နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Showing posts with label သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။. Show all posts
Showing posts with label သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။. Show all posts

Monday, June 9, 2008

ပျင်းရိလေ့ရှိသူတို့၏ အကြောင်း ၆-ပါး-

ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။

၁။ အေးလွန်းသည်ဟု အမှုကိစ္စကို မပြု၊
၂။ ပူလွန်းသည်ဟု အမှုကိစ္စကို မပြု၊
၃။ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု၊
၎။ စောလွန်းသည်ဟု အမှုကိစ္စကို မပြု၊
၅။ ဆာလွန်းသည်ဟု အမှုကိစ္စကို မပြု၊
၆။ ဝလွန်းသည်ဟု အမှုကိစ္စကို မပြု၊

ဤသို့ မခိုင်လုံသော ကိစ္စများကို ယိုးမယ်ဖွဲ့၍နေသော ထိုသူအား မဖြစ်သေးသော
စည်းစိမ်တို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော စည်းစိမ်တို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏။

ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။

ပျက်စီးခြင်းသို့ရောက်နိုင်သူ ၃-ဦး-

လောကမှ ပျက်စီးခြင်းသို့ လျှောကျတတ်သူ

၁။ မကောင်းသော မိတ်ဆွေခင်ပွန်း ရှိသူသည် လည်းကောင်း၊
၂။ မကောင်းသော အပေါင်း အဖော်ရှိသူသည် လည်းကောင်း၊
၃။ မကောင်းသော အလေ့အကျင့် ကျက်စားရာ ရှိသူသည် လည်းကောင်း၊

ဤလောကမှ လည်းကောင်း၊ တမလွန်လောကမှ လည်းကောင်း
နှစ်ပါးစုံသော လောကမှ ပျက်စီးခြင်းသို့ လျှောကျတတ်၏။

လူကို ဖျက်ဆီးတတ်သော အကြောင်း ၈-ပါး-

ဤရှစ်ပါးသည် လူကိုဖျက်ဆီးတတ်၏

၁။ လောင်းကစားလေ့ရှိခြင်း လည်းကောင်း၊
၂။ မိန်းမလိုက်စားလေ့ရှိခြင်း လည်းကောင်း၊
၃။ သေရည်သေရက် သောက်လေ့ရှိခြင်း လည်းကောင်း၊
၎။ ကခြင်းသီခြင်းကို ကြည့်ရှု နားထောင်လေ့ရှိခြင်း လည်းကောင်း၊
၅။ နေ့၌ အိပ်လေ့ရှိခြင်း လည်းကောင်း၊
၆။ အခါမဲ့၌ ခရီးသွားလာလေ့ရှိခြင်း လည်းကောင်း၊
၇။ မကောင်းသူတို့ကို အဆွေခင်ပွန်းဖွဲ့လေ့ရှိခြင်း လည်းကောင်း၊
၈။ အလွန်စေးနှဲခြင်း လည်းကောင်း။
ဤရှစ်ပါးသော အကြောင်းတို့သည် လူကို ဖျက်ဆီးတတ်ကုန်၏။

အကျိုးစီးပွားတို့သည် ကျော်လွန်၍ သွားကုန်၏။ အကျိုးစီးပွား မဖြစ်ထွန်းနိုင်။

ဤလောက၌ အကြင်သူသည် အအေးကိုလည်းကောင်း၊
အပူကိုလည်းကောင်း၊ မြက် ထက်လွန်၍ မအောက်မေ့၊ တန်ဖိုးမထား။
ထိုသူသည် လူ့ကိစ္စတို့ကို ပြုသည်ဖြစ်၍ စီးပွားချမ်းသာ၏။

စိတ်ကောင်းမရှိသော မိတ်ဆွေယုတ် ၄-ယောက်-

မိတ်ဆွေစစ် မဟုတ်သော ဤမိတ်ဆွေတု လေးယောက်တို့ကို သိအပ်ကုန်၏၊

၁။ ယူသာ ယူတတ်သော သူသည် မိတ်ဆွေတုဖြစ်၏၊
၂။ နှုတ်မျှ ဖြင့်သာလျှင် ပေးတတ်သော သူသည် မိတ်ဆွေတုဖြစ်၏၊
၃။ အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော သူသည် မိတ်ဆွေတုဖြစ်၏၊
၎။ ပျက်စီးကြောင်း၌ အပေါင်းအဖော် ဖြစ်သော သူသည် မိတ်ဆွေတုဖြစ်၏၊

မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး-

စင်စစ် ယူသာ ယူတတ်သော မိတ်ဆွေစစ်မဟုတ်သော မိတ်ဆွေတုကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။


၁။ စင်စစ် ယူသာ ယူတတ်၏၊
၂။ နည်းသော ဥစ္စာဖြင့် များစွာသော ဥစ္စာကို အလိုရှိ၏၊
၃။ မိမိ၌ ဘေးဖြစ်လတ်သော် ထိုသူ၏ ကိစ္စကို ပြုတတ်၏၊
၎။ အကျိုးကို ရလိုသောကြောင့် ဆည်းကပ်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် စင်စစ် ယူသာ ယူတတ်သော
မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။

မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး-

နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။


၁။ လွန်ပြီးသောအရာဖြင့် ချီးမြှောက်၏၊
၂။ မဖြစ်သေးသောအရာဖြင့် ချီးမြှောက်၏၊
၃။ အချည်းနှီး လောကွတ်မျှဖြင့် ချီးမြှောက်၏၊
၎။ ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို ပြ၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော
မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။

မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး-

အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။

၁။ ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏၊
၂။ ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏၊
၃။ ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကို ဆို၏၊
၎။ ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားကို ဆို၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော
မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။

မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး-

ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သော
မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။


၁။ မူးယစ်မေ့လျော့ကြောင်း သေရည်သေရက်သောက်ခြင်း၌ အပေါင်းအဖော် ဖြစ်၏၊
၂။ အခါမဲ့ ခရီးသွားလာခြင်း၌ အပေါင်းအဖော် ဖြစ်၏၊
၃။ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော် ဖြစ်၏၊
၎။ မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်း၌ အပေါင်းအဖော် ဖြစ်၏။

ဤအကြောင်းလေးပါးတို့ဖြင့်
ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေတုကို သိအပ်၏၊

မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး-

ဝေးစွာ ရှောင်ကြဉ်သင့်သော မိတ်ဆွေယုတ် ၄-ယောက်

၁။ အကြင် မိတ်ဆွေသည် စင်စစ် ယူသာ ယူတတ်၏၊
၂။ အကြင် မိတ်ဆွေသည် နှုတ်ဖြင့်သာလျှင် ပေးတတ်၏၊
၃။ အကြင် မိတ်ဆွေသည် အကြိုက်ကိုသာ လိုက်၍ ပြောဆိုတတ်၏၊
၎။ အကြင် မိတ်ဆွေသည် ပျက်စီးကြောင်း၌ အပေါင်းအဖေါ် ဖြစ်၏။

မိတ်ဆွေစစ် မဟုတ်သော ဤလေးယောက်တို့ကို ပညာရှိသည် ဤသို့ ဆိုခဲ့တိုင်းသိ၍
ဘေးရန်ရှိသော ခရီးကို ဝေးစွာ ရှောင်ကြဉ်သကဲ့သို့ ဝေးစွာ ရှောင်ကြဉ်ရာ၏။

စိတ်ကောင်း နှလုံးကောင်း ရှိသော မိတ်ဆွေ ၄-ယောက်-

ကောင်းသော စိတ်နှလုံးရှိသော
ဤမိတ်ဆွေ လေးယောက်တို့ကို သိအပ်ကုန်၏၊


၁။ ကျေးဇူးပြုတတ်သော မိတ်ဆွေစစ်ကို သိအပ်၏၊
၂။ ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော မိတ်ဆွေစစ်ကို သိအပ်၏၊
၃။ အကျိုးစီးပွားကို ပြောကြားတတ်သော မိတ်ဆွေစစ်ကို သိအပ်၏၊
၎။ အစဉ်သနားတတ်သော မိတ်ဆွေစစ်ကို သိအပ်၏။

မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး-

ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသော
မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။

၁။ မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
၂။ မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
၃။ ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
၎။ ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လတ်သော် ထိုပြောသည်ထက် နှစ်ဆသော စည်းစိမ်ကို ပေးတတ်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် ကျေးဇူးပြုတတ်သော
ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏၊

မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး-

ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော ကောင်းသော စိတ်နှလုံး ရှိသော
မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။


၁။ ထိုမိတ်ဆွေအား လျှို့ဝှက်အပ်သော အမှုကို ပြောကြား၏။
၂။ ထိုမိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လျှို့ဝှက်၏။
၃။ ဘေးရန် ဖြစ်လတ်သော် မစွန့်ပစ်။
၎။ ထိုမိတ်ဆွေ၏ အကျိုးငှါ အသက်ကိုသော်လည်း စွန့်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော
ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။

မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး-

အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသော
မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။


၁။ မကောင်းမှုမှ တားမြစ်တတ်၏။
၂။ ကောင်းမှု၌ သက်ဝင်စေ၏။
၃။ မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
၎။ နတ်ပြည်ခရီးကို ပြောကြားတတ်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်း
သော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။

မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး-

မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး

၁။ ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
၂။ ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
၃။ ထိုမိတ်ဆွေအား ကဲ့ရဲ့စကားပြောသူကို ကန့်ကွက်တားမြစ်တတ်၏။
၎။ ထိုမိတ်ဆွေအား ချီးမွမ်းစကားပြောသူကို ထောက်ခံချီးမွမ်းတတ်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့်
အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။

မိတ်ဆွေစစ် လေးယောက်-

မိတ်ဆွေစစ် လေးယောက်-

၁။ အကြင် မိတ်ဆွေသည် ကျေးဇူးပြုတတ်၏၊
၂။ အကြင် မိတ်ဆွေသည် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်၏၊
၃။ အကြင် မိတ်ဆွေသည် အကျိုးစီးပွါးကို ပြောကြားတတ်၏၊
၎။ အကြင် မိတ်ဆွေသည် အစဉ်သနားတတ်၏။

ပညာရှိသောသူသည် ဤမိတ်ဆွေစစ် လေးယောက်တို့ကို ရိုသေစွာ ချဉ်းကပ်ရာ၏။

စည်းစိမ်တို့ကို လေးပုံ ခွဲဝေရာ၏-

သီလနှင့် ပြည့်စုံသော ပညာရှိသည် ဆီမီးကဲ့သို့ တင့်တယ် ထွန်းပ၏၊
ပျားသည် ပန်းပွင့်ကို မထိခိုက်စေမူ၍ ဝတ်ရည်ကိုသာ စုပ်ယူလျက်
ပျားလပို့ကို အားထုတ် ဆောက်လုပ် သကဲ့သို့ မိမိကို လည်းကောင်း၊
သူတစ်ပါးကို လည်းကောင်း မညှဉ်းဆဲ မထိခိုက်စေမူ၍ တရားသဖြင့်
ဥစ္စာပစ္စည်းကို စုဆောင်း ရှာမှီးသော သူ၏ ဥစ္စာစည်းစိမ်တို့သည်
ခြတောင်ပို့ ကြီးပွါးသကဲ့သို့ ကြီးပွါးခြင်းသို့ ရောက်ကုန်၏။

အိမ်ထောင်သည်ဘဝကို တည်ဆောက်နိုင်သော အမျိုးသားသည်
ဤသို့စည်းစိမ်တို့ကို ကောင်းစွာ စုဆောင်း၍ စည်းစိမ်တို့ကို လေးပုံ ခွဲဝေရာ၏။
ထိုသူသည် မိတ်ဆွေ ခင်ပွန်းတို့ကို မကွဲအောင် စည်းရုံးနိုင်၏။

တစ်ပုံဖြင့် စည်းစိမ်ကို ခံစားရာ၏၊
နှစ်ပုံတို့ဖြင့် ကုန်သွယ်မှု စသည် ပြုလုပ်ရာ၏၊
လေးခုမြောက် အပုံကိုကား ဘေးရန်ဖြစ်သော် အသုံးစရိတ်အတွက်ဟု ထားရာ၏။

မိဘတို့ကို ပြုစုအပ်ကုန်၏-

အရှေ့အရပ်မည်သော
မိဘ တို့ကို ပြုစုအပ်ကုန်၏။

၁။ မိဘတို့ကို ပြန်၍ မွေးမြူ စောင့်ရှောက်ခြင်း။
၂။ မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း၊
၃။ အစဉ်အဆက်မှ လာသော ကုသိုလ်ကို ပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေခြင်း၊
၎။ အမွေခံထိုက်အောင် မိဘတို့၏ မှန်သောအဆုံးအမကို ကျင့်ကြံ လိုက်နာခြင်း၊
၅။ ကွဲကွာ သေလွန်သော မိဘတို့၏ အလို့ငှါ အလှူပေး အမျှဝေခြင်း။

အရှေ့အရပ်မည်သော မိဘတို့သည် အကြောင်းငါးပါးတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။

၁။ မကောင်းမှုမှ တားမြစ်ကုန်၏။
၂။ ကောင်းမှု၌ သက်ဝင်စေကုန်၏။
၃။ အတတ်ကို သင်စေကုန်၏။
၎။ လျောက်ပတ်သော မယားနှင့် ထိမ်းမြားပေးကုန်၏။
၅။ လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းကုန်၏။

အရှေ့အရပ်မည်သော မိဘတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။

ဤသို့ လုပ်ကျွေးသည်ရှိသော်
ထိုအရှေ့အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

ဆရာတို့ကို ပြုစုအပ်ကုန်၏-

တောင်အရပ်မည်သော
ဆရာ တို့ကို ပြုစုအပ်ကုန်၏။

၁။ နေရာမှ ထ၍ ခရီးဦးကြိုခြင်းဖြင့် လည်းကောင်း၊
၂။ ခစားဆည်းကပ်ခြင်းဖြင့် လည်းကောင်း၊
၃။ စကားကို နာယူခြင်းဖြင့် လည်းကောင်း၊
၎။ အရိုအသေလုပ်ကျွေးခြင်းဖြင့် လည်းကောင်း
၅။ အတတ်ပညာကို ရိုသေစွာ သင်ကြား လေ့ကျက်သင်ခြင်းဖြင့် လည်းကောင်း ပြုစုအပ်ကုန်၏။

တောင်အရပ်မည်သော ဆရာတို့သည်
ငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို အစဉ်စောင့်ရှောက်ကုန်၏။

၁။ ကောင်းစွာ ဆုံးမသင့်သော အရာကို ဆုံးမ ကုန်၏။
၂။ ကောင်းစွာ သင်သင့်သော အရာကို သင်စေ ကုန်၏။
၃။ အလုံးစုံသော အတတ်ကို ပြောကြား သင်ကြား ကုန်၏။
၎။ ကောင်းသော အဆွေခင်ပွန်းတို့ထံ၌ အပ်နှင်း ကုန်၏။
၅။ ခပ်သိမ်းသော အရပ်တို့၌ အစောင့်အရှောက်ကိုပြု ကုန်၏။

တောင်အရပ်မည်သော ဆရာတို့သည်
ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို စောင့်ရှောက်ကုန်၏။

ဤသို့ ပြုစုလုပ်ကျွေးသည်ရှိသော်
ထိုတောင်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

မယားကိုပြုစုအပ်၏-

အနောက်အရပ်မည်သော
မယား ကိုပြုစုအပ်၏။

၁။ အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့် လည်းကောင်း။
၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့် လည်းကောင်း။
၃။ မိမိမယားကို လွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းဖြင့် လည်းကောင်း။
၎။ စဖိုဆောင်အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့် လည်းကောင်း။
၅။ အဝတ်တန်ဆာကို ပေးခြင်းဖြင့် လည်းကောင်း ပြုစုအပ်၏။

အနောက်အရပ်မည်သော မယားသည်
ငါးပါးသော အကြောင်းတို့ဖြင့် လင်ဖြစ်သူကို စောင့်ရှောက်၏။

၁။ အမှုကြီးငယ်ကိုလည်း ကောင်းစွာ စီရင်၏။
၂။ နှစ်ဖက်သော ဆွေမျိုးကိုလည်း ချီးမြှောက်၏။
၃။ မိမိလင်မှတစ်ပါး အခြားယောက်ျား၌ လွန်ကျူးသော အကျင့်မှ ကင်း၏။
၎။ ရှာဖွေစုဆောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်၏။
၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းကင်း၏။

အနောက်အရပ်မည်သော မယားသည်
ဤငါးပါးသော အကြောင်းတို့ဖြင့် လင်ကို စောင့်ရှောက်၏၊

ဤသို့ပြုစုသည်ရှိသော်
ဤ အနောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

အဆွေခင်ပွန်းတို့ကို ပြုစုအပ်ကုန်၏-

မြောက်အရပ်မည်သော
အဆွေခင်ပွန်း တို့ကို ပြုစုအပ်ကုန်၏။

၁။ ပေးကမ်း စွန့်ကြဲခြင်းဖြင့် လည်းကောင်း။
၂။ ချစ်ဖွယ်သော စကားကို ဆိုခြင်းဖြင့် လည်းကောင်း။
၃။ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းဖြင့် လည်းကောင်း။
၎။ မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်းဖြင့် လည်းကောင်း။
၅။ မချွတ်မယွင်း ပြောဆို ပေးကမ်းခြင်းဖြင့် လည်းကောင်း ပြုစုအပ်ကုန်၏။

မြောက်အရပ် မည်သော အဆွေခင်ပွန်းတို့သည်
ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက် ကုန်၏။

၁။ မူးယစ်သော မိတ်ဆွေကို စောင့်ရှောက် ကုန်၏။
၂။ မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက် ကုန်၏။
၃။ ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာဖြစ် ကုန်၏။
၎။ ဘေးရန်ဖြစ်လတ်သော် မစွန့်ပစ်ကုန်။
၅။ ထိုမိတ်ဆွေ၏ သားမြေးအဆက်ဆက်တို့ကိုလည်း တုံ့ပြန် ချီးမြှောက် ကုန်၏။

မြောက်အရပ် မည်သော အဆွေခင်ပွန်းတို့သည်
ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက် ကုန်၏။

ဤသို့ ပြုစုသည်ရှိသော်
ဤ မြောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။