နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, July 19, 2009

ကာဏာ အမည် ရှိသော သူငယ်မ...




ကာဏမာတုသိက္ခာပုဒ်


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ကာဏာ၏ အမိ ဥပါသိကာမသည် သဒ္ဓါတရားရှိ၏၊ ကြည်ညိုတတ်၏၊ ကာဏာ 'အမည် ရှိသော သူငယ်မ' ကို ရွာငယ်တစ်ခု၌ ယောက်ျား တစ်ယောက်အား ထိမ်းမြား ပေးစား၏။ ထိုအခါ ကာဏာသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် မိခင်၏ နေအိမ်သို့ သွား၏။ ထိုအခါ ကာဏာ၏ လင်ယောက်ျားသည် ကာဏာ၏ ထံသို့ ''ကာဏာ ပြန်လာခဲ့ပါလော့၊ ကာဏာ၏ ပြန်လာခြင်းကို အလိုရှိပါ၏'' ဟု တမန်ကို စေလွှတ်၏။


ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် ''လက်ချည်း သွားခြင်းသည် အသရေပျက် ရှက်ဖွယ်ကဲ့သို့ ဖြစ်၏'' ဟု မုန့်ကို ကြော်၏။ မုန့်ကျက်လတ်သော် ဆွမ်းခံသော ရဟန်းတစ်ပါး သည် ကာဏာ၏အမိ ဥပါသိကာမ၏ နေအိမ်သို့ ဝင်၏။ ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် ထိုရဟန်းအား မုန့်ကို လှူစေ၏၊ ထိုရဟန်းသည် ထွက်သွားပြီးလျှင် ရဟန်းတစ်ပါးအား ပြောကြား၏၊


ထိုရဟန်းအားလည်း မုန့်ကို ပေးလှူစေ၏၊ ထို နှစ်ကြိမ်မြောက်လာသော ရဟန်း သည် ထွက်သွား၍ ရဟန်းတစ်ပါးအား ပြောကြား၏၊ သုံးကြိမ်မြောက်လာသော ထိုရဟန်းအားလည်း မုန့်ကို ပေးလှူစေ၏၊ စီရင်တိုင်းသော မုန့်သည် ကုန်လေ၏။


နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကာဏာ၏ လင်ယောက်ျားသည် ကာဏာ၏ အထံသို့ ''ကာဏာ ပြန်လာခဲ့ပါလော့၊ ကာဏာ၏ ပြန်လာခြင်းကို အလိုရှိပါ၏၊ အကယ်၍ ကာဏာပြန် မလာခဲ့သော် အခြားသော မယားကို ယူတော့အံ့'' ဟု တမန်ကို စေလွှတ်၏။ သုံးကြိမ်မြောက်လည်း။ပ။ စီရင်တိုင်းသော မုန့်သည် ကုန်လေ၏။ ထိုအခါ ကာဏာ၏ လင်ယောက်ျားသည် အခြားမယားကို ယူလေ၏။ ''ထိုယောက်ျားသည် အခြား မယားကို ယူသတတ်'' ဟု ကာဏာသည် ကြား၏။ ထိုသူငယ်မသည် ငိုကြွေးမြည်တမ်းလျက် နေရှာ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ကာဏာ၏ အမိ ဥပါသိကာမအိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ကာဏာ၏ အမိ ဥပါသိကာမကို မြတ်စွာဘုရားသည် ''အဘယ့်ကြောင့် ဤကာဏာသည် ငိုကြွေးဘိသနည်း'' ဟု မိန့်တော်မူ၏။

ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ကာဏာ၏ အမိ ဥပါသိကာမကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင် စေလျက် တရားကို ဆောက်တည် စေကာ တရားကျင့်သုံးရန် ထက်သန်စေ၍ ရွှင်လန်းစေပြီးလျှင် နေရာမှထ၍ ဖဲခွါကြွသွားတော်မူ၏။ 230

''အမျိုးအိမ်သို့ ကပ်သော ရဟန်းကိုသာလျှင် မုန့်ကြော် မုန့်ရှက်တို့ဖြင့် လည်း ကောင်း၊ မုန့်ကြွက်ကျစ် 'မုန့်ဆုပ် နှမ်း ဆန် စသည်' တို့ဖြင့်လည်းကောင်း၊ ရှေးရှုဆောင်၍ ပင့်ဖိတ်ငြားအံ့၊ အလိုရှိသော ရဟန်းသည် နှစ်သပိတ် သုံးသပိတ် ပြည့်အောင် မုန့်တို့ကို ခံယူအပ်ကုန်၏၊ ထိုနှစ်သပိတ် သုံးသပိတ်ထက် အလွန် အကယ်၍ ခံယူငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နှစ်သပိတ်သုံးသပိတ် ပြည့်အောင် မုန့်တို့ကို ခံယူပြီး၍ ထိုခံယူရာအရပ်မှ ဆောင်ပြီးလျှင် ရဟန်းတို့နှင့်အတူ ခွဲဝေသုံးဆောင်အပ်၏၊ ဤသို့ ခွဲဝေသုံးဆောင်ခြင်းသည် ထိုနှစ်သပိတ် သုံးသပိတ် ပြည့်အောင် မုန့်ကို ခံယူရာ၌ ကျင့်ဝတ်တည်း'' ဤသို့ (ပြကြကုန်လော့ ဟု မိန့်တော်မူ၏)။ 232

၎ - ကာဏမာတုသိက္ခာပုဒ်၊ ဘောဇန၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: