နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, August 11, 2009

လောက၏ သာယာဖွယ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏...



ပဌမ အဿာဒသုတ် - (သာယာခြင်း)


ရဟန်းတို့ ငါသည် လောက၏ သာယာဖွယ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောက၌ ယင်းသာယာဖွယ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ သာယာဖွယ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ ငါသည် လောက၏ အပြစ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ ဖူး၏၊ လောက၌ ယင်း အပြစ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ အပြစ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ ငါသည် လောကမှ ထွက်မြောက် ရာကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောကမှ ထွက်မြောက်ရာကို သိရပြီ၊ လောကမှ ထွက်မြောက်ရာ ရှိရှိသမျှကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ် အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်တိုင်း မှန်စွာ ပိုင်ပိုင်နိုင်နိုင် မသိရသေးသမျှ ကာလပတ် လုံး နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ငါ ဝန်မခံခဲ့ပေ။ ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်
ဟုတ်တိုင်း မှန်စွာ ပိုင်ပိုင်နိုင်နိုင် သိသော အခါ၌မူကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွ သော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ''ငါ၏ အရဟတ္တ ဖိုလ်သည် မပျက်စီးနိုင်ပြီ၊ ဤဘဝသည် နောက်ဆုံးဘဝ ဖြစ်၏၊ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း သဘောသည် မရှိတော့ပြီ'' ဟု ငါ့အား (ပစ္စဝေက္ခဏာ) ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပြီဟု (မိန့်တော်မူ၏)။ 105

၂ - ပဌမ အဿာဒသုတ်၊ သမ္ဗောဓဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သီလဗ္ဗတသုတ်...

သီလဗ္ဗတသုတ် ...

ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည်- ''အာနန္ဒာ အသက်ဆံဖျား အားထုတ် အပ်သော အလေ့အကျင့် လည်းကောင်း၊ မြတ်သော အကျင့်ကို ကျင့်သုံးမှု လည်းကောင်း၊ အထင်အားဖြင့်ဖြစ်သော အမြတ်တရား လည်းကောင်း ထို အားလုံးသည် (လိုအပ်သော) အကျိုး ရှိပါသလော'' ဟု(မေးတော်မူ၏)။

အသျှင်ဘုရား ဤအရာ၌ မုချအားဖြင့် မဖြေဆိုသင့်ပါဟု (လျှောက်၏)။

အာနန္ဒာ သို့ဖြစ်လျှင် ဝေဖန်လော့ ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကြင် သို့သဘောရှိသော အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သောအကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့ကို မှီဝဲသောသူအား အကုသိုလ် တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏။

ဤသို့သဘောရှိသော အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့သည် အကျိုးမရှိနိုင်ပါ။ အသျှင်ဘုရား အသက်ဆံဖျား အားထုတ်အပ်သော အလေ့ အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့ကို မှီဝဲသောသူအား အကုသိုလ် တရားတို့ ဆုတ်ယုတ် ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွါးကုန်၏။

ဤသို့သဘောရှိသော အသက် ဆံဖျား အားထုတ် အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားသည် အကျိုးရှိနိုင်ပါ၏ဟု (လျှောက်၏)။

အသျှင်အာနန္ဒာသည် ဤစကားကို လျှောက်၏၊

မြတ်စွာဘုရားသည် နှစ်သက်တော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် ''ငါ့စကားကို မြတ်စွာဘုရား နှစ်သက်တော် မူပါပေသည်'' ဟု ထိုင်ရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြုလျက် ဖဲခွါသွားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာ ဖဲသွား၍ မကြာမီပင် ရဟန်းတို့ကို ''ရဟန်းတို့ အာနန္ဒာကား ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ် သာတည်း၊ ယင်းသို့ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်ဖြစ်လင့်ကစား ထို အာနန္ဒာနှင့် ပညာအရာ ထပ်တူထပ်မျှ တူညီသူကို ရလွယ်သော သဘောရှိသည် မဟုတ်ပေ'' ဟု မိန့်တော်မူ၏။ 79

၈ - သီလဗ္ဗတသုတ်၊ အာနန္ဒဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, August 10, 2009

ရဟန်းတို့ ရာဟုလာကို ဤသို့ ရှင်သာမဏေ ပြုပေးရမည်...

ရာဟုလာ ဝတ္ထု...

တစ်ရံရောအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူ ပြီးလျှင် ကပိလဝတ်ပြည်သို့ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူ လတ်သော် ထိုကပိလဝတ်ပြည်သို့ ရောက်တော်မူ၍ သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းကြီး၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် သုဒ္ဓေါဒန သာကီဝင်မင်းကြီး၏ နန်းတော်သို့ ချဉ်းကပ်ပြီးနောက် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ ရာဟုလာ၏ မယ်တော် (ယသော်ဓရာ) ဒေဝီသည် ရာဟုလာမင်းသားကို ''ချစ်သား ရာဟုလာ ဤရဟန်းသည် သင်၏ အဖတည်း၊ သွားလော့ အမွေတောင်း ချေလော့'' ဟု ပြောဆို၏။

ထိုအခါ ရာဟုလာ မင်းသားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ''ရဟန်း သင်၏ အရိပ်သည် ချမ်းအေးလှစွာ၏''ဟုဆို၍ မြတ်စွာဘုရား၏ ရှေ့၌ ရပ်တည်၏။

မြတ်စွာဘုရားသည် နေရာမှ ထ၍ ဖဲခွါ ကြွသွားတော်မူသောအခါ ရာဟုလာ မင်းသား သည် ''ရဟန်း အကျွန်ုပ်အား အမွေပေးပါလော့၊ ရဟန်း အကျွန်ုပ်အား အမွေပေးပါလော့'' ဟု ဆိုလျက် မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို ''ချစ်သား သာရိပုတ္တရာ သင်သည် ရာဟုလာမင်းသားကို ရှင်ပြုပေးလေလော့'' ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ရာဟုလာမင်းသားကို အဘယ်သို့ ရှင်ပြုပေးရပါ အံ့နည်း ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ သရဏဂုံသုံးပါးတို့ဖြင့် ရှင်သာမဏေ ပြုခြင်းကို ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့ ရှင်သာမဏေ ပြုပေးရမည်၊

၁...
ရှေ့ဦးစွာ ဆံမုတ်ဆိတ်တို့ကို ပယ်စေ၍၊

၂...
ဖန်ရည် ဆိုးသော အဝတ်တို့ကို ဝတ်ရုံစေပြီးလျှင်၊ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံ 'ဧကသီ' ကို စံပယ်တင်စေ၍ ရဟန်းတို့၏ ခြေတို့ကို ရှိးခိုးစေကာ ဆောင့်ကြောင့်ထိုင်စေပြီးလျှင် လက်အုပ်ချီစေလျက် 'ဤသို့ ဆိုလော့' ဟု ပြောဆိုရမည်။

၃...
'မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။

နှစ်ကြိမ်မြောက်လည်း...
'မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။

သုံးကြိမ်မြောက်လည်း...
'မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ ဟု ဆိုလော့ဟု ပြောဆိုရမည်။
(((ကိုရင်ဝတ်လျှင် ဤသုံးမျိုးသာ လိုပါသည်)))

''ရဟန်းတို့ ဤသုံးပါးသော သရဏဂုံတို့ဖြင့် ရှင်သာမဏေပြုခြင်းကို ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ အရှင်သာရိပုတ္တရာသည် ရာဟုလာမင်းသားကို ရှင်ပြုပေးလေ၏။

ထိုအခါ သုဒ္ဓေါဒနသာကီဝင်မင်းကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် သုဒ္ဓေါဒန သာကီဝင်မင်းကြီးသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအား ဆုတစ်ခုကို တောင်းလိုပါ၏'' ဟု လျှောက်၏။

ဂေါတမအနွယ်ဖြစ်သောမင်းကြီး...
မြတ်စွာဘုရားတို့သည် ဆုပေးခြင်းမှ လွန်မြောက်ကုန်၏ ဟု (မိန့်တော်မူရာ) -

အသျှင်ဘုရား တောင်းမည့်ဆုသည် အပ်လည်း အပ်ပါ၏၊
အပြစ်လည်း မရှိပါ ဟု လျှောက်၏။

ဂေါတမအနွယ် ဖြစ်သော မင်းကြီး ဆိုလော့ ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရား ရဟန်းပြုစဉ်က အကျွန်ုပ်အား အတိုင်းမသိသော ဆင်းရဲ 'ဒုက္ခ' ဖြစ်ရပါ၏၊ နန္ဒမင်းသား ရဟန်းပြုသည် ရှိသော် ထို့အတူပင် ဆင်းရဲ 'ဒုက္ခ' ဖြစ်ရပါ၏၊ ရာဟုလာ ရဟန်း ပြုရာ၌ကား လွန်ကဲသော ဆင်းရဲ 'ဒုက္ခ' ဖြစ်ရပါ၏။ အသျှင်ဘုရား သား၌ ချစ်ခြင်းသည် အရေပါးကို ဖောက်ထွင်း၍ အရေထူကို, အရေထူမှ အသားကို, အသားမှ အကြောကို, အကြောမှ အရိုးကို ဖောက်ထွင်း၍့ ရိုးတွင်း ခြင်ဆီသို့ ထိအောင် တည်ပါ၏။ အသျှင်ကောင်းတို့သည် အမိအဖတို့ ခွင့်မပြုသော သားကို ရှင်ရဟန်း ပြုမပေးပါရန် တောင်းပန်ပါသည် အသျှင်ဘုရားဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် သုဒ္ဓေါဒန သာကီဝင်မင်းကြီးအား တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကိုဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေတော်မူ၏။

ထိုအခါ သုဒ္ဓေါဒနသာကီဝင်မင်းကြီးသည် မြတ်စွာဘုရားက တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ဤသို့သော အကြောင်းအရာကြောင့် တရားစကား ကို ဟောတော်မူ၍ ရဟန်းတို့ကို- ''ရဟန်းတို့ အမိအဖတို့ ခွင့်မပြုသော သားကို ရှင်ရဟန်းပြုမပေးရ၊ ရှင်ရဟန်း ပြုပေးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏'' ဟု မိန့်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီးလျှင် သာဝတ္ထိပြည်သို့ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည် ရှိသော် ထိုသာဝတ္ထိပြည်သို့ ရောက်တော် မူ၍ ထိုသာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ အသျှင်သာရိပုတ္တရာ၏ အလုပ်အကျွေးဒါယကာသည် ''မထေရ်သည် ဤသူငယ်ကို ရှင်ပြုပေးတော်မူပါ'' ဟု အသျှင်သာရိပုတ္တရာထံသို့ သူငယ်ကို စေလွှတ်၏။ ထိုအခါ အသျှင်သာရိပုတြာအား ''မြတ်စွာဘုရားသည် ရဟန်းတစ်ပါး တည်း သာမဏေနှစ်ယောက်တို့ကို မလုပ်ကျွေးစေအပ်ဟု ပညတ် တော်မူ၏၊ ငါ့အားလည်း ဤရာဟုလာ သာမဏေသည် ရှိ၏၊ ငါသည် အဘယ်သို့ ကျင့်ရပါ အံ့နည်း'' ဟု အကြံ ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။

''ရဟန်းတို့ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းတစ်ပါးသည် သာမဏေ နှစ်ယောက်တို့ကို လုပ်ကျွေးစေရန်လည်းကောင်း အကြင်မျှလောက်သော သာမဏေတို့ကို သွန်သင်ဆုံးမခြင်းငှါ စွမ်းနိုင်၏၊ ထိုမျှလောက်သော သာမဏေ တို့ကို လုပ်ကျွေးစေရန်လည်းကောင်း ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။ 105

၄၁ - ရာဟုလာ ဝတ္ထု၊ မဟာခန္ဓက၊ မဟာဝဂ်ပါဠိတော်။ ယသောဓရာ



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အကြောင်းငါးမျိုးတို့ဖြင့် ချီးမြှောက်အပ်သည်...

အနုဂ္ဂဟိတသုတ် - (ချီးမြှောက်အပ်သည်)

ရဟန်းတို့ အကြောင်းငါးမျိုးတို့ဖြင့် ချီးမြှောက်အပ်သည့် မှန်ကန်သော အယူ 'သမ္မာဒိဋ္ဌိ' သည် စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု (မဂ်ဖိုလ်သမာဓိ) အကျိုးလည်း ရှိ၏၊ စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု (မဂ်ဖိုလ်သမာဓိ) အကျိုးအာနိသင်လည်း ရှိ၏၊ ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးလည်း ရှိ၏။ ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုး အာနိသင်လည်း ရှိ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ...
ဤသာသနာတော်၌ မှန်ကန်သော အယူ 'သမ္မာဒိဋ္ဌိ' ကို...

သီလဖြင့်လည်း ချီးမြှောက်အပ်၏။
အကြားအမြင်ဖြင့်လည်း ချီးမြှောက်အပ်၏။
ဆွေးနွေးမှုဖြင့်လည်း ချီးမြှောက်အပ်၏။
သမထဖြင့်လည်း ချီးမြှောက်အပ်၏။
ဝိပဿနာဖြင့်လည်း ချီးမြှောက်အပ်၏။

ရဟန်းတို့
ဤ အကြောင်းငါးမျိုးတို့ဖြင့်
ချီးမြှောက်အပ်သော မှန်ကန်သောအယူ 'သမ္မာဒိဋ္ဌိ' သည်

စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးလည်း ရှိ၏၊
စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုး အာနိသင်လည်း ရှိ၏၊
ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးလည်း ရှိ၏။
ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုး အာနိသင်လည်း ရှိ၏ ဟု မိန့်တော်မူ၏။ 25

၅ - အနုဂ္ဂဟိတသုတ်၊ ပဉ္စင်္ဂကဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, August 9, 2009

အဖန်ဖန် အောက်မေ့အပ်သော အကြောင်း ငါးမျိုး-သို့-ခြောက်မျိုး...

အဖန်ဖန် အောက်မေ့အပ်သော အကြောင်း ငါးမျိုး-သို့-ခြောက်မျိုး...


ဥဒါယီသုတ်

မြတ်စွာဘုရားသည် အသျှင်ဥဒါယီကို ...

''ဥဒါယီ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း'' ဟု မေးတော်မူ၏။

ဤသို့ မေးတော်မူသည် ရှိသော် အသျှင်ဥဒါယီသည် ဆိတ်ဆိတ်နေ၏၊

မြတ်စွာဘုရားသည် နှစ်ကြိမ်တိုင်အောင်လည်း ''ဥဒါယီ အဖန်ဖန် အောက်မေ့ အပ်သော အကြောင်းတို့သည် အဘယ်မျှရှိကုန်သနည်း'' ဟု မေးတော်မူ၏၊ နှစ်ကြိမ် တိုင်အောင်လည်း အသျှင်ဥဒါယီသည် ဆိတ်ဆိတ်နေ၏။

မြတ်စွာဘုရားသည် သုံးကြိမ် တိုင်အောင်လည်း ''ဥဒါယီ အဖန်ဖန် အောက်မေ့ အပ်သော အကြောင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း'' ဟု မေးတော်မူ၏၊ သုံးကြိမ်တိုင်အောင်လည်း အသျှင် ဥဒါယီသည် ဆိတ်ဆိတ်နေ၏။

ထိုအခါ အသျှင်အာနန္ဒာသည် အသျှင်ဥဒါယီအား -
''ငါ့သျှင် ဥဒါယီ သင့်ကို မြတ်စွာဘုရား မေးမြန်းတော်မူ၏'' ဟု ဆို၏။

ငါ့သျှင်အာနန္ဒာ ငါသည် မြတ်စွာဘုရား၏ စကားတော်ကို ကြားပါ၏။
အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အဖန်ဖန် အောက်မေ့၏။

ဤသည်ကား အဘယ်နည်း -

တစ်ဘဝကို လည်းကောင်း၊ နှစ်ဘဝတို့ကို လည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အဖန်ဖန်အောက်မေ့၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အေက်မေ့အပ်သော အကြောင်းပါတည်း ဟု(လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ''အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ဤဥဒါယီသည် လွန်မြတ်သော (သမာဓိ, ဝိပဿနာနှင့် ယှဉ်သော) စိတ်ကို အားထုတ်လျက် မနေသူ ဟု ငါသိ၏'' ဟူ၍ မိန့်တော်မူ၏။

အာနန္ဒာ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် အဘယ်မျှ ရှိသနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ...
အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် ငါးမျိုး ရှိပါကုန်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ...

၁...
အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် မျက်မှောက်၌ ချမ်းသာစွာ နေရန် ဖြစ်ပါ၏။

၂...
အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် အာလောကသညာ 'အလင်းရောင် ဟူသော အမှတ်' ကို နှလုံးသွင်း၏၊ နေ့ဟူသော အမှတ်ကို ဆောက်တည်၏၊ နေ့အခါ ကဲ့သို့ ညဥ့်အခါ၌ ဖြစ်၏၊ ညဥ့်အခါ ကဲ့သို့ နေ့အခါ၌ ဖြစ်၏၊ ဤသို့ ဟင်းလင်းပွင့်၍ (နီဝရဏ) မမြှေးယှက်သော စိတ်ဖြင့် အရောင်အလင်းနှင့် တကွ စိတ်ကို ပွါး၏။
အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန် ဖြစ်ပါ၏။

၃...
အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် ခြေဖဝါးမှ အထက် ဆံပင်ဖျားမှ အောက် ထက်ဝန်းကျင် အရေပါးအဆုံး ရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုး တို့ဖြင့် ပြည့်လျက် ရှိသော ဤကိုယ်ခန္ဓာကိုပင် စူးစိုက်ဆင်ခြင်၏။
''ဤကိုယ်ခန္ဓာ၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ + အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ + နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ် + အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်) + သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ + မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်သည် ရှိ၏'' ဟု (စူးစိုက်ဆင်ခြင်၏)။
အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အေက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် ကာမ၌ စွဲမက်မှု 'ကာမရာဂ' ကို ပယ်ရန် ဖြစ်ပါ၏။

၎...
အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေကောင်၊ သေ၍ နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေကောင်၊ ဖူးရောင်နေသော သူသေကောင်၊ ရုပ်အဆင်းပျက်လျက် ညိုမဲနေသော သူသေကောင်၊ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည် ယိုစီးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုပင် ''ဤငါ၏ ကိုယ်သည်လည်း ဤသို့ သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည် သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤသို့ နှိုင်းစာ၍ ရှု၏။
ဥပမာ တစ်မျိုးသော်ကား ကျီးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော စွန်ရဲတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော လင်းတတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော ခွေးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော မြေခွေးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော ပိုးအမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် ''ဤငါ၏ ကိုယ်သည်လည်း ဤသို့ သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည် သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်'' ဟု ဤသို့ နှိုင်းစာ၍ ရှု၏။
ဥပမာ တစ်မျိုးသော်ကား ရဟန်းသည် အသားအသွေး ရှိသေးသော အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အသားကင်း၍ သွေးတို့ဖြင့်ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အသွေးအသား ကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ တစ်နေရာ၌ လက်ရိုး တစ်နေရာ၌ ခြေရိုး တစ်နေရာ၌ ခြေဖမျက်ရိုး တစ်နေရာ၌ မြင်းခေါင်းရိုး တစ်နေရာ၌ ပေါင်ရိုး တစ်နေရာ၌ ခါးရိုး တစ်နေရာ၌ နံရိုး တစ်နေရာ၌ ကျောက်ကုန်းရိုး တစ်နေရာ၌ ပခုံးရိုး တစ်နေရာ၌ လည်ပင်းရိုး တစ်နေရာ၌ မေးရိုး တစ်နေရာ၌ သွားရိုး တစ်နေရာ၌ ဦးခေါင်းခွံအားဖြင့် ဖွဲ့ခြင်း ကင်းကုန်လျက် ထိုထိုအရပ်တို့၌ ကြဲပြန့်နေကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့၊ ခရုသင်း အဆင်းနျင့်အတူ ဖြူဖွေးနေကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့၊ နှစ်လွန်လျက် စုပုံနေသော အရိုးတို့ကို မြင်ရာသကဲ့သို့၊ ဆွေးမြည့်လျက် အမှုန့် ဖြစ်ကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကို ပင်လျှင်''ဤ ငါ၏ ကိုယ်သည်လည်း ဤသို့ သဘောရှိ၏၊

ဤသို့သော သဘော ဖြစ်လိမ့်မည် သာတည်း၊
ဤသို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤသို့ နှိုင်းစာ၍ ရှု၏။

အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် ငါတကား ဟု ထောင်လွှားသော မာနကို ပယ်ရန် ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် သုခဝေဒနာကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် များစွာသော စိတ်တို့ကို ထိုးထွင်း၍သိရန် ဖြစ်ပါ၏၊ အသျှင်ဘုရား ဤသည်တို့ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းငါးမျိုးတို့ပါတည်း ဟု (လျှောက်၏)။


အာနန္ဒာ ကောင်းပေစွ၊ ကောင်းပေစွ၊ အာနန္ဒာ သို့ဖြစ်လျှင် သင်သည် ဤခြောက်ခုမြောက်ဖြစ်သော အဖန်ဖန် အောက်မေ့အပ်သော အကြောင်းကိုလည်း မှတ်လေဦးလော့။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် သတိ ရှိသည်ဖြစ်၍ သာလျှင် ရှေ့သို့ တက်၏၊ သတိရှိသည်ဖြစ်၍ သာလျှင် နောက်သို့ ဆုတ်၏၊ သတိရှိသည် ဖြစ်၍ သာလျှင် ရပ်၏၊ သတိ ရှိသည် ဖြစ်၍သာလျှင် ထိုင်၏၊ သတိ ရှိသည်ဖြစ်၍ သာလျှင် အိပ်၏၊ သတိ ရှိသည်ဖြစ်၍ သာလျှင် အမှုကို ဆောက်တည်၏၊ အာနန္ဒာ ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပင်တည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် သတိရှိရန် အဆင်ခြင်ဉာဏ် ရှိရန် ဖြစ်၏ ဟု မိန့်တော်မူ၏။ 29

၉ - ဥဒါယီသုတ်၊ အနုတ္တရိယဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရားခြောက်မျိုး...


အပရိဟာနိယသုတ် - (မဆုတ်ယုတ်ကြောင်း)

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း ဖြစ်သော ဤတရား ခြောက်မျိုးတို့ကို ဟောကြားအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့။

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရားခြောက်မျိုးတို့သည် အဘယ်တို့နည်းဟူမူ-

၁... အမှုသစ်၌ မမွေ့လျော်ခြင်း။
၂... စကားပြောမှု၌ မမွေ့လျော်ခြင်း။
၃... အိပ်မှု၌ မမွေ့လျော်ခြင်း။
၎... အပေါင်းအဖော်၌ မမွေ့လျော်ခြင်း။
၅... ဆုံးမလွယ်သော စကားရှိသူဖြစ်ခြင်း။
၆... မိတ်ဆွေကောင်း ရှိခြင်းတို့တည်း။

ရဟန်းတို့ ဤသည်ကား မဆုတ်ယုတ်ကြောင်း တရားခြောက်မျိုးတို့တည်း။

ရဟန်းတို့ လွန်လေပြီးသောအခါ၌ ကုသိုလ် တရားတို့မှ မဆုတ်ယုတ်ခဲ့ကြသည့် ရဟန်းအားလုံးတို့သည် ဤတရား ခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ် တရားတို့မှ မဆုတ်ယုတ်ခဲ့ကြကုန်။

ရဟန်းတို့ နောင်အခါ၌ ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြသည့် ရဟန်း အားလုံးတို့သည် ဤတရား ခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြကုန်လတ္တံ့။

ရဟန်းတို့ ယခုအခါ၌ ကုသိုလ် တရားတို့မှ မဆုတ်ယုတ်ကြသည့် ရဟန်း အားလုံးတို့သည် ဤတရား ခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြကုန် ဟု မိန့်တော်မူ၏။ 22

၂ - အပရိဟာနိယသုတ်၊ အနုတ္တရိယဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တမန်ပြုလုပ်၍ သွားရန် ထိုက်တန်သူ...

ဒူတေယျသုတ် - (တမန်တော်)

ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တမန်ပြုလုပ်၍ သွားရန် ထိုက်တန်၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁... နားလည်း ထောင်တတ်၏၊
၂... ပြန်၍လည်း ပြောတတ်၏၊
၃... သင်ယူလည်း သင်ယူတတ်၏၊
၎... မှတ်လည်း မှတ်တတ်၏၊
၅... သိလည်း သိတတ်၏၊
၆... သိစေလည်း သိစေတတ်၏၊
၇... အကျိုးစီးပွါးရှိ မရှိ၌လည်း လိမ္မာ၏၊
၈... ငြင်းခုံခြင်းကိုလည်း မပြုတတ်။

ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တမန် ပြုလုပ်၍ သွားရန် ထိုက်တန်၏။

ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် တမန် ပြုလုပ်၍ သွားရန် ထိုက်တန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဤသာသနာတော်၌ သာရိပုတြာသည် နားလည်း ထောင်တတ်၏၊ ပြန်၍လည်း ပြောတတ်၏၊ သင်ယူလည်း သင်ယူတတ်၏၊ မှတ်လည်း မှတ်တတ်၏၊ သိလည်းသိတတ်၏၊ သိစေလည်း သိစေတတ်၏၊ အကျိုးစီးပွါးရှိ မရှိ၌လည်း လိမ္မာ၏၊ ငြင်းခုံခြင်းကိုလည်း မပြုတတ်။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် တမန်ပြုလုပ်၍ သွားရန်ထိုက်တန်၏ ဟု (မိန့်တော်မူ၏)။

အကြင်ရဟန်းသည်

ကြမ်းတမ်းစွာ ပြောဆိုတတ်သော ပရိသတ်သို့ ရောက်သော်လည်း မတုန်မလှုပ်၊
စကားကိုလည်း မယုတ်စေ၊
သတင်းစကားကိုလည်း မဖုံးကွယ်။
ယုံမှားခြင်းကင်းသော စကားကိုလည်း ပြောဆိုတတ်၏၊
မေးမြန်းသော်လည်း အမျက် မထွက်တတ်၊
ထိုသို့ သဘောရှိသော ရဟန်းသည် တမန်ပြုလုပ်၍ သွားရန် ထိုက်တန်၏။ 16

၆ - ဒူတေယျသုတ်၊ မဟာဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, August 7, 2009

ရုပ်နာမ်သင်္ခါရကို တဏှာ ဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍...

ဥပပရိက္ခသုတ် - (စူးစမ်းဆင်ခြင်သော)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့...
အကြင် အကြင် အပြားအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်း၏ စိတ်ဝိညာဉ်သည် ပြင်ပအာရုံ၌လည်း မပျံ့လွင့် မကျယ်ပြန့်မူ၍ ကမ္မဋ္ဌာန်းအာရုံ၌လည်း မတည်သည် ဖြစ်ခဲ့မူ တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာ ဒိဋ္ဌိ စွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တရာ၊ ရဟန်းသည် ထိုထိုအပြားအားဖြင့် စူးစမ်းဆင်ခြင်ရာ၏။

ရဟန်းတို့ ...
စိတ်ဝိညာဉ်သည် ပြင်ပအာရုံ၌ မပျံ့လွင့် မကျယ်ပြန့်သည်ရှိသော် ကမ္မဋ္ဌာန်း အာရုံ၌လည်း မတည်လတ်သော် တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာ ဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တသောသူအား နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှုဟူသော ဝဋ်ဆင်းရဲ အပေါင်းတို့ မဖြစ်နိုင်တော့ချေ၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို...
''ကပ်ငြိမှု 'သင်္ဂ' ခုနစ်ပါးတို့ကို ပယ်ပြီး၍ တဏှာကို ဖြတ်တောက်ပြီးသော ထို ရဟန်းအား ပဋိသန္ဓေနေခြင်းတည်းဟူသော သံသရာသည် ကုန်ခန်းပြီးဖြစ်ရကား တစ်ဖန် ဘဝသစ်သည် မရှိတော့ပြီ'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 94

၅ - ဥပပရိက္ခသုတ်၊ ပဉ္စမဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, August 6, 2009

အပရိဟာနိယ...

ဒုတိယ သတ္တကသုတ်

ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါ ဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ-

၁...
ရဟန်းတို့ ရဟန်းတို့သည် အမှုသစ်၌ မွေ့လျော် ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၂...
ရဟန်းတို့ ရဟန်းတို့သည် စကား ပြောဆိုခြင်း၌ မွေ့လျော် ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် ကား မရှိပေ။

၃...
အိပ်စက်မှု၌ မွေ့လျော် ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၎...
အပေါင်းအဖော်တို့နှင့် စုရုံး နေထိုင်မှု၌ မွေ့လျော် ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် ကား မရှိပေ။

၅...
မရှိသောဂုဏ်ကို ဖော်ပြတတ်သော အလိုဆိုးမှ ကင်းကုန်လျက် အလိုဆိုးတို့ ဆွဲဆောင် ရာသို့ မလိုက်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၆...
ယုတ်ညံ့သော အဆွေခင်ပွန်း အပေါင်းအဖော် မရှိမူ၍ ယုတ်ညံ့သူတို့၌ မကိုင်းညွတ်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၇...
အနည်းငယ်သော တရားထူးကို ရကာမျှဖြင့် (အရဟတ္တဖိုလ်သို့ မရောက်မီ) လမ်းခုလတ်၌ ရပ်စဲ၍မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံး နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ ဟု မိန့်တော်မူ၏။ 24

၎ - ဒုတိယ သတ္တကသုတ်၊ ဝဇ္ဇိသတ္တကဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။