နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, July 16, 2009

တောင့်တ၍ မရသော...

ဌာနသုတ်

ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
အိုတတ်သော သဘောတရားသည် ''မအိုပါစေလင့်'' ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

၂...
နာတတ်သော သဘောတရားသည် ''မနာဖျားစေလင့်'' ဟူ၍။ပ။

၃...
သေတတ်သော သဘောတရားသည် ''မသေပါစေလင့်'' ဟူ၍။ပ။

၎...
ကုန်တတ်သော သဘောတရားသည် ''မကုန်ဆုံးပါစေလင့်'' ဟူ၍။ပ။

၅...
ပျက်စီးတတ်သော သဘောတရားသည် ''မပျက်စီးပါစေလင့်'' ဟူ၍ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

အကြားအမြင် မရှိသော ပုထုဇဉ်သည်...


၁...
ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်အား အိုတတ်သော သဘော တရားသည် အိုခဲ့၏၊ အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုပုထုဇဉ် သည် ဤသို့ မဆင်ခြင်နိုင် -

''အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့)လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင် တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့ လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (မဆင်ခြင်နိုင်)။

အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ ရဟန်းတို့ အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည်ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူ ဟူ၍ ဆိုအပ်၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား အကြားမြင် မရှိသော ပုထုဇဉ်အား နာတတ်သော သဘောတရားသည် နာခဲ့၏။ပ။

၃...
သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။

၎...
ကုန်တတ်သော သဘောတရားသည် ကုန်ခဲ့၏။ပ။

၅...
ပျက်တတ်သော သဘောတရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘောတရား သည် ပျက်သည် ရှိသော် ထိုပုထုဇဉ်သည် ဤသို့ မဆင်ခြင်နိုင် -

''ပျက်တတ်သော သဘောတရားသည် ငါ့တစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့အား ပျက်တတ် သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရားသည် ပျက်စီးသည် ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ် စည်တီး မြည်တမ်းခဲ့မူ တွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်း ကုန်ရာ၏'' ဟူ၍ (မဆင်ခြင်နိုင်)။

ပျက်တတ်သော သဘောတရား ပျက်သည် ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ ရဟန်းတို့ အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည် ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူ ဟူ၍ ဆိုအပ်၏။


အရိယာတပည့်သည်...


၁...
ရဟန်းတို့ အကြားအမြင် ရှိသော အရိယာတပည့်အား အိုတတ်သော သဘောတရားသည် အိုခဲ့မူ အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်၏ -

''အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သော သဘောတရားသည် အိုသည် ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင် တို့လည်း မဖြစ်နိုင်ကုန်ရာ၊ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (ဆင်ခြင်၏)။

အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။ ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောက ငြောင့်ကို ထုတ်နုတ်သူ ဟူ၍ ဆိုအပ်၏။ ယင်းငြောင့်စူးဝင်သော အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကိုပင်လျှင် ငြိမ်းအေးစေ၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား အကြားအမြင်ရှိသော အရိယာတပည့်အား နာတတ်သော သဘော တရားသည် နာခဲ့၏။ပ။

၃...
သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။

၎...
ကုန်တတ်သော သဘောတရားသည် ကုန်ခဲ့၏။ပ။

၅...
ပျက်တတ်သော သဘောတရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘော တရားသည် ပျက်သည်ရှိသော် ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်နိုင်၏ -

''ပျက်တတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား ပျက်တတ်သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင် တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေ တို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (ဆင်ခြင်၏)။

ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။ ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သောသူ ဟူ၍ ဆိုအပ်၏။ ယင်းသောကငြောင့် စူးဝင်သော အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကို ပင်လျှင် ငြိမ်းအေးစေ၏။

ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

ဤလောက၌ ပူဆွေးခြင်း ငိုကြွေးခြင်းဖြင့် အကျိုး အနည်းငယ်မျှကိုလည်း စင်စစ် မရနိုင်၊ ပူဆွေးဆင်းရဲသော ထိုသူကို ရန်သူတို့ သိ၍ ဝမ်းမြောက်ကုန်၏။ အကြင်အခါ၌ကား အကြောင်းကို ဆုံးဖြတ်ခြင်း၌ သိသော ပညာရှိသည် ဘေးရန်တို့ကြောင့် မတုန်မလှုပ်၊ (ထိုအခါ၌) ရန်သူတို့သည် ထိုပညာရှိ ပုဂ္ဂိုလ်၏ ရှေးမူအတိုင်း မဖောက်ပြန်သော မျက်နှာကို တွေ့မြင်ရ၍ ဆင်းရဲကုန်၏။ ဂုဏ်ကျေးဇူးကို ချီးမွမ်းသဖြင့် ဖြစ်စေ တန်ခိုးရှိသော မန္တာန်ကို ရွတ်အံ သရဇ္ဈာယ်သဖြင့် ဖြစ်စေ ကောင်းမွန်သော စကားကို ပြောဆို၍ ဖြစ်စေ တံစိုး လက်ဆောင်ပေးသဖြင့် ဖြစ်စေ မျိုးရိုးစဉ်ဆက်ကို ပြသဖြင့် ဖြစ်စေ အကျိုးရနိုင် သမျှအရာ၌ အားထုတ်ရာ၏။ ငါသော် လည်းကောင်း၊ အခြားသူသော် လည်းကောင်း (မအိုခြင်းစသော) ထိုအကျိုးကို မရအပ်ဟူ၍ အကယ်၍ သိခဲ့မူ ငါသည် ဝဋ်၌ တည်နေစေသော ကံကို မြဲမြံစွာ အားထုတ်အပ်ပြီ၊ ယခုအခါ၌ အဘယ်သို့လျှင် ပြုတော့အံ့နည်း ဟု ဆင်ခြင်၍ ပူဆွေးခြင်း မရှိဘဲ သည်းခံရာ သတည်း။ 48

၈ - ဌာနသုတ်၊ မုဏ္ဍရာဇဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: