နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 1, 2009

ခေမာထေရီ...



ခေမာထေရီ...

ငါမွေးဖွားသည်နှင့် တစ်ပြိုင်နက်ပင် ထိုမြို့၌ ဘေးရန်ကင်းလေ၏၊
ထို့ကြောင့် ငါ၏ အမည်သည် ''ခေမာ'' ဟု ဂုဏ်အားဖြင့် ဖြစ်၏။325

ငါသည် ထိုဗိမ္ဗိသာရမင်း၏ အလွန်ချစ်ခင်အပ်သော မိဖုရားဖြစ်ခဲ့၏၊ ရုပ်အဆင်းကို မြတ်နိုးခြင်း၌ ပျော်မွေ့ခဲ့၏၊ ရုပ်အဆင်းတို့၏ အပြစ်ကို ပြောဟောလေ့ရှိ၏ဟူ၍ နှလုံးသွင်းလျက် မဟာကရုဏာရှင် ဖြစ်သော မြတ်စွာဘုရားထံသို့ မချဉ်းကပ် ခဲ့ချေ။327

စည်းစိမ်ကြီးရှင်မ သွားပါချေလော့၊ မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့ဖြင့် တပ်စွဲ သော အကြင်ဥယျာဉ်သည် အသရေဖြင့် အခါခပ်သိမ်း တောက်ပလျက်ရှိ၏၊ မျက်စိအရသာရှိသော ထိုဥယျာဉ်ကို ကြည့်ရှုပါလေလော့ဟု စေလွှတ်လေ၏။335

အကြင်အခါ၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့တော်သို့ ဆွမ်းခံကြွဝင်တော်မူ၏၊ ထိုအခါ၌သာလျှင် ငါသည် ဝေဠုဝန်ဥယျာဉ်ကို ကြည့်ရှုရန် ချဉ်းကပ်ခဲ့၏။336

ထိုအခါ ထိုဥယျာဉ်သည် တစ်တောလုံး ပွင့်လျက်ရှိ၏၊ ပျားပိတုန်း အမျိုးမျိုးတို့ တဝီဝီ မည်လျက် ရှိ၏၊ ဥသြတို့၏ သီချင်းသံနှင့်တကွ ဖြစ်၏၊ ဥဒေါင်းအပေါင်းတို့ က, ခုန်လျက်ရှိ၏။337

အသံ တိတ်ဆိတ်လျက်ရှိ၏၊ လူတို့နှင့် ရောပြွမ်းခြင်း မရှိချေ၊ စင်္ကြံအမျိုးမျိုးတို့ဖြင့် တန်ဆာဆင်လျက်ရှိ၏၊ ကျောင်းမဏ္ဍပ်တို့ဖြင့် ရောပြွမ်းလျက်ရှိ၏၊ ယောဂီမြတ်တို့ ဖြင့်လည်း တင့်တယ်လျက်ရှိ၏။338

ငါသည် ထိုဥယျာဉ်သို့ လှည့်လည်သည်ရှိသော် ငါ၏ မျက်စိသည် အကျိုးရှိ၏ဟု ထင်မှတ်ခဲ့၏၊ ထိုဥယျာဉ်၌ ကမ္မဋ္ဌာန်း အားထုတ်နေသော ပျိုမျစ်နုနယ်သော ရဟန်းကိုလည်း တွေ့မြင်ရသည် ရှိသော် ဤသို့ စဉ်းစားဆင်ခြင်ခဲ့လေ၏။339

ဤရဟန်းသည် နုပျိုသောအရွယ်၌တည်၍ နှစ်သက်ဖွယ် ရုပ်အဆင်းနှင့် ပြည့်စုံ ပါလျက် ဤသို့ သဘောရှိသော ပျော်မွေ့ဖွယ်ကောင်းသော ဥယျာဉ်၌ နေဘိ၏ တကား။340

ဒုကုဋ်သင်္ကန်းကို ခြုံသော ဤဦးပြည်းရဟန်းသည် သစ်ပင်ရင်း၌ ထိုင်လျက် အာရုံငါးပါး၌ ဖြစ်သော ပျော်မွေ့ခြင်းကို စွန့်ပယ်၍ ဈာန်ဝင်စားဘိ၏တကား။341

လူမည်သည်ကား ချမ်းသာအလျောက် ကာမဂုဏ်ကို ခံစားပြီးလျှင် အိုမင်းသော နောက်အခါမှ အလွန်ကောင်းသော ဤတရားကို ကျင့်ထိုက်သည် မဟုတ်ပါလော ဟု စဉ်းစားဆင်ခြင်ခဲ့၏။342

ဤဥယျာဉ်သည် တိတ်ဆိတ်၏၊ ''မြတ်စွာဘုရား မရှိ''ဟု သိသဖြင့် ငါသည် မြတ် စွာဘုရားကျောင်းတော် ဂန္ဓကုဋီတိုက်သို့ ချဉ်းကပ်လတ်သော် 'တက်သစ်သော နေမင်းကဲ့သို့' မြတ်စွာဘုရားကို ဖူးမြင်ရ၏။343

ငါသည် တစ်ပါးတည်း ချမ်းသာစွာ သီတင်းသုံးနေလေ့ရှိသော မြတ်စွာဘုရားအား နတ်နှယ်တမျှလှပသော မိန်းမမြတ် တစ်ဦးသည် ယပ်ခတ်လျက် နေသည်ကို တွေ့မြင်ရ၍ ဤမြတ်စွာဘုရားသည် ''ကြမ်းတမ်းသော ပုဂ္ဂိုလ် မဟုတ်ရာ'' ဟု ကြံစည်ခဲ့လေ၏။344

ထိုသတို့သမီးပျိုသည် 'ရွှေကဲ့သို့' အရောင်အဆင်းရှိပေ၏၊ 'ပဒုမ္မာကြာကဲ့သို့' မျက်နှာ, မျက်လုံးရှိပေ၏၊ 'ကျီးအာသီးကဲ့သို့' နီမြန်းသော နှုတ်ခမ်းရှိ၏၊ 'သင်းခွေ ပန်းကဲ့သို့' ဖြူဖွေးသောသွားရှိပေ၏၊ စိတ်နှင့် မျက်စိတို့၏ အရသာကို ဖြစ်စေ ပေ၏။345

ရွှေအေးယာဉ်နှင့် တူသော နားရှိပေ၏၊ တည်သီးရင့်သဖွယ် သားမြတ်နှစ်သွယ် ရှိပေ၏၊ 'ပွတ်တိုင်အလယ်ကဲ့သို့' သေးသွယ်သော ခါးရှိပေ၏၊ ငှက်ပျောတုံးသဖွယ် တင့်တယ်စွာ တန်ဆာဆင်ထားသော ပေါင်လည်း ရှိပေ၏။ ရောင် ခါးဝတ်ထမီ လည်း ရှိပေ၏၊ မရောင့်ရဲနိုင်သော ရုပ်အဆင်းနှင့်တကွ ပြုံးရွှင်သော အမူအရာနှင့် လည်း ပြည့်စုံပါပေ၏။346

ထိုသတို့သမီးပျိုကို တွေ့မြင်ရသည်ရှိသော် ဤသတို့သမီးပျိုသည် အလွန်အဆင်း လှပါပေစွ၊ ငါသည် ဤမျက်စိဖြင့် တစ်ရံတစ်ခါမျှ ဤသို့ လှပသောသတို့သမီးကို မမြင်ခဲ့ဖူးပေဟု ငါသည် ဤသို့ ကြံစည်ခဲ့လေ၏။ 348

ထို့နောက် ထိုသတို့သမီးပျိုသည် အိုခြင်းတရားဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ အဆင်းပျက်လျက် ဖောက်ပြန်သော မျက်နှာရှိလေ၏၊ ကျိုးပျက်သော သွားရှိ၏၊ ဖြူသော (ဆံပင်) ဦးခေါင်းရှိ၏၊ တံတွေးနှင့် တကွ မစင်ကြယ်သော ခံတွင်းရှိ လေ၏။349

ထိုသတို့သမီးပျိုသည် နားတွန့်ရှုံ့၏၊ ဖြူသော မျက်လုံးရှိလေ၏၊ တွဲရရွဲကျ၍ မတင့်တယ်သော သားမြတ်ရှိ၏၊ အရေတွန့်သော အလုံးစုံသော ကိုယ်အင်္ဂါရှိ၏၊ အကြောပြိုင်း ပြိုင်းထသော ကိုယ်ခန္ဓာရှိလေ၏။350

ထိုသတို့သမီးပျိုသည် ကိုယ်အင်္ဂါ ညွတ်ကိုင်း၏၊ တောင်ဝှေးသာ အဖော်ရှိလေ၏၊ နံရိုးကျဲလျက် ပိန်ကြုံသော ကိုယ်ရှိလေ၏၊ ခဏခဏ ရှိုက်ရှူကာ တုန်လှုပ်လျက် လဲကျလေ၏။351

ထိုအခါ ငါ့အား ရုပ်အဆင်းသည် မစင်မကြယ် စက်ဆုပ်ရွံရှာဖွယ် ဖြစ်၏၊ ယင်းရုပ်အဆင်း၌ မိန်းမမိုက်တို့သည် ပျော်မွေ့လျက် ရှိကုန်၏ဟု ထိတ်လန့်ခြင်း 'သံဝေဂ' နှင့် ကြက်သီးမွေးညင်း ထခြင်းသည် မဖြစ်စဖူး ဖြစ်လေ၏။352

ထိုအခါ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ထိတ်လန့်သော စိတ်ရှိသော ငါ့ကို မြင်၍ တက်ကြွသော စိတ်ရှိလျက် မြတ်စွာဘုရားသည် ဤဂါထာတို့ကို မိန့်ဆို တော်မူ၏-353

ချစ်သမီးခေမာ နာကျင်ခြင်း, မစင်ကြယ်ခြင်း သဘောရှိသော အထက်သို့လျှံတက် ၍ အောက်သို့ ယိုစီးခြင်း သဘောရှိသော သူမိုက်တို့သာ တွယ်တာ နှစ်သက်အပ် သော ဤခန္ဓာကိုယ် အကောင်ပုပ်ကို ရှုစမ်းပါလော့။ 354

မတင့်တယ်သော အသုဘအားဖြင့် စိတ်ကို အာရုံတစ်ခုတည်း ရှိလျက် ကောင်းစွာ တည်တံ့အောင် ပွါးများစေပါလော့၊ သင့်အား ကိုယ်၌ ဖြစ်သော အောက်မေ့ခြင်း 'ကာယဂတာသတိ'သည် ဖြစ်စေပါလော့၊ များစွာ ငြီးငွေ့ခြင်းသည် သင့်အား ဖြစ်စေပါလော့။355

ဤခန္ဓာကိုယ်ကဲ့သို့ ထို့အတူ ထိုခန္ဓာကိုယ်သည် လည်းကောင်း၊ ထိုခန္ဓာကိုယ် ကဲ့သို့ ထို့အတူ ဤခန္ဓာကိုယ်သည် လည်းကောင်း ဖြစ်ပေ၏။ (ထို့ကြောင့်) အတွင်း (မိမိ) ခန္ဓာကိုယ်၌ လည်းကောင်း၊ အပ (သူတစ်ပါး) ခန္ဓာကိုယ်၌ လည်း ကောင်း တပ်နှစ်သက်ခြင်းကို ကင်းကွာစေလော့။ 356

နိမိတ်မရှိသော အနိစ္စသညာ ဝိပဿနာကိုလည်း ပွါးများလေလော့၊ မာနာနုသယ ကိုလည်း စွန့်ပယ်ပါလော့၊ ထိုမာနကို စွန့်ပယ်ခြင်းကြောင့် ငြိမ်းအေးလျက် လှည့်လည်ရ လတ္တံ့။357

ပင့်ကူသည် ကိုယ်တိုင် ပြုအပ်သော (ပင့်ကူမျှင်) ကွန်ရက်သို့ အစဉ်လိုက်သကဲ့သို့
အကြင်သူတို့သည် ရာဂဖြင့် တပ်စွန်းကုန်လျက် (ကိုယ်တိုင် ပြုအပ်သော ရာဂ) အလျဉ်သို့ အစဉ်လိုက်ကုန်၏၊ (ထိုသူတို့သည်) ဤရာဂကိုလည်း ဖြတ်၍ ငဲ့ကွက် ခြင်းမရှိဘဲ ကာမချမ်းသာကို ပယ်စွန့်လျက် ကျင့်ကုန်၏ ဟု ဤဂါထာတို့ကို မိန့်ဆို တော်မူ၏။358

ထို့နောက် မြတ်စွာဘုရားသည် သင့်လျော်သော စိတ်ရှိသော ငါ့ကို သိ၍ ငါ့အား ဆုံးမခြင်းငှါ မဟာနိဒါနသုတ္တန်ဖြစ်သော (ပဋိစ္စသမုပ္ပါဒ်) တရားကို ဟောတော်မူ၏။
359
ငါသည် ထိုသုတ္တန်တရားတော်မြတ်ကို ကြားနာရ၍ ရှေးက ဖြစ်ဖူးသော အမှတ် သညာကို အစဉ်အောက်မေ့ပြီ၊ ငါသည် ထိုနေရာ၌ တည်လျက်ပင် ငြိမ်းအေးလျက် တရားမျက်စိ (သောတာပတ္တိမဂ်ဉာဏ်) ကို သုတ်သင်၏။ 360

အကျွန်ုပ်သည် အဆင်း၌ မွေ့လျော်သည် ဖြစ်၍ အကျိုးမဲ့ဟု မှတ်ထင်လျက် အကျိုးကိုများစွာ ဆောင်တော်မူသော မြတ်သော နိဗ္ဗာန်ကို ပေးတော်မူသော မြတ်စွာဘုရားထံသို့ မချဉ်းကပ်ခဲ့ပါ၊ ထိုအပြစ်ကို လျှောက်ကြားပါ၏ ဟု ဤစကား ကို လျှောက်ထားလေ၏။

ထိုအခါ ချိုသာသော အသံရှိတော်မူ၍ မဟာကရုဏာရှိတော်မူသော မြတ်စွာ ဘုရားသည် ငါ့ကို အမြိုက်ရေစင်ဖြင့် သွန်းလောင်းတော်မူလျက် ''ခေမာ ရှိပါစေ တော့'' ဟု မိန့်တော်မူ၏။ 367

အရှင်မင်းမြတ် အရှင်သည် အကယ်၍ နှစ်သက်ပါမူ အကျွန်ုပ်သည် မြတ်စွာ ဘုရား၏ တရားစကားတော်ကြောင့် ရုပ်အဆင်း၌ ငြီးငွေ့သည်ဖြစ်၍ ထိုမြတ်စွာ ဘုရား၏ သာသနာတော်၌ ရဟန်း ပြုပါတော့အံ့ (ဟု လျှောက်ထားလေ၏)။ 370

၈ - ခေမာထေရီအပဒါန်-မှ၊ ဧကူပေါသထိက၀ဂ်၊ ထေရီအပါဒါန်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: