနှီး မဖြစ်ကုန်၊ ဆည်းပူးထားသော ကံသည် (အကျိုးမပေးဘဲ) မပျက်စီးသည်သာတည်း၊ မကောင်းသော အနံ့ရှိသော ပိုးလောက်ရှိသော မစင်ကို စားလည်း စားရပါ၏၊ သောက်လည်း သောက်ရပါ၏ဟု (ကောက်ကျစ်သော ကုန်သည်မယား ပြိတ္တာမက လျှောက်၏)။
ဘုသပေတ၀တ္ထု၊ စူဠ၀ဂ်၊ ပေတ၀တ္ထု။