နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Showing posts with label အဘိဓမ္မာပိဋက. Show all posts
Showing posts with label အဘိဓမ္မာပိဋက. Show all posts

Sunday, May 29, 2011

သံယောဇဉ်သုံးပါး တစ်ပါးမှ မထားမိစေနဲ့...

သံယောဇဉ် သုံးပါး

ထိုတွင် အဘယ်တို့သည် သံယောဇဉ်သုံးပါးတို့နည်း။

ထင်ရှားရှိသော ခန္ဓာကိုယ်၌ အမြင်မှားမှု 'သက္ကာယဒိဋ္ဌိ'၊ ယုံမှားမှု 'ဝိစိကိစ္ဆာ'၊ (ခွေး, နွား စသည်တို့၏) အလေ့အကျင့်တို့ကို (ကိလေသာ စင်ကြယ်ကြောင်းဟု) မှားသောအားဖြင့် သုံးသပ်မှု 'သီလဗ္ဗတပရာမာသ' တို့တည်း။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


အကုသိုလ် အခြေအမြစ်သုံးပါးမှ လိုချင်မှု 'လောဘ'

အကုသိုလ် အခြေအမြစ်သုံးပါးမှ လိုချင်မှု 'လောဘ'

အဘယ်သည် လိုချင်မှု 'လောဘ' မည်သနည်း...

အကြင်တပ်မက်မှု 'ရာဂ'၊
ပြင်းစွာတပ်မက်မှု 'သာရာဂ'၊
အဖန်ဖန်ဆွဲဆောင်မှု 'အနုနယ'၊
မဆန့်ကျင်မှု 'အနုရောဓ'၊
နှစ်သက်မှု 'နန္ဒီ'၊
နှစ်သက်တပ်မက်မှု 'နန္ဒိရာဂ'၊
စိတ်၏ ပြင်းစွာတပ်မက်မှု 'စိတ္တသာရာဂ'၊
လိုလားမှု 'ဣစ္ဆာ'၊
တပ်မက် တွေဝေမှု 'မုစ္ဆာ'၊
မျိုမတတ်တပ်မက်မှု 'အဇ္ဈောသာန'၊
ဆာလောင်မှု 'ဂေဓ'၊
ထက်ဝန်းကျင်ဆာလောင်မှု 'ပရိဂေဓ'၊
တွယ်တာမှု 'သဂ'၊
စေးကပ်မှု 'ပင်္က'၊
ဆွဲငင်မှု 'ဧဇာ'၊
လှည့်ပတ်မှု 'မာယာ'၊
ဖြစ်စေမှု 'ဇနိကာ'၊
ကောင်းစွာ ဖြစ်စေမှု 'သဉ္ဇနနီ'၊
ချုပ်စပ်မှု 'သိဗ္ဗိနီ'၊
ဖွဲ့ယှက်မှု 'ဇာလိနီ'၊
အောက်မေ့စီးဆင်းမှု 'သရိတာ'၊
စွဲငြိမှု 'ဝိသတ္တိကာ'၊
ယိုစီးမှု 'သောတ'၊
ပျံ့နှံ့တပ်မက်မှု 'ဝိသဋာ'၊
အာရုံကို ရရန်အားထုတ်မှု 'အာယူဟနီ'၊
အဖော်ဖြစ်မှုသဘော 'ဒုတိယာ'၊
တောင့်တမှု 'ပဏိဓိ'၊
ဘဝ၌ နှောင်ဖွဲ့တတ်သော ကြိုးနှင့်တူသော သဘော 'ဘဝနေတ္တိ'၊
တောနှင့်တူသောသဘော 'ဝန'၊
တောကြီးနှင့်တူသော သဘော 'ဝနထ'၊
ပေါင်းဖော်ခြင်းသဘော 'သန္ထဝ'၊
စေးကပ်ခြင်းသဘော 'သိနေဟ'၊
ငဲ့ကွက်ခြင်းသဘော 'အပေက္ခာ'၊
အထပ်ထပ်နှောင်ဖွဲ့ခြင်းသဘော 'ပဋိဗန္ဓု'၊
လိုချင်မှု့ 'အာသာ'၊
လိုချင်သော အခြင်းအရာ 'အာသီသနာ'၊
လိုချင်တတ်သည်၏ အဖြစ် 'အာသီသိတတ္တ'၊
ရူပါရုံကို လိုချင်မှု 'ရူပါသာ'၊
သဒ္ဒါရုံကို လိုချင်မှု 'သဒ္ဒါသာ'၊
ဂန္ဓာရုံကို လိုချင်မှု 'ဂန္ဓာသာ'၊
ရသာရုံကိုလိုချင်မှု 'ရသာသာ'၊
ဖောဋ္ဌဗ္ဗာရုံကို လိုချင်မှု 'ဖောဋ္ဌဗ္ဗာသာ'၊
လာဘ်ကို လိုချင်မှု 'လာဘာသာ'၊
ဥစ္စာကိုလိုချင်မှု 'ဓနာသာ'၊
သားသမီးကို လိုချင်မှု 'ပုတ္တာသာ'၊
အသက်ကို လိုချင်မှု 'ဇီဝိတာသာ'၊
ငါ့ဥစ္စာဟုပြောဆို စေတတ်သော သဘော 'ဇပ္ပါ'၊
အလွန်ပြောဆိုစေတတ်သော သဘော 'အဘိဇပ္ပါ'၊
ပြောဆိုစေတတ်သော အခြင်းအရာ 'ဇပ္ပနာ'၊
ပြောဆိုစေတတ်သည်၏အဖြစ် 'ဇပ္ပိတတ္တ'၊
အာရုံ၌ လုယက်ခြင်းသဘော 'လောလုပ္ပ'၊
အာရုံ၌ လုယက်သောအခြင်းအရာ 'လောလုပ္ပါယနာ'၊
အာရုံ၌ လုယက် တတ်သည်၏ အဖြစ် 'လောလုပ္ပါယိ တတ္တ'၊
အမြီးနန့်သကဲ့သို့ ဖြစ်သောသဘော 'ပုစ္ဆဉ္ဇိကတာ'၊
အကောင်းကြိုက်မှု 'သာဓုကမျတာ'၊
မတရား တပ်မက်မှု 'အဓမ္မရာဂ'၊
အဆမတန်လိုချင်မှု 'ဝိသမလောဘ'၊
နှစ်သက်မှု 'နိကန္တိ'၊
နှစ်သက်သော အခြင်းအရာ 'နိကာမနာ'၊
မျှော်လင့်မှု 'ပတ္ထနာ'၊
ချစ်ခင်မှု 'ပိဟနာ'၊
အလွန်မျှော်လင့်မှု 'သမ္ပတ္ထနာ'၊
ကာမဂုဏ်၌ တပ်မက်မှု 'ကာမတဏှာ'၊
ဘဝ၌ တပ်မက်မှု 'ဘဝတဏှာ'၊
ဘဝကင်းပြတ်သည်၌ တပ်မက်မှု 'ဝိဘဝတဏှာ'၊
ရူပဘုံ၌ တပ်မက်မှု 'ရူပတဏှာ'၊
အရူပဘုံ၌ တပ်မက်မှု 'အရူပတဏှာ'၊
ဘဝချုပ်ခြင်း၌ တပ်မက်မှု 'နိရောဓတဏှာ'၊
အသံ၌ တပ်မက်မှု 'သဒ္ဒတဏှာ'၊
အနံ့၌ တပ်မက်မှု 'ဂန္ဓတဏှာ'၊
အရသာ၌ တပ်မက်မှု 'ရသတဏှာ'၊
အတွေ့၌ တပ်မက်မှု 'ဖောဋ္ဌဗ္ဗတဏှာ'၊
တရား၌ တပ်မက်မှု 'ဓမ္မတဏှာ'၊
ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေခြင်းသဘော 'သြဃ'၊
ယှဉ်စေခြင်းသဘော 'ယောဂ'၊
ထုံးဖွဲ့ခြင်းသဘော 'ဂန္ထ'၊
စွဲလန်းမှုသဘော 'ဥပါဒါန်'၊
ပိတ်ပင်ခြင်းသဘော 'အာဝရဏ'၊
တားမြစ်ခြင်းသဘော 'နီဝရဏ'၊
ဖုံးကွယ်ခြင်းသဘော 'ဆဒန'၊
နှောင်ဖွဲ့ခြင်းသဘော 'ဗန္ဓန'၊
ညစ်နွမ်းစေတတ်သောသဘော 'ဥပက္ကိလေသ'၊
ဖြစ်ပေါ်တတ်သောသဘော 'အနုသယ'၊
ထကြွတတ်သောသဘော 'ပရိယုဋ္ဌာန'၊
ရစ်ပတ်တတ်သော သဘော 'လတာ'၊
အမျိုးမျိုးအလိုရှိခြင်းသဘော 'ဝေဝိစ္ဆ'၊
ဆင်းရဲမှု၏ အခြေအမြစ် 'ဒုက္ခမှုလ'၊
ဆင်းရဲမှု၏ အကြောင်းရင်း 'ဒုက္ခနိဒါန'၊
ဆင်းရဲမှု၏ အမွန်အစ 'ဒုက္ခပ္ပဘဝ'၊
မာရ်မင်းကျော့ကွင်း 'မာရပါသ'၊
မာရ်မင်းငါးမျှားချိတ် 'မာရဗဠိသ'၊
မာရ်မင်း၏ နယ်ပယ် 'မာရဝိသယ'၊
တပ်မက်မှုတဏှာမြစ် 'တဏှာနဒီ'၊
တပ်မက်မှုကွန်ရက် 'တဏှာဇာလ'၊
တပ်မက်မှုတဏှာတောက် 'တဏှာဂဒ္ဒုလ'၊
တပ်မက်မှုတဏှာသမုဒ္ဒရာ 'တဏှာသမုဒ္ဒ'၊
လိုချင်မက်မောမှု 'အဘိဇ္ဈာ'၊ လိုချင်မှု 'လောဘ' ဟူသော အကုသိုလ်တို့၏ အခြေအမြစ် အရင်းမူလသည် ရှိ၏။ ဤသဘောကို လိုချင်မှု 'လောဘ'ဟု ဆိုအပ်၏။

၃ - တိကနိဒ္ဒေသ၊ ခုဒ္ဒကဝတ္ထုဝိဘင်္ဂ၊ အဘိဓမ္မာပိဋက။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, May 17, 2011

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး...

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး

(၁) အဝိဇ္ဇာ...

(၂) သင်္ခါရ...

(၃) ဝိညာဏ်...

(၄) နာမ်ရုပ်...

(၅) သဠာယတန...

(၆) ဖဿ...

(၇) ဝေဒနာ...

(၈) တဏှာ...

(၉) ဥပါဒါန်...

(၁ဝ) ဘဝ...

(၁၁) ဇာတိ...

        ဇာတိအကျိုးဆက်တရား ငါးပါး
          သောက...

         ပရိဒေဝ...

         ဒုက္ခ...

         ဒေါမနဿ...

         ဥပါယာသ...

(၁၂) ဇရာမရဏ...

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး အကျယ်ပြခြင်း၊ ပဋိစ္စသမုပ္ပါဒဝိဘင်္ဂ၊ ဝိဘင်းပါဠိတော်။



ပဋိစ္စသမုပ္ပါဒသုတ်- (အကြောင်းတရားကိုစွဲ၍ အကျိုးတရားတို့ဖြစ်ရ၏)




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, April 2, 2011

အင်္ဂါရှစ်ပါးရှိသော မဂ်

အင်္ဂါရှစ်ပါးရှိသော မဂ်

သုတ္တန်နည်း နှင့် အဘိဓမ္မာနည်း






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


မဂ္ဂင်ရှစ်ပါး မဂ္ဂင် ၈-ပါး

Thursday, February 11, 2010

ထောင်လွှားမှု မာန...

ထောင်လွှားမှု
မာန

ထိုတွင် အဘယ်သည် ထောင်လွှားမှု 'မာန' မည်သနည်း။

အကြင် မှတ်ထင်ထောင်လွှားမှု 'မာန'၊
မှတ်ထင်ထောင်လွှားသော အခြင်းအရာ 'မညနာ'၊
မှတ်ထင်ထောင်လွှားတတ်သည်၏ အဖြစ် 'မညိတတ္တ'၊
တက်ကြွမှု 'ဥန္နတိ'၊
မြှောက်၍ ထားခြင်းသဘော 'ဥန္နာမ'၊
တံခွန်သဖွယ်ဖြစ်မှု 'ဓဇ'၊
ချီးမြှောက်မှု 'သမ္ပဂ္ဂါဟ'၊
စိတ်၏ မှန်ကင်းသဖွယ်ပြုမှု 'ကေတုကမျတာ' သည် ရှိ၏။
ဤသဘောကို ထောင်လွှားမှု 'မာန' ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 878



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, January 8, 2010

ဆရာသုံးယောက်...

ဆရာသုံးယောက်...

၁...
ဤလောက၌ အချို့သော ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကို ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်။

၂...
ဤလောက၌ အချို့သော ဆရာသည်ကား ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုကား မပညတ်။

၃...
ဤလောက၌ အချို့သော ဆရာသည်ကား ကာမဂုဏ် တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏။

၁...
ထိုဆရာသုံးယောက်တို့တွင် အကြင်ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်၊ ထို့ကြောင့် ထိုဆရာကို ရူပါဝစရသမာပတ်ကိုသာ ရသော ဆရာဟူ၍ မှတ်အပ်၏။

၂...
ထိုဆရာ သုံးယောက်တို့တွင် အကြင်ဆရာသည် ကာမဂုဏ် တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုကား မပညတ်၊ ထို့ကြောင့် ထိုဆရာကို အရူပသမာပတ်ကိုသာ ရသော ဆရာဟူ၍ မှတ်အပ်၏။

၃...
ထိုဆရာသုံးယောက်တို့တွင် အကြင်ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ထို့ကြောင့် ထိုဆရာကို အလုံးစုံသော တရားတို့ကို အမှန် ကိုယ်တိုင် သိစွမ်းတော်မူနိုင်သောဆရာဟူ၍ မှတ်အပ်၏၊
သုံးယောက်သော ဆရာတို့သည်ကား ဤသည်တို့ပေတည်း။ 130

၃ - တိကပုဂ္ဂလပညတ် - မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကျောက် မြေ ရေပေါ်၌ ရေးသားသော အက္ခရာနှင့်တူသောသူများ...


ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော
'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး ကိန်း၏၊ ကျောက်၌ ရေးထားသော အက္ခရာသည် လေကြောင့် လည်းကောင်း၊ ရေကြောင့် လည်းကောင်း လျင်စွာ မပျက်စီးဘဲ ကြာမြင့်စွာ တည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား
ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး ကိန်း၏၊ ဤပုဂ္ဂိုလ်ကို ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော 'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 113

မြေ၌ ရေးထားသော အက္ခရာနှင့်တူသော
'ပထဝိလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး မကိန်း၊ မြေကြီး၌ ရေးထားသော အက္ခရာသည် လေကြောင့် လည်းကောင်း၊ ရေကြောင့် လည်းကောင်း လျင်စွာ ကျေပျက်၍ ကြာမြင့်စွာ မတည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး မကိန်း၊ ဤပုဂ္ဂိုလ်ကို မြေ၌ ရေးထားသော အက္ခရာနှင့်တူသော 'ပထဝိ လေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 114

ရေ၌ ရေးသားသော အက္ခရာနှင့်တူသော
'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ ကြမ်းကြုတ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ မနှစ်လိုဖွယ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာ လျှင်တည်း၊ ရေပြင်၌ ရေးသားသော အက္ခရာသည် လျင်စွာ ပျက်စီး၍ မြဲမြံစွာ မတည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သော စကားဖြင့်ပြောဆိုသော် လည်းကောင်း၊ ကြမ်းကြုတ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ မနှစ်လိုဖွယ်သော စကားဖြင့်ပြောဆိုသော် လည်းကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာလျှင်တည်း၊ ဤပုဂ္ဂိုလ်ကို ရေ၌ ရေးသားသော အက္ခရာနှင့် တူသော 'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 115

တိကပုဂ္ဂလပညတ် - မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

လှန်၍ ထားသော အိုးနှင့်တူသည့် ပုဂ္ဂိုလ်...

တိကပုဂ္ဂလပညတ် - မှ...


လှန်၍ ထားသော အိုးနှင့်တူသည့်
ကျယ်ပြန့်သော ပညာရှိသော 'ပုထုပည' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း...

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရံသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၌ ကောင်းခြင်း ရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်း ပြည့်စုံသော၊ သဒ္ဒါနှင့်လည်း ပြည့်စုံသော၊ အလုံးစုံ ပြည့်စုံသော တရားကိုဟောကုန်၏၊ ပွတ်သစ်စခရုသင်းအတူ ဖြူစင်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏ အစကို လည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကို လည်းကောင်း နှလုံးသွင်း၏၊ ထိုနေရာမှ ထသွားသည်ရှိသော် ထိုတရားစကား၏ အစကို လည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကို လည်းကောင်း နှလုံးသွင်း၏။

ဥပမာသော်ကား...
လှန်၍ ထားသော အိုး၌ လောင်းထည့်အပ်သော ရေသည် တည်သကဲ့သို့ လည်း ကောင်း၊ မယိုသကဲ့သို့ လည်းကောင်း ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရံသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၌ ကောင်းခြင်းရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်း ပြည့်စုံသော၊ သဒ္ဒါနှင့်လည်း ပြည့်စုံသော၊ အလုံးစုံ ပြည့်စုံသော တရားကို ဟောကုန်၏၊ ပွတ်သစ်စ ခရုသင်းအတူ ဖြူစင်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏ အစကို လည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကို လည်းကောင်း နှလုံးသွင်း၏၊ ထိုနေရာမှ ထသွားသည်ရှိသော်လည်း ထိုတရားစကား၏ အစကို လည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကို လည်းကောင်း နှလုံးသွင်း၏၊ ဤပုဂ္ဂိုလ်ကို လှန်၍ ထားသောအိုးနှင့် တူသည့် ကျယ်ပြန့်သော ပညာရှိသော 'ပုထုပည' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 109

၃ - တိကပုဂ္ဂလပညတ် - မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, December 12, 2009

မြတ်စွာဘုရား၏ အားတော်ဆယ်ပါး...

ဉာဏဝိဘင်္ဂင်္င်္


ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ် အရေအတွက်ကို အကျဉ်းပြဆိုခြင်း၊

ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-

မြတ်စွာဘုရား၏ ဘုရား အားတော်ဆယ်ပါးတို့သည် ရှိကုန်၏။ ယင်းအားတော်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

အဘယ်ဆယ်ပါးတို့နည်း-

၁...
ဤလောက၌ မြတ်စွာဘုရားသည် အကြောင်းဟုတ်သည်ကိုလည်း အကြောင်း ဟုတ်သောအားဖြင့် အကြောင်း မဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သော အားဖြင့် ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ အကြောင်း ဟုတ်သည်ကိုလည်း အကြောင်း ဟုတ်သောအားဖြင့် အကြောင်း မဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သောအားဖြင့် ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရားအားတော် ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၂...
ထို့ပြင်လည်း မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အကြောင်းအရာအားဖြင့် ဟုတ်တိုင်း မှန်စွာ သိတော်မူ၏။ အတိတ်အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အကြောင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၃..
ထို့ပြင်လည်း မြတ်စွာဘုရားသည် ဂတိအမျိုးမျိုးသို့ ရောက်ကြောင်း အကျင့်ကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ ဂတိအမျိုးမျိုးသို့ ရောက်ကြောင်း အကျင့်ကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကိုြ>ွမက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၎...
ထို့ပြင်လည်း မြတ်စွာဘုရားသည် များသောဓာတ်, အမျိုးမျိုးသော ဓာတ်ရှိသော လောကကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ များသောဓာတ် အမျိုးမျိုးသော ဓာတ်ရှိသော လောကကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မ စကြာတရားကို လည်စေတော်မူ၏။

၅...
ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းခြင်းကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏၊ သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းခြင်းကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၆...
ထို့ပြင်လည်း မြတ်စွာဘုရားသည် တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ ဣနြေ္ဒ အနုအရင့်ကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ ဣနြေ္ဒ အနုအရင့်ကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော် ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာ ဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၇...
ထို့ပြင်လည်း မြတ်စွာဘုရားသည် ဈာန်, လွတ်မြောက်မှု 'ဝိမောက္ခ', တည်ကြည်မှု 'သမာဓိ', ဝင်စားမှု 'သမာပတ်' တို့၏ ညစ်နွမ်းခြင်း ဖြူစင်ခြင်း ထခြင်းကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ ဈာန်, လွတ်မြောက်မှု 'ဝိမောက္ခ', တည်ကြည်မှု 'သမာဓိ', ဝင်စားမှု 'သမာပတ်' တို့၏ ညစ်နွမ်းခြင်း ဖြူစင်ခြင်း ထခြင်းကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၈...
ထို့ပြင်လည်း မြတ်စွာဘုရားသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်း ကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်း ကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေ တော်မူ၏။

၉...
ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ စုတေခြင်း ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ သတ္တဝါတို့၏ စုတေခြင်း ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေ တော်မူ၏။

၁၀...
ထို့ပြင်လည်း မြတ်စွာဘုရားသည် အာသဝတို့၏ ကုန်ရာကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ အာသဝတို့၏ ကုန်ရာကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာ ဘုရား၏ ဘုရားအားတော် ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို တော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။ ဤသည်တို့ကား မြတ်စွာဘုရား ၏ ဘုရား အားတော်ဆယ်ပါးတို့တည်း။ ယင်းအားတော်တို့နှင့် ပြည့်စုံသော မြတ်စွာ ဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

ဤသို့ ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။ 760 - 10

၁ဝ - ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ် အရေအတွက်ကို အကျဉ်းပြဆိုခြင်း၊ ဝိဘင်္ဂ၊ အဘိဓမ္မာ။
အားတော်ဆယ်ပါး

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, November 9, 2009

ရဟန်းတော်များ ကျက်စားသင့်သောနေရာနှင့် မကျက်စားသင့်သောနေရာ...

ရဟန်းတော်များ ကျက်စားသင့်သောနေရာနှင့် မကျက်စားသင့်သောနေရာ...

''ကျက်စားရာ 'ဂေါစရ''' ဟု ဆိုရာ၌ ကျက်စားသင့်သော နေရာသည် ရှိ၏၊ မကျက်စားသင့်သော နေရာသည် ရှိ၏။ မကျက်စားသင့်သော နေရာထိုတွင် အဘယ်သည် မကျက်စားသင့်သော နေရာမည်သနည်း။

မကျက်စားသင့်သောနေရာ...
ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ ကျက်စား၏၊ မုဆိုးမအိမ်၌ ကျက်စား၏၊ အပျိုကြီးအိမ်၌ ကျက်စား၏၊ ပဏ္ဍုက်အိမ်၌ ကျက်စား၏၊ ဘိက္ခုနီမကျောင်း၌ ကျက်စား၏၊ သေတင်းကုပ်၌ ကျက်စား၏၊ မင်းတို့နှင့် လည်းကောင်း၊ မင်း၏ အမတ်တို့နှင့် လည်းကောင်း၊ တိတ္ထိတို့နှင့် လည်းကောင်း၊ တိတ္ထိတပည့်တို့နှင့် လည်းကောင်း သာသနာတော်နှင့် မလျောက် ပတ်သော ဆက်ဆံခြင်းဖြင့် ဆက်ဆံ၍ နေ၏။ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာ မိန်းမတို့အား သဒ္ဓါတရား မရှိကုန်သော၊ မကြည်ညိုကုန်သော၊ ရေတွင်းသဖွယ် မဖြစ်ကုန်သော၊ ဆဲရေးတတ် ရေရွတ် တတ်ကုန်သော၊ အကျိုးမဲ့ကို အလိုရှိကုန်သော၊ စီးပွါးမဲ့ကို အလိုရှိကုန်သော၊ ချမ်းသာမဲ့ကို အလိုရှိကုန်သော၊ ယောဂကုန်ရာကို အလိုမရှိကုန်သော အကြင် အမျိုး ဒါယကာတို့သည် ရှိကုန်၏။ ထိုသို့ သဘောရှိသော အမျိုး ဒါယကာ တို့ကို မှီဝဲ၏၊ ဆည်းကပ်၏၊ ချဉ်းကပ်၏၊ဤသဘောကို မကျက်စားသင့်သော နေရာဟု ဆိုအပ်၏။

ကျက်စားသင့်သောနေရာ...
ထိုတွင် အဘယ်သည် ကျက်စားသင့်သော နေရာ မည်သနည်း။
ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ မကျက်စား၊ မုဆိုးမအိမ်၌ မကျက်စား၊ အပျိုကြီးအိမ်၌ မကျက်စား၊ ပဏ္ဍုက်အိမ်၌ မကျက်စား၊ ဘိက္ခုနီမကျောင်း၌ မကျက်စား၊ သေတင်းကုပ်၌ မကျက်စား၊ မင်းတို့နှင့် လည်းကောင်း၊ မင်း၏အမတ်တို့နှင့် လည်းကောင်း၊ တိတ္ထိတို့နှင့်လည်းကောင်း၊ တိတ္ထိတပည့်တို့နှင့် လည်းကောင်း သာသနာတော်နှင့် မလျောက်ပတ်သော ဆက်ဆံခြင်းဖြင့် မဆက်ဆံမူ၍ နေ၏။ ရဟန်း ယောက်ျား ရဟန်းမိန်းမ ဥပါသကာ ယောက်ျား ဥပါသိကာမိန်းမတို့အား သဒ္ဓါတရားရှိကုန်သော၊ ကြည်ညိုကုန်သော၊ ရေတွင်းသဖွယ် ဖြစ်ကုန်သော၊ သင်္ကန်းအရောင်ဖြင့် တောက်ပကုန်သော ရဟန်းတို့၏ သင်္ကန်းကိုယ်တို့မှ ဖြစ်သော လေတို့ဖြင့် လှိုင်ကုန်သော၊ အကျိုးကို အလိုရှိကုန်သော၊ စီးပွါးကို အလိုရှိကုန်သော၊ ချမ်းသာကို အလိုရှိကုန်သော၊ ယောဂကုန်ရာကို အလိုရှိကုန်သော အကြင် အမျိုး ဒါယကာ တို့သည် ရှိကုန်၏။ ထိုသို့ သဘောရှိသော အမျိုး ဒါယကာတို့ကို မှီဝဲ၏၊ ဆည်းကပ်၏၊ ချဉ်းကပ်၏၊ ဤသဘောကို ကျက်စားသင့်သော နေရာဟု ဆိုအပ်၏။

ဤဆိုအပ်ခဲ့ပြီးသော အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် လည်းကောင်း ပြည့်စုံ၏။ပ။ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် ''အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် ဋေပြည့်စုံ၏'' ဟု ဆိုအပ်၏။ 514

ဈာနဝိဘင်္ဂ၊ ဝဘင်းပါဠိတော်၊ အဘိဓမ္မာပိဋကတ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ရဟန်းတော်များ မကျင့်အပ်သောအကျင့်နှင့် ကျင့်အပ်သောအကျင့်များ...

ရဟန်းတော်များ မကျင့်အပ်သောအကျင့်နှင့် ကျင့်အပ်သောအကျင့်များ...

မကျင့်အပ်သော အကျင့်များမှ...

ထိုနှစ်ပါးတို့တွင် အဘယ်သည် မကျင့်အပ်သော အကျင့် မည်သနည်း။
ကိုယ်၌ ဖြစ်သော လွန်ကျူးခြင်း၊ နှုတ်၌ ဖြစ်သော လွန်ကျူးခြင်း၊ ကိုယ်နှုတ်၌ ဖြစ်သော လွန်ကျူးခြင်းသည် ရှိ၏။ ဤသဘောကို မကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။ သီလပျက်ကြောင်း အကျင့်အားလုံးသည်လည်း မကျင့်အပ်သော အကျင့် မည်၏။

ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝါးပေးခြင်းဖြင့် လည်းကောင်း၊ သစ်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ ပန်းပေးခြင်းဖြင့် လည်းကောင်း၊ သစ်သီးပေးခြင်းဖြင့် လည်းကောင်း၊ ရေချိုးဆပ်ပြာမှုန့်ပေးခြင်းဖြင့် လည်းကောင်း၊ ဒန်ပူပေးခြင်းဖြင့် လည်းကောင်း၊ ချစ်ခင်စေလို၍ မြှောက်ပင့်ပြောဆိုခြင်းဖြင့် လည်းကောင်း၊ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်းဖြင့် လည်းကောင်း၊ ကလေးချော့ ကလေးထိန်းပေးခြင်းဖြင့် လည်းကောင်း၊ လူတို့အတွက် သတင်းပို့ပေးခြင်းဖြင့် လည်းကောင်း၊ မြတ်စွာဘုရား စက်ဆုပ်တော်မူအပ်သော မှားသောအသက်မွေးမှု တစ်ခုခုဖြင့် လည်းကောင်း အသက်မွေးမြူ၏၊ ဤသဘောကို မကျင့်အပ်သော အကျင့်ဟုဆိုအပ်၏။

ကျင့်အပ်သောအကျင့်များမှာ...
ထိုနှစ်ပါးတို့တွင် အဘယ်သည် ကျင့်အပ်သော အကျင့် မည်သနည်း။
ကိုယ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ ကိုယ်နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်းသည် ရှိ၏။ ဤသဘောကိုကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။ သီလ စောင့်ထိန်းမှု အားလုံးသည်လည်း ကျင့်အပ်သော အကျင့်မည်၏။ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝါးပေးခြင်းဖြင့် လည်းကောင်း၊ သစ်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ ပန်းပေးခြင်းဖြင့် လည်းကောင်း၊ သစ်သီးပေးခြင်းဖြင့် လည်းကောင်း၊ ရေချိုးဆပ်ပြာမှုန့် ပေးခြင်းဖြင့် လည်းကောင်း၊ ဒန်ပူပေးခြင်းဖြင့် လည်းကောင်း၊ ချစ်ခင်စေလို၍ မြှောက်ပင့် ပြောဆိုခြင်းဖြင့် လည်းကောင်း၊ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်းဖြင့် လည်းကောင်း၊ ကလေးချော့ ကလေးထိန်းပေးခြင်းဖြင့် လည်းကောင်း၊ လူတို့အတွက် သတင်းပို့ပေးခြင်းဖြင့် လည်းကောင်း၊ မြတ်စွာဘုရား စက်ဆုပ်တော်မူအပ်သော မှားသော အသက်မွေးမှု တစ်ခုခုဖြင့် လည်းကောင်း အသက်မွေးမြူခြင်း မပြုပေ။ ဤသဘောကို ကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။ 513

ဈာနဝိဘင်္ဂ၊ ဝဘင်းပါဠိတော်၊ အဘိဓမ္မာပိဋကတ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, November 5, 2009

ဒို့ ဘယ်နေရာက ပါကြမှာလဲ...





၁...
ထိုမာတိကာစကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌
ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိ၏၊ ထိုတရားတို့၌လည်း အလုံးစုံသိခြင်းသို့ရောက်၏၊ ဗိုလ်တို့၌လည်း လေ့လာခြင်းသို့ ရောက်၏၊ ထို ကိုယ်တိုင် ဖြစ်စေအပ်သော သဗ္ဗညုတဉာဏ်ဖြင့် ထိုပုဂ္ဂိုလ်ကို အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာသိသော 'သဗ္ဗညုတဘုရား' ဟု မှတ်အပ်၏။

၂...
ထိုမာတိကာစကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိ၏၊ ထိုတရား တို့၌လည်း အလုံးစုံသိခြင်းသို့ မရောက်၊ ဗိုလ်တို့၌လည်း လေ့လာခြင်းသို့ မရောက်၊ ထိုပစ္စေကသမ္ဗောဓိဉာဏ်ဖြင့် ထိုပုဂ္ဂိုလ်ကို 'ပစ္စေကဗုဒ္ဓါ'ဟု မှတ်အပ်၏။

၃...
ထိုမာတိကာ စကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင် ဆင်းရဲ၏ အဆုံးကို ပြု၏၊ သာဝကပါရမီသို့လည်း ရောက်၏၊ ထိုသာဝကပါရမီဉာဏ်ဖြင့် ထိုပုဂ္ဂိုလ်တို့ကို 'သာရိပုတ္တရာမောဂ္ဂလာန်တို့' ဟု မှတ်အပ်ကုန်၏။

၎...
ထိုမာတိကာ စကားရပ်၌ အကြင် ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင် ဆင်းရဲ၏ အဆုံးကို ပြု၏၊ သာဝကပါရမီသို့ မရောက်၊ ထိုဒုက္ခ၏ အဆုံးကို ပြုခြင်းဖြင့် ထိုပုဂ္ဂိုလ်တို့ကို သာရိပုတြာမောဂ္ဂလ္လာန်တို့မှ ကြွင်းသော 'ရဟန္တာပုဂ္ဂိုလ်တို့' ဟု မှတ်အပ်ကုန်၏။

၅...
ထိုမာတိကာ စကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင် ဆင်းရဲ၏ အဆုံးကို မပြု၊ ဤကာမဘုံသို့ မလာခြင်းကြောင့် အနာဂါမ်ဖြစ်၏၊ ထိုကာမဘုံသို့ မလာခြင်းဖြင့် ထိုပုဂ္ဂိုလ်ကို 'အနာဂါမ် ပုဂ္ဂိုလ်' ဟု မှတ်အပ်၏။

၆...
ထိုမာတိကာ စကားရပ်၌ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ အလိုလို ကိုယ်တိုင်သာလျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင် ဆင်းရဲ၏ အဆုံးကို မပြု၊ ဤကာမဘုံသို့ လာ၏၊ ထိုကာမဘုံသို့ လာခြင်းဖြင့် ထိုပုဂ္ဂိုလ်တို့ကို 'သောတာပန်, သကဒါဂါမ်ပုဂ္ဂိုလ်တို့' ဟု မှတ်အပ်ကုန်၏။ 202

၆ - ဆက္ကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အပြစ်ရှိသောသူ အပြစ်မရှိသောသူ...

အပြစ်ရှိသော ပုဂ္ဂိုလ်...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်
အပြစ်ရှိသော ကာယကံနှင့် ပြည့်စုံ၏၊
အပြစ်ရှိသော ဝစီကံနှင့် ပြည့်စုံ၏၊
အပြစ်ရှိသော မနောကံနှင့် ပြည့်စုံ၏၊
ဤပုဂ္ဂိုလ်ကို အပြစ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 144

အပြစ်များသော ပုဂ္ဂိုလ်...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်
အပြစ်ရှိသော ကာယကံနှင့် များစွာ ပြည့်စုံ၍၊
အပြစ် မရှိသော ကာယကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
အပြစ်ရှိသော ဝစီကံနှင့် များစွာ ပြည့်စုံ၍၊
အပြစ် မရှိသော ဝစီကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
အပြစ်ရှိသော မနောကံနှင့် များစွာ ပြည့်စုံ၍၊
အပြစ် မရှိသော မနောကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
ဤပုဂ္ဂိုလ်ကို အပြစ်များသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 145

အပြစ်နည်းသော ပုဂ္ဂိုလ်...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်
အပြစ် မရှိသော ကာယကံနှင့် များစွာ ပြည့်စုံ၍
အပြစ်ရှိသော ကာယကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
အပြစ် မရှိသော ဝစီကံနှင့် များစွာ ပြည့်စုံ၍
အပြစ်ရှိသော ဝစီကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
အပြစ်မရှိသော မနောကံနှင့် များစွာ ပြည့်စုံ၍
အပြစ်ရှိသော မနောကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊
ဤပုဂ္ဂိုလ်ကို အပြစ်နည်းသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 146

အပြစ်မရှိသော ပုဂ္ဂိုလ်...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်
အပြစ်မရှိသော ကာယကံနှင့် ပြည့်စုံ၏၊
အပြစ်မရှိသော ဝစီကံနှင့် ပြည့်စုံ၏၊
အပြစ်မရှိသော မနောကံနှင့် ပြည့်စုံ၏၊
ဤပုဂ္ဂိုလ်ကို အပြစ်မရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 147

၎ - စတုက္ကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, August 28, 2009

ဘေး...

အာဒီနဝဉာဏ် အကျယ်ပြခြင်း- မှ...

ဘေးဟု ထင်မြင်လာသောပညာသည် အဘယ်သို့လျှင် အာဒီနဝဉာဏ်မည်သနည်း။


ဖြစ်ပေါ်ခြင်းသည် ဘေးမည်၏ဟု ဘေးဟု ထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝဉာဏ်မည်၏။
ဖြစ်ပွားခြင်းသည် -ပ-
သင်္ခါရနိမိတ်သည် -ပ-
နောင်ပဋိသန္ဓေ၏အကြာင်းဖြစ်သော အားထုတ်ခြင်းသည် -ပ-
တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းသည် -ပ-
ဂတိသည် -ပ-
ခန္ဓာတို့၏ ဖြစ်ခြင်းသည် -ပ-
မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ခြင်းသည် -ပ-
ပဋိသန္ဓေနေခြင်းသည် -ပ-
အိုခြင်းသည် -ပ-
နာခြင်းသည် -ပ-
သေခြင်းသည် -ပ-
စိုးရိမ်ခြင်းသည် -ပ-
ငိုကြွေး မြည်တမ်းခြင်းသည် -ပ-
ပြင်းစွာ ပင်ပန်းခြင်းသည် -ပ-

၈ - အာဒီနဝဉာဏ် အကျယ်ပြခြင်း-မှ၊ မဟာဝဂ်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်။ 53





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, August 19, 2009

အဘိဓမ္မာ သင်္ဂြိုဟ် ၉-ပိုင်း သံခိပ်လင်္ကာ...

စာအုပ်မျက်နှာဖုံး




အဘိဓမ္မာ သင်္ဂြိုဟ် ၉-ပိုင်း သံခိပ်လင်္ကာ






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, May 23, 2009

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်...

စတုက္ကပုဂ္ဂလပညတ် မှ...

၁...
အမိုက်မှောင်မှ (လာ၍) အမိုက်မှောင်သို့ သွားသူ...

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲသော ထမင်း အဖျော်နည်းသော ငြိုငြင်စွာ အသက်မွေးခြင်းရှိသော ဒွန်းစဏ္ဍားအမျိုး၌ သော်လည်းကောင်း၊ မုဆိုး အမျိုး၌သော် လည်းကောင်း၊ နှီးသမား အမျိုး၌သော် လည်းကောင်း၊ သားရေနယ် သမားအမျိုး၌ သော်လည်းကောင်း၊ ပန်းမှိုက်သွန် အမျိုး၌သော်လည်းကောင်း၊ သူဆင်းရဲအမျိုး၌ သော်လည်းကောင်း ယုတ်နိမ့်သော အမျိုး၌ဖြစ်၏၊ အကြင် အမျိုး၌ ငြိုငြင်ဆင်းရဲသဖြင့် အစားအစာ အဝတ်ပုဆိုးကို ရအပ်၏၊ (ထိုအမျိုး၌ ဖြစ်၏)၊

ထိုသူသည်လည်း အဆင်းမလှ၊ မနှစ်လိုဖွယ်သော အသွင်အပြင်ရှိ၏၊ ပုကွ၏၊ အနာများ၏၊ ကန်းခြင်းသည် လည်းကောင်း၊ လက်ကောက်ခြင်းသည် လည်း ကောင်း၊ ခြေခွင်ခြင်းသည် လည်ကောင်း၊ ဆွံ့ခြင်းသည် လည်းကောင်း ဖြစ်၏၊ ထမင်း, အဖျော်,အဝတ် (ပုဆိုး), ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း မရှိ၊ ထိုသူသည် ကိုယ် နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၍ (ခန္ဓာ)ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ, ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏၊

ဤသို့သော
ပုဂ္ဂိုလ်သည် အမိုက်မှောင်မှ (လာ၍) အမိုက်မှောင်သို့သွားသည် မည်၏။

၂...
အမိုက်မှောင်မှလာ၍ အလင်းသို့ သွားသူ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲသော ထမင်း အဖျော်နည်းသော ငြိုငြင်စွာ အသက်မွေးခြင်း ရှိသော ဒွန်းစဏ္ဍားမျိုး၌သော် လည်းကောင်း၊ မုဆိုး အမျိုး၌ သော်လည်းကောင်း၊ နှီးသမားအမျိုး၌သော် လည်းကောင်း၊ သားရေနယ် သမားအမျိုး၌ သော်လည်းကောင်း၊ ပန်းမှိုက်သွန်အမျိုး၌ သော်လည်းကောင်း၊ သူဆင်းရဲအမျိုး၌ သော်လည်းကောင်း ယုတ်နိမ့်သော အမျိုး၌ဖြစ်၏၊ အကြင် အမျိုး၌ ငြိုငြင်ဆင်းရဲသဖြင့် အစားအစာ အဝတ်ပုဆိုးကို ရအပ်၏၊ (ထိုအမျိုး ၌ဖြစ်၏)၊

ထိုသူသည်လည်း အဆင်းမလှ၊ မနှစ်လိုဖွယ်သော အသွင်အပြင်ရှိ၏၊ ပုကွ၏၊ အနာများ၏၊ ကန်းခြင်းသည် လည်းကောင်း၊ လက်ကောက်ခြင်းသည် လည်း ကောင်း၊ ခြေခွင်ခြင်းသည် လည်းကောင်း၊ ဆွံ့ခြင်းသည် လည်းကောင်း ဖြစ်၏၊ ထမင်း, အဖျော်, အဝတ် (ပုဆိုး),ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း မရှိ၊ ထိုသူသည် ကိုယ်, နှုတ်,စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာဖြစ်သော နတ်ပြည်၌ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် အမိုက်မှောင်မှ (လာ၍) အလင်းသို့ သွားသည် မည်၏။

၃...
အလင်းမှလာ၍ အမိုက်မှောင်သို့ သွားသူ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြွယ်ဝသော ဥစ္စာများသော အသုံး အဆောင်များသော ရေ ငွေ ဥစ္စာများသော နှစ်လိုဖွယ်ကို ပြုတတ်သည့် ဥစ္စာ များသော များစွာသော ဥစ္စာစပါးရှိသော ခတ္ထိယမဟာသာလ အမျိုး၌ သော် လည်းကောင်း၊ ဗြာဟ္မဏမဟာသာလအမျိုး၌ သော်လည်းကောင်း၊ ဂဟပတိ မဟာသာလအမျိုး၌သော် လည်းကောင်း မြင့်မြတ်သော အမျိုး၌ဖြစ်၏၊

ထိုသူသည် အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော ကိုယ်အဆင်းနှင့် ပြည့်စုံ၏၊ ထမင်း, အဖျော်, အဝတ် (ပုဆိုး), ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း ရှိ၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ ကျရာဖြစ်သော ငရဲ၌ ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလသ် ည် အလင်းမှ (လာ၍) အမိုက်မှောင်သို့ သွားသည်
မည်၏။

၎...
အလင်းမှ (လာ၍) အလင်းသို့ သွားသူ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြွယ်ဝသော ဥစ္စာများသော အသုံး အဆောင်များသော ရွှေငွေဥစ္စာ များသော နှစ်လိုဖွယ်ကို ပြုတတ်သည့် ဥစ္စာ များသော များစွာသော ဥစ္စာစပါးရှိသော ခတ္ထိယ မဟာသာလအမျိုး၌သော် လည်းကောင်း၊ ဗြာဟ္မဏမဟာသာလအမျိုး၌ သော်လည်းကောင်း၊ ဂဟပတိ မဟာသာလအမျိုး၌သော် လည်းကောင်း မြင့်မြတ်သော အမျိုး၌ ဖြစ်၏၊ ထိုသူသည်လည်း အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ရှိ၏၊ မြတ်သော ကိုယ်အဆင်းနှင့် ပြည့်စုံ၏၊ ထမင်း, အဖျော်,အဝတ် (ပုဆိုး), ယာဉ်, ပန်း, နံ့သာ, နံ့သာ ပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း ရှိ၏၊

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလ် သည် အလင်းမှ (လာ၍) အလင်းသို့ သွားသည်မည်၏။ 168

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အောက်သို့ ညွှတ်လေ သနည်း။ ပ။ ဤသို့သော ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အောက်သို့ ညွှတ်လေသည် မည်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အထက်သို့ ညွှတ်လေ သနည်း။ပ။ ဤသို့သောပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အထက်သို့ ညွှတ်လေ သည်မည်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အထက်မှ (လာ၍) အောက်သို့ ညွှတ်လေ သနည်း။ပ။ ဤသို့ သော ပုဂ္ဂိုလ်သည် ကြွယ်ဝသော အထက်မှ (လာ၍) အောက်သို့ ညွှတ်လေသည် မည်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အထက်မှ (လာ၍) အထက်သို့ ညွှတ်လေ သနည်း။ပ။ ဤသို့သော ပုဂ္ဂိုလ်သည် အထက်မှ (လာ၍) အထက်သို့ ညွှတ်လေ သည် မည်၏။ (၄)

၎ - စတုက္ကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, May 19, 2009

သရက်သီးနှင့်တူသော ပုဂ္ဂိုလ်လေးယောက်...

စတုက္ကပုဂ္ဂလပညတ်

ထိုမာတိကာပုဒ်၌
သရက်သီးနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့နည်း...

စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီး၊ မှည့်လျက် စိမ်းရောင်ရှိသော သရက်သီး၊ စိမ်းလျက် စိမ်းရောင် ရှိသော သရက်သီး၊ မှည့်လျက် မှည့်ရောင်ရှိသော သရက် သီးဟူ၍ သရက်သီးတို့သည် လေးမျိုးရှိကုန်၏၊

ဤ အတူပင်လျှင် သရက်သီးနှင့် တူသော ဤပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊

လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊

၁... စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီးနှင့်တူသောပုဂ္ဂိုလ်၊
၂... မှည့်လျက် စိမ်းရောင်ရှိသော သရက်သီးနှင့်တူသော ပုဂ္ဂိုလ်၊
၃... စိမ်းလျက် စိမ်းရောင်ရှိသော သရက်သီးနှင့် တူသော ပုဂ္ဂိုလ်၊
၎... မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးနှင့်တူသော ပုဂ္ဂိုလ်တို့တည်း။

၁...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီးနှင့် တူသ နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညို ဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်း မသိ၊ ''ဤလောဘသည်ကား ဆင်းရဲ ဖြစ်ကြောင်းတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်းမသိ၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန် သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရား မသိသော ပုဂ္ဂိုလ်သည် စိမ်းလျက်မှည့် ရောင်ရှိသော သရက်သီးနှင့် တူ၏၊

ထိုသရက်သီးသည် စိမ်းလျက် မှည့်ရောင်ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်ရှိလျက်
အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် စိမ်းရောင်ရှိသော သရက်သီးနှင့် တူသ နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်းဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤလောဘသည်ကား ဆင်းရဲဖြစ်ကြောင်းတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်းသိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲ ချုပ်ရာတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်းသိ၏၊ ဤသို့ ကြည်ညိုဖွယ် မရှိဘဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်သည် မှည့်လျက် စိမ်းရောင် ရှိသောသရက်သီးနှင့် တူ၏၊

ထိုသရက်သီးသည် မှည့်လျက် စိမ်းရောင် ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်မရှိဘဲ
အမှန်တရားသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။

၃...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် စိမ်းရောင်ရှိသော သရက်သီးနှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည်လည်း ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါး သည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင် ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ၊ အမှန်တရား ကိုလည်း မသိသော ပုဂ္ဂိုလ်သည် စိမ်းလျက် စိမ်းရောင်ရှိသော သရက်သီး နှင့်တူ၏၊

ထိုသရက်သီးသည် စိမ်းလျက် စိမ်းရောင်ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ၊ အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။

၎...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးနှင့် တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညို ဖွယ် ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲ တည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ်လည်းရှိ အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်သည် မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးနှင့် တူ၏၊

ထိုသရက်သီးသည် မှည့်လျက် မှည့်ရောင်ရှိ သကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်းရှိ အမှန်တရားကိုလည်းသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ 159

လောက၌ ထင်ရှားရှိသော သရက်သီးနှင့် တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၎ - စတုက္ကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, May 10, 2009

ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်...

စတုက္ကပုဂ္ဂလပညတ်...
ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်...

၁။ တွင်းတူးလျက် မအောင်းသောကြွက်၊
၂။ အောင်းလျက် တွင်းမတူးသောကြွက်၊
၃။ တွင်းလည်းတူး အောင်းလည်းအောင်းသောကြွက်၊
၎။ တွင်းလည်းမတူး အောင်းလည်း မအောင်းသော ကြွက်တို့သည်
လေးမျိုးရှိကုန်၏၊

ဤအတူပင်လျှင် ...
ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှား ရှိကုန်၏၊

လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊

၁။ တွင်းတူးလျက် မအောင်းသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်၊
၂။ အောင်းလျက် တွင်းမတူးသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်၊
၃။ တွင်းလည်းတူး အောင်းလည်းအောင်းသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်၊
၎။ တွင်းလည်းမတူး အောင်းလည်း မအောင်းသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်တို့
တည်း။

အဘယ်သို့လျှင် ...
ပုဂ္ဂိုလ်သည် တွင်းသာတူး၍ မအောင်းသော ကြွက်နှင့် တူသနည်း၊

၁...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လတည်းဟူသော တရား ပိဋကတ် တော်ကို သင်ယူ၏၊ ထိုပိဋကတ်တတ်သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤ လောဘသည်ကား ဆင်းရဲဖြစ်ကြောင်းတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့် တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ပုဂ္ဂိုလ်သည် တွင်းသာ တူးလျက် မအောင်းသော ကြွက်နှင့် တူ၏၊ ထို ကြွက်သည် တွင်းတူးလျက် မအောင်းသကဲ့သို့ ဤသို့ ပိဋကတ်သာတတ်လျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထို ကြွက်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၂...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောင်းလျက် တွင်းမတူးသော ကြွက်နှင့်တူသနည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လတည်းဟူသော တရား (ပိဋ ကတ်တော်) ကို မသင်ယူ၊ ထိုပိဋကတ် မတတ်သော ပုဂ္ဂိုလ်သည် ''ဤလောဘ ကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏။ပ။
ဤသို့ ပုဂ္ဂိုလ်သည် အောင်းလျက် တွင်းမတူးသော ကြွက်နှင့်တူသည် မည်၏၊ ထို ကြွက်သည် အောင်းလျက် တွင်းမတူးသကဲ့သို့၊ ဤသို့ ပိဋကတ်မတတ်ဘဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်ကို ထို ကြွက်နှင့်တူ၏ ဟူ၍ မှတ်အပ်၏။

၃...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်းတူး အောင်းလည်း အောင်းသော ကြွက်နှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်,ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ တည်းဟူသော တရား (ပိဋကတ်တော်)ကို သင်ယူ၏၊ ထိုပိဋကတ်တတ်သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်းသိ၏။ပ။
ဤသို့ပုဂ္ဂိုလ်သည် တွင်းလည်းတူး အောင်းလည်း အောင်းသော ကြွက်နှင့်တူသည် မည်၏၊ ထို ကြွက်သည် တွင်းလည်းတူး အောင်းလည်း အောင်းသကဲ့သို့၊ ဤသို့ ပိဋကတ်လည်းတတ် အမှန်တရား ကိုလည်း သိသော ပုဂ္ဂိုလ်ကို ထိုကြွက်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၎...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်းမတူး အောင်းလည်း မအောင်းသော ကြွက်နှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်,ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လတည်း ဟူသော တရား (ပိဋကတ်တော်)ကို မသင်ယူ၊ ထိုပိဋကတ်မတတ်သော ပုဂ္ဂိုလ် သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ် မှန်သော အတိုင်းမသိ။ပ။
ဤသို့ ပုဂ္ဂိုလ်သည် တွင်းလည်းမတူး အောင်းလည်း မအောင်းသော ကြွက် နှင့်တူ၏၊ ထို ကြွက်သည် တွင်းလည်းမတူး အောင်းလည်း မအောင်းသကဲ့သို့ ဤသို့ ပိဋကတ်လည်း မတတ်,အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထို ကြွက်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

လောက၌ ထင်ရှားရှိသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။158

၎ - စတုက္ကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, April 29, 2009

ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည်...

တိကပုဂ္ဂလပညတ်-မှ...

မှီဝဲအပ် ဆည်းကပ်အပ် ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကျင့်သီလဖြင့်၊ သမာဓိဖြင့်၊ ပညာဖြင့် တူမျှ၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲ အပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ် အပ်၏။

ထိုသို့ မှီဝဲအပ် မှီဝဲထိုက်သည်၏ အဖြစ်သည် အဘယ့်ကြောင့်နည်း၊ သီလ သီတင်း တူညီသော အဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ သီလစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုသီလစကားသည်ကား ငါတို့အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုသီလစကားသည် ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ သမာဓိ တူညီသော အဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ သမာဓိစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုသမာဓိ စကားသည်ကား ငါတို့အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုသမာဓိ စကားသည်ကား ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ ပညာတူညီသော အဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ ပညာစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုပညာစကားသည်ကား ငါတို့ အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုပညာစကားသည် ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။
122

၃ - တိကပုဂ္ဂလပညတ်-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မချဉ်းကပ်အပ်သော ပုဂ္ဂိုလ်..

တိကပုဂ္ဂလပညတ်-မှ...

မမှီဝဲအပ် မဆည်းကပ်အပ် မချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကျင့်သီလဖြင့်၊ သမာဓိဖြင့်၊ ပညာဖြင့် ယုတ်ညံ့၏၊ သနားခြင်း စောင့်ရှောက်ခြင်း မှတစ်ပါး ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မမှီဝဲအပ်၊ မဆည်းကပ်အပ်၊ မချဉ်းကပ်အပ်။121

၃ - တိကပုဂ္ဂလပညတ်-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။