နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Showing posts with label သံယုတ်ပါဠိတော်. Show all posts
Showing posts with label သံယုတ်ပါဠိတော်. Show all posts

Saturday, August 6, 2011

ဆိတ်ငြိမ်ရာကို မညွတ်နိုင်သူများကတော့...



''အိုယောက်ျား လာလော့၊ ဤသင်္ကန်းတို့သည် သင့်အား ပူလောင်သည် မဟုတ်ပါလော၊ အဘယ်ကြောင့် ဦးပြည်းကတုံးဖြင့် ခွက်စွဲကာ လှည့်လည်နေဘိ သနည်း၊ လာလော့ လူအဖြစ်သို့ ပြန်လည် ပြီး၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကုသိုလ်ကောင်းမှုတို့ကိုလည်း ပြုလော့'' ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်စေကာမူ ရဟန်းတို့ စင်စစ် ဤသို့ သွားသော ဤသို့ နေသော ထိုရဟန်းသည် အကျင့်သိက္ခာကို စွန့်ခွါပြီးလျှင် လူအဖြစ်သို့ ပြန်လည်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

ထိုသို့ မရှိခြင်းသည် အဘယ်ကြောင့်နည်း

ရဟန်းတို့ ကြာမြင့်စွာ ဆိတ်ငြိမ်ရာသို့ ညွတ်ပြီးသော ဆိတ်ငြိမ်ရာသို့ ကိုင်းပြီးသော ဆိတ်ငြိမ်ရာသို့ ရှိုင်းပြီးသော စိတ်မျိုးသည် လူအဖြစ်သို့ ပြန်လည်လိမ့်မည်ဟူသော ဤအကြောင်းမျိုး မရှိနိုင်သောကြောင့်တည်း။

...ဆိတ်ငြိမ်ရာကို မညွတ်နိုင်သူများကတော့...

၇ - ဒုက္ခဓမ္မသုတ် -မှ- အာသီဝိသ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, June 24, 2011

ကောင်းတာနည်းပါး မကောင်းတာတွေများ...




အာမကဓညပေယျာလဝဂ်မှ...

ကောင်းတာနည်းပါး မကောင်းတာတွေများ...

မြတ်စွာဘုရားသည် လက်သည်းဖျားပေါ်၌ မြေမှုန့် အနည်းငယ်ကို တင်ထား၍ ''ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျားပေါ်၌ ငါ တင်ထားသော မြေမှုန့် အနည်းငယ်နှင့် ဤ ကမ္ဘာ မြေကြီးသည် အဘယ်အရာက ပို၍ များသနည်း'' ဟု ရဟန်းတို့ကို မိန့်တော်မူ၏။

အသျှင်ဘုရား ဤ ကမ္ဘာ မြေကြီးကသာ ပို၍ များကုန်၏၊ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်ကား အနည်းငယ်မျှသာတည်း၊ ကမ္ဘာ မြေကြီးကို ထောက်ဆ၍ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့် အနည်းငယ်သည် မရေတွက်လောက်၊ မနှိုင်းယှဉ်လောက်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤအတူပင် မဇ္ဈိမတိုင်း ဇနပုဒ်တို့၌ ဖြစ်ကြသော သတ္တဝါတို့သည် အနည်းငယ်မျှသာတည်း၊ စင်စစ်အားဖြင့် တိုင်းစွန် ပစ္စန္တရိက် ဇနပုဒ်တို့ဝယ် မသိတတ်သော လူရိုင်းမျိုးတို့၌ ဖြစ်ကြသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ 1132 ပစ္စန္တသုတ်

ရဟန်းတို့ ဤအတူပင် မြတ်သော ပညာမျက်စိနှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် (အဝိဇ္ဇာ) ဖြစ်သော ပြင်းစွာ တွေဝေသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1122 ပညာသုတ်

ရဟန်းတို့ ဤအတူပင် မေ့လျော့ကြောင်းဖြစ်သော မူးယစ်စေတတ်သော သေရည်သေရက်မှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မေ့လျော့ကြောင်းဖြစ်သော မူးယစ် စေတတ်သော သေရည်သေရက်မှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1134 သုရာမေရယသုတ်

ရဟန်းတို့ ဤအတူပင် ကုန်း၌ ဖြစ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ရေ၌ ဖြစ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1135 သြဒကသုတ်

ရဟန်းတို့ ဤအတူပင် အမိ၌ ဝတ်တရားကို ကောင်းစွာ ပြုကျင့် ဆောင်ရွက်သော သတ္တဝါတို့သည် နည်းပါး ကုန်၏၊ စင်စစ်အားဖြင့် အမိ၌ ဝတ်တရားကို ကောင်းစွာ မကျင့် မဆောင်ရွက် ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1136 မတ္တေယျသုတ်

ရဟန်းတို့ ဤအတူပင် အဖ၌ ဝတ်တရားကို ကောင်းစွာ ပြုကျင့် ဆောင်ရွက်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် အဖ၌ ဝတ်တရားကို ကောင်းစွာ မကျင့်မဆောင်ရွက်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1137 ပေတ္တေယျသုတ်

ရဟန်းတို့ ဤအတူပင် ရဟန်း၌ ဝတ်တရားကို ကောင်းစွာ ပြုကျင့်ဆောင်ရွက်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ရဟန်း၌ ဝတ်တရားကို ကောင်းစွာ မကျင့်မဆောင်ရွက်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1138 သာမညသုတ်

ရဟန်းတို့ ဤအတူပင် သူတော်သူမြတ် ဗြာဟ္မဏ တို့အပေါ်၌ ဝတ်တရားကို ကောင်းစွာ ပြုကျင့်ဆောင်ရွက်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် သူတော်သူမြတ် ဗြာဟ္မဏ တို့အပေါ်၌ ဝတ်တရားကို ကောင်းစွာ မကျင့်မဆောင်ရွက်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1139 ဗြဟ္မညသုတ်

ရဟန်းတို့ ဤအတူပင် ကြီးသော ပုဂ္ဂိုလ်တို့ကို ရိုသေသော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကြီးသော ပုဂ္ဂိုလ်တို့ကို မရိုသေသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ 1140 ပစာယိကသုတ်

ရဟန်းတို့ ဤအတူပင် အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် အသက်သတ်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1141 ပါဏာတိပါတသုတ်

ရဟန်းတို့ ဤအတူပင် မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မပေးသည်ကို ယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1142 အဒိန္နာဒါနသုတ်

ရဟန်းတို့ ဤအတူပင် ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့ သည်သာ ပို၍ များကုန်၏။ပ။ 1143 ကာမေသုမိစ္ဆာစာရသုတ်

ရဟန်းတို့ ဤအတူပင် မမှန်ပြောခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မမှန်ပြောခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1144 မုသာဝါဒသုတ်

ရဟန်းတို့ ဤအတူပင် ကုန်းစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကုန်းစကား ပြောဆိုခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1145 ပေသုညသုတ်

ရဟန်းတို့ ဤအတူပင် ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1146 ဖရုသဝါစာသုတ်

ရဟန်းတို့ ဤအတူပင် ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1147 သမ္ဖပ္ပလာပသုတ်

ရဟန်းတို့ ဤအတူပင် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1148 ဗီဇဂါမသုတ်

ရဟန်းတို့ ဤအတူပင် ညစာစားခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ညစာစားခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1149 ဝိကာလဘောဇနသုတ်

ရဟန်းတို့ ဤအတူပင် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်း လိမ်းခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်း လိမ်းခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ 1150 ဂန္ဓဝိလေပနသုတ်

ရဟန်းတို့ ဤအတူပင် ကခြင်း သီခြင်း တီးမှုတ်ခြင်း သူတော်ကောင်းတရား၏ ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကခြင်းသီခြင်း တီးမှုတ်ခြင်း သူတော်ကောင်းတရား၏ ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1151 နစ္စဂီတသုတ်

ရဟန်းတို့ ဤအတူပင် မြင့်သော နေရာ မြတ်သော နေရာမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မြင့်သော နေရာ မြတ်သော နေရာမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1152 ဥစ္စာသယနသုတ်

ရဟန်းတို့ ဤအတူပင် ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ရွှေငွေကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1153 ဇာတရူပရဇတသုတ်

ရဟန်းတို့ ဤအတူပင် ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကောက်စိမ်းကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1154 အာမကဓညသုတ်

ရဟန်းတို့ ဤအတူပင် အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် အသားစိမ်းကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1155 အာမကမံသသုတ်

ရဟန်းတို့ ဤအတူပင် မိန်းမအို မိန်းမပျိုတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် မိန်းမအို မိန်းမပျိုတို့ကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1156 ကုမာရိကသုတ်

ရဟန်းတို့ ဤအတူပင် ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1157 ဒါသိဒါသသုတ်

ရဟန်းတို့ ဤအတူပင် ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ဆိတ်နှင့် သိုးကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍များကုန်၏။ပ။ 1158 အဇေဠကသုတ်

ရဟန်းတို့ ဤအတူပင် ကြက်ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကြက်ဝက်ကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏ ။ပ။ 1159 ကုက္ကုဋ သူကရသုတ်

ရဟန်းတို့ ဤအတူပင် ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1160 ဟတ္ထိ ဂဝဿသုတ်

ရဟန်းတို့ ဤအတူပင် လယ်နှင့် ယာကို ခံယူခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လယ်နှင့် ယာကို ခံယူခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1161 ခေတ္တ ဝတ္ထုသုတ်

ရဟန်းတို့ ဤအတူပင် ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ဝယ်မှု ရောင်းမှုမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1162 ကယ ဝိက္ကယသုတ်

ရဟန်းတို့ ဤအတူပင် တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1163 ဒူတေယျသုတ်

ရဟန်းတို့ ဤအတူပင် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ် တိုင်းတာ စဉ်းလဲခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1164 တုလာ ကူဋသုတ်

ရဟန်းတို့ ဤအတူပင် တံစိုးယူခြင်း လှည့်ဖြားခြင်း အတုယူ၍ လိမ်ခြင်းတည်း ဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် တံစိုးယူခြင်း လှည့်ဖြားခြင်း အတုယူ၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1165 ဥက္ကောဋနသုတ်

ရဟန်းတို့ ဤအတူပင် လက်ခြေစသည်ကို ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း ခရီးသွားတို့ကို လုယက်ခြင်း ရွာနိဂုံးတို့ကို ဖျက်ဆီးခြင်း ဒမြတိုက်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း ခရီးသွားတို့ကို လုယက်ခြင်း ရွာနိဂုံးတို့ကို ဖျက်ဆီးခြင်း ဒမြတိုက်ခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ 1166 ဆေဒနာဒိသုတ်

ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ၌ ပြန်ဖြစ်ကြသော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကြသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1172 မနုဿစုတိ နိရယသုတ်

ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ၌ ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ တိရစ္ဆာန်မျိုး၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1173 မနုဿစုတိ တိရစ္ဆာနသုတ်

ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ၌ ပြန်ဖြစ်ကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1174 မနုဿစုတိ ပေတ္တိဝိသယသုတ်

ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1175-1177 မနုဿစုတိ ဒေဝနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် နတ်ဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့ သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် နတ်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1178-1180 ဒေဝစုတိ နိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် နတ်ဘဝမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် နတ်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1181-1183 ဒေဝမနုဿနိရယသုတ်

ရဟန်းတို့ ဤအတူပင် ငရဲမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ငရဲမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1184-1186 နိရယမနုဿနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် ငရဲမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ငရဲမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1187-1189 နိရယဒေဝနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် တိရစ္ဆာန်ဘဝမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် တိရစ္ဆာန်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1190-1192 တိရစ္ဆာနမနုဿနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် တိရစ္ဆာန်ဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် တိရစ္ဆာန်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1193-1195 တိရစ္ဆာနဒေဝနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ 1196-1198 ပေတ္တိမနုဿနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာပို၍ များကုန်၏။ ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့ သည်သာ ပို၍ များကုန်၏။ပ။ 1199-1120 ပေတ္တိဒေဝနိရယာဒိသုတ်

ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်းဟူမူ- ရဟန်းတို့ အရိယသစ္စာတရားလေးပါးတို့ကို မမြင်ခြင်းကြောင့်တည်း။

အဘယ်လေးပါးတို့နည်း -
၁... ဆင်းရဲဟူသော အရိယာတို့၏ အမှန်တရား၊
၂... ဆင်းရဲဖြစ်ပေါ်ကြောင်းဟူသော အရိယာတို့၏ အမှန်တရား၊
၃... ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟူသော အရိယာတို့၏
၎... အမှန်တရား၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဟူသော အရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''ဤကား ဆင်းရဲတည်း'' ဟု သိရန် အားထုတ်ရမည်၊ ''ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း'' ဟု သိရန် အားထုတ်ရမည်၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်တည်း'' ဟု သိရန် အားထုတ်ရမည်၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု သိရန် အားထုတ်ရမည်။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊

ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေ ကုန်သတည်း။ 1201 ပေတ္တိဒေဝပေတ္တိဝိသယသုတ်



အာမကဓညပေယျာလဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။ pdf...





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, June 21, 2011

ရဟန္တာမဖြစ်သေးတာ ဒါ့ကြောင့်...






ဒုက္ကရပဥှာသုတ်

ငါ့သျှင် သာရိပုတြာ ဤသာသနာတော်၌ ပြုနိုင်ခဲသော အရာသည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဤသာသနာတော်၌ ပြုနိုင်ခဲသော အရာကား ရှင်ရဟန်း အဖြစ်တည်းဟု မိန့်ဆို၏။

ငါသည် ကံကောင်းလေစွ... ဒီဘဝမှာ ပြုနိုင်ခဲလှဆိုသော ရှင်ရဟန်းအဖြစ်ကို ရခဲ့လေပြီတကား... ကောင်းလေစွ...

ငါ့သျှင် ရဟန်းဖြစ်ပြီး သူသည် အဘယ်ကို ပြုနိုင်ခဲသနည်းဟု မေး၏။ ငါ့သျှင် ရဟန်းဖြစ်ပြီးသူသည် မွေ့လျော်ခြင်းကို ပြုနိုင်ခဲ၏ဟု မိန့်ဆို၏။

ငါသည် ရှင်ရဟန်းဖြစ်ပြီးနောက်... ပြုနိုင်ခဲသော ရဟန်းဘ၀မှာ မွေ့လျော်မှုကိုလည်း ယခုချိန်ခါထိ ပြုနေနိုင်သေး၍ ၀မ်းမြောက်မိပေသည်...

ငါ့သျှင် သာရိပုတြာ ရဟန်းအဖြစ်၌ မွေ့လျော်သော သူသည် အဘယ်ကို ပြုနိုင်ခဲသနည်းဟု မေး၏။ ငါ့သျှင် ရဟန်း အဖြစ်၌ မွေ့လျော်သော သူသည် တရားအားလျော်သော အကျင့်ကို ကျင့်ခြင်းငှါ ပြုနိုင်ခဲ၏ဟု မိန့်ဆို၏။

"ရဟန်း အဖြစ်၌ မွေ့လျော်သော သူသည် တရားအားလျော်သော အကျင့်ကို ကျင့်ခြင်းငှါ ပြုနိုင်ခဲ၏တဲ့..." ငါသည်ကော တရားအားလျော်သော အကျင့်မြတ်ကို ဘယ်လောက်ထိပဲ ကျင့်နိုင်သေးသလဲ...?

ငါ့သျှင် အဘယ်မျှကြာလျှင် တရားအားလျော်သော အကျင့်ကို ကျင့်သော ရဟန်းသည် ရဟန္တာဖြစ်ရာသနည်းဟု မေး၏။ ငါ့သျှင် မကြာမီ ရဟန္တာဖြစ်ရာ၏ဟု မိန့်ဆို၏။ 329

"တရားအားလျော်သောအကျင့်ကို ကျင့်ရင် မကြာမီ ရဟန္တာဖြစ်မယ်တဲ့..." ငါ ဒီနေ့ထိ ရဟန္တာမဖြစ်သေးဘူး... ဒါဆိုရင်တော့... တရားအားလျော်သော အကျင့်ကို ကောင်းကောင်းမွန်မွန် ပြည့်စုံအောင် မကျင့်သေးတာ သေချာသွားပြီပဲ... ကြိုးစားရပေဦးမည်...


ဦးလောကနာထ


၁၆ - ဒုက္ကရပဥှာသုတ်၊ ဇမ္ဗုခါဒကသံယုတ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။ pdf





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, March 15, 2011

နဇီရတိ မဆွေးမြေ့



အဘယ်အရာသည် ဆွေးမြေ့ပါသနည်း...

အဘယ်အရာသည် မဆွေးမြေ့ပါသနည်း...

အဘယ်အရာကို လမ်းမှားဟု ဆိုအပ်ပါသနည်း...

အဘယ်အရာသည် တရားတို့၏ ဘေးရန် မည်ပါသနည်း...

အဘယ်အရာသည် ညဥ့်နေ့တို့၌ ကုန်ပါသနည်း...

အဘယ်အရာသည် မြတ်သော အကျင့်၏ အညစ်အကြေးပါနည်း...

ရေမဟုတ်သော ဆေးကြောဖွယ်သည် အဘယ်နည်း...

အကြင်အပေါက်၌ စီးပွားဥစ္စာသည် မတည်၊
လောက၌ ထိုအပေါက်တို့သည် အဘယ်မျှတို့ပါနည်း၊


မြတ်စွာဘုရားကို ရိုသေစွာဖြင့် မေးလျှောက်ပါ၏၊ 76


၆ - နဇီရတိသုတ်၊ ဆေတွာဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, January 30, 2011

နှမအရွယ်ရှိသူတို့၌ နှမဟူသော စိတ်ကို ထားကြကုန်လော့...

27 Jan 11, 20:25



thida: တပည့်တော်မ သိလိုတာလေး မေးလျှောက်ခွင့်ပြုပါဘုရား။ ဘာရဒွါရဇာတ်ကို စုံစုံလင်လင် သိလိုပါတယ်ဘုရား။

lknt: ဒကာမကြီး thida ရေ... ဒီနေ့ ဘာရဒွါဇသုတ်တော်ကို မူရင်းအတိုင်း တင်ပေးလိုက်ပါတယ်... စိတ်ချမ်းသာကြပါစေ...

ဘာရဒွါဇသုတ်


အခါတစ်ပါး၌ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ဥဒေနမင်းသည် အသျှင်ပိဏ္ဍောလဘာရဒွါဇထံသို့ ချဉ်းကပ်၍ အသျှင် ပိဏ္ဍောလဘာရဒွါဇနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ ပြီးသော် အသျှင်ပိဏ္ဍောလဘာရဒွါဇအား ဤစကားကို လျှောက်ထား၏-

ကာမဂုဏ်ဖြင့် မပျော်ပဲ နေနိုင်ခြင်း အကြောင်းကား…

''အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့်ပြည့်စုံကုန်လျက် ပဌမ အရွယ်နှင့် ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း''ဟု လျှောက်၏။

မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား သည်၊

ရဟန်းတို့ လာကြကုန်လော့ သင်တို့သည်
အမိအရွယ်ရှိသူတို့၌ အမိဟူသော စိတ်ကို ထားကြကုန်လော့၊
နှမအရွယ်ရှိသူတို့၌ နှမဟူသော စိတ်ကို ထားကြကုန်လော့၊
သမီးအရွယ်ရှိသူတို့၌ သမီးဟူသော စိတ်ကို ထားကြကုန်လော့၊
ဟူသော ဤစကားကို ဟောတော်မူ၏။

မင်းမြတ် ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့် ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူး ကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု မိန့်ဆို၏။

အသျှင်ဘာရဒွါဇ စိတ်ဟူသည် လော်လည်ဖောက်ပြားတတ်၏၊ တစ်ခါတစ်ရံ အမိအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရားတို့သည် ဖြစ်တတ်ကုန်၏၊ နှမအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရာ့းတို့သည် ဖြစ်တတ်ကုန်၏၊ သမီးအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရားတို့သည် ဖြစ်တတ်ကုန်၏၊ အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ်သော ရဟန်းတို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော တစ်ပါးသော အကြောင်းအထောက်အပံ့သည်လည်း ရှိပါသေးသလောဟု လျှောက်၏။

ကိလေသာ မဖြစ်ခြင်း အကြောင်းကား…

မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား သည် ''ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် ခြေဖဝါးမှ အထက် ဆံဖျားမှ အောက်ဖြစ်သော အရေအပိုင်းအခြားရှိသော မစင်ကြယ်သော ဝတ္ထုအမျိုးမျိုး တို့ဖြင့် ပြည့်သော ဤခန္ဓာကိုယ်ကိုသာလျှင် ဆင်ခြင်ကြကုန်လော့။

(၃၂ ကောဋ္ဌာသ ခေါ်သည်၊ ဒါပဲ ရှိသည်)
ဤခန္ဓာကိုယ်၌ ဆံပင်, အမွေး, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းချင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်ဟူ၍ ရှိ၏၊ ဤသို့ရှုဆင်ခြင်ကြကုန်လော့'' ဟူသော ဤစကားကို ဟောကြားတော်မူအပ်၏။ မင်းမြတ် ပျိုမျစ်နုနယ်ရဟန်းငယ်တို့သည် မည်း နက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

အသျှင်ဘာရဒွါဇ ပွါးအပ်ပြီးသော ခန္ဓာကိုယ်, ပွါးအပ်ပြီးသော ကိုယ်ကျင့်တရား, ပွါးအပ်ပြီးသော စိတ်, ပွါးအပ်ပြီးသော ပညာရှိကုန်သော ရဟန်းတို့အား ထိုအမှုသည် ပြုလွယ်ပါ၏။ အသျှင်ဘာရဒွါဇ မပွားအပ်သေးသော ခန္ဓာကိုယ်, မပွားအပ်သေးသော ကိုယ်ကျင့်တရား, မပွားအပ်သေးသော စိတ်, မပွားအပ်သေးသော ပညာရှိကုန်သော ရဟန်းတို့အားကား ထိုအမှုသည် ခဲယဉ်း၏။ အသျှင်ဘာရဒွါဇ တစ်ရံတစ်ခါ အသုဘဟု နှလုံးသွင်းမည် ကြံသော်လည်း သုဘအားဖြင့်သာ ရောက်လာ၏။ အသျှင်ဘာရဒွါဇ ဤ ပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက်။ပ။

အစဉ်အဆက်ကိုလည်းပြီးစေ ကုန်သော တစ်ပါးသော အကြောင်းအထောက် အပံ့သည် ရှိပါသေးသလောဟု လျှောက်၏။

ဣနြေ္ဒ မစောင့်စည်းလျှင်…

မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား သည် ''ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိလျက် နေကြကုန်လော့၊

စက္ခုဝိညာဏ်ဖြင့် အဆင်း'ရူပါရုံ'ကို မြင်သော် မိန်းမယောက်ျားစသော သဏ္ဌာန်နိမိတ်ကို မမှတ်ယူကြကုန်လင့်၊ လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာကို မမှတ်ယူကြ ကုန်လင့်၊ စက္ခုနြေ္ဒကို မစောင့်စည်းဘဲ နေသော ထိုရဟန်းအား မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ' ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုစက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်ကြကုန်လော့၊ စက္ခုနြေ္ဒကို စောင့်စည်းကြကုန်လော့၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ရောက်ကြကုန်လော့။

နားဖြင့် အသံ 'သဒ္ဒါရုံ' ကို ကြားသော်။
နှာခေါင်းဖြင့် အနံ့ 'ဂန္ဓာရုံ' ကို နမ်းရှူသော်။
လျှာဖြင့်အရသာ 'ရသာရုံ'ကို လျက်သော်။
ကိုယ်ဖြင့် အတွေ့အထိ 'ဖောဋ္ဌဗ္ဗာရုံ' ကို တွေ့ထိသော်။
စိတ်ဖြင့်သဘော တရား 'ဓမ္မာရုံ' ကို သိသော် မိန်းမယောက်ျားစသော သဏ္ဌာန်နိမိတ်ကို မမှတ်ယူကြကုန်လင့်၊ လက်ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာကို မမှတ်ယူကြကုန်လင့်၊ မနိနြေ္ဒကို မစောင့်စည်းဘဲ နေသော ထိုရဟန်းအား မက်မောခြင်း ' အဘိဇ္ဈာ 'နှလုံးမသာခြင်း 'ဒေါမနဿ' ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် လိုက်၍ နှိပ်စက်ကုန်ရာ၏။ ထို့ကြောင့် ထိုမနိနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်ကြကုန်လော့၊ မနိနြေ္ဒကို စောင့်စည်းကြကုန်လော့၊ မနိနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်ကြ ကုန်လော့''။

မင်းမြတ် ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည့်မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်း သော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့်ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု မိန့်တော်မူ၏။


အသျှင်ဘာရဒွါဇ အံ့သြဖွယ်ရှိပေစွ၊ အသျှင်ဘာရဒွါဇ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ အသျှင်ဘာရဒွါဇ သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာ ဘုရားသည် ဤစကားတော်ကို အလွန်ပင် ကောင်းစွာဟောတော်မူအပ်ပါပေ၏။ အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သောဆံပင် ရှိကုန်လျက် ကောင်းသော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့် ပြည့်စုံကုန်လျက်ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကိုကျင့်ကုန်သော အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

သတိဖြင့် မစောင့်စည်းသောအခါ…

အသျှင်ဘာရဒွါဇ တပည့်တော်သည်လည်း မစောင့်ထိန်းအပ်သော ကိုယ်ဖြင့် မစောင့်ထိန်းအပ်သော နှုတ်ဖြင့် မစောင့်ထိန်းအပ်သော စိတ်ဖြင့် မထင်စေအပ်သော သတိဖြင့် မစောင့်စည်းအပ်သော ဣနြေ္ဒတို့ဖြင့် နန်းတော်တွင်းသို့ ဝင်သောအခါ တပည့်တော်ကို တပ်မက်မှုတရားတို့သည် အလွန်နှိပ်စက်ပါကုန်၏။

သတိဖြင့် စောင့်စည်းသောအခါ…

အသျှင်ဘာရဒွါဇ တပည့်တော်သည် စောင့်ထိန်းအပ်သော ကိုယ်ဖြင့် စောင့်ထိန်းအပ်သော နှုတ်ဖြင့် စောင့်ထိန်းအပ်သော စိတ်ဖြင့် ထင်စေအပ်သော သတိဖြင့် စောင့်စည်းအပ်သော ဣနြေ္ဒတို့ဖြင့် နန်းတော်တွင်းသို့ ဝင်သောအခါ တပည့်တော်ကို တပ်မက်မှုတရားတို့သည် ထိုကဲ့သို့ မနှိပ်စက်ပါကုန်။

အသက်ထက်ဆုံး ရတနာသုံးပါးကို…
အသျှင်ဘာရဒွါဇ အလွန်နှစ်သက်ဖွယ်ရှိပေစွ၊ အသျှင်ဘာရဒွါဇ အလွန် နှစ်သက်ဖွယ်ရှိပေစွ။ အသျှင်ဘာရဒွါဇ မှောက်ထားသော ဝတ္ထုကို လှန်ပြဘိသကဲ့သို့ လည်းကောင်း၊ ဖုံးထားအပ်သော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့ လည်းကောင်း၊ ''မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်''ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဘာရဒွါဇသည် အကြောင်းအမျိုးမျိုးဖြင့် တရားကို ပြတော်မူအပ်ပါ၏။

အသျှင်ဘာရဒွါဇ အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို လည်းကောင်း၊ တရားကို လည်းကောင်း၊ ရဟန်းသံဃာကို လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဘာရဒွါဇသည် အကျွန်ုပ်ကိုယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု လျှောက်၏။ 127

၎-ဘာရဒွါဇသုတ်၊ ဂဟပတိဝဂ်၊ သဠာယတန၀ဂ္ဂသံယုတ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, November 16, 2010

သင် ကျင့်မှသာ ပယ်နိုင်လိမ့်မယ်...

အဝိဇ္ဇာများ ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
တဏှာသုံးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
သြဂလေးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
ဥပါဒါန်လေးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
ဘ၀သုံးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
ဒုက္ခသုံးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
သက္ကာယကို ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...

အဝိဇ္ဇာလေးပါး
ဆင်းရဲ 'ဒုက္ခ' ၌ မသိမှု၊ ဆင်းရဲဖြစ်ကြောင်း၌ မသိမှု၊
ဆင်းရဲချုပ်ရာ၌ မသိမှု၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်၌ မသိမှု။

တဏှာသုံးပါး
ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ၊

သြဂလေးပါး
ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ၊


ဥပါဒါန်လေးပါး
ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်၊

ဘ၀သုံးပါး
ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊

ဒုက္ခသုံးပါး
ဒုက္ခဒုက္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊

သက္ကာယဆိုသည်မှာ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ခေါ်သည်
ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ၊

၃၂၂-၃၂၈၊ ၄ - ဇမ္ဗုခါဒကသံယုတ်၊ သဠာယတန၀ဂ္ဂ သံယုတ်ပါဠိတော်။

Monday, October 25, 2010

ဣနြေ္ဒ မစောင့်စည်းသော ရဟန်း...



ဗိဠာရသုတ်

(ကြောင်)


ရဟန်းဘ၀မှာ မပျော်မွေ့သော ရဟန်းတော်တစ်ပါးကို အကြောင်းပြု၍ ရခဲသော ရဟန်းဘ၀ကြီး မဆုံးရှုံးစေခြင်းငှာ၊ ဤဗိဠာရသုတ်တော်ကို တင်ပေးလိုက်ပါတယ်... သတိတရား လက်ကိုင်ထား၍ ရှောင်နိုင်ကြပါစေ...

ဣနြေ္ဒ မစောင့်စည်းသော ရဟန်း...

သာဝတ္ထိနိဒါန်း
ထိုအခါ ရဟန်းတစ်ပါးသည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ လှည့်လည်၏၊ ထိုရဟန်းကို ''အသျှင်သည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ မလှည့်လည်ပါလင့်'' ဟု ရဟန်းတို့ ပြောဆိုကုန်၏။ ရဟန်းတို့က ပြောဆိုအပ်သော်လည်း ထိုရဟန်းသည် မရှောင်ကြဉ်၊ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျှက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-

''အသျှင်ဘုရား ရဟန်းတစ်ပါးသည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ လှည့်လည်ပါ၏၊ ထိုရဟန်းကို 'အသျှင်သည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ မလှည့်လည်ပါလင့်'ဟု ဆိုကြပါကုန်၏၊ ရဟန်းတို့က ဆိုဆုံးမအပ်သော်လည်း ထိုရဟန်းသည် မရှောင်ကြဉ်ပါ'' ဟု လျှောက်ကုန်၏။

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား ကြောင်သည် ''ဤကြွက်ငယ်သည် အကြင်အခါ အစာရှာရန် ထွက်လာလတ္တံ့၊ ထိုအခါ ထိုထွက်လာရာ အရပ်၌ပင် ထိုကြွက်ငယ်ကို ဖမ်း၍ စားအံ့'' ဟု ကြွက်ငယ်ကို ရှာသည်ဖြစ်၍ အိမ်ခြံစပ် အညစ်အကြေးရှိရာ အမှိုက်ပုံ၌ ရပ်တည်နေ၏၊ ရဟန်းတို့ ထိုအခါ၌ ထိုကြွက်ငယ်သည် အစာရှာရန် သွား၏၊ ထိုကြွက်ငယ်ကို ကြောင်သည် ဖမ်းယူလျက် ကောင်းစွာ မစားဘဲ အဆောတလျင် မျိုချလိုက်၏၊ ထိုကြွက်ငယ်သည် ထိုကြောင်၏ အူမကို လည်းကောင်း၊ အူသိမ်ကို လည်းကောင်း ကိုက်ခဲ၏။ ထိုကြောင်သည် ထိုအကြောင်းကြောင့် သေခြင်းသို့လည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့လည်း ရောက်ရာ၏။

ရဟန်းတို့ ဤအတူသာလျှင် အချို့သော ရဟန်းတို့သည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မစောင့်စည်းသောကိုယ် မစောင့်စည်းသောနှုတ် မစောင့်စည်းသောစိတ် မထင်သော သတိ၊ မပိတ်ဆို့အပ်ကုန်သော ဣနြေ္ဒတို့ဖြင့် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းခံဝင်၏။

ထို ရဟန်းသည် ထိုရွာ၌ မလုံမလဲ ဝတ်ရုံသော မာတုဂါမကို မြင်ရသောကြောင့် တပ်စွန်းခြင်း 'ရာဂ'သည် ထို ရဟန်း၏ စိတ်ကို ဖျက်ဆီး၏၊ ထိုရဟန်းသည် တပ်စွန်းခြင်း 'ရာဂ' ဖျက်ဆီးအပ်သော စိတ်ဖြင့် သေခြင်းသို့လည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့လည်း ရောက်ရာ၏။

ရဟန်းတို့ အကြင် ရဟန်းသည် သိက္ခာချ၍ လူထွက်၏၊ ထိုရဟန်း၏ ဤလူထွက်ခြင်းသည် အရိယာ၏ အဆုံးအမ၌ သေသည်မည်၏၊ ရဟန်းတို့ ဝုဋ္ဌာနကံ သံဃာဒိသိသ်အာပတ်တို့တွင် တစ်ပါးပါးသော ညစ်နွမ်းသော အာပတ်သို့ ရောက်ခြင်းသည် သေလောက်သော ဆင်းရဲမည်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''စောင့်စည်းအပ်သောကိုယ် စောင့်စည်းအပ်သောနှုတ် စောင့်စည်းအပ်သောစိတ် ထင်သောသတိ ပိတ်ဆို့အပ်သော ဣနြေ္ဒတို့ဖြင့် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းခံဝင်ကုန်အံ့'' ဟု ဤသို့လျှင် သင်တို့ကျင့်ရမည်ဟု ဟောတော်မူ၏။ ၂၃၂

၁ဝ - ဗိဠာရသုတ်၊ ၉ - သြပမသံယုတ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, July 13, 2010

လောဘ, ဒေါသ, မောဟ တရားတို့သည်...


ပုရိသသုတ်

လောဘ, ဒေါသ, မောဟ တရားတို့သည်...

သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား အဘယ်မျှကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါလည်းကောင်း၊ ဆင်းရဲခြင်းငှါ လည်းကောင်း၊ ချမ်းသာစွာ မနေရခြင်းငှါ လည်းကောင်း ဖြစ်ပါကုန်သနည်း'' ဟု လျှောက်၏။

မင်းကြီး သုံးပါးသော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်ကုန်၏။

အဘယ်သုံးပါးတို့နည်းဟူမူ-

၁...
မင်းကြီး လိုချင်မှု 'လောဘ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

၂...
မင်းကြီး အမျက်ထွက်မှု 'ဒေါသ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

၃...
မင်းကြီး တွေဝေမှု 'မောဟ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

မင်းကြီး ဤသုံးပါးကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အခွံလျှင် အနှစ်ရှိသော ဝါးပင်၊ကျူပင်စသော အပင်ကို မိမိအသီးသည် ညှဉ်းဆဲ ဖျက်ဆီးသကဲ့သို့၊ မိမိကိုယ်တွင်း၌ ဖြစ်ကုန်သော လောဘ, ဒေါသ, မောဟ တရားတို့သည် မကောင်းသော စိတ်ရှိသော သတ္တဝါကို ညှဉ်းဆဲဖျက်ဆီးကုန်၏ ဟု မိန့်တော်မူ၏။ 113

၂ - ပုရိသသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, April 30, 2010

သံယောဇဉ်တို့သည် ပုပ်ဆွေးကုန်၏...

နာဝါသုတ် - (လှေ)


ရဟန်းတို့ ခြောက်လတို့ပတ်လုံး ရေ၌ အပြန်ပြန် အခေါက်ခေါက် သွားလာ၍ ဆောင်းဥတု၌ ကုန်းပေါ်သို့ တင်ထားသော သမုဒ္ဒရာကူး ကြိမ်ချုပ်လှေ၌ လေနေပူတို့ဖြင့် နှိပ်စက်အပ်ကုန်သော ချုပ်ဖွဲ့ထားသော ကြိမ်တို့သည် ရွာသွန်းသော မိုးရေတို့ဖြင့် စွတ်စိုအပ်သည်ဖြစ်၍ အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေး ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေးကုန်၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား အဘယ်သို့လျှင် သံယောဇဉ် တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေးကုန် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု 'ရာဂ' ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ' ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု 'ရာဂ' ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'ကို ပွားများ၏။

ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေးကုန်၏ဟု မိန့်တော်မူ၏။ 158

၁ဝ - နာဝါသုတ်၊ ဗလကရဏီယ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

Monday, April 5, 2010

အမိကို လုပ်ကျွေးသောသူကို...

မာတုပေါသကသုတ်

သာဝတ္ထိနိဒါန်း။ ထိုအခါ၌ အမိကို လုပ်ကျွေးသော ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏- ''အသျှင်ဂေါတမ အကျွန်ုပ်သည် တရားသဖြင့် ထမင်းကို ရှာမှီးပါ၏၊ တရားသဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေးပါ၏။ အသျှင်ဂေါတမ အသို့နည်း၊ ဤသို့ ပြုလေ့ရှိသော အကျွန်ုပ်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပါသလော'' ဟု လျှောက်၏၊

''ပုဏ္ဏား ဤသို့ ပြုလေ့ရှိသော သင်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပေ၏၊ ပုဏ္ဏား အကြင်သူသည် တရားသဖြင့် ထမင်းကို ရှာမှီး၏၊ တရားသဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေး၏၊ ထိုသူသည် များသော ကောင်းမှုတို့ကို ဖြစ်ပွားစေ၏'' ဟု မိန့်တော်မူ၏။

''အကြင်သူသည် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း တရားသဖြင့် လုပ်ကျွေး၏။ အမိအဖတို့၌ လုပ်ကျွေးခြင်းကြောင့် ထိုလုပ်ကျွေးသော သူကို ပညာရှိတို့သည် ဤဘဝ၌ပင်လျှင် ချီးမွမ်းကုန်၏၊ တမလွန်ဘဝဝယ် နတ်ပြည်၌ မွေ့လျော်ရ၏'' ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည် ရှိသော် မာတုပေါသကပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။ ပ။ အသျှင်ဂေါတမ အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့'' ဟု လျှောက်၏။ 205

၉ - မာတုပေါသကသုတ်၊ ဥပါသက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပေးလှူပြီးနောက် နှလုံးမသာခြင်း ဖြစ်ခဲ့သော်...

အပုတ္တကသုတ်

ထိုအခါ ပသေနဒီ ကောသလမင်းသည် နေမွန်းတည့်အခါ၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပသေနဒီ ကောသလမင်းအား မြတ်စွာဘုရားသည် ''မင်းကြီး သင်သည် ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း'' ဟု ဤစကားကို မိန့်တော်မူ၏။

အသျှင်ဘုရား ဤသာဝတ္ထိပြည်၌ သူဌေးကြီးသည် သေပါ၏၊
အမွေခံ သားမရှိသော ထိုဥစ္စာကို အကျွန်ုပ်သည် နန်းတော်တွင်းသို့ သွင်း၍ လာခဲ့ပါ၏၊
အသျှင်ဘုရား ရွှေချည်းပင် သိန်းတစ်ရာ ရှိပါ၏၊
ငွေမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊
အသျှင်ဘုရား ထိုသူဌေးကြီး၏ ထမင်းသုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏-
ပုန်းရည်လျှင် နှစ်ခွက်မြောက်သော ဆန်ကွဲထမင်းကို စားသုံး၏။
အဝတ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏-
သုံးလွှာစပ်၍ ချုပ်သော ပိုက်ဆံလျှော်အဝတ်ကို ဝတ်၏။
ယာဉ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ -
သစ်ရွက်ထီးကိုဆောင်းလျက် ဆွေးမြေ့သောရထားငယ်ဖြင့် သွားပါ၏ဟု လျှောက်၏။

မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ရှေး၌ ဖြစ်ဖူးသည်ကား ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူစေ၏၊

''ရဟန်းအား ဆွမ်းလှူကြကုန်လော့'' ဟု ဆိုပြီးလျှင် နေရာမှ ထ၍ ဖဲသွား၏၊ ပေးလှူပြီး နောက်၌ကား ''ထိုဆွမ်းကို ကျွန်ယောက်ျားတို့သည်လည်းကောင်း၊ အမှုလုပ်သမား တို့သည် လည်းကောင်း စားရကုန်မူကား မြတ်သေး၏'' ဟု နှလုံးမသာခြင်း ဖြစ်ခဲ့၏၊ အစ်ကို၏ တစ်ယောက်တည်းသော သားကိုလည်း ဥစ္စာဟူသောအကြောင်းကြောင့် အသက်ကို သတ်ခဲ့၏။

မင်းကြီး ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းကို လှူဒါန်း၏၊ ထိုကံ၏ အကျိုးကြောင့် ကောင်းသောလားရာဖြစ်သော နတ်ပြည်သို့ ခုနစ်ကြိမ် ရောက်ရ၏၊ ထိုကံ၏ အကျိုးကြွင်းဖြင့် သာလျှင် ဤသာဝတ္ထိပြည်၌ပင်လျှင် သူဌေး ခုနစ်ကြိမ်ဖြစ်၏။ မင်းကြီး ထိုသူဌေးကြီးသည် ပေးလှူပြီးနောက် ''ထိုဆွမ်းကို ကျွန်ယောက်ျားတို့သည် လည်းကောင်း၊ အမှု လုပ်သမားတို့သည် လည်းကောင်း စားရကုန်မူကား မြတ်သေး၏'' ဟု နှလုံးမသာခြင်း ဖြစ်၏၊ ထိုကံ၏ အကျိုးကြောင့် မွန်မြတ်သော ထမင်းကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော အဝတ်ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်။

မင်းကြီး ထိုသူဌေးကြီးသည် အစ်ကို၏ တစ်ယောက်တည်းသော သားကို ဥစ္စာဟူသော အကြောင်းကြောင့် အသက်ကို သတ်၏၊ ထိုကံ၏ အကျိုးကြောင့် များစွာသော နှစ်တို့ပတ်လုံး လည်းကောင်း၊ များစွာသော နှစ်အရာတို့ပတ်လုံး လည်းကောင်း၊ များစွာသော နှစ်အထောင်တို့ပတ်လုံး လည်းကောင်း၊ များစွာသော နှစ်အသိန်းတို့ပတ် လုံးလည်းကောင်း ငရဲ၌ ကျက်ဖူး၏။ ထိုကံ၏ အကျိုးကြွင်းဖြင့်သာလျှင် အမွေခံ သားမရှိသော ဤဥစ္စာကို ခုနစ်ကြိမ်တိုင်တိုင် မင်း၏ ဘဏ်တိုက်သို့ သွင်းစေ၏။

မင်းကြီး စင်စစ်ကား ထိုသူဌေးကြီးအား အဟောင်းဖြစ်သော ကုသိုလ်ကံသည်လည်း ကုန်ပြီ၊ အသစ်ဖြစ်သော ကုသိုလ်ကံကိုလည်း မဆည်းပူးအပ်၊ မင်းကြီး ယနေ့ကား သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏ ဟု မိန့်တော်မူ၏။

အသျှင်ဘုရား သူဌေးကြီးသည် မဟာရောရုဝငရဲသို့ ရောက်၏ ဟူသည် ဤအတိုင်း မှန်ပါသလော ဟု လျှောက်၏။ မင်းကြီး ဤအတိုင်း မှန်၏၊ သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အကြင်စပါးသည် လည်းကောင်း၊ ဥစ္စာသည် လည်းကောင်း၊ ငွေသည် လည်းကောင်း၊ ရွှေသည်လည်းကောင်း၊ သိမ်းဆည်းအပ်သော တစ်စုံတစ်ရာသော အရာဝတ္ထုသည် လည်းကောင်း ရှိ၏။ ထိုသူအားမှီ၍ အသက်မွေးကုန်သော အကြင် ကျွန်ယောက်ျား တို့သည် လည်းကောင်း၊ အမှုလုပ်တို့သည် လည်းကောင်း၊ အခိုင်းအစေတို့သည် လည်းကောင်း ရှိကုန်၏။

အလုံးစုံသော ဥစ္စာကျေးကျွန်ကို ယူ၍ မသွားနိုင်၊ အလုံးစုံကို စွန့်၍ သွားရ၏။ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ ထိုမှတစ်ပါး စိတ်ဖြင့် လည်းကောင်း အကြင်ကံကို ပြု၏။ ထိုကံသည်သာလျှင် ထိုသူ၏ ဥစ္စာဖြစ်၏၊ ထိုကံကိုလျှင် ယူ၍ သွားရ၏၊ အရိပ်သည် ကိုယ်သို့ အစဉ်လိုက်သကဲ့သို့ ထိုကံသည်ပင် ထိုသူအား အစဉ်လိုက်၏။

ထိုကြောင့် တမလွန်၌ ဖြစ်သောအကျိုးကို ဆည်းပူးသော သူသည် ကုသိုလ် ကောင်းမှုကို ပြုရာ၏၊ ကောင်းမှုတို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ ဟု မိန့်တော်မူ၏။ 131

၁ဝ - ဒုတိယ အပုတ္တကသုတ်၊ ဒုတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, March 29, 2010

ဘာမှမဟုတ်ဖူးလို့ မရှုနဲ့...


ဗာဟိရာနိစ္စသုတ်

ရဟန်းတို့ အဆင်းတို့သည် မမြဲကုန်၊ မမြဲသော အဆင်းသည် ဆင်းရဲ၏၊ ဆင်းရဲသော အဆင်းသည်ကိုယ် 'အတ္တ' မဟုတ်၊ ကိုယ် 'အတ္တ' မဟုတ်သော အဆင်းကို ''ဤအဆင်းသည် ငါ့ဥစ္စာမဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် မမြဲကုန်။ မမြဲသော သဘောတရားသည် ဆင်းရဲ၏၊ ဆင်းရဲသော သဘောတရားသည် ကိုယ် 'အတ္တ' မဟုတ်၊ ကိုယ် 'အတ္တ' မဟုတ်သော သဘောတရားကို ''ဤသဘော တရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါ မဟုတ်၊ ဤသဘောတရားသည် ငါ၏ ကိုယ်'အတ္တ' မဟုတ်'' ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အဆင်းတို့၌လည်း ငြီးငွေ့၏၊ အသံတို့၌လည်း ငြီးငွေ့၏၊ အနံ့တို့၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ အတွေ့အထိတို့၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းသော် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သော် ကိလေသာမှ ''လွတ်မြောက်ပြီ'' ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏ဟု မိန့်တော်မူ၏။4

၎ - ဗာဟိရာနိစ္စသုတ်၊ အနိစ္စဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။

ဒုက္ခ အနတ္တလည်း အနိစ္စနည်းမှီ၍ သိပါလေ...

အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့သည်ကား မမြဲ၊ မမြဲခြင်းသည် ဆင်းရဲ၏၊
ဆင်းရဲသော ဤတရားတို့သည် ငါ၏ကိုယ် အတ္တမဟုတ်၊
ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ဤသို့ သင်တို့ မှန်စွာရှုရမည်၊
ဘာမှမဟုတ်ဖူး... ဘာမှမဟုတ်ဖူး... ဟု ရှုရမည် မဟုတ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, March 26, 2010

လိုချင်မှု 'ဆန္ဒ' သည် ဆင်းရဲ၏ အရင်းခံပေတည်း...


ဘဒြကသုတ်

လိုချင်မှုဆန္ဒသည် ဆင်းရဲ၏ အရင်းခံပေတည်း...


အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း ဥရုဝေလကပ္ပမည်သော မလ္လမင်းတို့၏ နိဂုံး၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ ဘဒြကရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် ''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောတော်မူပါ'' ဟု လျှောက်၏။

ရွာသူကြီး ''လွန်ပြီးကာလ၌ ဤသို့ ဖြစ်ဖူးပြီ'' ဟု ငါသည် သင့်အား အတိတ်ကာလကို အကြောင်းပြု၍ ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောခဲ့မူ ထိုအတိတ် ကာလကို အကြောင်းပြု၍ သင့်အား ယုံမှား ဖြစ်ရာ၏၊ တွေးတောမှု ဖြစ်ရာ၏။ ရွာသူကြီး ''အနာဂတ်ကာလ၌ ဤသို့ ဖြစ်လိမ့်မည်'' ဟု ငါသည် သင့်အား အနာဂတ်ကာလကို အကြောင်းပြု၍ ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောခဲ့မူ ထိုအနာဂတ်ကာလ၌လည်း သင့်အား ယုံမှား ဖြစ်ရာ၏၊ တွေးတောမှု ဖြစ်ရာ၏။ ရွာသူကြီး စင်စစ် ငါသည် ဤနေရာ၌ ထိုင်လျက်ပင်လျှင် ဤနေရာ၌ ထိုင်လျက်ရှိသော သင့်အား ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်း ကို ဟောပေအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပြပေအံ့ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ကောင်းပါပြီဟု
ဘဒြကရွာသူကြီးသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၏။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော် လည်းကောင်း ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော သင်နှင့် စပ်သူတို့သည် ဥရုဝေလကပ္ပ၌ ရှိကုန် သလော။ အသျှင်ဘုရား သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်း ကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော် လည်းကောင်း ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော အကျွန်ုပ်နှင့် စပ်သူတို့သည် ဥရုဝေလကပ္ပ၌ ရှိပါကုန်၏။ ရွာသူကြီး သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်း ကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်း ကြောင့်သော် လည်းကောင်း ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ မဖြစ်နိုင်ကုန်ရာသော သင်နှင့်မစပ်သူ လူတို့သည် ဥရုဝေလကပ္ပ၌ ရှိကုန်သလော။

အသျှင်ဘုရား သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော် လည်းကောင်း ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ မဖြစ်နိုင်ကုန်ရာသော အကျွန်ုပ်နှင့် မစပ်သူ လူတို့ သည်လည်း ဥရုဝေလကပ္ပ၌ ရှိပါကုန်၏။

ရွာသူကြီး အချို့သော ဥရုဝေလကပ္ပ၌ နေသူလူတို့ကို သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော် လည်းကောင်း ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော အကြောင်း အထောက်အပံ့ကား အဘယ်နည်း။ အသျှင်ဘုရား သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်း ကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်း ကြောင့်သော် လည်းကောင်း ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော ဥရုဝေလကပ္ပ၌ နေကြသူ အချို့လူတို့၌ အကျွန်ုပ်အား လိုချင်တပ်မက်မှု 'ဆန္ဒရာဂ' ရှိပါ၏။ သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော် လည်းကောင်း ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ မဖြစ်နိုင် ကုန်ရာသော ဥရုဝေလကပ္ပ၌ နေကြသူ အချို့လူတို့၌ အကျွန်ုပ်အား လိုချင်တပ်မက်မှု 'ဆန္ဒရာဂ' မရှိပါ။

ရွာသူကြီး သင်သည် မြင်အပ်သော သိအပ်သော ကာလ မခြားဘဲ ရောက်လာသော ဉာဏ်ဖြင့် သက်ဝင်နိုင်သော ဤသဘောဖြင့် အတိတ်အနာဂတ်၌ နည်းကို ဆောင်လေလော့၊ အတိတ်ကာလ၌ ဖြစ်ခဲ့သည့် ဆင်းရဲ ဟူသမျှ အလုံးစုံသည် လိုချင်မှု 'ဆန္ဒ' လျှင် အရင်းခံရှိ၏၊ လိုချင်မှု 'ဆန္ဒ' လျှင် အကြောင်းခံရှိ၏။ မှန်၏၊ လိုချင်မှု 'ဆန္ဒ' သည် ဆင်းရဲ၏ အရင်းခံတည်း၊ အနာဂတ်ကာလ၌ ဖြစ်မည့် ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု 'ဆန္ဒ' လျှင် အရင်းခံရှိ၏၊ လိုချင်မှု 'ဆန္ဒ' လျှင် အကြောင်းခံရှိ၏။
မှန်၏၊ လိုချင်မှု 'ဆန္ဒ' သည် ဆင်းရဲ၏ အရင်းခံတည်း။

အသျှင်ဘုရား တရားတော်သည် အံ့ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ''ဆင်းရဲဟူသမျှ အားလုံးသည်လိုချင်မှု 'ဆန္ဒ'လျှင် အရင်းခံရှိ၏၊ လိုချင်မှု 'ဆန္ဒ' လျှင် အကြောင်းခံရှိ၏''။ မှန်၏၊ လိုချင်မှု 'ဆန္ဒ' သည် ဆင်းရဲ၏ အရင်းခံတည်းဟူသော ဤစကားကို မြတ်စွာ ဘုရားသည် အလွန်ကောင်းစွာ ဆိုတော်မူပါ၏။

အသျှင်ဘုရား အကျွန်ုပ်အား မြို့ပြင်ပအိမ်၌ နေသော စိရဝါသိမည်သော သူငယ်ရှိပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် နံနက် စောစော ထ၍ ယောက်ျား တစ်ယောက်ကို ''အချင်း သွားလော့၊ စိရဝါသိသူငယ်ကို သိအောင် ပြုလေလော့'' ဟု လွှတ်လိုက်ပါ၏၊ အသျှင်ဘုရား ထိုယောက်ျား မလာသမျှ ကာလပတ်လုံး အကျွန်ုပ်မှာ ''စိရဝါသိသူငယ်အား တစ်ခုခု ထိခိုက်မှု မဖြစ်ပါစေလင့်'' ဟု စိတ်ဖောက်ပြန်မှု ဖြစ်သည် သာလျှင်တည်း။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ စိရဝါသိသူငယ်ကို သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော် လည်းကောင်း သင့်အား ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်ကုန်ရာသလော။ အသျှင်ဘုရား စိရဝါသိ သူငယ်ကို သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော် လည်းကောင်း အကျွန်ုပ်အား အသက်သော်လည်း သေလောက်ရာ၏၊ ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ကား အဘယ်မှာ မဖြစ်ကုန်ဘဲ ရှိပါအံ့နည်း။

ရွာသူကြီး ဤအကြောင်းကြောင့်လည်း ''ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု 'ဆန္ဒ' လျှင် အရင်းခံရှိ၏၊ လိုချင်မှု 'ဆန္ဒ' လျှင် အကြောင်းခံရှိ၏။ မှန်၏၊ လိုချင်မှု 'ဆန္ဒ' သည် ဆင်းရဲ၏ အရင်းခံတည်း'' ဟု ဤအကြောင်းကို သိရမည်။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ စိရဝါသိ မိခင်ကို သင်မမြင်ရ မကြားရသောအခါ သူ့အပေါ်မှာ သင်၏ နှစ်သက်မှု 'ဆန္ဒ' သည် လည်းကောင်း၊ တပ်မက်မှု 'ရာဂ' သည် လည်းကောင်း၊ ချစ်ခင်မှု 'ပေမ' သည် လည်းကောင်း ဖြစ်သလော။

အသျှင်ဘုရား မဖြစ်ပါ။

ရွာသူကြီး သင့်အား မြင်မှုကို လည်းကောင်း၊ ကြားမှုကို လည်းကောင်း စွဲ၍ စိရဝါသိ၏ မိခင်အပေါ်မှာ ဤသို့ နှစ်သက်မှု 'ဆန္ဒ' သည် လည်းကောင်း၊ တပ်မက်မှု 'ရာဂ' သည် လည်းကောင်း၊ ချစ်ခင်မှု 'ပေမ'သည် လည်းကောင်း ဖြစ်သလော။

အသျှင်ဘုရား ဖြစ်သည် မှန်ပါ၏။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ စိရဝါသိ၏ မိခင်ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော် လည်းကောင်း ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်ကုန်ရာသလော။

အသျှင်ဘုရား စိရဝါသိ မိခင်ကို သတ်ခြင်းကြောင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်း ကြောင့်သော် လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော် လည်းကောင်း အကျွန်ုပ်အား အသက်သော်လည်း သေလောက်ရာ၏၊ ပူဆွေးမှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ကား အဘယ်မှာ မဖြစ်ကုန်ဘဲ ရှိပါအံ့နည်း။

ရွာသူကြီး ဤအကြောင်း ကြောင့်လည်း ''ဆင်းရဲ ဟူသမျှ အလုံးစုံသည် လိုချင်မှု 'ဆန္ဒ' လျှင် အရင်းခံရှိ၏၊ လိုချင်မှု 'ဆန္ဒ' လျှင် အကြောင်းခံရှိ၏။ မှန်၏၊ လိုချင်မှု 'ဆန္ဒ' သည် ဆင်းရဲ၏ အရင်းခံတည်း'' ဟု ဤအကြောင်းကို သိအပ်၏ ဟု မိန့်တော်မူ၏။ 363

၁၁ - ဘဒြကသုတ်၊ ဂါမဏိသံယုတ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, March 23, 2010

အသျှင်ကာမဘူထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင်...

အရှင်ကာမဘူ

အခါတစ်ပါး၌ အသျှင်ကာမဘူသည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ သီတင်းသုံး နေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ကာမဘူထံသို့ ချဉ်းကပ်၍ အသျှင်ကာမဘူကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော စိတ္တသူကြွယ်အား အသျှင်ကာမဘူသည်

''သူကြွယ် မြတ်စွာဘုရားသည်-
'အပြစ်ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့်ရှိသော ရထားသည် လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီးလျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကို ရှုလော့' ဟု ဤဂါထာကို ဟောတော်မူ၏။

သူကြွယ် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကို အကျယ်အားဖြင့် အဘယ်သို့ မှတ်သင့်ပါ သနည်း'' ဟု မိန့်၏၊ အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရား ဟောအပ်ပါသလော၊ သူကြွယ်ဟောအပ်သည် မှန်၏၊ အသျှင်ဘုရား သို့ဖြစ်လျှင် ထိုစကား၏ အနက်ကို ဆင်ခြင်ရန် တစ်ခဏမျှ ဆိုင်းငံ့ပါလော့၊ ထိုအခါ စိတ္တသူကြွယ်သည် တစ်ခဏမျှ ဆိတ်ဆိတ် နေ၍ အသျှင်ကာမဘူအား ဤစကားကို လျှောက်၏-

အသျှင်ဘုရား ''အပြစ်ကင်းသော အစိတ်အပိုင်း'' ဟူသော ဤအမည်သည် သီလတို့၏ အမည်ပါတည်း။ အသျှင်ဘုရား ''ဖြူသော အမိုး'' ဟူသော ဤအမည်သည် လွတ်မြောက်ခြင်း အရဟတ္တဖိုလ်၏ အမည်ပါတည်း။ အသျှင်ဘုရား ''တစ်ခုသော အကန့်'' ဟူသော ဤအမည်သည် သတိ၏ အမည်ပါတည်း။ အသျှင်ဘုရား ''လည်၏'' ဟူသော ဤအမည် သည် ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်း၏ အမည်ပါတည်း။ အသျှင်ဘုရား ''ရထား'' ဟူသော ဤအမည်သည် မိဘတို့၏ သုက်သွေးကို မှီ၍ ဖြစ်သော ထမင်း မုယောမုန့်တို့ဖြင့် ကြီးပွါးရသော မမြဲခြင်း လိမ်းကျံပေးရခြင်း နှိပ်နယ် ပေးရခြင်း ပြိုကွဲပျက်စီးခြင်း သဘောရှိသော မဟာဘုတ်လေးပါးကို မှီသော ဤခန္ဓာကိုယ်၏ အမည်ပါတည်း။

အသျှင်ဘုရား စွဲမက်မှု 'ရာဂ'သည် ဆင်းရဲတည်း၊ အမျက်ထွက်မှု 'ဒေါသ' သည် ဆင်းရဲတည်း၊ တွေဝေမှု 'မောဟ' သည် ဆင်းရဲတည်း။ ထိုဆင်းရဲတို့သည် အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်း သဘော မရှိကုန်။ ထို့ကြောင့် အာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''ဆင်းရဲခြင်း မရှိသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား ''လာနေသူ'' ဟူသော ဤအမည်သည် ရဟန္တာ၏ အမည်ပါတည်း။ အသျှင်ဘုရား ''အယဉ်'' ဟူသော ဤအမည်သည် တပ်မက်မှု 'တဏှာ' ၏ အမည်ပါတည်း။ ထိုတပ်မက်မှု 'တဏှာ' သည် အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''အယဉ်ကို ဖြတ်ပြီးသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား စွဲမက်မှု 'ရာဂ' သည် အနှောင်အဖွဲ့တည်း၊ အမျက်ထွက်မှု 'ဒေါသ' သည်
အနှောင်အဖွဲ့တည်း၊ တွေဝေမှု 'မောဟ' သည် အနှောင်အဖွဲ့တည်း၊ ထိုအနှောင်အဖွဲ့ တို့သည် အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါဖြစ်ခြင်း သဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''အယဉ်ကို ဖြတ်ပြီးသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား စွဲမက်မှု 'ရာဂ' သည် အနှောင်အဖွဲ့တည်း၊ အမျက်ထွက်မှု 'ဒေါသ' သည်
အနှောင်အဖွဲ့တည်း၊ တွေဝေမှု 'မောဟ' သည် အနှောင်အဖွဲ့တည်း။ ထိုအနှောင်အဖွဲ့ တို့သည် အာသဝေါကုန်ပြီး ဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်း သဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''အနှောင်အဖွဲ့ မရှိသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား ဤသို့လျှင် မြတ်စွာဘုရားသည်-
''အပြစ်ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့်ရှိသော ရထားသည် လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီးလျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကို ရှုလော့'' ဟူသော ယင်းစကားကို ဟောတော်မူအပ်ပါ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကို အကျယ်အားဖြင့် ဤသို့ သိပါ၏ဟု လျှောက်၏။ သူကြွယ် နက်နဲသော ဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွ တကား၊ ကောင်းစွာ ရအပ်ပေစွတကားဟု မိန့်ဆို၏။ 347

၅ - ပဌမ ကာမဘူသုတ်၊ စိတ္တသံယုတ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, March 10, 2010

ပညာရှိတို့သည်...

ဗန္ဓနသုတ်

ပညာရှိတို့သည်
ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍
ကာမဂုဏ်ချမ်းသာကို ပယ်လျက်
ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏


ထိုအခါ၌ ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ထားအပ်၏၊ အချို့သောသူတို့ကို ကြိုးတို့ဖြင့်၊ အချို့သောသူတို့ကို လက်ထိပ်တို့ဖြင့်၊ အချို့သောသူတို့ကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ် ကုန်၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ကြကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-

''အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ ထားအပ်၏၊ အချို့သောသူတို့ကို ကြိုးတို့ဖြင်၊့ အချို့သောသူတို့ကို လက်ထိပ်တို့ဖြင့်၊ အချို့သော သူတို့ကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ်ပါကုန်၏'' ဟု လျှောက်ကုန်၏။


မြတ်စွာဘုရားသည်
ထိုအကြောင်းကိုသိ၍
ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏

''သံဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကို လည်းကောင်း၊ သစ်သားဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း၊ လျှော်ဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကို လည်းကောင်း၊ ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ မဆိုကုန်။ ကျောက်မျက်ရတနာ နားတောင်းတို့၌ လည်းကောင်း၊ သားသမီးတို့၌လည်းကောင်း၊ မယားတို့၌ လည်းကောင်း အလွန်အမင်း တက်မက်နှစ်သက်သည် ဖြစ်၍ အကြင် ငဲ့ကွက်ခြင်းသည် ရှိ၏။ အပါယ်သို့ ဆောင်တတ်သော လျော့သော အဖြေခက်သော ထိုငဲ့ကွက်ခြင်း အနှောင်အဖွဲ့ကို မြဲသော အနှောင်အဖွဲ့ ဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ 121

ပညာရှိတို့သည်
ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍
ကာမဂုဏ်ချမ်းသာကို ပယ်လျက်
ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏ ဟု ရွတ်ဆိုတော်မူ၏။


၁ဝ - ဗန္ဓနသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, February 13, 2010

ရဇ္ဇုသုတ်- ကြိုး...

ရဇ္ဇုသုတ်- (ကြိုး)

သာဝတ္ထိနိဒါန်း
ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် အရေပါးကို ဖြတ်၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို ထိလျက် တည်၏။

ရဟန်းတို့ ဥပမာသော်ကား အားကြီးသော ယောက်ျားသည် ခိုင်လှစွာသော သားမြီးကြိုးဖြင့် ခြေသလုံး (မြင်းခေါင်း) ကို ရစ်ပတ်လျက် ပွတ်တိုက်ရာ၏၊ ထိုသားမြီးကြိုးသည် အရေပါးကို ဖြတ်ရာ၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်ရာ၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်ရာ၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်ရာ၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်ရာ၏၊ အရိုးကို ဖြတ်ပြီး၍
ရိုးတွင်း ခြင်ဆီကို ထိလျက် တည်ရာ၏။

ရဟန်းတို့ ဤအတူသာလျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် အရေပါးကို ဖြတ်၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို ထိလျက် တည်၏။

ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။ 178

၉ - ရဇ္ဇုသုတ်၊ တတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, February 9, 2010

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏...

သိဝသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ၌ သိဝနတ်သားသည် ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံ အချိန်၌ အလွန် နှစ်သက်ဖွယ် အဆင်းရှိသည် ဖြစ်၍ ဇေတဝန် တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊
အခြား သူမိုက် ထံမှ ပညာကို မရနိုင်။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် ကောင်းသောလားရာ သုဂတိဘဝသို့ ရောက်ကုန်၏။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏'' ဟု လျှောက်၏။


ထိုအခါ၌ မြတ်စွာဘုရားသည် သိဝနတ်သားကို
ဂါထာဖြင့် တုံ့ပြန်၍ မိန့်တော်မူ၏

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊
သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊
သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော်
အလုံးစုံသော ဆင်းရဲ အပေါင်းမှ 
လွတ်မြောက် နိုင်၏ ဟု မိန့်တော်မူ၏။
102

၁ - သိဝသုတ်၊ နာနာတိတ္ထိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။