နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, September 2, 2009

သူတော်ကောင်း တရားခုနစ်ပါးတို့နှင့် ပြည့်စုံရ၏...




နဂရောပမသုတ် - (နဂရ= မြို့၊ သြပမ= ဥပမာ၊ နှိုင်းယှဉ်ခြင်း)

ရဟန်းတို့ ဤအတူသာလျှင် အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် သူတော်ကောင်း တရားခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ လွန်မြတ်သော စိတ်၌် ဖြစ်ကုန်သော ယခုဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။ ရဟန်းတို့ ထိုအခါ၌ ဤအရိယာသာဝကကို မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်း ဟူ၍ လည်းကောင်း၊ ယုတ်မာသော မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်း ဟူ၍ လည်းကောင်း ဆိုအပ်၏။

အဘယ် သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံသနည်းဟူမူ -

၁...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်း နေသူတို့ လုံခြုံစေရန် လည်းကောင်း မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း တုရိုဏ်းတိုင်သည် နက်သော တွင်းရှိသည် ကောင်းစွာ မြေ၌ စိုက်မြှုပ်အပ်သည် တုန်လှုပ်ခြင်း မရှိသည် ဖြစ်၍ ထိုမှဤမှ ယိမ်းယိုင်ခြင်း မရှိသကဲ့သို့...

ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် ယုံကြည်မှု သဒ္ဓါနှင့် ပြည့်စုံ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် အဗ္ဗညုတဉာဏ်ကို ယုံကြည်၏။
''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော် မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏'' ဟု (ယုံကြည်၏)။ ရဟန်းတို့ ယုံကြည်မှု သဒ္ဓါရှိသော အရိယာသာဝကသည် အကုသိုလ်ကို ပယ်၏၊ ကုသိုလ်ကို
ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤပဌမ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၂...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း နက်လည်း နက်၍ ကျယ်လည်း ကျယ်သော ကျုံးသည် ဖြစ်သကဲ့သို့...

ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် အရှက်ရှိ၏၊ ကာယ ဝစီ မနော ဒုစရိုက်မှ ရှက်တတ်၏၊ ယုတ်ညံ့သည့် အကုသိုလ် တရားတို့သို့ ရောက်ရန် ရှက်တတ်၏။ ရဟန်းတို့ ရှက်တတ်သော အရိယာသာဝကသည် အကုသိုလ်ကို ပယ်၏၊ ကုသိုလ် ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်)တရားကို ပယ်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤဒုတိယ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၃...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း မြင့်လည်း မြင့်၍ ကျယ်လည်း ကျယ်သော မြို့တံတိုင်း အတွင်း၌ ထက်ဝန်းကျင် လှည့်လည်နိုင်သော လမ်းသည် ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် ထိတ်လန့်မှုရှိ၏၊ ကာယ ဝစီ မနော ဒုစရိုက် မှ ထိတ်လန့် တတ်၏၊ ယုတ်ညံ့ကုန်သော အကုသိုလ် တရားတို့သို့ ရောက်ရန် ထိတ်လန့်တတ် ၏။ ရဟန်းတို့ ဒုစရိုက်မှ ထိတ်လန့်သော အရိယာတပည့်သည် အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော (ကုသိုလ်) တရား ကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤတတိယ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၎...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း၊ မြား စသော ပစ်လွှတ်အပ်သော လက်နက်ကို လည်းကောင်း၊ ဓားစသော ကြွင်းသော လက်နက်ကို လည်းကောင်း လက်နက် များစွာကို သိုမှီးအပ် သကဲ့သို့...

ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် အကြားအမြင် များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။ ရဟန်းတို့ အကြားအမြင် များသော အရိယာ တပည့်သည် အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤစတုတ္ထ သူတော်ကောင်း တရားနှင့် ပြည့်စုံ၏။

၅...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဆင်စီးသူရဲ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ လေးသည်များ၊ အောင်လံကိုင်များ၊ စစ်ဆင်သူ၊ တစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းကို အတုံး အတစ် ဖြတ်တောက် သွားနိုင်သူ၊ စစ်ရေး၌ ထူးချွန်ကျော်စောသော မင်းသား၊ တဟုန်တည်း ပြေးဝင် စစ်ထိုးနိုင်သူ၊ ဆင်ပြောင် ကဲ့သို့သော သူရဲ၊ လွန်စွာ ရဲရင့်သူများ၊ ချပ်ဝတ်သူရဲ၊ ကျွန်ယုံတော် ဟူသော များစွာသော စစ်သည် ဗိုလ်ပါ အပေါင်းသည် နေဘိသကဲ့သို့...

ရဟန်းတို့ ဤဥပမာအတူ သာလျှင် အရိယာသာဝကသည် အကုသိုလ် တရား တို့ကို ပယ်ရန် ကုသိုလ် တရားတို့၌ ပြည့်စုံစေရန် ထက်သန်သော လုံ့လ ရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော အားထုတ် မှုရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန်ကို ချမထား။ ရဟန်းတို့ ဝီရိယဗိုလ်ပါအားနှင့် ပြည့်စုံသော အရိယာသာဝကသည် အကုသိုလ် တရားကိုပယ်၏၊ ကုသိုလ်တရားကို ပွါးများ၏၊ အပြစ်ရှိသော အကုသိုလ် တရားကို ပယ်၏။ အပြစ်မရှိသော ကုသိုလ် တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤပဉ္စမ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၆...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း မသိသူတို့ကို တားမြစ်တတ်၍ သိသူတို့ကို ဝင်စေတတ်သော ပညာရှိ၍ လိမ္မာထက်မြက်သော ပညာနှင့်ပြည့်စုံသော တံခါးမှူးသည် ရှိသကဲ့သို့...

ရဟန်းတို့ ဤ အတူသာလျှင် အရိယာတပည့်သည် သတိနှင့် ပြည့်စုံ၏၊ မြတ်သော ရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာအခါက ပြုအပ် ပြောဆို အပ်ခဲ့သည်ကို အောက် မေ့နိုင်၏၊ အဖန်ဖန် အောက်မေ့နိုင်၏။ ရဟန်းတို့ သတိတည်း ဟူသော တံခါးစောင့်ရှိသော အရိယာတပည့်သည် အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော အကုသိုလ် တရားကို ပယ်၏။ အပြစ်မရှိသော ကုသိုလ်တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤဆဋ္ဌ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၇...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း မြင့်လည်း မြင့်၍ ကျယ်လည်း ကျယ်သော အပေါက် အလုံးစုံ ပိတ်ဆို့သော အင်္ဂတေလိမ်းကျံသော မြို့တံတိုင်းသည် ဖြစ်သကဲ့သို့...

ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်ခြင်း ပျက်ခြင်းကို မြင်စွမ်း နိုင်၍ ကိလေသာကို ဖောက်ခွဲ နိုင်သည့်ပြင် ဒုက္ခ၏ကုန်ရာ နိဗ္ဗန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ အလုံးစုံသော အပေါက်တို့ကို ပိတ်ဆို့စေတတ်သော အင်္ဂတေတည်း ဟူသော ပညာနှင့် ပြည့်စုံသော အရိယာတပည့်သည် အကုသိုလ်ကို ပယ်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ် ရှိသော အကုသိုလ်တရားကို ပယ်၏။ အပြစ်မရှိသော ကုသိုလ် တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤသတ္တမ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။ ဤသူတော် ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံ၏။

လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော အဘယ် ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရသနည်း၊ မငြိုမငြင် မပင်မပန်း ရသနည်း။

၁...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ မွေ့လျော် ပျော်ပိုက်ရန် မထိတ်လန့် စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် များပြားသော မြက် ထင်း ရေကို သိုမှီး သိမ်းဆည်းအပ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်သည် မိမိ မွေ့လျော် ပျော်ပိုက်ရန် မတောင့်တရန် ချမ်းသာစွာ နေရရန် နိဗ္ဗာန်သို့ သက်ဝင်ရန် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။

၂...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ အတွင်းနေသူတို့ မွေ့လျော် ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် များပြားသော သလေးစပါး မုယောစပါးကို သိုမှီး သိမ်းဆည်းအပ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာ သာဝကသည် မိမိ မွေ့လျော် ပျော်ပိုက်ရန် မတောင့်တရန် ချမ်းသာစွာ နေရရန် နိဗ္ဗာန် သို့ သက်ဝင်ရန် ကြံစည်ခြင်း 'ဝိတက်' သုံးသပ်ခြင်း 'ဝိစာရ' တို့၏ ချုပ်ခြင်းကြောင့်။ပ။ ဒုတိယ ဈာန်သို့ ရောက်၍ နေ၏။

၃...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ အတွင်းနေသူတို့ မွေ့လျော် ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် များပြားသော နှမ်း ပဲနောက် ပဲကြီး ကြွင်းသော ပဲအမျိုးအပေါင်းကို သိုမှီး သိမ်းဆည်းအပ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝက သည် မိမိမွေ့လျော် ပျော်ပိုက်ရန် မတောင့်တရန် နိဗ္ဗာန်သို့ သက်ဝင်ရန် နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မစွဲမက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။

၎...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ အတွင်းနေသူတို့ မွေ့လျော် ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် ထောပတ် ဆီဦး ဆီ ပျား တင်လဲဆား ဟူသော များပြားသော ဆေးပစ္စည်းကို သိုမှီး သိမ်းဆည်းအပ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်သည် မိမိမွေ့လျော်ရန် မတောင့်တရန် နိဗ္ဗာန်သို့ သက်ဝင်ရန် ချမ်းသာခြင်း 'သုခ' ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း 'ဒုက္ခ' ကိုလည်း ပယ်ခြင်း ကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း 'သောမနဿ' နှလုံးမသာခြင်း 'ဒေါမနဿ'တို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုခြင်း 'ဥပေက္ခာ' ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဤဈာန် လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင် မပင်မပန်းရ၏။

ရဟန်းတို့ အကြင်အခါ၌ အရိယာသာဝကသည် ဤသူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော ယခုဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဤဈာန် လေးပါးတို့ကိုလည်း အလိုရှိတိုင်း ရ၏၊ မငြိုမငြင် မပင်မပန်းရ၏။

ရဟန်းတို့ ထိုအခါ ဤအရိယာသာဝကကို မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်းဟူ၍ လည်းကောင်း၊ ယုတ်မာသော မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်းဟူ၍ လည်းကောင်း ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။ 67

မြို့ကို မြို့၏ အခြံအရံ ခုနစ်ခုတို့ဖြင့် ကောင်းစွာ ခြံရံအပ်၏၊ ပထမပိုင်း...

၃ - နဂရောပမသုတ်၊မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မြို့ကို မြို့၏ အခြံအရံ ခုနစ်ခုတို့ဖြင့် ကောင်းစွာ ခြံရံအပ်၏...

နဂရောပမသုတ် - (နဂရ= မြို့၊ သြပမ= ဥပမာ၊ နှိုင်းယှဉ်ခြင်း)

ရဟန်းတို့ အကြင်အခါ၌ မင်း၏ အစွန်အဖျားကျသော မြို့ကို မြို့၏ အခြံအရံ ခုနစ်ခုတို့ဖြင့် ကောင်းစွာ ခြံရံအပ်၏၊ လေးပါးသော အာဟာရတို့ကိုလည်း အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်းရ၏၊ ရဟန်းတို့ ထိုအခါ၌ မင်း၏ အစွန်အဖျား ကျသော ဤမြို့ကို ပြည်ပ၌ ရှိသော ဆန့်ကျင်ဘက် ရန်သူတို့သည် အကျိုးမဲ့ ပျက်စီးအောင် မပြုပြင်နိုင် ဟု ဆိုအပ်၏။

အဘယ်ခုနစ်မျိုးသော မြို့၏ အခြံအရံတို့ဖြင့် ကောင်းစွာ ခြံရံအပ်သနည်းဟူမူ -

၁...
ရဟန်းတို့ ဤလောက၌ မင်း၏ အစွန်အဖျား ကျသော မြို့၌ တုရိုဏ်းတိုင်သည် နက်သော တွင်းရှိ၏၊ ကောင်းစွာ မြေ၌ စိုက်မြှုပ်အပ်၏၊ တုန်လှုပ်ခြင်း မရှိ၊ ထိုမှဤမှ ယိမ်းယိုင်ခြင်း မရှိ။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤပဌမမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျား ကျသော မြို့၌ ကျုံးသည် နက်လည်း နက်၏၊ ကျယ်လည်း ကျယ်၏။ မင်းသည် အစွန်အဖျား ကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်း ကောင်း ဤဒုတိယမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တံတိုင်း အတွင်း ထက်ဝန်းကျင် လှည့်လည်နိုင်သော လမ်းခရီးသည် မြင့်လည်း မြင့်၏၊ ကျယ်လည်း ကျယ်၏။ မင်းသည် အစွန်အဖျား ကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်း ကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤတတိယမြို့၏ အခြံအရံဖြင့် ကောင်းစွာ
ခြံရံအပ်၏။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြားစသော ပစ်လွှတ်အပ်သော လက်နက်ကို လည်းကောင်း၊ (ဓားစသော) ကြွင်းသော လက်နက်ကို လည်းကောင်း လက်နက် များစွာကို သိုမှီးအပ်၏။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤစတုတ္ထမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ များစွာသော စစ်သည် ဗိုလ်ပါ အပေါင်းသည် နေ၏။ အဘယ်စစ်သည် ဗိုလ်ပါ အပေါင်းနည်း။ ဆင်စီးသူရဲ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ လေးသည်တော်၊ အောင်လံကိုင်၊ စစ်ဆင်သူ၊ တစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းကို အတုံးအတစ် ဖြတ်တောက် သွားနိုင်သူ၊ စစ်ရေး၌ ထူးချွန် ကျော်စောသော မင်းသား၊ တဟုန်တည်း ပြေးဝင် စစ်ထိုးနိုင်သူ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲ၊ လွန်စွာ ရဲရင့်သူ၊ ချပ်ဝတ်သူရဲ၊ ကျွန်ယုံတော်များတို့ပင်တည်း။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤပဉ္စမမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၆...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ ပညာရှိ၍ လိမ္မာသော၊ ထက်မြက်သော ပညာနှင့် ပြည့်စုံသော၊ မသိသူတို့အား တားမြစ်တတ်၍ သိသူတို့အား ဝင်စေတတ်သော တံခါးမှူးရှိ၏၊ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤဆဋ္ဌမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၇...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျား ကျသောမြို့၌ မြို့တံတိုင်း သည် မြင့်လည်းမြင့်၏၊ ကျယ်လည်းကျယ်၏၊ အပေါက် အလုံးစုံ ပိတ်ဆို့သော အင်္ဂတေလိမ်းကျံခြင်းနှင့် လည်း ပြည့်စုံ၏။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤသတ္တမမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

ဤ မြို့၏ အခြံအရံခုနစ်ပါးတို့ဖြင့် ကောင်းစွာ ခြံရံအပ်၏။

အဘယ် လေးပါးကုန်သော
အာဟာရတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းရသနည်း။

၁...
ရဟန်းတို့ ဤလောက၌ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ မွေ့လျော် ပျော်ပိုက် စေရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် အပဖြစ်သော ရန်သူတို့ကို တားမြစ်ရန် များပြားသော မြက် ထင်း ရေကို သိုမှီးသိမ်းဆည်းအပ်၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူ တို့ မွေ့လျော် ပျော်ပိုက်စေရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် အပဖြစ်သော ရန်သူတို့ကို တားမြစ်ရန် များပြားသော သလေးစပါး မုယော စပါးတို့ကို သိုမှီး သိမ်းဆည်းအပ်၏။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်း နေသူတို့ မွေ့လျော် ပျော်ပိုက် စေရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် အပဖြစ်သော ရန်သူတို့ကို တားမြစ်ရန် များပြားသော နှမ်း ပဲနောက် ပဲကြီး ကြွင်းသော ပဲအမျိုးအပေါင်းတို့ကို သိုမှီး သိမ်းဆည်းအပ်၏။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်း နေသူတို့ မွေ့လျော် ပျော်ပိုက်စေရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် အပဖြစ်သော ရန်သူတို့ကို တားမြစ်ရန် များပြားသော ဆေးပစ္စည်းတို့ကို သိုမှီး သိမ်းဆည်းအပ်၏၊
အဘယ်ဆေးပစ္စည်းတို့ နည်း -
ထောပတ် ဆီဦး ဆီ ပျား တင်လဲ ဆား ဤဆေးပစ္စည်းတို့ပင်တည်း။
ရဟန်းတို့ ဤလေးပါးကုန်သော အာဟာရတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင် မပန်းရ၏။

ရဟန်းတို့ အကြင်အခါ၌ မင်း၏ အစွန်အဖျား ကျသော မြို့ကို အခြံအရံ ခုနစ်မျိုးတို့ဖြင့် ကောင်းစွာခြံရံအပ်၏၊ ဤအာဟာရ လေးမျိုးတို့ကိုလည်း အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင် မပန်းရ၏။ ထိုအခါ အစွန်အဖျားကျသော မြို့ကို အပဖြစ်သည့် ဆန့်ကျင်ဘက် ရန်သူအပေါင်းတို့သည် အကျိုးမဲ့ ပျက်စီးအောင် မပြုနိုင်ဟု ဆိုအပ်၏။ 67

ရဟန်းတို့ ဤအတူသာလျှင်... ဒုတိယပိုင်း...

၃ - နဂရောပမသုတ်၊မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, September 1, 2009

ဒေဝဒတ်ကို အကြောင်းပြု၍...

ဒေဝဒတ္တဝိပတ္တိသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေဝဒတ် သင်းခွဲ ထွက်သွား၍ မကြာမြင့်မီ ရာဇဂြိုဟ်ပြည့် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်ကို အကြောင်းပြု၍ ရဟန်းတို့ကို မိန့်တော်မူ၏၊

ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊
ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊
ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊
ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊

ရဟန်းတို့ မသူတော်တရား ရှစ်မျိုးတို့ နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ် သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ လာဘ်ရမှု နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ် သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူ တည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်း သူတည်း။ ရဟန်းတို့ လာဘ်မရမှု သည်။ပ။ ရဟန်းတို့ အခြံအရံ ရှိမှု။ ရဟန်းတို့ အခြံအရံ မရှိမှု။ ရဟန်းတို့ အရိုအသေပြုမှု။ ရဟန်းတို့ အရိုအသေ မပြုမှု။ ရဟန်းတို့ ယုတ်ညံ့သော အလို။ ရဟန်းတို့ ယုတ်မာသော အဆွေ ခင်ပွန်းရှိမှု နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။

ရဟန်းတို့ ဤမသူတော်တရား ရှစ်မျိုးတို့ နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့် သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။

ရဟန်းတို့ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေထိုင်မူကားကောင်း၏။ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်းရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေထိုင်မူကား ကောင်း၏။ ရဟန်းတို့ အဘယ်သို့သော အကျိုးထူးကို စွဲ၍ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာသနည်း။ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံ ရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေမပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေ ခင်ပွန်းရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာသနည်း။

ရဟန်းတို့ ယင်းဖြစ်ပေါ်လာသော လာဘ်ရမှုကို မနှိမ်နင်းမူ၍ နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နေသော ထိုရဟန်းအား ဤအကြောင်းဖြင့် အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီး တို့သည် မဖြစ်ကုန်၊ ရဟန်းတို့ ယင်းဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ် လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံမရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ယင်းဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်း ရှိမှုကို မနှိမ်နင်းမူ၍ နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နေသော ထိုရဟန်းအား ဤအကြောင်းဖြင့် အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအကျိုးထူးကိုစွဲ၍ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာ၏။ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံ ရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ ပြုမှုကို။ ဖြစ်ပေါ် လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာ၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ ငါတို့ နေကြကုန်အံ့၊ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ ငါတို့ နေကြကုန်အံ့'' ဟု ဤသို့ ကျင့်ရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့သည် ကျင့်အပ်ကုန်၏ ဟု မိန့်တော်မူ၏။


၇ - ဒေဝဒတ္တဝိပတ္တိသုတ်၊ မေတ္တာဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ 7



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, August 31, 2009

ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း...

ပဉ္စရာဇသုတ်

သာဝတ္ထိနိဒါန်း။

ထိုအခါ၌ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန်သည် ဖြစ်၍ မွေ့လျော်ကုန်သော ပသေနဒီအမှူးရှိကုန်သော ငါးယောက်ကုန်သော မင်းတို့အား- ''ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း'' ဟူသော ဤအကြားစကားသည် ထင်ရှားဖြစ်၏၊

ထိုမင်းတို့တွင် အချို့သောမင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ရူပါရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည်...
''ကာမဂုဏ်တို့တွင် သဒ္ဒါရုံတို့ သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ဂန္ဓာရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ရသာရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

မင်းတို့သည် အချင်းချင်း သိစေခြင်းငှါ မတတ်နိုင်ကုန်။

ထိုအခါ ပသေနဒီကောသလမင်းသည် ထိုမင်းတို့အား ဤစကားကို ဆို၏- ''အချင်းတို့ လာသွားကြကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာ ဘုရားအား ထိုအကြောင်းကို မေးလျှောက်ကြကုန်စို့၊ ငါတို့သည် မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအကြောင်းကို မှတ်ကုန်အံ့'' ဟုဆို၏ ''အကြည်တော် ကောင်းပါပြီ'' ဟု ထိုမင်းတို့သည် ပသေနဒီ ကောသလမင်းကြီး၏ စကားကို ဝန်ခံကြကုန်၏။

ထို့နောက် ပသေနဒီအမှူးရှိကုန်သော ထိုမင်းငါးဦးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကြပြီးသော် ပသေနဒီကောသလမင်းလည်း မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန်သည်ဖြစ်၍ မွေ့လျော်ကုန်သော အကျွန်ုပ်တို့ မင်းငါးယောက်တို့အား 'ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း' ဟူသော အကြားစကားသည် ထင်ရှားဖြစ်ပါ၏၊

''အချို့သော မင်းတို့သည် ။ ပ ။ မြတ်ကုန်၏' ဟုဆိုကုန်၏။

အသျှင်ဘုရား ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း'' ဟု (လျှောက်၏)။


''မင်းကြီး ကာမဂုဏ်ငါးပါးတို့၌ နှစ်သက်ခြင်းလျှင် အထွတ်အထိပ်ရှိသော ကာမဂုဏ်ကို စင်စစ်မြတ်၏'' ဟူ၍ ငါဘုရား ဟောတော်မူ၏၊

ထိုရူပါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ်ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရူပါရုံတို့ဖြင့် နှစ်လို၏၊ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ဤရူပါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ်သော ရူပါရုံကို မတောင့်တ၊ ထိုသူအား ထိုရူပါရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုရူပါရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုသဒ္ဒါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင် သဒ္ဒါရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုသဒ္ဒါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည် လည်း ဖြစ်သော သဒ္ဒါရုံကို မတောင့်တ၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုဂန္ဓာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင် ဂန္ဓာရုံ တို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုဂန္ဓာရုံမှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော ဂန္ဓာရုံကို မတောင့်တ၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုရသာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရသာရုံ တို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုရသာရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ်သော ရသာရုံကို မတောင့်တ၊ ထိုသူအား ထိုရသာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုရသာရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုဖောဋ္ဌဗ္ဗာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သောသူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ဖောဋ္ဌဗ္ဗာရုံ တို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုဖောဋ္ဌဗ္ဗာရုံတို့မှ တစ်ပါး သော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို မတောင့်တ၊ ထိုသူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန် ၏၊ ထိုသူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် အတူမရှိကုန် ဟု (မိန့်တော်မူ၏)။

ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် ထိုပရိသတ်၌ ထိုင်နေ၏၊ ထိုအခါ စန္ဒနင်္ဂလိက ဥပါသကာသည် နေရာမှထ၍ ပခုံးတစ်ဖက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားအား လက်အုပ်ချီကာ ဤစကားကို လျှောက်၏- ''ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသောအကြောင်းသည်) ထင်လာပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသောအကြောင်းသည်) ထင်လာပါ၏'' ဟု (လျှောက်၏)။ စန္ဒနင်္ဂလိက သင့်အား ထိုတစ်ခုသော အကြောင်းသည် ထင်စေလော့ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ထိုအား လျောက်ပတ်သော ဂါထာဖြင့် ချီးကျူး၏-

''ကောင်းသော အနံ့ရှိသော, နံနက်အခါ၌ ပွင့်သော, မကင်းသော အနံ့ရှိသော, ကောကနဒ အမည်ရှိသော ပဒုမ္မာကြာကဲ့သို့ လည်းကောင်း၊ ကောင်းကင်၌ ထွန်းတောက်ပသော နေမင်းကဲ့သို့ လည်းကောင်း တင့်တယ်တော်မူသော ကိုယ်တော်မှ ပြိုးပြိုးပြက်ပြက် ထွက်သော အရောင်ရှိတော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်လော့'' ဟု ချီးကျူး၏။

ထိုအခါ၌ ထိုမင်းငါးယောက်တို့သည် စန္ဒနင်္ဂလိကဥပါသကာအား ငါးထည်သော စုလျားပုဆိုးတို့ကို ပေးကုန်၏၊ ထိုအခါ စန္ဒနင်္ဂလိကဥပါသကာသည် ငါးထည်သော စုလျားပုဆိုးတို့ကို မြတ်စွာဘုရားအား လှူ၏။ 123

၂ - ပဉ္စရာဇသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, August 30, 2009

ရာဂ ဖြစ်ပေါ်ရန် အကြောင်းနှစ်မျိုး ...




ရဟန်းတို့ ရာဂ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုး တို့နည်းဟူမူ...

၁...
တင့်တယ်သော ဣဋ္ဌာရုံ လည်းကောင်း၊

၂...
မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း လည်းကောင်း တို့တည်း။

ရဟန်းတို့ ရာဂ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု မိန့်တော်မူ၏။ 124 -6


အာသာဒုပ္ပဇဟဝဂ်၊ မှ၊ တတိယပဏ္ဏာသက၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ထိုအမျိုးကောင်းသားသည် အလိုနည်း၏...

ပဌမ ဟတ္ထကသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့ ဟတ္ထက အာဠဝကကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မှတ်ကုန်လော့၊

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ...

ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် သီလရှိ၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် (ဒုစရိုက်မှ) ရှက်တတ်၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် (ဒုစရိုက်မှ) လန့်တတ်၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် များသော အကြားအမြင်ရှိ၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် စွန့်ကြဲပေးကမ်းတတ်၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် ပညာရှိ၏၊

ရဟန်းတို့ ဟတ္ထကအာဠဝကကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤသဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ ဟူ၍ မှတ်ကုန်လော့ ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၍ နေရာမှ ထပြီးလျှင် ကျောင်းသို့ ဝင်တော်မူ၏။

ထိုအခါ ရဟန်းတစ်ပါးသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ဟတ္ထကအာဠဝကထံသို့ ချဉ်းကပ်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေ၏။ ထိုအခါ ဟတ္ထကအာဠဝကသည် ထိုရဟန်းကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေ၏၊ ထိုရဟန်းသည် တစ်ခုသော အရပ်၌ ထိုင်နေသော ဟတ္ထကအာဠဝကကို ငါ့သျှင် ဒါယကာ သင့်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘော ခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား မိန့်ကြားတော် မူ၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ သီလရှိ၏။ ပ ။ပညာရှိ၏ ဟု မိန့်တော်မူ၏၊ ဒါယကာ သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤသဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ ဟု မြတ်စွာဘုရား မိန့်ကြားတော်မူ၏ ဟူ၍ ပြော၏။

အသျှင်ဘုရားအသို့ပါနည်း၊ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာ အရပ်၌ အဝတ်ဖြူ ဝတ်သော လူတစ်စုံတစ်ယောက် မရှိပါသလော ဟု လျှောက်၏၊ ဒါယကာ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာ အရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက်မျှ မရှိ ဟု မိန့်ဆို၏။

အသျှင်ဘုရား ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံ တစ်ယောက်မျှ အကယ်၍ မရှိသည် ဖြစ်အံ့၊ ကောင်းပါလေ၏ ဟု လျှောက်၏။

ထိုအခါ ထိုရဟန်းသည် ဟတ္ထကအာဠဝက၏ အိမ်မှ ဆွမ်းကို ခံယူပြီးလျှင် နေရာမှ ထ၍ ဖဲခွါသွားလေ၏။ ထိုအခါ ထိုရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် ဤစကားကို လျှောက်၏။ အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ဟတ္ထက အာဠဝက နေအိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သော နေရာ၌ ထိုင်ပါ၏၊ အသျှင်ဘုရား ထိုအခါ ဟတ္ထက အာဠဝကသည် အကျွန်ုပ်အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပါ၏၊

အသျှင်ဘုရား တစ်ခုသော နေရာ၌ ထိုင်နေသော ဟတ္ထကအာဠဝကကို အကျွန်ုပ်သည် ''ဒါယကာ သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏'' ဟု မြတ်စွာဘုရား မိန့်ကြားတော်မူ၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊
သီလရှိ၏။ ပ ။ အသျှင်ဘုရား ဤသို့ မြတ်စွာဘုရား မိန့်ကြားရာ အရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက်မျှ အကယ်၍ မရှိသည်ဖြစ်အံ့၊ ကောင်းပါလေ၏ ဟု ဆိုပါ၏ ဟူ၍ လျှောက်၏။

ရဟန်း ကောင်းစွ ကောင်းစွ၊ ထိုအမျိုးကောင်းသားသည် အလိုနည်း၏၊ မိမိ၌ ထင်ရှားရှိသည်သာလျှင် ဖြစ်သော ကုသိုလ်တရားတို့ကို သူတစ်ပါးတို့အား သိစေခြင်း၌ အလိုမရှိ၊ ရဟန်း ထို့ကြောင့်ပင် သင်သည် ဟတ္ထကအာဠဝကကို အလိုနည်းခြင်း ဟူသော အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤသဘောနှင့် လည်း ပြည့်စုံသောသူ ဟု မှတ်လေလော့ ဟု (မိန့်တော်မူ၏)။ 23

၃ - ပဌမ ဟတ္ထကသုတ်၊ ဂဟပတိဝဂ်၊ အဋ္ဌကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သူတော်ကောင်း ဥစ္စာ

သံခိတ္တဓနသုတ်

ရဟန်းတို့ သူတော်ကောင်း ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

၁... ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာ၊
၂... စောင့်ထိန်းမှု 'သီလ' ဥစ္စာ၊
၃... ရှက်မှု 'ဟိရီ' ဥစ္စာ၊
၎... ကြောက်လန့်မှု 'သြတ္တပ္ပ'ဥစ္စာ၊
၅... အကြားအမြင် 'သုတ' ဥစ္စာ၊
၆... စွန့်ကြဲမှု 'စာဂ' ဥစ္စာ၊
၇... သိမှု 'ပညာ' ဥစ္စာတို့တည်း။

ရဟန်းတို့ သူတော်ကောင်း ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း ဟု မိန့်တော်မူ၏။

အကြင် မိန်းမအား ဖြစ်စေ
အကြင် ယောက်ျားအား ဖြစ်စေ ထိုသူတော်ကောင်း ဥစ္စာ တို့သည် ရှိကုန်၏၊

ထိုသူတော်ကောင်း ဥစ္စာရှိသော မိန်းမယောက်ျားကို မဆင်းရဲသူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ ထိုသူ၏ အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင် အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သော သဒ္ဓါ တရားကို လည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ကြောင်း ဖြစ်သော သီလကို လည်းကောင်း အဖန်ဖန် အားထုတ်ရာသတည်း။5

၅ - သံခိတ္တဓနသုတ်၊ ဓနဝဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, August 29, 2009

သင်တို့၏ ဥစ္စာ မဟုတ်...

န တုမှသုတ် - (န= မရှိခြင်းသဘော။ တုမှံ= သင်တို့၏)

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏...

ရဟန်းတို့ ဤကိုယ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ သူတစ်ပါးတို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန်းတို့ ဤကိုယ်သည် ကံဟောင်းကြောင့် ဖြစ်၏၊ အကြောင်းတရားတို့ ပြုစီရင်အပ်သော တရားတည်း၊ စေတနာကံလျှင် အရင်းခံရှိ၏၊ ခံစားမှု 'ဝေဒနာ'၏ တည်ရာဖြစ်၏ ဟူ၍ မှတ်အပ်၏။

ရဟန်းတို့ ထိုအရာ၌ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ်ကိုသာလျှင် ကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏- ''ဤသို့ ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုးတရား ဖြစ်၏၊ ဤ အကြောင်းတရား၏ ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား မရှိခဲ့သော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤအကျိုးတရား ချုပ်၏၊ အကြင်မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံ ကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

မသိမှု 'အဝိဇ္ဇာ'၏သာ လျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤ သို့လျှင် အလုံးစုံသော ဆင်းရဲအစုချုပ်၏'' ဟု ဟောတော်မူ၏။ 37

၇ - န တုမှသုတ်၊ ကဠာရခတ္တယဝဂ်၊ နိဒါနသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, August 28, 2009

ရဟန်းယုတ်ကို ပညာရှိတို့လည်း စွပ်စွဲအပ်၏...



မဟာစောရသုတ်

ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးတို့သည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယက်၏၊ တစ်အိမ်တည်းကို သော်လည်း တိုက်ခိုက်လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက် လုယက်၏၊ အဘယ်သုံးမျိုးနည်းဟူမူ-

ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် -

၁... မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊
၂... တောအုပ်ကိုသော်လည်းအမှီရ၏၊
၃... အားကြီးသူကိုသော်လည်း အမှီရ၏။

အဘယ်သို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရသနည်း...
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် သွားလာ ကူးခက်သော မြစ်ကိုသော် လည်းကောင်း၊ မညီညွတ်သော တောင်ကိုသော် လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရသည် မည်၏။

အဘယ်သို့လျှင် ခိုးသူကြီးသည် တောအုပ်ကို အမှီရသနည်း...
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မြက်တောကိုသော် လည်းကောင်း၊ သစ်တောကိုသော် လည်းကောင်း၊ ထူထဲသော တောအုပ်ကိုသော် လည်းကောင်း၊ တောအုပ်ကြီးကိုသော် လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် တောကို အမှီရ၏။

အဘယ်သို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီရသနည်း...
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မင်းတို့ကိုသော် လည်းကောင်း၊ မင်း၏ အမတ် ကြီးတို့ကိုသော် လည်းကောင်း အမှီရ၏၊ ထို ခိုးသူကြီးအား ''ငါ့ကို တစ်စုံ တစ်ယောက်သော သူသည် တစ်စုံ တစ်ရာကို ပြောငြားအံ့၊ ဤမင်းတို့ကသော် လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကြား ကုန်လတ္တံ့'' ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော် လည်းကောင်း၊ ထို မင်း၏ အမတ်ကြီး တို့ကသော် လည်းကောင်း အပြစ်ကို ကာကွယ်၍ ထို ခိုးသူကြီး၏ အကျိုးကို ပြောကုန်၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီ ရ၏။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက် လုယက်၏၊ တစ်အိမ်တည်းကို သော်လည်း တိုက်ခိုက် လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက် လုယက်၏။

ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲအပ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

အဘယ် သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် -

၁... မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊
၂... တောအုပ်ကို သော်လည်း အမှီရ၏၊
၃... အားကြီးသူကိုသော်လည်း အမှီရ၏။

ရဟန်းယုတ်သည် အဘယ်သို့လျှင် မညီညွတ် သည်ကို အမှီရသနည်း...
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းယုတ်သည် မညီညွတ်သော ကာယကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော ဝစီကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော မနောကံနှင့် ပြည့်စုံ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် မညီညွတ်သည်ကို အမှီရသည် မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရသနည်း...
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းယုတ်သည် မှားသော အယူရှိ၏၊ သဿတစသည်ဖြင့် စွဲယူသော 'အန္တဂ္ဂါဟိက' ဒိဋ္ဌိနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရ သည် မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသနည်း...
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏ အမတ်ကြီး တို့ကိုသော် လည်းကောင်း အမှီရ၏၊ ထိုရဟန်းယုတ်အား ''ငါ့ကို တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ဤမင်းတို့ကသော် လည်းကောင်း၊ ဤမင်း၏ အမတ်ကြီး တို့ကသော် လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကုန်လတ္တံ့'' ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံ တစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော် လည်းကောင်း၊ ထိုမင်း၏ အမတ်ကြီးတို့ကသော် လည်းကောင်း အပြစ်ကို ကာကွယ်၍ ထိုရဟန်း ယုတ်၏ အကျိုးကို ပြောကြကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသည် မည်၏။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက် ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာ ရှိတို့လည်း စွပ်စွဲ အပ်၏၊ များစွာသော မကောင်းမှု တို့ကိုလည်း ဖြစ်ပွါး စေ၏ ဟု မိန့်တော်မူ၏။ 51

၁၁ - မဟာစောရသုတ်၊ စူဠဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။