နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, July 20, 2009

တံငါသည်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ...




ဗဠိသသုတ် - (ငါးမျှားချိတ်)

သာဝတ္ထိနိဒါန်း...

ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ဥပမာသော်ကား တံငါသည်သည် အစာတပ်သော ငါးမျှားချိတ်ကို နက်သော ရေအိုင်၌ ပစ်ချရာ၏၊ အစာကို မြင်သော ငါးသည် ငါးမျှားချိတ်ကို မျိုရာ၏၊ ရဟန်းတို့ တံငါသည်၏ ငါးမျှားချိတ်ကို မျိုမိသော ထိုငါးသည် ဆင်းရဲခြင်း, ပျက်စီးခြင်းသို့ ရောက်၏၊ တံငါသည်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်၏။

ရဟန်းတို့
''တံငါသည်'' ဟူသော ဤအမည်သည်
ယုတ်ညံ့သော ကိလေသာမာရ်၏ အမည်တည်း။

ရဟန်းတို့
''ငါးမျှားချိတ်''ဟူသော ဤအမည်သည်
လာဘ်ပူဇော်သကာ အကျော် အစော၏ အမည်တည်း။


ရဟန်းတို့ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောကို သာယာသူ အလိုရှိသူ မည်သည့် ရဟန်းကို မဆို ''ကိလေသာမာရ်၏ ငါးမျှားချိတ်ကို မျိုသည်ဖြစ်၍ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်သူ, ယုတ်မာသော ကိလေသာမာရ်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်သူ ရဟန်း''ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ စင်စစ်လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ဤသို့ ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်-

''ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်စောကို စွန့်ကုန်အံ့၊ ဖြစ်ပေါ် လာသော လာဘ်ပူဇော်သကာ အကျော်အစောသည် ငါတို့၏ စိတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်လတ္တံ့'' ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ 158

၂ - ဗဠိသသုတ်၊ တတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဗြာဟ္မဏသည်သာ စင်ကြယ်၏ဟု...

သုဒ္ဓိကသုတ်

သာဝတ္ထိနိဒါန်း...
ထိုအခါ သုဒ္ဓိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆိုလျှောက်ထား၏၊

''လောက၌ မည်သည့် ဗြာဟ္မဏမျိုးမဆို ပြင်းထန်သော အကျင့်ကို ကျင့်လျက် သီလရှိပါသော်လည်း စင်ကြယ်သည် မဟုတ်၊ ဗေဒင်သုံးပုံ 'ဝိဇ္ဇာ', အမျိုး၏ အကျင့် 'စရဏ'နှင့် ပြည့်စုံ၍ (အမျိုးသန့်သော) ဗြာဟ္မဏသည်သာ စင်ကြယ်၏၊ ဝိဇ္ဇာစရဏကို မသိသော ဤမှတစ်ပါး အခြားသတ္တဝါသည် မစင်ကြယ်'' ဟု လျှောက်၏။

ပုဏ္ဏား စင်ကြယ်၏ဟူသော စကားကို များစွာဆိုပါသော်လည်း 'ယောက်သွားပုပ် ကဲ့သို့' ကိလေသာ အတွင်းပုပ်သော ညစ်ညူးခြင်းရှိသော ဟန်ဆောင်မှုကို မှီသူသည် အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်။

မင်းဖြစ်စေ, ပုဏ္ဏားဖြစ်စေ, ကုန်သည်ဖြစ်စေ, သူဆင်းရဲဖြစ်စေ, ဒွန်းစဏ္ဍား ပန်းမှိုက်သွန်ပင်ဖြစ်စေ ထက်သန်သော ဝီရိယရှိ၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကာ မြဲမြံသော အားထုတ်မှု ရှိသူသည်သာ မြင့်မြတ်သော စင်ကြယ်ခြင်းသို့ ရောက်နိုင်၏၊ ပုဏ္ဏား ဤသို့ သိလော့ ဟု မိန့်တော်၏။


ဤသို့ မိန့်တော်မူသည် ရှိသော် သုဒ္ဓိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာ ဘုရားအား အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။ ရဟန်းအဖြစ်ကို ရလေ၏၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော အသျှင် သုဒ္ဓိကဘာရဒွါဇ သည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည် ရှိသော် ကောင်းစွာ သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးသား များ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် ကောင်းစွာ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်ပြီးပြီ၊ မဂ် ကိစ္စကို ပြုပြီးပြီ၊ ဤမဂ် ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏။

အသျှင် သုဒ္ဓိကဘာရဒွါဇ သည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

၇ - သုဒ္ဓိကသုတ်၊ အရဟန္တ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, July 19, 2009

ကာဏာ အမည် ရှိသော သူငယ်မ...




ကာဏမာတုသိက္ခာပုဒ်


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ကာဏာ၏ အမိ ဥပါသိကာမသည် သဒ္ဓါတရားရှိ၏၊ ကြည်ညိုတတ်၏၊ ကာဏာ 'အမည် ရှိသော သူငယ်မ' ကို ရွာငယ်တစ်ခု၌ ယောက်ျား တစ်ယောက်အား ထိမ်းမြား ပေးစား၏။ ထိုအခါ ကာဏာသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် မိခင်၏ နေအိမ်သို့ သွား၏။ ထိုအခါ ကာဏာ၏ လင်ယောက်ျားသည် ကာဏာ၏ ထံသို့ ''ကာဏာ ပြန်လာခဲ့ပါလော့၊ ကာဏာ၏ ပြန်လာခြင်းကို အလိုရှိပါ၏'' ဟု တမန်ကို စေလွှတ်၏။


ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် ''လက်ချည်း သွားခြင်းသည် အသရေပျက် ရှက်ဖွယ်ကဲ့သို့ ဖြစ်၏'' ဟု မုန့်ကို ကြော်၏။ မုန့်ကျက်လတ်သော် ဆွမ်းခံသော ရဟန်းတစ်ပါး သည် ကာဏာ၏အမိ ဥပါသိကာမ၏ နေအိမ်သို့ ဝင်၏။ ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် ထိုရဟန်းအား မုန့်ကို လှူစေ၏၊ ထိုရဟန်းသည် ထွက်သွားပြီးလျှင် ရဟန်းတစ်ပါးအား ပြောကြား၏၊


ထိုရဟန်းအားလည်း မုန့်ကို ပေးလှူစေ၏၊ ထို နှစ်ကြိမ်မြောက်လာသော ရဟန်း သည် ထွက်သွား၍ ရဟန်းတစ်ပါးအား ပြောကြား၏၊ သုံးကြိမ်မြောက်လာသော ထိုရဟန်းအားလည်း မုန့်ကို ပေးလှူစေ၏၊ စီရင်တိုင်းသော မုန့်သည် ကုန်လေ၏။


နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကာဏာ၏ လင်ယောက်ျားသည် ကာဏာ၏ အထံသို့ ''ကာဏာ ပြန်လာခဲ့ပါလော့၊ ကာဏာ၏ ပြန်လာခြင်းကို အလိုရှိပါ၏၊ အကယ်၍ ကာဏာပြန် မလာခဲ့သော် အခြားသော မယားကို ယူတော့အံ့'' ဟု တမန်ကို စေလွှတ်၏။ သုံးကြိမ်မြောက်လည်း။ပ။ စီရင်တိုင်းသော မုန့်သည် ကုန်လေ၏။ ထိုအခါ ကာဏာ၏ လင်ယောက်ျားသည် အခြားမယားကို ယူလေ၏။ ''ထိုယောက်ျားသည် အခြား မယားကို ယူသတတ်'' ဟု ကာဏာသည် ကြား၏။ ထိုသူငယ်မသည် ငိုကြွေးမြည်တမ်းလျက် နေရှာ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ကာဏာ၏ အမိ ဥပါသိကာမအိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ကာဏာ၏ အမိ ဥပါသိကာမကို မြတ်စွာဘုရားသည် ''အဘယ့်ကြောင့် ဤကာဏာသည် ငိုကြွေးဘိသနည်း'' ဟု မိန့်တော်မူ၏။

ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ကာဏာ၏ အမိ ဥပါသိကာမကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင် စေလျက် တရားကို ဆောက်တည် စေကာ တရားကျင့်သုံးရန် ထက်သန်စေ၍ ရွှင်လန်းစေပြီးလျှင် နေရာမှထ၍ ဖဲခွါကြွသွားတော်မူ၏။ 230

''အမျိုးအိမ်သို့ ကပ်သော ရဟန်းကိုသာလျှင် မုန့်ကြော် မုန့်ရှက်တို့ဖြင့် လည်း ကောင်း၊ မုန့်ကြွက်ကျစ် 'မုန့်ဆုပ် နှမ်း ဆန် စသည်' တို့ဖြင့်လည်းကောင်း၊ ရှေးရှုဆောင်၍ ပင့်ဖိတ်ငြားအံ့၊ အလိုရှိသော ရဟန်းသည် နှစ်သပိတ် သုံးသပိတ် ပြည့်အောင် မုန့်တို့ကို ခံယူအပ်ကုန်၏၊ ထိုနှစ်သပိတ် သုံးသပိတ်ထက် အလွန် အကယ်၍ ခံယူငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နှစ်သပိတ်သုံးသပိတ် ပြည့်အောင် မုန့်တို့ကို ခံယူပြီး၍ ထိုခံယူရာအရပ်မှ ဆောင်ပြီးလျှင် ရဟန်းတို့နှင့်အတူ ခွဲဝေသုံးဆောင်အပ်၏၊ ဤသို့ ခွဲဝေသုံးဆောင်ခြင်းသည် ထိုနှစ်သပိတ် သုံးသပိတ် ပြည့်အောင် မုန့်ကို ခံယူရာ၌ ကျင့်ဝတ်တည်း'' ဤသို့ (ပြကြကုန်လော့ ဟု မိန့်တော်မူ၏)။ 232

၎ - ကာဏမာတုသိက္ခာပုဒ်၊ ဘောဇန၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကျွန်ုပ်အတွက် ညွှန်ကြားချက်...




ရာဂပေယျာလ

ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ...
ထူးသောဉာဏ်ဖြင့် သိရန် တရား ခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

သစ္စာလေးပါးကို သိကြောင်းဖြစ်သော...
၁... အောက်မေ့မှု သတိသမ္ဗောဇ္ဈင်...
၂... သုံးသပ် စူးစမ်းခြင်း ဓမ္မ၀ိစယသမ္ဗောဇ္ဈင်...
၃... မတွန့်ဆုတ်သော အားထုတ်ခြင်း ၀ီရိယသမ္ဗောဇ္ဈင်...
၎... တွယ်တာမှု အာမိသကင်းသော နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင်...
၅... ကိုယ် စိတ် နှစ်ပါး ငြိမ်းအေးခြင်း ပဿဒ္ဓိသမ္ဗောဇ္ဈင်...
၆... စိတ်သည် တည်ကြည်ခြင်း သမာဓိသမ္ဗောဇ္ဈင် ...
၇... လျစ်လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင် တို့ပေတည်း...။

ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရားခုနစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။ 623-1

ရာဂပေယျာလ-မှ၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ...
ထူးသောဉာဏ်ဖြင့် သိရန် တရားခုနစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

၁... မမြဲဟု မှတ်သားမှု 'အနိစ္စသညာ'၊
၂... အစိုးမရဟု မှတ်သားမှု 'အနတ္တသညာ'၊
၃... မတင့်တယ် ဟု မှတ်သားမှု 'အသုဘသညာ'၊
၎... အပြစ်ဟု မှတ်သားမှု 'အာဒီနဝသညာ'၊
၅... ပယ်အပ်၏ ဟု မှတ်သားမှု 'ပဟာနသညာ'၊
၆... စွဲမက်ခြင်း ကင်း၏ ဟု မှတ်သားမှု 'ဝိရာဂသညာ'၊
၇... ချုပ်၏ ဟု မှတ်သားမှု 'နိရောဓသညာ'တို့တည်း။

ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ဤတရားခုနစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။ 624-2

ရာဂပေယျာလ-မှ၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ...
ထူးသောဉာဏ်ဖြင့် သိရန် တရား ခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

၁... မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ'၊
၂... သေခြင်း၌ မှတ်သားမှု 'မရဏသညာ'၊
၃... စားအပ်သော အစာ၌ စက်ဆုပ်ဖွယ် ဟု မှတ်သားမှု
'အာဟာရေပဋိကူလသညာ'၊
၎... လောက အားလုံး၌ မွေ့လျော်ဖွယ်မရှိ ဟု မှတ်သားမှု
'သဗ္ဗလောကေအနဘိရတိသညာ'၊
၅... မမြဲ ဟု မှတ်သားမှု 'အနိစ္စ သညာ'၊
၆... မမြဲခြင်း၌ဆင်းရဲဟု မှတ်သားမှု 'အနိစ္စေ ဒုက္ခသညာ'၊
၇... ဆင်းရဲခြင်း၌ အစိုးမရ ဟု မှတ်သားမှု 'ဒုက္ခေအနတ္တသညာ' တို့တည်း။
ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ဤတရားခုနစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။ 625-3

ရာဂပေယျာလ-မှ၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, July 18, 2009

အကြောင်း သုံးမျိုးတို့ဖြင့်...

သီလဝန္တသုတ် - (သီလရှိသောသူ)

ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကို လည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် အကြောင်း သုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။

အဘယ် သုံးမျိုး တို့နည်း ဟူမူ-

ကိုယ်ဖြင့် ဖြစ်ပွါးစေခြင်း လည်းကောင်း၊
နှုတ်ဖြင့် ဖြစ်ပွါးစေခြင်း လည်းကောင်း၊
စိတ်ဖြင့် ဖြစ်ပွါးစေခြင်း လည်းကောင်း တို့တည်း။

ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကို လည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် ဤအကြောင်းသုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏ ဟု မိန့်တော်မူ၏။ 46

၆ - သီလဝန္တသုတ်၊ စူဠ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, July 16, 2009

ယာဂုမုန့်ချိုတို့ကို ခွင့်ပြုတော်မူခြင်း...

ယာဂုမုန့်ချိုတို့ကို ခွင့်ပြုတော်မူခြင်း...


ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူ ပြီးလျှင် များစွာသော တစ်ထောင့်နှစ်ရာ ငါးကျိပ်သော ရဟန်းသံဃာတို့နှင့်အတူ အန္ဓကဝိန္ဒရွာသို့ ဒေသစာရီ ကြွချီတော်မူ၏။ ထိုအခါ ဇနပုဒ်၌ နေသော လူတို့သည် များစွာသော ဆား ဆီ ဆန် ခဲဖွယ်တို့ကို လှည်းတို့၌ တင်စေ၍ ဘုရားအမှူးရှိသော ရဟန်းသံဃာ၏ နောက်မှ နောက်မှ ''ဆွမ်း ကျွေးသော အလှည့်ကို ရသောအခါ ဆွမ်းကို စီရင်ကုန်အံ့'' ဟု (နှလုံးပိုက်ကာ) အစဉ်တစိုက် လိုက်ကုန်၏၊

ငါးရာသော စားကြွင်းစားတို့ သည်လည်း အစဉ်တစိုက် လိုက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သည်ရှိသော် အန္ဓကဝိန္ဒရွာသို့ ရောက်တော်မူ၏။ ထိုအခါ ဆွမ်းကျွေးအလှည့်ကို မရသော ပုဏ္ဏားတစ်ယောက်အား 'ဆွမ်းကျွေး အလှည့်ကို ရသောအခါ ဆွမ်းကို ပြုစီရင်အံ့' ဟု ဘုရားအမှူးရှိသော ရဟန်းသံဃာကို အစဉ်တစိုက် လိုက်သော ငါ့အား နှစ်လလွန်ပြီ၊ ငါ့အား ဆွမ်းကျွေးအလှည့်ကို မရ၊ ငါသည်လည်း တစ်ယောက်တည်း သာ ဖြစ်၏၊ ငါ့အား ဃရာဝါသအကျိုးသည်လည်း များစွာ ဆုတ်ယုတ်၏၊ ငါသည် ဆွမ်းစားဇရပ်ကို ကြည့်ဦးအံ့၊ ဆွမ်း စားဇရပ်၌ မရှိသော ဝတ္ထုကို စီရင်ရမူ ကောင်း၏'' ဟု အကြံဖြစ်၏။

ထိုအခါ ထိုပုဏ္ဏားသည် ဆွမ်းစားဇရပ်ကို ကြည့်သည်ရှိသော် ယာဂုနှင့် ပျားသကာထည့်သော မုန့်ချို နှစ်မျိုးတို့ကို မမြင်လေ။ ထိုအခါ ထိုပုဏ္ဏားသည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင် အာနန္ဒာ ယခု အခါ၌ ဆွမ်းကျွေးအလှည့်ကို မရသော အကျွန်ုပ်အား 'ဆွမ်းကျွေးအလှည့်ကို ရသောအခါ ဆွမ်းကို ပြုစီရင်အံ့' ဟု ဘုရားအမှူးရှိသော ရဟန်းသံဃာကို အစဉ်တစိုက် လိုက်သော ငါ့အား နှစ်လလွန်ပြီ၊ ငါ့အား ဆွမ်းကျွေးအလှည့်ကို မရ၊ ငါသည်လည်း တစ်ယောက်တည်းသာ ဖြစ်၏၊ ငါ့အား ဃရာဝါသအကျိုးသည်လည်း များစွာ ဆုတ်ယုတ်၏၊ ငါသည် ဆွမ်းစားဇရပ်ကို ကြည့်ဦးအံ့၊ ဆွမ်းစား ဇရပ်၌ မရှိသော ဝတ္ထုကို စီရင်ရမူ ကောင်း၏ ဟု အကြံဖြစ်ပါသည်။

အသျှင်အာနန္ဒာ ထိုအကျွန်ုပ်သည် ဆွမ်းစားဇရပ်ကို ကြည့်သည်ရှိသော် ယာဂုနှင့် ပျားသကာ ထည့်သော မုန့်ချိုနှစ်မျိုးတို့ကို မမြင်ပါ၊ အသျှင်အာနန္ဒာ အကယ်၍ အကျွန်ုပ်သည် ယာဂုနှင့် ပျားသကာ ထည့်သော မုန့်ချိုကို စီရင်ငြားအံ့၊ အသျှင် ဂေါတမသည် အကျွန်ုပ်၏ ယာဂုနှင့် ပျားသကာထည့်သော မုန့်ချိုကို ခံယူတော် မူပါအံ့လော'' ဟု လျှောက်၏။

''ပုဏ္ဏား သို့ဖြစ်လျှင် မြတ်စွာဘုရားကို မေးလျှောက်ဦးအံ့'' ဟု (ပြောဆို၏)။ ထိုအခါ အသျှင် အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ အာနန္ဒာ သို့ဖြစ်လျှင် စီရင်စေလော့ဟု (မိန့်တော်မူ၏)။ ပုဏ္ဏားသည် ထိုညဥ့်လွန်သောအခါ များစွာသော ယာဂုနှင့် ပျားသကာ ထည့်သော မုန့်ချိုကို စီရင်စေပြီးလျှင်...

မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည် အကျွန်ုပ်၏ ယာဂုနှင့် ပျားသကာ ထည့်သော မုန့်ချိုကို လက်ခံတော်မူပါ'' ဟု ဆက်ကပ်လေ၏။ ပုဏ္ဏား သို့ဖြစ်လျှင် ရဟန်း တို့အား လှူလော့ ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် (မအပ်ဟု) တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည် ဖြစ်၍ မခံကုန်၊ ရဟန်းတို့ ခံယူကုန်လော့ သုံးဆောင်ကုန် လော့ ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုပုဏ္ဏားသည် ဘုရားအမှူးရှိသော ရဟန်းအပေါင်းကို များစွာသော ယာဂုဖြင့် လည်းကောင်း၊ ပျားသကာထည့်သော မုန့်ချိုဖြင့်လည်းကောင်း ရောင့်ရဲ သည်တိုင်အောင် တားမြစ်သည် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၍ မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုပုဏ္ဏားကို မြတ်စွာဘုရားသည်-


ပုဏ္ဏား ယာဂု၏ အကျိုးတို့သည် ဤဆယ်ပါးတို့တည်း


ယာဂု လှူကျိုး ၁ဝ-ပါး ယာဂုကို လှူသောသူသည်

၁... အသက်ကို လှူသည် မည်၏။
၂... အဆင်းကို လှူသည် မည်၏။
၃... ချမ်းသာကို လှူသည် မည်၏။
၎... ခွန်အားကို လှူသည် မည်၏။
၅... ပညာကို လှူသည် မည်၏။
၆... သောက်အပ်သော ယာဂုသည် ဆာလောင်ခြင်းကို ပယ်ဖျောက်၏။
၇... မွတ်သိပ်ခြင်းကို ပယ်ဖျောက်၏။
၈... လေကို စုန်ဆင်းစေတတ်၏။
၉... ဆီးအိမ်ကို စင်ကြယ်စေတတ်၏။
၁ဝ... အစာသစ် အကြွင်းကို ကြေကျက်စေတတ်၏။

ပုဏ္ဏား ယာဂု၏ အကျိုးတို့သည် ဤဆယ်ပါးတို့တည်း ဟု မိန့်တော်မူ၏။

ပုဏ္ဏား အကြင်သူသည် ကိုယ် နှုတ် နှလုံးကို စောင့်စည်း၍ သူတစ်ပါး ပေးလှူသော ပစ္စည်းကို ဘုဉ်းပေးသော ရဟန်းတို့အား လျောက်ပတ်သော အခါ၌ ရိုသေစွာ ယာဂုကို ပေးလှူ၏။ (ထိုသူသည်) ထိုအလှူခံပုဂ္ဂိုလ်အား ဆယ်ပါးသော အရာတို့ကို ပေးလှူသည် မည်၏။ ထိုယာဂုကို ဘုဉ်းပေးသော ပုဂ္ဂိုလ်၏ အသက် အဆင်း ချမ်းသာ ခွန်အား ပညာတို့သည် ဖြစ်ကုန်၏၊ ထို့ပြင် ဆာလောင်ခြင်း မွတ်သိပ်ခြင်း လေနာတို့ကိုလည်း ပယ်ဖျောက်တတ်၏၊ ဆီးအိမ်ကိုလည်း စင်ကြယ်စေတတ်၏၊ အစာသစ်ကိုလည်း ကြေကျက်စေတတ်၏၊

ဤယာဂုတည်းဟူသော ဆေးကို မြတ်စွာဘုရားသည် ချီးမွမ်းတော်မူ၏။

ထို့ကြောင့် အခါခပ်သိမ်း လူ၌ဖြစ်သော ချမ်းသာကို အလိုရှိသော သူသည် လည်းကောင်း၊ နတ်၌ဖြစ်သော ချမ်းသာတို့ကို တောင့်တသော သူသည် လည်းကောင်း လူတို့၏ ဂုဏ်အသရေကို အလိုရှိသော သူသည်လည်းကောင်း ယာဂုကို လှူခြင်းငှါ သင့်လျော်သည် သာလျှင်တည်း ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ထိုပုဏ္ဏားကို ဤဂါထာတို့ဖြင့် အနုမောဒနာပြုပြီးလျှင် နေရာမှ ထ၍ ဖဲကြွတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ယာဂုနှင့် ပျားသကာထည့်သော မုန့်ချိုတို့ကို ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။ 282

၁၇ဝ - ယာဂုမုန့်ချိုတို့ကို ခွင့်ပြုတော်မူခြင်း၊ ဘေသဇ္ဇက္ခန္ဓက၊ မဟာဝဂ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မြတ်သော ကြီးပွါးခြင်းဖြင့် ကြီးပွါး၏...

ဝဍ္ဎိသုတ် - (ကြီးပွားခြင်း၊ အကြွေးချခြင်း)

ရဟန်းတို့
ကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါးသော အရိယာတပည့်သည်

မြတ်သော ကြီးပွါးခြင်းဖြင့် ကြီးပွါး၏၊
ကိုယ်၏ အနှစ်ကိုလည်း ယူတတ်၏၊
အမြတ်ကိုလည်း ယူတတ်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

သဒ္ဓါဖြင့် ကြီးပွါး၏...
သီလဖြင့် ကြီးပွါး၏...
သုတဖြင့် ကြီးပွါး၏...
စာဂဖြင့် ကြီးပွါး၏...
ပညာဖြင့် ကြီးပွါး၏...။

ရဟန်းတို့ ဤကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါးသော အရိယာတပည့်သည် မြတ် သော ကြီးပွါးခြင်းဖြင့် ကြီးပွါး၏၊ ကိုယ်၏ အနှစ်ကိုလည်း ယူတတ်၏၊ အမြတ်ကို လည်း ယူတတ်၏ ဟု (မိန့်တော်မူ၏)။

သဒ္ဓါဖြင့် လည်းကောင်း၊ သီလဖြင့် လည်းကောင်း၊ ပညာဖြင့် လည်းကောင်း၊ စာဂ, သုတနှစ်ပါးတို့ဖြင့် လည်းကောင်း ကြီးပွါးခြင်း သဘောရှိသော အဆင်ခြင် ပညာနှင့် ပြည့်စုံသော ထိုသူတော်ကောင်းသည် ဤဘဝ၌ပင် မိမိ၏ (သီလ သမာဓိ စသော) အနှစ်ကို ယူလေသတည်း။ 63

၃ - ပဌမ ဝဍ္ဎိသုတ်၊ သညာဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တောင့်တ၍ မရသော...

ဌာနသုတ်

ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
အိုတတ်သော သဘောတရားသည် ''မအိုပါစေလင့်'' ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

၂...
နာတတ်သော သဘောတရားသည် ''မနာဖျားစေလင့်'' ဟူ၍။ပ။

၃...
သေတတ်သော သဘောတရားသည် ''မသေပါစေလင့်'' ဟူ၍။ပ။

၎...
ကုန်တတ်သော သဘောတရားသည် ''မကုန်ဆုံးပါစေလင့်'' ဟူ၍။ပ။

၅...
ပျက်စီးတတ်သော သဘောတရားသည် ''မပျက်စီးပါစေလင့်'' ဟူ၍ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

အကြားအမြင် မရှိသော ပုထုဇဉ်သည်...


၁...
ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်အား အိုတတ်သော သဘော တရားသည် အိုခဲ့၏၊ အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုပုထုဇဉ် သည် ဤသို့ မဆင်ခြင်နိုင် -

''အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့)လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင် တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့ လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (မဆင်ခြင်နိုင်)။

အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ ရဟန်းတို့ အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည်ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူ ဟူ၍ ဆိုအပ်၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား အကြားမြင် မရှိသော ပုထုဇဉ်အား နာတတ်သော သဘောတရားသည် နာခဲ့၏။ပ။

၃...
သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။

၎...
ကုန်တတ်သော သဘောတရားသည် ကုန်ခဲ့၏။ပ။

၅...
ပျက်တတ်သော သဘောတရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘောတရား သည် ပျက်သည် ရှိသော် ထိုပုထုဇဉ်သည် ဤသို့ မဆင်ခြင်နိုင် -

''ပျက်တတ်သော သဘောတရားသည် ငါ့တစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့အား ပျက်တတ် သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရားသည် ပျက်စီးသည် ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ် စည်တီး မြည်တမ်းခဲ့မူ တွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်း ကုန်ရာ၏'' ဟူ၍ (မဆင်ခြင်နိုင်)။

ပျက်တတ်သော သဘောတရား ပျက်သည် ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ ရဟန်းတို့ အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည် ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူ ဟူ၍ ဆိုအပ်၏။


အရိယာတပည့်သည်...


၁...
ရဟန်းတို့ အကြားအမြင် ရှိသော အရိယာတပည့်အား အိုတတ်သော သဘောတရားသည် အိုခဲ့မူ အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်၏ -

''အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သော သဘောတရားသည် အိုသည် ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင် တို့လည်း မဖြစ်နိုင်ကုန်ရာ၊ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (ဆင်ခြင်၏)။

အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။ ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောက ငြောင့်ကို ထုတ်နုတ်သူ ဟူ၍ ဆိုအပ်၏။ ယင်းငြောင့်စူးဝင်သော အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကိုပင်လျှင် ငြိမ်းအေးစေ၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား အကြားအမြင်ရှိသော အရိယာတပည့်အား နာတတ်သော သဘော တရားသည် နာခဲ့၏။ပ။

၃...
သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။

၎...
ကုန်တတ်သော သဘောတရားသည် ကုန်ခဲ့၏။ပ။

၅...
ပျက်တတ်သော သဘောတရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘော တရားသည် ပျက်သည်ရှိသော် ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်နိုင်၏ -

''ပျက်တတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား ပျက်တတ်သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင် တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေ တို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (ဆင်ခြင်၏)။

ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။ ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သောသူ ဟူ၍ ဆိုအပ်၏။ ယင်းသောကငြောင့် စူးဝင်သော အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကို ပင်လျှင် ငြိမ်းအေးစေ၏။

ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

ဤလောက၌ ပူဆွေးခြင်း ငိုကြွေးခြင်းဖြင့် အကျိုး အနည်းငယ်မျှကိုလည်း စင်စစ် မရနိုင်၊ ပူဆွေးဆင်းရဲသော ထိုသူကို ရန်သူတို့ သိ၍ ဝမ်းမြောက်ကုန်၏။ အကြင်အခါ၌ကား အကြောင်းကို ဆုံးဖြတ်ခြင်း၌ သိသော ပညာရှိသည် ဘေးရန်တို့ကြောင့် မတုန်မလှုပ်၊ (ထိုအခါ၌) ရန်သူတို့သည် ထိုပညာရှိ ပုဂ္ဂိုလ်၏ ရှေးမူအတိုင်း မဖောက်ပြန်သော မျက်နှာကို တွေ့မြင်ရ၍ ဆင်းရဲကုန်၏။ ဂုဏ်ကျေးဇူးကို ချီးမွမ်းသဖြင့် ဖြစ်စေ တန်ခိုးရှိသော မန္တာန်ကို ရွတ်အံ သရဇ္ဈာယ်သဖြင့် ဖြစ်စေ ကောင်းမွန်သော စကားကို ပြောဆို၍ ဖြစ်စေ တံစိုး လက်ဆောင်ပေးသဖြင့် ဖြစ်စေ မျိုးရိုးစဉ်ဆက်ကို ပြသဖြင့် ဖြစ်စေ အကျိုးရနိုင် သမျှအရာ၌ အားထုတ်ရာ၏။ ငါသော် လည်းကောင်း၊ အခြားသူသော် လည်းကောင်း (မအိုခြင်းစသော) ထိုအကျိုးကို မရအပ်ဟူ၍ အကယ်၍ သိခဲ့မူ ငါသည် ဝဋ်၌ တည်နေစေသော ကံကို မြဲမြံစွာ အားထုတ်အပ်ပြီ၊ ယခုအခါ၌ အဘယ်သို့လျှင် ပြုတော့အံ့နည်း ဟု ဆင်ခြင်၍ ပူဆွေးခြင်း မရှိဘဲ သည်းခံရာ သတည်း။ 48

၈ - ဌာနသုတ်၊ မုဏ္ဍရာဇဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, July 15, 2009

နှင်ထုတ်သော်လည်း မှီဝဲအပ်၏...

ဒုတိယ မိတ္တသုတ်

ရဟန်းတို့...
တရား ခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်း ရဟန်းကို
မောင်းမဲ နှင်ထုတ်အပ်သော်လည်း မှီဝဲအပ်၏၊
ဆည်းကပ်အပ်၏၊ ခစားအပ်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

၁... ချစ်လည်း ချစ်ထိုက် မြတ်နိုးလည်း မြတ်နိုးထိုက်၏၊
၂... အလေးအမြတ်လည်း ပြုထိုက်၏၊
၃... နှလုံးကိုလည်း ပွါးစေတတ်၏။
၎... သူတစ်ပါးတို့ကို ဆုံးမတတ်၏၊
၅... သူတစ်ပါးတို့ ဆိုဆုံးမသည်ကို ခံနိုင်၏၊
၆... နက်နဲသောတရားစကားကို ပြောဆိုတတ်၏၊
၇... အရာဌာန မဟုတ်သည်၌ မယှဉ်စေတတ် (မတိုက်တွန်းတတ်)။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်း ရဟန်းကို မောင်းမဲနှင်ထုတ် အပ်သော်လည်း မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ခစားအပ်၏ ဟု (မိန့်တော်မူ၏)။

အကြင်ရဟန်းသည် ချစ်ထိုက်၏၊ အလေးပြုထိုက်၏၊ နှလုံးကို ပွါးစေတတ်၏၊ (သူတစ်ပါး တို့ကို) ဆိုဆုံးမတတ်၏၊ ဆိုဆုံးမခြင်းကို ခံနိုင်၏၊ နက်နဲသော တရား စကားကို ပြောဟောတတ်၏၊ မလျောက်ပတ်သော အရာ၌ မယှဉ်စေတတ်။ အကြင်ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိသော အကျိုး စီးပွါးကို အလိုရှိသော အစဉ် သနားတတ်သော အဆွေ ခင်ပွန်းကောင်း ဖြစ်သော ထိုရဟန်းကို မောင်းမဲ နှင်ထုတ်အပ်သော်လည်း အဆွေခင်ပွန်းကောင်း ကို အလိုရှိသူသည် မှီဝဲ ဆည်းကပ် အပ်၏။ 37

၆ - ဒုတိယ မိတ္တသုတ်၊ ဒေ၀တာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။