နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, December 21, 2009

သေမင်းမမြင်နိုင်သော လောက...


မောဃရာဇမာဏဝပုစ္ဆ


သေမင်းမမြင်နိုင်သော လောက...

မောဃရာဇသည် ဤသို့ မေးလျှောက်၏...

အကျွန်ုပ်သည်သာကီနွယ်ဖွား မြတ်စွာဘုရားကို နှစ်ကြိမ်တိုင် မေးလျှောက်ခဲ့ပါပြီ၊ စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား ဖြေကြားတော် မမူခဲ့ပါ၊ ဝိသုဒ္ဓိနတ် ရဟန်းမြတ် ဖြစ်တော်မူသော အသျှင်ဘုရားသည် သုံးကြိမ် တိုင် မေးမှသာလျှင် ဖြေကြားတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါသည်။ 1123 - 1

ဤလောကသည်လည်းကောင်း၊ အခြားလောကသည်လည်းကောင်း၊ နတ်နှင့်တကွ သော ဗြဟ္မာလောကသည် လည်းကောင်း၊ ဂေါတမအနွယ် ဖြစ်တော်မူသော အခြံ အရံ အကျော်အစော ရှိတော်မူသော အသျှင်ဘုရား၏ အယူကို မသိပါ။ 1124 - 2

ဤသို့ အလွန်မြတ်သည်ကို သိမြင်တော်မူလေ့ရှိသော မြတ်စွာဘုရားထံသို့ ပြဿနာ မေးလိုသဖြင့် အကျွန်ုပ် လာရောက်ပါ၏၊ လောကကို အဘယ်သို့ ရှုသူကို သေမင်းသည် မမြင်နိုင်ပါသနည်း။ 1125 - 3

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
မောဃရာဇ အခါ ခပ်သိမ်း အောက်မေ့မှု 'သတိ' ရှိလျက် မိမိကိုယ်ဟု စွဲလမ်းယူမှု 'အတ္တာနုဒိဋ္ဌိ' ကို နုတ်ပယ်၍ လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှုလော့၊ ဤသို့ ရှုသည်ရှိသော် သေမင်းကို လွန်မြောက် နိုင်ရာ၏၊ ဤသို့ လောကကို ရှုသောသူကို သေမင်းသည် မမြင်နိုင်။ 1126 - 4

၁၅ - မောဃရာဇမာဏဝပုစ္ဆ၊ ပါရာယနဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

1 comment:

CHO said...

'လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှုလော့'
ဆိုတာကို ရှင်းပြစေလိုပါသည်ဘုရား။ အရှင်ဘုရား ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် သာသနာပြုနိုင်ပါစေ။