နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, September 2, 2009

သူတော်ကောင်း တရားခုနစ်ပါးတို့နှင့် ပြည့်စုံရ၏...




နဂရောပမသုတ် - (နဂရ= မြို့၊ သြပမ= ဥပမာ၊ နှိုင်းယှဉ်ခြင်း)

ရဟန်းတို့ ဤအတူသာလျှင် အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် သူတော်ကောင်း တရားခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ လွန်မြတ်သော စိတ်၌် ဖြစ်ကုန်သော ယခုဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။ ရဟန်းတို့ ထိုအခါ၌ ဤအရိယာသာဝကကို မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်း ဟူ၍ လည်းကောင်း၊ ယုတ်မာသော မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်း ဟူ၍ လည်းကောင်း ဆိုအပ်၏။

အဘယ် သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံသနည်းဟူမူ -

၁...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်း နေသူတို့ လုံခြုံစေရန် လည်းကောင်း မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း တုရိုဏ်းတိုင်သည် နက်သော တွင်းရှိသည် ကောင်းစွာ မြေ၌ စိုက်မြှုပ်အပ်သည် တုန်လှုပ်ခြင်း မရှိသည် ဖြစ်၍ ထိုမှဤမှ ယိမ်းယိုင်ခြင်း မရှိသကဲ့သို့...

ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် ယုံကြည်မှု သဒ္ဓါနှင့် ပြည့်စုံ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် အဗ္ဗညုတဉာဏ်ကို ယုံကြည်၏။
''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော် မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏'' ဟု (ယုံကြည်၏)။ ရဟန်းတို့ ယုံကြည်မှု သဒ္ဓါရှိသော အရိယာသာဝကသည် အကုသိုလ်ကို ပယ်၏၊ ကုသိုလ်ကို
ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤပဌမ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၂...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း နက်လည်း နက်၍ ကျယ်လည်း ကျယ်သော ကျုံးသည် ဖြစ်သကဲ့သို့...

ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် အရှက်ရှိ၏၊ ကာယ ဝစီ မနော ဒုစရိုက်မှ ရှက်တတ်၏၊ ယုတ်ညံ့သည့် အကုသိုလ် တရားတို့သို့ ရောက်ရန် ရှက်တတ်၏။ ရဟန်းတို့ ရှက်တတ်သော အရိယာသာဝကသည် အကုသိုလ်ကို ပယ်၏၊ ကုသိုလ် ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်)တရားကို ပယ်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤဒုတိယ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၃...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း မြင့်လည်း မြင့်၍ ကျယ်လည်း ကျယ်သော မြို့တံတိုင်း အတွင်း၌ ထက်ဝန်းကျင် လှည့်လည်နိုင်သော လမ်းသည် ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် ထိတ်လန့်မှုရှိ၏၊ ကာယ ဝစီ မနော ဒုစရိုက် မှ ထိတ်လန့် တတ်၏၊ ယုတ်ညံ့ကုန်သော အကုသိုလ် တရားတို့သို့ ရောက်ရန် ထိတ်လန့်တတ် ၏။ ရဟန်းတို့ ဒုစရိုက်မှ ထိတ်လန့်သော အရိယာတပည့်သည် အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော (ကုသိုလ်) တရား ကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤတတိယ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၎...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း၊ မြား စသော ပစ်လွှတ်အပ်သော လက်နက်ကို လည်းကောင်း၊ ဓားစသော ကြွင်းသော လက်နက်ကို လည်းကောင်း လက်နက် များစွာကို သိုမှီးအပ် သကဲ့သို့...

ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် အကြားအမြင် များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။ ရဟန်းတို့ အကြားအမြင် များသော အရိယာ တပည့်သည် အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤစတုတ္ထ သူတော်ကောင်း တရားနှင့် ပြည့်စုံ၏။

၅...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဆင်စီးသူရဲ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ လေးသည်များ၊ အောင်လံကိုင်များ၊ စစ်ဆင်သူ၊ တစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းကို အတုံး အတစ် ဖြတ်တောက် သွားနိုင်သူ၊ စစ်ရေး၌ ထူးချွန်ကျော်စောသော မင်းသား၊ တဟုန်တည်း ပြေးဝင် စစ်ထိုးနိုင်သူ၊ ဆင်ပြောင် ကဲ့သို့သော သူရဲ၊ လွန်စွာ ရဲရင့်သူများ၊ ချပ်ဝတ်သူရဲ၊ ကျွန်ယုံတော် ဟူသော များစွာသော စစ်သည် ဗိုလ်ပါ အပေါင်းသည် နေဘိသကဲ့သို့...

ရဟန်းတို့ ဤဥပမာအတူ သာလျှင် အရိယာသာဝကသည် အကုသိုလ် တရား တို့ကို ပယ်ရန် ကုသိုလ် တရားတို့၌ ပြည့်စုံစေရန် ထက်သန်သော လုံ့လ ရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော အားထုတ် မှုရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန်ကို ချမထား။ ရဟန်းတို့ ဝီရိယဗိုလ်ပါအားနှင့် ပြည့်စုံသော အရိယာသာဝကသည် အကုသိုလ် တရားကိုပယ်၏၊ ကုသိုလ်တရားကို ပွါးများ၏၊ အပြစ်ရှိသော အကုသိုလ် တရားကို ပယ်၏။ အပြစ်မရှိသော ကုသိုလ် တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤပဉ္စမ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၆...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း မသိသူတို့ကို တားမြစ်တတ်၍ သိသူတို့ကို ဝင်စေတတ်သော ပညာရှိ၍ လိမ္မာထက်မြက်သော ပညာနှင့်ပြည့်စုံသော တံခါးမှူးသည် ရှိသကဲ့သို့...

ရဟန်းတို့ ဤ အတူသာလျှင် အရိယာတပည့်သည် သတိနှင့် ပြည့်စုံ၏၊ မြတ်သော ရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာအခါက ပြုအပ် ပြောဆို အပ်ခဲ့သည်ကို အောက် မေ့နိုင်၏၊ အဖန်ဖန် အောက်မေ့နိုင်၏။ ရဟန်းတို့ သတိတည်း ဟူသော တံခါးစောင့်ရှိသော အရိယာတပည့်သည် အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော အကုသိုလ် တရားကို ပယ်၏။ အပြစ်မရှိသော ကုသိုလ်တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤဆဋ္ဌ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။

၇...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း မြင့်လည်း မြင့်၍ ကျယ်လည်း ကျယ်သော အပေါက် အလုံးစုံ ပိတ်ဆို့သော အင်္ဂတေလိမ်းကျံသော မြို့တံတိုင်းသည် ဖြစ်သကဲ့သို့...

ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်ခြင်း ပျက်ခြင်းကို မြင်စွမ်း နိုင်၍ ကိလေသာကို ဖောက်ခွဲ နိုင်သည့်ပြင် ဒုက္ခ၏ကုန်ရာ နိဗ္ဗန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ အလုံးစုံသော အပေါက်တို့ကို ပိတ်ဆို့စေတတ်သော အင်္ဂတေတည်း ဟူသော ပညာနှင့် ပြည့်စုံသော အရိယာတပည့်သည် အကုသိုလ်ကို ပယ်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ် ရှိသော အကုသိုလ်တရားကို ပယ်၏။ အပြစ်မရှိသော ကုသိုလ် တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤသတ္တမ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။ ဤသူတော် ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံ၏။

လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော အဘယ် ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရသနည်း၊ မငြိုမငြင် မပင်မပန်း ရသနည်း။

၁...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ မွေ့လျော် ပျော်ပိုက်ရန် မထိတ်လန့် စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် များပြားသော မြက် ထင်း ရေကို သိုမှီး သိမ်းဆည်းအပ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်သည် မိမိ မွေ့လျော် ပျော်ပိုက်ရန် မတောင့်တရန် ချမ်းသာစွာ နေရရန် နိဗ္ဗာန်သို့ သက်ဝင်ရန် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။

၂...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ အတွင်းနေသူတို့ မွေ့လျော် ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် များပြားသော သလေးစပါး မုယောစပါးကို သိုမှီး သိမ်းဆည်းအပ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာ သာဝကသည် မိမိ မွေ့လျော် ပျော်ပိုက်ရန် မတောင့်တရန် ချမ်းသာစွာ နေရရန် နိဗ္ဗာန် သို့ သက်ဝင်ရန် ကြံစည်ခြင်း 'ဝိတက်' သုံးသပ်ခြင်း 'ဝိစာရ' တို့၏ ချုပ်ခြင်းကြောင့်။ပ။ ဒုတိယ ဈာန်သို့ ရောက်၍ နေ၏။

၃...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ အတွင်းနေသူတို့ မွေ့လျော် ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် များပြားသော နှမ်း ပဲနောက် ပဲကြီး ကြွင်းသော ပဲအမျိုးအပေါင်းကို သိုမှီး သိမ်းဆည်းအပ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝက သည် မိမိမွေ့လျော် ပျော်ပိုက်ရန် မတောင့်တရန် နိဗ္ဗာန်သို့ သက်ဝင်ရန် နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မစွဲမက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။

၎...
ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ အတွင်းနေသူတို့ မွေ့လျော် ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် ထောပတ် ဆီဦး ဆီ ပျား တင်လဲဆား ဟူသော များပြားသော ဆေးပစ္စည်းကို သိုမှီး သိမ်းဆည်းအပ် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်သည် မိမိမွေ့လျော်ရန် မတောင့်တရန် နိဗ္ဗာန်သို့ သက်ဝင်ရန် ချမ်းသာခြင်း 'သုခ' ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း 'ဒုက္ခ' ကိုလည်း ပယ်ခြင်း ကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း 'သောမနဿ' နှလုံးမသာခြင်း 'ဒေါမနဿ'တို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုခြင်း 'ဥပေက္ခာ' ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဤဈာန် လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင် မပင်မပန်းရ၏။

ရဟန်းတို့ အကြင်အခါ၌ အရိယာသာဝကသည် ဤသူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော ယခုဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဤဈာန် လေးပါးတို့ကိုလည်း အလိုရှိတိုင်း ရ၏၊ မငြိုမငြင် မပင်မပန်းရ၏။

ရဟန်းတို့ ထိုအခါ ဤအရိယာသာဝကကို မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်းဟူ၍ လည်းကောင်း၊ ယုတ်မာသော မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်းဟူ၍ လည်းကောင်း ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။ 67

မြို့ကို မြို့၏ အခြံအရံ ခုနစ်ခုတို့ဖြင့် ကောင်းစွာ ခြံရံအပ်၏၊ ပထမပိုင်း...

၃ - နဂရောပမသုတ်၊မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: