နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, August 9, 2009

အဖန်ဖန် အောက်မေ့အပ်သော အကြောင်း ငါးမျိုး-သို့-ခြောက်မျိုး...

အဖန်ဖန် အောက်မေ့အပ်သော အကြောင်း ငါးမျိုး-သို့-ခြောက်မျိုး...


ဥဒါယီသုတ်

မြတ်စွာဘုရားသည် အသျှင်ဥဒါယီကို ...

''ဥဒါယီ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း'' ဟု မေးတော်မူ၏။

ဤသို့ မေးတော်မူသည် ရှိသော် အသျှင်ဥဒါယီသည် ဆိတ်ဆိတ်နေ၏၊

မြတ်စွာဘုရားသည် နှစ်ကြိမ်တိုင်အောင်လည်း ''ဥဒါယီ အဖန်ဖန် အောက်မေ့ အပ်သော အကြောင်းတို့သည် အဘယ်မျှရှိကုန်သနည်း'' ဟု မေးတော်မူ၏၊ နှစ်ကြိမ် တိုင်အောင်လည်း အသျှင်ဥဒါယီသည် ဆိတ်ဆိတ်နေ၏။

မြတ်စွာဘုရားသည် သုံးကြိမ် တိုင်အောင်လည်း ''ဥဒါယီ အဖန်ဖန် အောက်မေ့ အပ်သော အကြောင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း'' ဟု မေးတော်မူ၏၊ သုံးကြိမ်တိုင်အောင်လည်း အသျှင် ဥဒါယီသည် ဆိတ်ဆိတ်နေ၏။

ထိုအခါ အသျှင်အာနန္ဒာသည် အသျှင်ဥဒါယီအား -
''ငါ့သျှင် ဥဒါယီ သင့်ကို မြတ်စွာဘုရား မေးမြန်းတော်မူ၏'' ဟု ဆို၏။

ငါ့သျှင်အာနန္ဒာ ငါသည် မြတ်စွာဘုရား၏ စကားတော်ကို ကြားပါ၏။
အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အဖန်ဖန် အောက်မေ့၏။

ဤသည်ကား အဘယ်နည်း -

တစ်ဘဝကို လည်းကောင်း၊ နှစ်ဘဝတို့ကို လည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အဖန်ဖန်အောက်မေ့၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အေက်မေ့အပ်သော အကြောင်းပါတည်း ဟု(လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ''အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ဤဥဒါယီသည် လွန်မြတ်သော (သမာဓိ, ဝိပဿနာနှင့် ယှဉ်သော) စိတ်ကို အားထုတ်လျက် မနေသူ ဟု ငါသိ၏'' ဟူ၍ မိန့်တော်မူ၏။

အာနန္ဒာ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် အဘယ်မျှ ရှိသနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ...
အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် ငါးမျိုး ရှိပါကုန်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ...

၁...
အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် မျက်မှောက်၌ ချမ်းသာစွာ နေရန် ဖြစ်ပါ၏။

၂...
အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် အာလောကသညာ 'အလင်းရောင် ဟူသော အမှတ်' ကို နှလုံးသွင်း၏၊ နေ့ဟူသော အမှတ်ကို ဆောက်တည်၏၊ နေ့အခါ ကဲ့သို့ ညဥ့်အခါ၌ ဖြစ်၏၊ ညဥ့်အခါ ကဲ့သို့ နေ့အခါ၌ ဖြစ်၏၊ ဤသို့ ဟင်းလင်းပွင့်၍ (နီဝရဏ) မမြှေးယှက်သော စိတ်ဖြင့် အရောင်အလင်းနှင့် တကွ စိတ်ကို ပွါး၏။
အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန် ဖြစ်ပါ၏။

၃...
အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် ခြေဖဝါးမှ အထက် ဆံပင်ဖျားမှ အောက် ထက်ဝန်းကျင် အရေပါးအဆုံး ရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုး တို့ဖြင့် ပြည့်လျက် ရှိသော ဤကိုယ်ခန္ဓာကိုပင် စူးစိုက်ဆင်ခြင်၏။
''ဤကိုယ်ခန္ဓာ၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ + အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ + နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ် + အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်) + သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ + မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်သည် ရှိ၏'' ဟု (စူးစိုက်ဆင်ခြင်၏)။
အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အေက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် ကာမ၌ စွဲမက်မှု 'ကာမရာဂ' ကို ပယ်ရန် ဖြစ်ပါ၏။

၎...
အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေကောင်၊ သေ၍ နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေကောင်၊ ဖူးရောင်နေသော သူသေကောင်၊ ရုပ်အဆင်းပျက်လျက် ညိုမဲနေသော သူသေကောင်၊ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည် ယိုစီးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုပင် ''ဤငါ၏ ကိုယ်သည်လည်း ဤသို့ သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည် သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤသို့ နှိုင်းစာ၍ ရှု၏။
ဥပမာ တစ်မျိုးသော်ကား ကျီးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော စွန်ရဲတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော လင်းတတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော ခွေးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော မြေခွေးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော ပိုးအမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် ''ဤငါ၏ ကိုယ်သည်လည်း ဤသို့ သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည် သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်'' ဟု ဤသို့ နှိုင်းစာ၍ ရှု၏။
ဥပမာ တစ်မျိုးသော်ကား ရဟန်းသည် အသားအသွေး ရှိသေးသော အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အသားကင်း၍ သွေးတို့ဖြင့်ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အသွေးအသား ကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ တစ်နေရာ၌ လက်ရိုး တစ်နေရာ၌ ခြေရိုး တစ်နေရာ၌ ခြေဖမျက်ရိုး တစ်နေရာ၌ မြင်းခေါင်းရိုး တစ်နေရာ၌ ပေါင်ရိုး တစ်နေရာ၌ ခါးရိုး တစ်နေရာ၌ နံရိုး တစ်နေရာ၌ ကျောက်ကုန်းရိုး တစ်နေရာ၌ ပခုံးရိုး တစ်နေရာ၌ လည်ပင်းရိုး တစ်နေရာ၌ မေးရိုး တစ်နေရာ၌ သွားရိုး တစ်နေရာ၌ ဦးခေါင်းခွံအားဖြင့် ဖွဲ့ခြင်း ကင်းကုန်လျက် ထိုထိုအရပ်တို့၌ ကြဲပြန့်နေကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့၊ ခရုသင်း အဆင်းနျင့်အတူ ဖြူဖွေးနေကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့၊ နှစ်လွန်လျက် စုပုံနေသော အရိုးတို့ကို မြင်ရာသကဲ့သို့၊ ဆွေးမြည့်လျက် အမှုန့် ဖြစ်ကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကို ပင်လျှင်''ဤ ငါ၏ ကိုယ်သည်လည်း ဤသို့ သဘောရှိ၏၊

ဤသို့သော သဘော ဖြစ်လိမ့်မည် သာတည်း၊
ဤသို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤသို့ နှိုင်းစာ၍ ရှု၏။

အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် ငါတကား ဟု ထောင်လွှားသော မာနကို ပယ်ရန် ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် သုခဝေဒနာကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် များစွာသော စိတ်တို့ကို ထိုးထွင်း၍သိရန် ဖြစ်ပါ၏၊ အသျှင်ဘုရား ဤသည်တို့ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းငါးမျိုးတို့ပါတည်း ဟု (လျှောက်၏)။


အာနန္ဒာ ကောင်းပေစွ၊ ကောင်းပေစွ၊ အာနန္ဒာ သို့ဖြစ်လျှင် သင်သည် ဤခြောက်ခုမြောက်ဖြစ်သော အဖန်ဖန် အောက်မေ့အပ်သော အကြောင်းကိုလည်း မှတ်လေဦးလော့။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် သတိ ရှိသည်ဖြစ်၍ သာလျှင် ရှေ့သို့ တက်၏၊ သတိရှိသည်ဖြစ်၍ သာလျှင် နောက်သို့ ဆုတ်၏၊ သတိရှိသည် ဖြစ်၍ သာလျှင် ရပ်၏၊ သတိ ရှိသည် ဖြစ်၍သာလျှင် ထိုင်၏၊ သတိ ရှိသည်ဖြစ်၍ သာလျှင် အိပ်၏၊ သတိ ရှိသည်ဖြစ်၍ သာလျှင် အမှုကို ဆောက်တည်၏၊ အာနန္ဒာ ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပင်တည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော် သတိရှိရန် အဆင်ခြင်ဉာဏ် ရှိရန် ဖြစ်၏ ဟု မိန့်တော်မူ၏။ 29

၉ - ဥဒါယီသုတ်၊ အနုတ္တရိယဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: