နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

အဆွေခင်ပွန်းတို့ကို ပြုစုအပ်ကုန်၏-

မြောက်အရပ်မည်သော
အဆွေခင်ပွန်း တို့ကို ပြုစုအပ်ကုန်၏။

၁။ ပေးကမ်း စွန့်ကြဲခြင်းဖြင့် လည်းကောင်း။
၂။ ချစ်ဖွယ်သော စကားကို ဆိုခြင်းဖြင့် လည်းကောင်း။
၃။ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းဖြင့် လည်းကောင်း။
၎။ မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်းဖြင့် လည်းကောင်း။
၅။ မချွတ်မယွင်း ပြောဆို ပေးကမ်းခြင်းဖြင့် လည်းကောင်း ပြုစုအပ်ကုန်၏။

မြောက်အရပ် မည်သော အဆွေခင်ပွန်းတို့သည်
ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက် ကုန်၏။

၁။ မူးယစ်သော မိတ်ဆွေကို စောင့်ရှောက် ကုန်၏။
၂။ မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက် ကုန်၏။
၃။ ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာဖြစ် ကုန်၏။
၎။ ဘေးရန်ဖြစ်လတ်သော် မစွန့်ပစ်ကုန်။
၅။ ထိုမိတ်ဆွေ၏ သားမြေးအဆက်ဆက်တို့ကိုလည်း တုံ့ပြန် ချီးမြှောက် ကုန်၏။

မြောက်အရပ် မည်သော အဆွေခင်ပွန်းတို့သည်
ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက် ကုန်၏။

ဤသို့ ပြုစုသည်ရှိသော်
ဤ မြောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

အစေအပါး အလုပ်သမားတို့ကို ပြုစုအပ်ကုန်၏-

အောက်အရပ်မည်သော
အစေအပါး အလုပ်သမား တို့ကို ပြုစုအပ်ကုန်၏။

၁။ ခွန်အားအလျောက်သာ အလုပ်ကိစ္စကို ခိုင်းစေခြင်းဖြင့် လည်းကောင်း။
၂။ ထမင်းရိက္ခာ ပေးခြင်းဖြင့် လည်းကောင်း။
၃။ မကျန်းမာသောအခါ ပြုစုခြင်းဖြင့် လည်းကောင်း။
၎။ ထူးဆန်းသော အရသာများကို ခွဲဝေပေးခြင်းဖြင့် လည်းကောင်း။
၅။ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း အဝတ်တန်ဆာစသည် ပေးခြင်းဖြင့် လည်းကောင်း ပြုစုအပ် ကုန်၏။

အောက်အရပ် မည်သော အစေအပါး အလုပ်သမားတို့သည်
ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။

၁။ အရှင်၏ ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိကုန်၏။
၂။ အရှင်အိပ်သည်မှ နောက်၌ အိပ်လေ့ရှိကုန်၏။
၃။ ပေးသည်ကိုသာ ယူလေ့ရှိကုန်၏။
၎။ အမှုကိစ္စကို ကောင်းစွာ ပြုလုပ်ကုန်၏။
၅။ အရှင်၏ ဂုဏ်သတင်းကို ဆောင်ကုန်၏။

အောက်အရပ် မည်သော အစေအပါး အလုပ်သမားတို့သည်
ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။

ဤသို့ကောင်းစွာ ပြုစုသည်ရှိသော်
ဤ အောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

သမဏဗြာဟ္မဏတို့ကို ပြုစုအပ်ကုန်၏-

အထက်အရပ် မည်သော
သမဏဗြာဟ္မဏ တို့ကို ပြုစုအပ်ကုန်၏။

၁။ မေတ္တာနှင့်ယှဉ်သော ကာယကံမှုဖြင့် လည်းကောင်း။
၂။ မေတ္တာနှင့်ယှဉ်သော ဝစီကံမှုဖြင့် လည်းကောင်း။
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှုဖြင့် လည်းကောင်း။
၎။ အမြဲမပြတ် လှူဒါန်းလိုသော စိတ်စေတနာဖြင့် လည်းကောင်း၊
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူ ခြင်းဖြင့် လည်းကောင်း ပြုစုအပ်ကုန်၏။

အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည်
ခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။

၁။ မကောင်းမှုမှ တားမြစ်ကုန်၏။
၂။ ကောင်းမှု၌ သက်ဝင်စေကုန်၏။
၃။ ကောင်းသော စိတ်ဖြင့် စောင့်ရှောက်ကုန်၏။
၎။ မကြားဖူးသေးသော တရားစကားကို ဟောကြားကုန်၏။
၅။ ကြားဖူးပြီးသော တရားစကားကို ဖြူစင်စေကုန်၏။
၆။ နတ်ပြည်ခရီးကို ပြောကြားကုန်၏။

အထက်အရပ် မည်သော သမဏဗြာဟ္မဏတို့သည်
ဤခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။

ဤသို့ ပြုစုသည်ရှိသော်
ဤ အထက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။

Friday, June 6, 2008

'ရာဂ'ကို ထူးသောဉာဏ်ဖြင့် သိရန်-

ရာဂ ရာဂ ရာဂ

တပ်စွန်းမှုဟု ခေါ်ဆိုရသော 'ရာဂ'ကို ထူးသောဉာဏ်ဖြင့် သိရန်
အောက်ပါ တရား ၉-မျိုးတို့ကို ပွါးများ အပ်ကုန်၏။

မတင့်တယ် ဟူသော အမှတ် 'အသုဘသညာ'၊
သေခြင်း၌ ဖြစ်သော အမှတ် 'မရဏသညာ'၊
အာဟာရ၌ စက်ဆုပ်ဖွယ် အမှတ် 'အာဟာရေ ပဋိကူလသညာ'၊
လောက အားလုံး၌ မမွေ့လျော်ဖွယ် ဟူသော အမှတ် 'သဗ္ဗလောကေ အနဘိရတိသညာ'၊
မမြဲ ဟူသော အမှတ် 'အနိစ္စသညာ'၊
မမြဲရာ၌ ဆင်းရဲ ဟူသော အမှတ် 'အနိစ္စေ ဒုက္ခသညာ'၊
ဆင်းရဲရာ၌ အစိုးမရ ဟူသော အမှတ် 'ဒုက္ခေ အနတ္တသညာ'၊
ပယ်ခြင်း၌ အမှတ် 'ပဟာနသညာ'၊
တပ်ခြင်း ကင်းခြင်း အမှတ်'ဝိရာဂသညာ' တို့ပေတည်း။

ရာဂပေယျာလ၊ အင်္ဂုတ္တိုရ်။

ဤတရား ၉-မျိုးတို့ကို ပယ်လျှင် ရဟန္တာဖြစ်ပါပြီ-

ရဟန္တာ ဖြစ်လိုသူများ တရား ၉-မျိုးပယ်ရမည်။

တပ်မက်မှုဟုခေါ်ဆိုသော 'ရာဂ'၊
ပြစ်မှားမှုဟုခေါ်ဆိုသော 'ဒေါသ'၊
တွေဝေမှုဟုခေါ်ဆိုသော 'မောဟ'၊
အမျက်ထွက်မှုဟုခေါ်ဆိုသော 'ကောဓ'၊
ရန်ငြိုးဖွဲ့မှုဟုခေါ်ဆိုသော 'ဥပနာဟ'၊
သူ့ကျေးဇူးကို ချေဖျက်မှုဟုခေါ်ဆိုသော 'မက္ခ'၊
ဂုဏ်ပြိုင်မှုဟုခေါ်ဆိုသော 'ပဠာသ'၊
ငြူစူမှုဟုခေါ်ဆိုသော 'ဣဿာ'၊
ဝန်တိုမှုဟုခေါ်ဆိုသော 'မစ္ဆရိယ' တို့တည်း။

ဤတရား ၉-မျိုးတို့ကို ပယ်လျှင် ရဟန္တာဖြစ်ပါပြီ။

အဘဗ္ဗသုတ်၊ ခေမဝဂ်၊ အဂုင်္တ္တိုရ်။

သာသနာတော်မှ လျောကျသူ-

တရား ၄-မျိုးနှင့် မပြည့်စုံသော သူကို
''ဤသာသနာတော်မှ လျောကျသူ'' ဟု ဆိုထိုက်၏။

မြတ်သော-
သီလနှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ'' ဟု ဆိုထိုက်၏၊
သမာဓိနှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ'' ဟု ဆိုထိုက်၏၊
ပညာနှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ'' ဟု ဆိုထိုက်၏၊
ထွက်မြောက်မှု 'အရဟတ္တဖိုလ်' နှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ'' ဟု ဆိုထိုက်၏။

ဤ တရား ၄-မျိုးနှင့်
မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ'' ဟု ဆိုထိုက်၏။
ပြည့်စုံသော သူကို ''ဤသာသနာတော်မှ မလျောကျသူ''ဟု ဆိုထိုက်၏။

ပပတိတသုတ်၊ ဘဏ္ဍဂါမ၀ဂ်၊ အင်္ဂုတ္တိုရ်။

Tuesday, June 3, 2008

စေတနာ ၃-တန်-

လှူဒါန်း ပေးကမ်းရကျိုး နပ်လိုပါလျှင်-

ပုဗ္ဗ(မလှူခင်) မုဉ္စ(လှူဆဲ) အပရ(လှူပြီး) စေတနာ သုံးတန်
တစ်ပါးပါး သို့မဟုတ် အားလုံးချွတ်ယွင်းသော ဒါနမျိုးသည်-

စေတနာ လုံးဝမပါခဲ့သော်
ကြောက်၍သော်လည်းကောင်း ချစ်၍သော်လည်းကောင်း
လာဘ်လာဘကို မျှော်ကိုး၍သော်လည်းကောင်း
ပေးခြင်းဖြစ်၍ လှူဒါန်းမှုဟု မခေါ်ဆိုနိုင်ပေ။

ထို့ကြောင့် ဒါနအစစ်မဖြစ်ပေ။
တစ်ပါး နှစ်ပါးသာ ချွတ်ယွင်းသော်
ထိုစေတနာ ချွတ်ယွင်းသလောက် အကျိုးပေးနည်းတတ်၏။

အပရ(လှူပြီးနောက်)စေတနာ ချို့တဲ့လျှင်ကား
ထိုဒါနကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားတို့ကို မခံစားလိုဘဲ
မစားရက် မသောက်ရက်ဖြင့်သာ နေရတတ်ပါသည်။
(ပေးလှူရကျိုး မနပ်ပါပေ)။
ပေးလှူနေကြသော ဗုဒ္ဓဘာသာဝင်များ လှူတတ်ကြပါစေ။

Monday, June 2, 2008

ဆဲရေးခြင်း ၁ဝ-ပါး-

ဆဲခြင်းသည် ရိုင်းပြသောအရာဖြစ်၍ မဆဲသင့် မပြောသင့်ချေ-

ဆဲရေးခြင်း ၁ဝ-ပါး

ထိုဆဲရေးခြင်း ၁ဝ-ပါးသည် ဝစီဒုစရိုက်တရားချည်းဖြစ်ရကား၊
ရဟန်းတော်အတွက် ပညတ်ချက်ထုတ်ထား၏၊

လူများအဖို့လည်း ရိုင်းပြသောအရာဖြစ်၍ မဆဲသင့် မပြောသင့်ချေ၊

၁။ ဇာတိ= သာကီယမျိုး၊ စဏ္ဍာလမျိုးစသည်ဖြင့်ဇာတ်ကို ထိပါး၍ ဆဲရေးခြင်း။
၂။ နာမ= ဦးမျိုးယုတ်, ကိုဉာဏ်ကြီးရှင် စသော အမည်နာမတို့ဖြင့် ထိပါး၍ ဆဲရေးခြင်း။
၃။ ဂေါတ= နေမျိုးနွယ်, ပုဂံပြည် သဗ္ဗညုဆက်, ရွှေစည်းခုံနွယ် စသည်ဖြင့် အနွယ်ကိုခိုက်၍ ဆဲရေးခြင်း။
၎။ ကမ္မ= ဖိနပ်တိုက်သမား, ချေးကျုံးသမားကြီး, စိန်ကုန်သည်ကြီး စသည်ဖြင့် အလုပ်အကိုင်ကိုစွဲ၍ ဆဲရေးခြင်း။
၅။ သိပ္ပ= အင်ဂျင်နီယာ ပါရဂူကြီး, ကျူထရံရက်ဝိဇ္ဇာကြီး, စသည်ဖြင့် အတတ်ပညာကိုစွဲ၍ ဆဲရေးခြင်း။
၆။ အာဗာဓ= ဖာကျိုး, ရှိုက်ကုန်း, မီးယပ်ပိန် စသည်ဖြင့် အနာရောဂါကိုထိခိုက်၍ ဆဲရေးခြင်း။
၇။ လိင်္ဂ= လံဗားကြီး, အသူရိန်ကြီး, ငပု, ညှပ်စိ, ငကုန်း, မယ်ဗမာ, မောင်ဒဂုံ, စသည်ဖြင့် အသွင်ကိုစွဲ၍ ဆဲရေးခြင်း။
၈။ ကိလေသ= တဏှာအိုး, ဒေါသကုမ္မာ, ဝိတက်ကြီး စသည်ဖြင့် ကိလေသာတစ်ပါးပါး အမည်ကိုတပ်၍ ဆဲရေးခြင်း။
၉။ အာပတ္တိ= ပါရာဇိက ,သံဃာဒိသိသ်, ဒုက္ကဋ်အိုး စသည်ဖြင့် အာပတ်အမည်ကိုတပ်၍ ဆဲရေးခြင်း။
၁ဝ။ အက္ကောသ= နင့်အမေ နင့်နှမ, ခွေးမသား, ခွေးသား, ဝက်မြေး, မဟောသဓာ, ဘုရားလောင်း စသည်ဖြင့် ဆဲရေးခြင်းမျိုး။
ဝိနည်းပါဠိတော်။

တနည်း- ဆဲရေးခြင်း ၁ဝ-ပါး

(၁) စောရောသိ= သူခိုး၊
(၂) ဗာလောသိ= ငမိုက်၊
(၃) မူဠောသိ= ငမေ့ကောင်၊ ငထူ၊ ငထိုင်း၊
(၄) ထေနောသိ= သူခိုး၊
(၅) သြဠောသိ= ငကုံး၊ ကလားအုဋ်၊
(၆) မေဏ္ဍောသိ= သိုး၊ ဆိတ်၊
(၇) ဂေါဏောသိ= ငနွား၊ နွားကောင်၊
(၈) ဂဒြဘာသိ= မြည်းကောင်၊
(၉) တိရစ္ဆာနဂတောသိ= တိရစ္ဆာန်ကောင်၊
(၁ဝ) နေရယိကောသိ= ငရဲကောင်။

သံယုတ်။ ဋ္ဌ။ ပ အုပ်။ ၂ဝဝ