နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, August 6, 2009

အဘယ်ကို မှီကုန်၍ နတ်တို့အား ပူဇော်ကြသနည်း...

ပူဇော်မှု၌ မမေ့မလျော့ကုန်သော ထိုသူတို့သည် ပဋိသန္ဓေနေမှုကိုလည်းကောင်း အိုမှုကိုလည်းကောင်း လွန်မြောက်နိုင်ပါကုန်သလော၊

ပုဏ္ဏကမာဏဝပုစ္ဆာ


ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏...
တုန်လှုပ်မှု 'တဏှာ' ကင်းတော်မူပြီးသော အကုသိုလ် အမြစ်အရင်းကို မြင်တော် မူသော အသျှင်ဘုရားကို ပြဿနာ မေးရန် အလိုရှိသည်ဖြစ်၍ အကျွန်ုပ် ရောက်လာခဲ့ပါ၏၊ ဤလောက၌ ရသေ့တို့သည် လည်းကောင်း၊ လူတို့သည် လည်း ကောင်း၊ မင်းတို့သည် လည်းကောင်း၊ ပုဏ္ဏားတို့သည် လည်းကောင်း အဘယ်ကို မှီကုန်၍ နတ်တို့အား ယဇ်ပူဇော်မှုကို အများအပြား ပြုကြပါကုန်သနည်း မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ 1 - 1050

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပုဏ္ဏက ဤလောက၌ ရသေ့တို့သည် လည်းကောင်း၊ လူတို့သည် လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ ပုဏ္ဏားတို့သည် လည်းကောင်း ဤသူအားလုံးတို့သည် လူ နတ် ဗြဟ္မာ အဖြစ်ကို တောင့်တကြကုန်လျက် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြကုန်၏၊ ထိုသူအားလုံးတို့သည် ဇရာစသော ဝဋ်ဆင်းရဲကို မှီကုန်လျက် ပူဇော်မှုကို ပြုကုန်၏။ 2-1051

ပုဏ္ဏကသည် ဤသို့ လျှောက်၏....
မြတ်စွာဘုရား ရသေ့တို့သည် လည်းကောင်း၊ လူတို့သည် လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ ပုဏ္ဏားတို့သည် လည်းကောင်း ဤသူအားလုံးတို့သည် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြပါကုန်၏၊ မြတ်စွာဘုရား အသို့ပါနည်း၊ ပူဇော်မှု၌ မမေ့မလျော့ကုန်သော ထိုသူတို့ သည် ပဋိသန္ဓေနေမှုကို လည်းကောင်း အိုမှုကို လည်းကောင်း လွန်မြောက်နိုင် ပါကုန် သလော၊ ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။ 3- 1052

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပုဏ္ဏက အကြင်သူတို့သည် လူ နတ် ဗြဟ္မာအဖြစ်ကို တောင့်တကုန်၏၊ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် အလှူ၏ အကျိုး အာနိသင်ကို ချီးမွမ်းကုန်၏၊ မြွက်ဆို တမ်းတကုန်၏၊ ပူဇော်ပသကြကုန်၏၊ လူ နတ်ဗြဟ္မာအဖြစ်ကို ရမှုကို စွဲ၍ ကာမတို့ ကို တမ်းတကုန်၏၊ ထိုသူတို့သည် ပူဇော်မှုကို အားထုတ်ကြ ကုန်သော်လည်း ဘဝကို တပ်စွန်းမှု 'တဏှာ' ဖြင့် တပ်မက် ကုန်သောကြောင့် ပဋိသန္ဓေနေမှု အိုမှု စသော ဝဋ် ဆင်းရဲကို မလွန်မြောက်နိုင်ကုန်ဟု ငါ ဆို၏။ 4 - 1053

ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏...
မြတ်စွာဘုရား ထိုသူတို့သည် ပူဇော်မှုကို အားထုတ်ကြ ပါကုန်သော်လည်း ပူဇော်မှုတို့ဖြင့် ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို အကယ်၍ မလွန်မြောက်နိုင်ကုန်ပါမူ အဘယ်သူသည် နတ်လောက လူ့လောက၌ ပဋိသန္ဓေနေမှု အိုမှု စသော ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူ ပါလော့။ 5 - 1054

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပုဏ္ဏက လောက၌ အကြင်သူအား မိမိအတွင်းအပ သဘောတရားတို့ကို ပညာဖြင့် ဆင်ခြင်၍ တစ်စုံတစ်ခုသော လောက၌ တုန်လှုပ်တတ်သော တဏှာမရှိ၊ ထိုသူသည် ကိလေသာ ငြိမ်းအေးသူ ဒုစရိုက် အခိုးကင်းသူ ဆင်းရဲကြောင်း ကိလေသာ ကင်းပြီးသူ တဏှာ ကင်းပြီးသူ ဖြစ်၍ ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို ကူးမြောက်နိုင်၏ဟု ငါ ဆို၏။ 6 - 1055

၃ - ပုဏ္ဏကမာဏဝပုစ္ဆာ၊ ပါရာယနဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, August 5, 2009

သင် မပြတ်ဆင်ခြင်ပါ...


ပဗ္ဗဇိတအဘိဏှသုတ်

ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို ရဟန်းသည် မပြတ် ဆင်ခြင်အပ်ကုန်၏။

အဘယ်တရား ဆယ်မျိုးတို့နည်းဟူမူ...

၁...
''ငါသည် အဆင်း ဖောက်ပြန်သည်၏ အဖြစ်သို့ ကပ်ရောက်ရ၏'' ဟု ရဟန်း
သည် မပြတ် ဆင်ခြင်အပ်၏။

၂...
''ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေ၏'' ဟု မပြတ်
ဆင်ခြင်အပ်၏။

၃...
''ငါသည် လူအမူအရာ အသွင်အပြင်မှတစ်ပါး အခြားသော အသွင်အပြင် အမူအရာကို ပြုသင့်၏'' ဟု မပြတ် ဆင်ခြင်အပ်၏။

၎...
''ငါ၏ စိတ်သည် သီလအားဖြင့် မိမိကိုယ်ကို မစွပ်စွဲဘဲရှိ၏လော'' ဟု မပြတ် ဆင်ခြင်အပ်၏။

၅...
''ငါ့ကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ သီလအား ဖြင့် မစွပ်စွဲဘဲ ရှိကြ၏လော'' ဟု မပြတ် ဆင်ခြင်အပ်၏။

၆...
''ငါ့အား ချစ်ခင်သူ နှစ်သက်သူ အားလုံးတို့နှင့် ရှင်ကွဲ ကွဲမှု သေကွဲ ကွဲမှု (ဖြစ်ရမည်)'' ဟု မပြတ် ဆင်ခြင်အပ်၏။

၇...
''ငါသည် ကံသာလျှင် မိမိဥစ္စာရှိသူ ကံ၏ အမွေခံသူ ကံသာလျှင် အကြောင်းရှိသူ ကံသာလျှင် မိတ်ဆွေရှိသူ ကံသာလျှင် လဲလျောင်းရာ ရှိသူဖြစ်၏၊ ငါပြုမည့် ကောင်းသောကံ, မကောင်းသော ကံ၏ အမွေခံ ဖြစ်ရမည်'' ဟု မပြတ် ဆင်ခြင်အပ်၏။

၈...
''ငါသည် အဘယ်သို့ ဖြစ်နေစဉ် ညဥ့်နေ့တို့သည် ငါ့ကို လွန်ကုန်သနည်း'' ဟု မပြတ် ဆင်ခြင်အပ်၏။

၉...
''ငါသည် ဆိတ်ငြိမ်ရာ ကျောင်း၌ မွေ့လျော်၏လော'' ဟု မပြတ် ဆင်ခြင်အပ်၏။

၁၀...
''ငါသည် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးကို ရအပ်လေသလော၊ ငါသည် နောက်ဆုံး သေခါနီးကာလ၌ သီတင်းသုံးဖော်တို့က မေးသည်ရှိသော် မျက်နှာမလှ မဖြစ်ရအံ့'' ဟု ရဟန်းသည် မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ ဤဆိုခဲ့ပြီး တရားဆယ်မျိုးတို့ကို
ရဟန်းသည် မပြတ်ဆင်ခြင်အပ်ကုန်၏ ဟု မိန့်တော်မူ၏။ 48

၈ - ပဗ္ဗဇိတအဘိဏှသုတ်၊ အက္ကေသဝဂ်၊ ဒဿကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

လူအလုပ်နှင့်... ရဟန်းအလုပ်...

ပဓာနသုတ်


လူအလုပ်နှင့်... ရဟန်းအလုပ်...


ရဟန်းတို့
လောက၌ ဖြစ်စေနိုင်ခဲကုန်သော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ-

၁...
အိမ်၌ နေကုန်သော လူတို့၏ သင်္ကန်း၊ ဆွမ်း၊ ကျောင်း သူနာ၏ အထောက်အပံ့ ဖြစ်သော ဆေး အသုံးဆောင်တို့ကို ထောက်ပံ့ခြင်းငှာ အားထုတ်ခြင်း။

၂...
လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင် ရောက်၍ 'ရဟန်းပြု' ကုန်သော ရှင်ရဟန်းတို့၏ အလုံးစုံသော ဥပတိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန် အကျိုးငှာ အားထုတ်ခြင်းတို့ တည်း။

ရဟန်းတို့ ဖြစ်စေနိုင်ခဲ့ကုန်သော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုး တို့ပေတည်း။

ရဟန်းတို့ လောက၌ ဤအားထုတ်ခြင်းနှစ်မျိုးတို့တွင် အလုံးစုံသော ဥပဓိတို့ကို စွန့်ရာ ဖြစ်သော နိဗ္ဗာန် အလို့ငှာ အားထုတ်ခြင်းသည် အမြတ်ဆုံးပေတည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာ တော်၌ ''အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန် အကျိုးငှာ အားထုတ်ခြင်းကို အားထုတ်ကြကုန်အံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ 2

၂ – ပဓာနသုတ်၊ ကမ္မကရဏဝဂ်၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, August 3, 2009

လောကသည် ပျက်စီးတော့မည် တရားဟောတော်မူပါလော့...


လောကသည် ပျက်စီးတော့မည် တရားဟောတော်မူပါလော့...

ဗြဟ္မာယာစနသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရှေးဦးစွာ ဘုရားဖြစ်တော်မူပြီးစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း ဆိတ်ကျောင်းညောင်ပင်ရင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ ဆိတ်ကွယ်ရာအရပ်သို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်း နေတော်မူစဉ် မြတ်စွာဘုရားအား ဤသို့ စိတ်အကြံ ဖြစ်တော်မူ၏-

''ငါ သိထားသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏၊ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကြကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်နေကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက် အလွန်နှစ်ခြိုက်နေကြသော ဤသတ္တဝါများသည် အကျိုး တရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ် တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာ ဖြစ်သော ဤနိဗ္ဗာန် တရားကိုလည်း မြင်နိုင်ခဲ၏၊ ငါသည် တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည် ငါ၏တရားကို မသိ နားမလည်နိုင်ရာ၊ သို့ဖြစ်လျှင် ထို တရားဟောမှုသည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုငါ ညှဉ်းဆဲရုံသာ ဖြစ်ရာ၏'' ဟု စိတ်အကြံဖြစ်တော်မူ၏။

ထို့အပြင် အလွန်အံ့သြဖွယ် ကောင်းသော ဤဂါထာတို့သည်လည်း ရှေးက မကြားဖူးဘဲ မြတ်စွာဘုရား၏ စိတ်တော်၌ ထင်လာပြန် ကုန်၏-

''ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိထားသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂ, ဒေါသ နှိပ်စက်ခံနေရသော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။ အဝိဇ္ဇာအမှောင်ထု ဖုံးလွှမ်းလျက် ရာဂစွဲကပ်နေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော သံသရာအဆန်တရားကို မြင်နိုင်ကြမည် မဟုတ်ချေ'' ဟု စိတ်တော်၌ ထင်ပေါ်လာ ပြန်ကုန်၏။

ဤသို့ ဆင်ခြင်တော်မူစဉ် မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော်မမူ သေးဘဲ ကြောင့်ကြမဲ့နေရန် ညွတ်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ သဟမ္ပတိဗြဟ္မာအား ဤသို့ အကြံ ဖြစ်ပေါ်လာ၏-

''အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ စိတ်နှလုံးတော် သည် တရားဟောရန် ညွတ်တော်မမူသေးဘဲ ကြောင့်ကြမဲ့နေရန် ညွတ်တော် မူတုံဘိ၏'' ဟု အကြံ ဖြစ်ပေါ်လာ၏။

ထို့နောက် ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်ရုံးကို ကွေးထားသကဲ့သို့ လည်းကောင်း သဟမ္ပတိဗြဟ္မာသည် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့ပြီးလျှင် မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာ၏။

ထိုအခါ ထိုသဟမ္ပတိဗြဟ္မာသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်၍ လက်ျာဒူးကို မြေ၌ထောက်လျက် မြတ်စွာဘုရားသို့ လက်အုပ်ချီပြီးလျှင် ''မြတ်စွာဘုရား ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား သည် တရားဟော တော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရား ဟောတော်မူပါလော့၊ ပညာမျက်စိ၌ ကိလေသာမြူ နည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ ထိုသတ္တဝါတို့သည် တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့'' ဟု လျှောက်၏၊

သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကို လျှောက်ပြန်၏-

''ရှေးအခါက မဂဓတိုင်း၌ ရာဂစသောအညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့သည် ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ ပါသည်၊ အမြိုက်နိဗ္ဗာန်တံခါးကို ဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်းတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော သစ္စာလေးပါးတရားကို သတ္တဝါအများ နာကြားကြပါစေကုန်လော့။

ကောင်းမြတ်သော ပညာရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် မြင်စွမ်းနိုင်သောဉာဏ် မျက်စိရှိတော်မူသော မြတ်စွာဘုရား ကျောက်တောင် ထိပ်၌ ရပ်တည်လျက်ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရား သည် ပညာ (ဓမ္မ)ဖြင့်ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေ နေခြင်း
အိုခြင်းတို့ အနှိပ်စက် ခံနေရသဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်း ကျရောက် နေသော သတ္တဝါ အပေါင်းကို ကြည့်ရှုတော်မူပါလော့။

ရဲရင့်တော်မူသော မြတ်စွာဘုရား၊
အောင်ပွဲဆင်ယင်တော်မူပြီးသော မြတ်စွာဘုရား ထတော်မူပါလော့။
ယာဉ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ ကိလေသာ ကြွေးကင်းဝေးတော် မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်းကြီးတော်မူ သော မြတ်စွာဘုရား တရားဟောတော်မူပါလော့။ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့'' ဟု လျှောက်ပြန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိအမှတ် ပြုပြီးလျှင် သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့်၁ လောကကို ကြည့်တော်မူ၏။
မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော် မူလတ်သော်...

ပညာ မျက်စိ၌ ကိလေသာမြူ နည်းပါးသူ၊ ကိလေသာမြူ များပြားသူ၊
ဣနြေ္ဒရင့်ကျက်ပြီးသူ၊ ဣနြေ္ဒနုသေးသောသူ၊၂
ကောင်းသော အခြင်းအရာရှိသူ၊ မကောင်းသော အခြင်းအရာရှိသူ၊
သိစေရန် လွယ်ကူသူ၊ သိစေရန် ခက်ခဲသူ၊
တမလွန်လောကအပြစ်တို့ကို ဘေးဟု ရှုလျက်နေလေ့ရှိသူအချို့နှင့် မရှုသူကို
မြင်တော်မူ၏။

ဥပမာသော်ကား
ဥပ္ပလကြာ၃တော၌ လည်းကောင်း၊ ပဒုမ္မာကြာတော၌ လည်းကောင်း၊ ပုဏ္ဍရိက် ကြာတော၌ လည်းကောင်း အချို့သော ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့ သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏။

အချို့သော ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေနှင့်အညီ တည်ကုန်၏။

အချို့သော ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေပေါ်သို့ တက်၍ တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်။

ဤအတူသာလျှင် မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူ လတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူ များပြားသူ၊ ဣနြေ္ဒရင့်ကျက်သူ၊ ဣနြေ္ဒနုသေးသူ၊ ကောင်းသော အခြင်းအရာရှိသူ၊ မကောင်းသော အခြင်းအရာရှိသူ၊ သိစေရန် လွယ်ကူသူ၊ သိစေရန် ခက်ခဲသူ၊ တမလွန်လောက အပြစ်တို့ကိုဘေးဟု ရှုလေ့ရှိသူအချို့နှင့် တမလွန်လောက အပြစ်တို့ကို ဘေးဟု မရှုဘဲနေလေ့ရှိသူ အချို့တို့ကို မြင်တော်မူသောကြောင့် သဟမ္ပတိဗြဟ္မာအား ဂါထာဖြင့် မိန့်တော်မူ၏-

''ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည် ဖြစ်၍ လူတို့အား မဟောခဲ့ပြီ မဟောဘဲနေရန် အကြံ ဖြစ်ခဲ့ပြီ၊ ပညာ တည်းဟူသော နားနှင့်ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း သဒ္ဓါတရားကို စေလွှတ်ကြ ကုန်လော့၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ငါ ဖွင့်ထားပြီ''ဟု မိန့်တော်မူ၏။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် ''မြတ်စွာဘုရားသည် တရားဟောရန် ငါ့အား ခွင့်ပြုတော်မူပြီ'' ဟု သိသဖြင့် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။ 172

၁ - ဗြဟ္မာယာစနသုတ်၊ ပဌမဝဂ်၊ ဗြဟ္မသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


------
၁။ (က) သတ္တဝါတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်။ (ခ) သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းဝပ်ရာ အာသယနှင့်အနုသယကိလေသာတို့ကို သိသော အာသယာနုသယဉာဏ် ဤဉာဏ်နှစ်ပါးကို ဗုဒ္ဓစက္ခုဟုခေါ်သည်။
၂။ အခြားပါဠိတော်များ၌ ဒွါကာရေ ဒုဝိညာပယေ အပ္ပေကစ္စေန ပရလောကဝဇ္ဇ ဘယဒဿာဝိနေ ဝိဟရန္တေပုဒ်များ မပါ။
၃။ ဥပ္ပလ=ကြာဖြူ ကြာနီ ကြာညို။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အခါမဟုတ်သည်၌ ဆုံးမသော ရဟန်းသည် နှုံ့နှေးမိုက်မဲသူ

ကဿပဂေါတ္တသုတ်

အခါတစ်ပါး၌ အသျှင်ကဿပဂေါတ္တသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ အသျှင်ကဿပဂေါတ္တသည် နေ့သန့်စင်ရာသို့ ကပ်၍ သားမုဆိုး တစ်ယောက်ကို ဆုံးမ၏၊ ထိုအခါ ထို တောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်ကဿပဂေါတ္တအား ထိတ်လန့်စေလိုသည် ဖြစ်၍ ထိုအသျှင်ကဿပ ဂေါတ္တထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာတို့ဖြင့် ရွတ်ဆို၏-

''ရဟန်း တောင်ချောက်ကြား၌ သွားလာနေသော ပညာမဲ့၍ အကြောင်းအကျိုး သိနိုင်သည့်စိတ်မရှိသော မုဆိုးကို အခါမဟုတ်သည်၌ ဆုံးမသော ရဟန်းသည် နှုံ့နှေးမိုက်မဲသူကဲ့သို့ အကျွန်ုပ် ဉာဏ်၌ ထင်ပါ၏။

မုဆိုးမိုက်သည်...
နားထောင်၏၊ သိကား မသိ။
ကြည့်၏၊ မြင်ကား မမြင်။
တရားဟောသော်လည်း အနက်အဓိပ္ပာယ်ကို မသိနိုင်။

ကဿပ သင်သည် ဆယ်တိုင်သော မီးတို့ကို ညှိထွန်းစေကာမူ ထိုသားမုဆိုးသည် အဆင်းတို့ကို မမြင်ရလတံ္တ့၊ ထိုတောမုဆိုးအား (ပညာ) မျက်စိမရှိသည် သာတည်း'' ဟု ရွတ်ဆို၏။ ထိုအခါ၌ အသျှင်ကဿပဂေါတ္တသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။ 223

၃ - ကဿပဂေါတ္တသုတ်၊ ဝနသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, August 2, 2009

သေခြင်းတရားကို အောက်မေ့ရမည်...


သေခြင်းတရားကို အောက်မေ့ရမည်...

ပဌမ မရဏဿတိသုတ်၊

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို ''ရဟန်းတို့'' ဟူ၍ ခေါ်တော်မူ၏၊ ''အသျှင် ဘုရား'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြ ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ''မရဏဿတိ 'သေခြင်း တရားကို အောက်မေ့မှု' ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက် (နိဗ္ဗာန်)သို့ သက်ဝင်၏။ အမြိုက် (နိဗ္ဗာန်)လျှင် အဆုံးရှိ၏။

ရဟန်းတို့ သင်တို့သည် မရဏဿတိကို ပွါးများ ကုန်၏လော'' ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသည် ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် တစ်နေ့ တစ်ညဥ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်း ကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု (အကြံ ဖြစ်ပါ၏)။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် တစ်နေ့မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို နှလုံးသွင်းရ လေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ် သည် ဖြစ်ရာ၏'' ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံး အမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု (အကြံဖြစ်ပါ၏)။
အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် အဘယ်သို့လျှင် မရဏဿတိကို ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် လေးလုတ် ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-
''ငါသည် ဆွမ်းတစ်လုတ်မျှကို ဝါးမျိုးနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-
''ငါသည် ဝင်သက်ရှု၍ ထွက်သက်ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှုချိန် အတွင်း အသက်ရှင်ရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု လျှောက်၏။

ဤသို့ လျှောက်ကုန်သည်ရှိသော် ...
မြတ်စွာဘုရားသည် ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ''ငါသည် တစ်နေ့ တစ်ညဥ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

''ငါသည် တစ်နေ့ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်း ကိစ္စကို) များစွာ ပြုအပ် သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

''ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အားစင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

''ငါသည် လေးလုတ် ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိ ကို ပွါးများသော ရဟန်း၊

ဤရဟန်းတို့ကို မေ့လျော့စွာ နေကြကုန်၏ ဟူ၍ လည်းကောင်း၊ အာသဝေါတရား ကုန်ခန်းရန် နုံ့နှေးစွာ မရဏဿတိကို ပွါးများကုန်၏ ဟူ၍ လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ ငါသည် ဆွမ်းတစ်လုတ်တည်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

'ငါသည် ဝင်သက်ရှူ၍ ထွက်သက် ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှူချိန် အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

ဤရဟန်းတို့ကို မမေ့မလျော့နေကြကုန်၏ ဟူ၍ လည်းကောင်း၊ အာသဝေါတရား ကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကို ပွါးများကုန်၏ ဟူ၍ လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ ထို့ကြောင့်လျှင် ဤသို့ ကျင့်ရမည် ''မမေ့မလျော့ နေကုန်အံ့၊ အာသဝေါ တရားတို့ ကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကမ္မဋ္ဌာန်းကို ပွါးများကုန်အံ့'' ဟူ၍ (ကျင့်ရမည်)။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (မိန့်တော်မူ၏)။ 19

၉ - ပဌမ မရဏဿတိသုတ်၊ သာရဏီယဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဒါတွေကို သင်ပယ်ရမည်...

တဏှာသုတ်

ရဟန်းတို့ ...
ဤတဏှာ သုံးမျိုးတို့ကိုလည်း ပယ်အပ်ကုန်၏၊
ဤမာန သုံးမျိုးတို့ကိုလည်း ပယ်အပ်ကုန်၏။

အဘယ်တဏှာ သုံးမျိုးတို့ကို ပယ်အပ်ကုန်သနည်း။

၁... ကာမတဏှာကို လည်းကောင်း၊
၂... ဘဝတဏှာကို လည်းကောင်း၊
၃... ဝိဘဝတဏှာကို လည်းကောင်း၊
ဤတဏှာ သုံးမျိုးတို့ကို ပယ်အပ်ကုန်၏။

အဘယ် မာနသုံးမျိုးတို့ကို ပယ်အပ်ကုန် သနည်း။

၁... အမျိုးဇာတ်စသည်ကို စွဲ၍ ဖြစ်သော မာနကို လည်းကောင်း၊
၂... ယုတ်သော မာနကို လည်းကောင်း၊
၃... အလွန် ထောင်လွှား တက်ကြွသော မာနကို လည်းကောင်း၊
ဤသုံးမျိုးတို့ကို ပယ်အပ်ကုန်၏။

ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ဤတဏှာ သုံးမျိုးတို့ကို လည်းကောင်း ဤမာန သုံးမျိုးတို့ကို လည်းကောင်း ပယ်အပ်ကုန်၏၊ ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူ၊ သံယောဇဉ်ကို လွန်မြောက်ပြီးသူ၊ ကောင်းစွာ မာနကို ပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူ ဟူ၍ ဆိုအပ်၏ဟု မိန့်တော်မူ၏။ 106

၁၁ - တဏှာသုတ်၊ အာနိသံသဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, August 1, 2009

ဒါလေးတော့ ပြည့်စုံပါစေ...


ဒါလေးတော့ ပြည့်စုံပါစေ... မပြည့်စုံရင်တော့...


ပဌမ သောစေယျသုတ်

ရဟန်းတို့ စင်ကြယ်ခြင်းတို့သည် ဤသုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူ-

၁... ကာယဒွါရ၌ စင်ကြယ်ခြင်း၊
၂... ဝစီဒွါရ၌ စင်ကြယ်ခြင်း၊
၃... မနောဒွါရ၌ စင်ကြယ်ခြင်းတို့တည်း။

ရဟန်းတို့ ကာယဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော သူသည်

၁... သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊
၂... မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊
၃... ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။

ရဟန်းတို့ ဤသည်ကို ကာယဒွါရ၌ စင်ကြယ်ခြင်း ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဝစီဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော သူသည်

၁... မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊
၂... ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊
၃... ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊
၎... ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။
ရဟန်းတို့ ဤသည်ကို ဝစီဒွါရ၌ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ မနောဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော သူသည်

၁... မက်မောခြင်း 'အဘိဇ္ဈာ' မများ၊
၂... ပျက်စီးစေလိုသောစိတ် မရှိ၊
၃... ကောင်းသော မြင်ခြင်းရှိ၏။
ရဟန်းတို့ ဤသည်ကို မနောဒွါရ၌ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။
ရဟန်းတို့ စင်ကြယ်ခြင်း တို့သည် ဤသုံးမျိုးတို့တည်းဟု မိန့်တော်မူ၏။ 121

၈ - ပဌမ သောစေယျသုတ်၊ အာပါယိကဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တိုးပွါးရန်ထိုက်သူနှင့် မထိုက်သူ...

ပဌမ ပါပဏိကသုတ်

ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း၊ ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန်သော် လည်းကောင်း မထိုက်။
အဘယ်သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ (ဤလောက၌) ဈေးသည်သည်...
၁... နံနက်အခါ၌ ရောင်းဝယ်မှု အလုပ်ကို ရိုရိုသေသေ မစီရင် 'မပြုလုပ်'၊
၂... နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် 'မပြုလုပ်'၊
၃... ညချမ်းအခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် 'မပြုလုပ်'။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန် သော်လည်းကောင်း မထိုက်။

ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော် လည်းကောင်း ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော် လည်းကောင်း မထိုက်။
အဘယ် သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်...
၁... နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊
၂... နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊
၃... ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်။

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော် လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါး စေရန်သော် လည်းကောင်း မထိုက်။

ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော် လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန်သော် လည်းကောင်း ထိုက်၏။
အဘယ်သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤလောက၌ ဈေးသည်သည်...
၁... နံနက်အခါ၌ ရောင်းဝယ်မှု အလုပ်ကို ရိုရိုသေသေ စီရင် 'ပြုလုပ်၏'၊
၂... နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် 'ပြုလုပ်၏'၊
၃... ညချမ်းအခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် 'ပြုလုပ်၏'။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော် လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန် သော်လည်းကောင်း ထိုက်၏။

ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ် တရားကို တိုးပွါးစေ ရန်သော်လည်းကောင်း ထိုက်၏။
အဘယ်သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...
၁... နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊
၂... နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊
၃... ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါး စေရန်သော်လည်းကောင်း ထိုက်၏ ဟု မိန့်တော်မူ၏။ 19

၉ - ပဌမ ပါပဏိကသုတ်၊ ရထာကာရဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။