နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, July 15, 2009

အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသောသူကို...

ပဌမ မိတ္တသုတ်

ရဟန်းတို့ ...
အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏...

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

၁... သူတစ်ပါးတို့ ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏၊
၂... ပြုနိုင်ခဲသော အမှုကို ပြု၏၊
၃... သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊
၎... မိမိ၏ လျှို့ဝှက်အပ်သော အရာကို ထိုအဆွေခင်ပွန်းအား ထင်စွာပြု၏၊
၅... ထိုအဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သော အရာကို လျှို့ဝှက်၏၊
၆... ဘေးရန်တို့ ကြောင့် မစွန့်ပစ်၊
၇... ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင် မပြု။

ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏ ဟု မိန့်တော် မူ၏။

အဆွေခင်ပွန်းသည် ပေးနိုင်ခဲသော အရာဝတ္ထုကို ပေး၏၊ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏၊ ထိုမှတစ်ပါးလည်း ထိုသူ၏ မကောင်းသဖြင့် ဆိုအပ်သော စကားတို့ကို လည်းကောင်း၊ သည်းခံ နိုင်ခဲသော အရာတို့ကို လည်းကောင်း သည်းခံ၏။ ထိုသူအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏၊ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏၊ ဘေးရန်ဖြစ်ပေါ်သော အခါတို့၌လည်း မစွန့်ပစ်၊ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။ အကြင် ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိသော အဆွေခင်ပွန်း ဖြစ်သောသူကို အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဆည်းကပ်အပ်၏။ 36

၅ - ပဌမ မိတ္တသုတ်၊ ဒေဝတာဝဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

...မီးခုနှစ်ပါးသတိထား...

...မီးခုနှစ်ပါးသတိထား...





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, July 14, 2009

ဤရဟန်းမျိုးသည် ချစ်အပ်သူသာဖြစ်၏...

ဤရဟန်းမျိုးသည် ချစ်အပ်သူသာဖြစ်၏...




အဿဒ္ဓသုတ် - (သာယာခြင်း၊ အရုံခံစားခြင်း၊ ချိုမြိန်ခြင်း)

ရဟန်းတို့ ...
တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁... ယုံကြည်မှု 'သဒ္ဓါ' တရား ရှိ၏။
၂... မကောင်းမှုမှ ရှက်တတ်၏။
၃... မကောင်းမှုမှ ကြောက်ရွံ့တတ်၏။
၎... အားထုတ်အပ်သော လုံ့လရှိ၏။
၅... ပညာရှိ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ ဟု (မိန့်တော်မူ၏)။ 84

၎ - အဿဒ္ဓသုတ်၊ ထေရဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဤရဟန်းမျိုးသည် မချစ်အပ်သူသာဖြစ်၏...

ဤရဟန်းမျိုးသည် မချစ်အပ်သူသာဖြစ်၏...



အဿဒ္ဓသုတ် - (သာယာခြင်း၊ အရုံခံစားခြင်း၊ ချိုမြိန်ခြင်း)

ရဟန်းတို့
တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ
နှလုံးကို မပွါးစေတတ်သူ ဖြစ်၏။


အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁... ယုံကြည်မှု 'သဒ္ဓါ' တရား မရှိ။
၂... မကောင်းမှုမှ မရှက်တတ်။
၃... မကောင်းမှုမှ မကြောက်ရွံ့တတ်။
၎... ပျင်းရိ၏။
၅... ပညာမရှိ။


ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ နှလုံးကို မပွါးစေတတ်သူ ဖြစ်၏။ 94

၎ - အဿဒ္ဓသုတ်၊ ထေရဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, July 13, 2009

မဟာထေရ်ကြီးများ၏ စကားဝိုင်း...



ပရံမရဏသုတ် - သေသည်မှနောက်၌



မဟာထေရ်ကြီးများ၏ စကားဝိုင်း...

အခါတစ်ပါး၌ အသျှင်မဟာကဿပနှင့် အသျှင်သာရိပုတ္တရာတို့သည် ဗာရာဏ သီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံး နေကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် အသျှင်မဟာကဿပထံသို့ ချဉ်းကပ်၍ အသျှင်မဟာကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်မဟာကဿပအား...

ငါ့သျှင်ကဿပ...
သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော ဟုလျှောက်၏။

ငါ့သျှင် ...
''သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏'' ဟူ၍
မြတ်စွာဘုရား ဟောတော်မမူ။

ငါ့သျှင်ကဿပ...
သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော ဟုလျှောက်၏။

ငါ့သျှင် ...
''သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်'' ဟူ၍
ဤသို့လည်း မြတ်စွာဘုရား ဟောတော်မမူ။

ငါ့သျှင်ကဿပ...
သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော။

ငါ့သျှင် ...
''သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်'' ဟူ၍
မြတ်စွာဘုရား ဟောတော်မမူ။

ငါ့သျှင်ကဿပ...
သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော''။

ငါ့သျှင် ...
''သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်'' ဟူ၍ ဤသို့လည်းမြတ်စွာဘုရား ဟောတော်မမူ။

ငါ့သျှင်ကဿပ...
အဘယ့်ကြောင့် ထိုအကြောင်းကို မြတ်စွာဘုရား ဟောတော်မမူ ပါသနည်း ဟု မေးမြန်း၏။

ငါ့သျှင် ...
ဤစကားသည် အကျိုး စီးပွားနှင့် မစပ်၊ မဂ်၏ ရှေ့အဖို့၌ ဖြစ်သော အကျင့်မျှလည်း မဟုတ်၊ ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်ခြင်း ကင်းခြင်းငှါ မဖြစ်၊ ရာဂချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ထိုးထွင်း၍ သိခြင်းငှါ မဖြစ်၊ နိဗ္ဗာန် အကျိုးငှါ မဖြစ်၊ ထို့ကြောင့် ထိုစကားကို မြတ်စွာဘုရား ဟောကြား တော်မမူ။

ငါ့သျှင်ကဿပ...
ထိုသို့ မဟောကြားခဲ့သည်ရှိသော် မြတ်စွာဘုရားသည် အဘယ်သို့ ဟောတော်မူ ပါသနည်း။

ငါ့သျှင် ...
''ဤသည်ကား ဆင်းရဲတည်း'' ဟု
''ဤသည်ကား ဆင်းရဲ၏ ဖြစ်ပေါ်ကြောင်းတည်း'' ဟု
''ဤသည်ကား ဆင်းရဲ ချုပ်ရာတည်း'' ဟု
''ဤသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု
မြတ်စွာဘုရား ဟောတော်မူ၏ ဟု ပြောဆို၏။

ငါ့သျှင်ကဿပ...
အဘယ့်ကြောင့် ဤစကားကိုမြတ်စွာဘုရား ဟောကြားတော်မူအပ်သနည်း။

ငါ့သျှင် ...
ဤတရားသည်ကား အကျိုးစီးပွားနှင့် စပ်၏၊ ဤတရားသည်ကား မဂ်၏ အစ ဖြစ်သော မြတ်သော အကျင့်လည်း ဖြစ်၏၊ ဤတရားသည် ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ရာဂချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ထိုးထွင်းသိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏၊ ထို့ကြောင့် ထိုတရားကို မြတ်စွာဘုရား ဟောတော်မူအပ်၏ ဟု ပြောဆို၏။ 155

၁၂ - ပရံမရဏသုတ်၊ ကဿပသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, July 12, 2009

နံနက်အခါ၌ သပိတ်သင်္ကန်းကို ယူဆောင်၍...

ကိသာဂေါတမီသုတ်

သာဝတ္ထိနိဒါန်း။
ထိုအခါ၌ ကိသာဂေါတမီဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံဝင်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးလျှင် အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်၍ အမှတ်မရှိသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ကိသာဂေါတမီဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ လည်း ကောင်း၊ တည်ကြည်ခြင်း သမာဓိမှ ရွေ့လျောစေလို၍ လည်းကောင်း ကိသာ ဂေါတမီဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏-


သင်သည် သားသေသော သူကဲ့သို့
ငိုသော မျက်နှာရှိသည် ဖြစ်၍
အဘယ့်ကြောင့် တစ်ယောက်တည်း နေရသနည်း
တစ်ယောက်တည်း တောကြီး အလယ်သို့ ရောက်လာသည်ကား
ယောက်ျားကို ရှာသလော




ထိုအခါ၌ ကိသာဂေါတမီဘိက္ခုနီမအား ''ဂါထာကို ရွတ်ဆိုသူသည် အဘယ်သူ နည်း၊ လူလေလော နတ်လေလော'' ဟု စဉ်းစား၏၊ ''ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေလို၍ လည်း ကောင်း ဂါထာကို ရွတ်ဆို၏'' ဟု အကြံဖြစ်၏၊ ထိုအခါ ကိသာဂေါတမီ ဘိက္ခုနီမသည် ''ဤသူကား မာရ်နတ်တည်း'' ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏-


အချင်းမာရ်နတ် ငါသည် သေခြင်းမှလည်း လွန်မြောက်ပြီ၊
ယောက်ျားကို ရှာခြင်းမှလည်း ဤအတူ လွန်မြောက်ပြီ၊
ငါသည်မူကား မစိုးရိမ်၊ မငိုကြွေး၊ သင့်ကို မကြောက်။
အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်သက်မှု ကင်းပြီ၊
အဝိဇ္ဇာတည်း ဟူသော အမိုက်တိုက်ကို ဖျက်ဆီးအပ်ပြီ၊
သေမင်း၏ စစ်သည်ကို အောင်ပြီး၍ အာသဝေါကင်းလျက် ငါ နေ၏။



ထိုအခါ ယုတ်မာသော မာရ်နတ်သည် ''ကိသာဂေါတမီဘိက္ခုနီမသည် ငါ့ကို သိ၏'' ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက် လေ၏။ 164

၃ - ကိသာဂေါတမီသုတ်၊ ဘိက္ခုနီသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

Saturday, July 11, 2009

ဝသလ


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်၌ ပူဇော်ထားသော မီးသည် တောက်ပနေ၏၊ မီးပူဇော်ရန် နို့ဃနာ ထောပတ် စသည်ကို စီရင်ထား၏၊

ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည် လတ်သော် အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်သို့ ချဉ်းကပ်တော်မူ၏။ အဂ္ဂိက ဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ကြွလာသည်ကို အဝေးကပင် မြင်၍ မြတ်စွာဘုရားကို ''ဦးပြည်းယုတ် ထို၌သာလျှင် ရပ်လော့၊ ရဟန်းယုတ် ထို၌သာလျှင် ရပ်လော့၊ သူယုတ်မာ ထို၌သာလျှင် ရပ်လော့'' ဟု ဆို၏။

ဤသို့ ဆိုလတ်သော် မြတ်စွာဘုရားသည် ''အဂ္ဂိကဘာရဒွါဇပုဏ္ဏား သင်သည် သူယုတ်အဖြစ်ကို လည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သော တရားတို့ကို လည်းကောင်း သိ၏လော'' ဟု မိန့်တော်မူ၏။ အသျှင်ဂေါတမ အကျွန်ုပ် သည် သူယုတ်အဖြစ်ကို လည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သော တရားတို့ကို လည်းကောင်း၊ မသိပါ၊ အကျွန်ုပ် တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် သူယုတ်အဖြစ်ကို လည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သော တရားတို့ကို လည်းကောင်း အကျွန်ုပ် သိနိုင်လောက်သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား တရား ဟောတော်မူပါလော့ဟု လျှောက်၏။

ပုဏ္ဏား ထိုသို့ ဖြစ်လျှင်နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ ''အသျှင် ဂေါတမ ကောင်းပါပြီ'' ဟု အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ 115

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

''အကြင်သူသည် အမျက်ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 116-1

ဤလောက၌ အကြင်သူသည် တစ်ကြိမ် ဖွားဖြစ်သော လူစသော သတ္တဝါကို လည်းကောင်း၊ နှစ်ကြိမ် ဖွားဖြစ်သော၁ ငှက်စသော သတ္တဝါကို လည်းကောင်း ညှဉ်းဆဲသတ်ဖြတ်၏၊ အကြင်သူအား သတ္တဝါ၌ သနားကြင်နာမှု မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 117-2

အကြင်သူသည် ရွာတို့ကို ဖြစ်စေ နိဂုံးတို့ကို ဖြစ်စေ ဖျက်ဆီးတတ်၏၊ ပိတ်ပင်တတ်၏၊ ရွာနိဂုံးတို့ကို ဖျက်ဆီး တတ်သူ ဟူ၍ (လောက၌) ထင်ရှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 118-3

အကြင်သူသည် ရွာ၌သော် လည်းကောင်း၊ တော၌သော် လည်းကောင်း သူတစ်ပါးတို့ မြတ်နိုးအပ်သော ပိုင်ရှင်မပေးသော ဝတ္ထုကို ခိုးယူလိုသော စိတ်ဖြင့် ဆောင်ယူ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 119-4

အကြင်သူသည် သူ့ကြွေးမြီကို အမှန်ပင် ချေးယူပြီးလျှင် မြီရှင်တို့က တောင်းအပ်သည်ရှိသော် ငါ့ထံ၌ မရှိဟု ပြောဆိုလျက် ထွက်ပြေး၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 120-5

အကြင်သူသည် အနည်းငယ်မျှလောက်သာ ဖြစ်သော ဥစ္စာကို အလိုရှိသဖြင့် လမ်းခရီး၌ သွားလာနေသော လူကို သတ်လျက် အနည်းငယ်မျှသော ဘဏ္ဍာကို ယူ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 121-6

အကြင်သူသည် မိမိကို သက်သေထား၍ မေးအပ်သည်ရှိသော် မိမိဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊ သူတစ်ပါးဟူသော အကြောင်းကြောင့် သော် လည်းကောင်း၊ မိမိ၏ဖြစ်စေ သူတစ်ပါး၏ဖြစ်စေ ဥစ္စာဟူသော အကြောင်း ကြောင့်သော် လည်းကောင်း မုသားဆို၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 122-7

အကြင်သူသည် ဆွေမျိုးတို့၏ မယားတို့၌သော် လည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းတို့၏ မယားတို့၌သော် လည်းကောင်း အနိုင်အထက်အားဖြင့်ဖြစ်စေ၊ နှစ်ဦး သဘောတူ ချစ်သဖြင့်ဖြစ်စေ လွန်ကျူးပြစ်မှား၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 123-8

အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကို လည်းကောင်း၊ အဖကို လည်းကောင်း ကျွေးမွေးပြုစု နိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုပေ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 124-9

အကြင်သူသည် အမိကိုသော် လည်းကောင်း၊ အဖကိုသော် လည်းကောင်း၊ အစ်ကိုနှင့်ညီကိုသော် လည်းကောင်း၊ အစ်မနှမကိုသော် လည်းကောင်း၊ ယောက္ခမ မိန်းမသူ ယောက္ခမ ယောက်ျားသူကိုသော် လည်းကောင်း ရိုက်နှက် ပုတ်ခတ်၏၊ ကြမ်းတမ်းသော စကားဖြင့် ညှဉ်းဆဲ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 125-10

အကြင်သူသည် အကျိုးစီးပွါးကို မေးမြန်းအပ်သည် ဖြစ်လျက် အကျိုး စီးပွါးမဲ့ကို ပြောကြား သွန်သင်၏၊ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်သော စကားဖြင့် ပြောဆို ညွှန်ကြား၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 126-11

အကြင်သူသည် ယုတ်မာသော အမှုကို ပြုပြီးလျှင် ငါ့ကို သူတစ်ပါး မသိပါစေလင့်ဟု အလိုရှိ၏၊ အကြင်သူ သည် မိမိပြုသော မကောင်းမှုကို ဖုံးလွှမ်း၏၊ ထိုသူနှစ်ဦးကို သူယုတ်မာ ဟူ၍ သိရာ၏။ 127-12

အကြင်သူသည် သူတစ်ပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို စားပြီး၍လည်း မိမိအိမ်သို့ လာသော ထိုအဆွေခင်ပွန်းကို အတုံ့အပြန် မကျွေးမွေး၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 128-13

အကြင်သူသည် ဗြာဟ္မဏကို လည်းကောင်း၊ သမဏကို လည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်း ယာစကာကို လည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးဖြစ်လျက် မုသား ပြောဆိုခြင်းဖြင့် လှည့်ပတ်၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 129-14

အကြင်သူသည် ထမင်းစားချိန် ရောက်လတ်သော် ဗြာဟ္မဏကို လည်းကောင်း၊ သမဏကို လည်းကောင်း စကားဖြင့် ခြုတ်ခြယ်၏၊ ပေးကားမပေး၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 130-15

ဤလောက၌ အကြင်သူသည် မောဟဖြင့် မြှေးရစ်သည်ဖြစ်၍ တစ်စုံတစ်ခုသော ဝတ္ထုကို ရှာမှီးလာသည် ရှိသော် မသူတော်တို့ စကားကို ပြောဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 131-16

အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက်ပလွှား၏၊ သူတစ်ပါးတို့ကို မူကား ရှုတ်ချ၏၊ မိမိကိုယ်ကို ပလွှားမှု သူတစ်ပါးတို့ကို ရှုတ်ချမဟှုသော မိမိမာနကြောင့် ဆုတ်ယုတ်၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 132-17

အကြင်သူသည် ခြုတ်ခြယ်တတ်၏၊ သူတစ်ပါး ပေးလှူသည်ကို မူလည်း ဝန်တိုမှုရှိ၏၊ ယုတ်မာသော အလိုရှိ၏၊ ဝန်တို စေးနဲ၏၊ စဉ်းလဲ ကောက်ကျစ်၏၊ အရှက် မရှိ၊ အကြောက် မရှိ၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 133-18

အကြင်သူသည် မြတ်စွာဘုရားကို သဗ္ဗညုမဟုတ် စသည်ဖြင့် ရေရွတ် စွပ်စွဲ၏၊ ထိုမှတစ်ပါး ထိုဘုရား၏ တပည့်ရဟန်းကိုသော် လည်းကောင်း၊ ပရိဗိုဇ်ကိုသော် လည်းကောင်း၊ လူကိုသော် လည်းကောင်း ရေရွတ်စွပ်စွဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 134-19

အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ဝန်ခံ၏၊ ဤသူသည်သာလျှင် ဗြဟ္မာနှင့် တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီးပေတည်း၊ ပုဏ္ဏား ငါဘုရားသည် ရှေး၌ အကျဉ်းအားဖြင့် ဆိုခဲ့သော သူယုတ် တို့ကို အကျယ်အားဖြင့် ပြအပ်ကုန်ပြီ။ 135-20

အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ 136-21

ပုဏ္ဏား ထိုစကား၏ အဓိပ္ပာယ်ကို ဤညွှန်းပြမည့် စကားဖြင့်လည်း သိကုန်လော့၊
ဤညွှန်းပြချက် စကားကား အဘယ်နည်း၊ ခွေးသေတို့ကို ချက်၍ စားတတ်သော ဒွန်းစဏ္ဍား၏သားသည် မာတင်္ဂ ဟူ၍ ထင်ရှားကျော်စော၏။ 137-22

ထိုမာတင်္ဂသည် အလွန့်အလွန် ရနိုင်ခဲသော မြတ်သော ကျော်စောခြင်းသို့ ရောက်၏၊ ထိုမာတင်္ဂအား လုပ်ကျွေးခစားရန် မင်းမျိုးတို့သည် လည်းကောင်း၊ ပုဏ္ဏားမျိုးတို့သည် လည်းကောင်း၊ များစွာသော ကုန်သည်နှင့် သူဆင်းရဲတို့သည် လည်းကောင်း ခစားရာ အရပ်သို့ လာရောက်ကြကုန်၏။ 138-23

ထိုမာတင်္ဂသည် ကိလေသာ ကင်း၍ မြတ်သော ခရီးဖြစ်သော ဗြာဟ္မာ့ပြည်သို့ ရောက် ကြောင်း သမာပတ် ရှစ်ပါး နတ်ယာဉ်ကို တက်စီး၍ ကာမ၌ တပ်စွန်းမှု 'ကာမရာဂ' ကို ကင်းစင်စေလျက် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ရသူ ဖြစ် ခဲ့၏၊ ထိုမာတင်္ဂကို ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းမှ အမျိုးဇာတ်က မတားမြစ်နိုင်။ 139-24

ဗေဒင်ကို သရဇ္ဈယ်တတ်သည့် အမျိုး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည် ဗေဒင်ဟူသော အဆွေခင်ပွန်း ရှိကုန်၏၊ ထိုပုဏ္ဏားတို့သည်လည်း ယုတ်မာသော အမှုတို့၌ မပြတ် ထင်ကုန်မူ ယခုဘဝ၌ပင်လျှင် ကဲ့ရဲ့ဖွယ် ဖြစ်ကုန်၏၊ တမလွန်ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရောက်ရကုန်၏၊ ထိုပုဏ္ဏားတို့ကို ဒုဂ္ဂတိဘဝသို့ လားရောက်ရခြင်းမှ လည်း ကောင်း၊ ကဲ့ရဲ့ ခံရခြင်းမှ လည်းကောင်း အမျိုးဇာတ်က မတားမြစ်နိုင်။ 140,141-25,26

အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ 142-27

ဤသို့ ဆိုသော် အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို
အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ
အသျှင်ဂေါတမသည် ယနေ့ကို အစပြု၍ အကျွန်ုပ်ကို
အသက်ထက်ဆုံး ကိုးကွယ်ခြင်းသို့ ရောက်သော
ဥပါသကာဟူ၍ မှတ်တော်မူပါလော့ ဟု လျှောက်၏။

၇ - ဝသလသုတ်၊ ဥရဂဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

လပြည့်ဝန်းလေးကဲ့သို့ ပြည့်ဝလိုသော်...

လပြည့်ဝန်းလေးကဲ့သို့ ပြည့်ဝလိုသော်...

Friday, July 10, 2009

သူ့ထံကလည်း တို့ယူမယ်...




ကျီးငှက်၏ အင်္ဂါ ပြဿနာ...

အသျှင်ဘုရားနာဂသေန...
''ကျီးငှက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏'' ဟူ၍ ဆိုတော်မူ၏။
အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျောက်၏)။

မင်းမြတ်... ကျီးငှက်သည် ယုံမှား စိုးနှောင့်ခြင်းရှိလျက် လုံ့လထုတ်၍ ကျက်စားရ သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အပ်သလော, မအပ်သလောဟု ယုံမှား စိုးနှောင့်ခြင်းရှိလျက် လုံ့လထုတ်ကာ ထင်သော သတိရှိသည် ဖြစ်၍ ဣနြေ္ဒတို့ကို စောင့်စည်းလျက် ကျင့်ရာ၏။ မင်းမြတ် ကျီးငှက်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ်... နောက်တစ်မျိုးကား ကျီးငှက်သည် တစ်စုံတစ်ခုသော ဘောဇဉ်ကို မြင်သည်ရှိသော် ဆွေမျိုးဖြစ်သော ကျီးတို့နှင့် ခွဲခြမ်းဝေဖန်၍သာ စားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အယုတ်သဖြင့် သပိတ်၌ အကျူံးဝင်ကာမျှလည်း ဖြစ်သော တရားနှင့်လျော်ညီစွာ တရားသဖြင့် ရအပ်ကုန်သော လာဘ်တို့ဖြင့် သီလရှိကုန်သော သီတင်းသုံးဖော်တို့နှင့် အတူ ခွဲခြမ်း ဝေဖန်လျက်သာ သုံးဆောင်လေ့ရှိသည် ဖြစ်ရာ၏။ မင်းမြတ် ကျီးငှက်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် တရားစစ်သူကြီး ဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည် -
''ခြိုးခြံသော အကျင့်ရှိသော သူတို့သည် ရရသမျှသော ဘောဇဉ်ကို ငါ (သာရိပုတ္တရာ) အား အကယ်၍ လှူဒါန်း ဆက်ကပ်ကုန်ငြားအံ့၊ ထိုဘောဇဉ်မှ အလုံးစုံသော သီတင်းသုံးဖော်တို့ကို ခွဲခြမ်းဝေဖန်၍သာ ဘောဇဉ်ကို စားလို၏'' ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

၉ - ဝါယသင်္ဂပဥှာ (ကျီးငှက်၏ အင်္ဂါ ပြဿနာ)၊ ဂဒြဘဝဂ်၊ မိလိန္ဒပဉှာ။