နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, October 8, 2010

အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံ...


အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံ


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်ဆန္နသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို။ အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဆန္နသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို အဘယ့်ကြောင့် မကုစားလိုဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြ ကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြ ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေ၍- ''ရဟန်းတို့ ဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊
ရဟန်းတို့ မလျောက်ပတ်။ ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောက်ျားသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို အဘယ့်ကြောင့် မကုစားလိုဘိ သနည်း။ ရဟန်းတို့ ဤဆန္န ပြုမိသောအမှုသည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှာ လည်းကောင်း။ပ။ ကဲ့ရဲ့တော်မူပြီးနောက်။ပ။ တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-

ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် (ပြုအပ်သော) သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုလော့။
ရဟန်းတို့ ဤသို့ ပြုရမည်၊ ရှေးဦးစွာ ဆန္နရဟန်းကို စောဒနာ ရမည်၊ စောဒနာပြီးနောက် အောက်မေ့စေရမည်၊ အောက်မေ့ စေပြီးနောက် အာပတ်သို့ တင်ရမည်၊ အာပတ်သို့ တင်ပြီးနောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို၊ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြု၏၊ ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်းမရှိသော ဥက္ခေပနီယကံ ပြုလုပ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောကြားပါ၏။ ပ ။
သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောကြားပါ၏။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္နရဟန်းသည် အာပတ်သို့ ရောက်ပြီး၍ အာပတ်ကို မကုစားလို၊ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြု၏၊ ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံ ပြုလုပ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။ သံဃာသည် ဆန္နရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်'' ဟု သိစေရမည်။


ယခုခေတ် အာပတ်သင့်သောရဟန်းများကိုလည်း တွေ့ဖူးပါ၏... ဒေသနာမကြားသောသူများကိုလည်းတွေ့ဖူးပါ၏... သို့သော် အာပတ်ကို မကုစားသောရဟန်းအား ဥက္ခေပနီယကံ ပြုခြင်းမျိုး မတွေ့ဖူးသေးပါ... ကံပြုခဲ့ပါလျှင်လည်း ကံပြုခံရသောရဟန်းသည် အရေးလုပ်မည် မထင်တော့ပါပေ... အမုန်းခံရဖို့ အလားအလာသာ ရှိပေသည်... ဤသည်ကား မိမိအထင်သာ...


ရဟန်းတို့ ''ဆန္နရဟန်းကို အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော သံဃာနှင့် အတူတကွ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံကို ပြုအပ်ပြီ'' ဟု ကျောင်းတိုက် အဆက်ဆက်သို့လည်း ပြောကြား ကုန်လော့ဟု မိန့်တော်မူ၏။ 56

၆ - အာပတ်ကို မကုစားခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံ၊
ကမက္ခန္ဓက၊ စူဠ၀ဂ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သံဃာပိုင် ပစ္စည်း မစွန့်ထိုက်...


သံဃာပိုင် ပစ္စည်း မစွန့်ထိုက်...


ရဟန်းတို့ ...


ဤမစွန့်ထိုက်သော ဘဏ္ဍာပစ္စည်း ငါးမျိုးတို့ကို သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်ကုန်၊ စွန့်သော်လည်း စွန့်ရာ မရောက်ကုန်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



ငါးမျိုးသော ဘဏ္ဍာတို့ကား အဘယ်တို့နည်း။



၁။ 'အရံ အရံရာ' ဤကား မစွန့်ထိုက်သော ပဌမဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၂။ 'ကျောင်း ကျောင်းရာ' ဤကား မစွန့်ထိုက်သော ဒုတိယ ဘဏ္ဍာအစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၃။ 'ညောင်စောင်း အင်းပျဉ် ဘုံလျှို 'ဖုံ' ခေါင်းအုံး' ဤကား မစွန့်ထိုက်သော တတိယဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၎။ 'ကြေးအိုးကြီး ကြေးအိုး စရည်း ကြေးအင်တွဲ ကြေးဖျဉ်း ပဲခွပ် ပုဆိန် ဓားမ ပေါက်တူး ဆောက်' ဤကား မစွန့်ထိုက်သော စတုတ္ထဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



၅။ 'နွယ် ဝါး ဖြူဆံမြက် ပြိတ်မြက် မြက် မြေညက် သစ်ဘဏ္ဍာ မြေဘဏ္ဍာ' ဤကား မစွန့်ထိုက်သော ပဉ္စမဘဏ္ဍာ အစုတည်း၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်း အာပတ် သင့်၏။



ရဟန်းတို့ ဤငါးမျိုးသော ဘဏ္ဍာတို့ကို မစွန့်ထိုက်ကုန်၊ သံဃာသည် လည်းကောင်း၊ ဂိုဏ်းသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်ထိုက်၊ စွန့်သော်လည်း စွန့်သည် မမည်၊ စွန့်သော ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏ ဟု မိန့်တော်မူ၏။



၃ - တတိယအခန်း၊ သေနာသနက္ခန္ဓက၊ စူဠ၀ဂ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, August 23, 2010

သိက္ခာသုံးပါး...



ပဌမ သိက္ခတ္တယသုတ်၊


ရဟန်းတို့ အကျင့်'သိက္ခာ' တို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ် သုံးမျိုးတို့နည်း ဟူမူအဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့တည်း။

ရဟန်းတို့ အဓိသီလသိက္ခာ ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလ ရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤပါတိမောက္ခ သံဝရသီလကို အဓိသီလ သိက္ခာဟု ဆိုအပ်၏။

ရဟန်းတို့ အဓိစိတ္တသိက္ခာ ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့ စတုတ္ထဈာန်သို့ ရောက်၍ နေခြင်းကို အဓိစိတ္တသိက္ခာဟု ဆိုအပ်၏။

ရဟန်းတို့ အဓိပညာသိက္ခာ ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဆင်းရဲတည်း'' ဟု ဟုတ်တိုင်းမှန်စွာ သိ၏။ပ။ ''ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့ သစ္စာ လေးပါး သိခြင်းကို အဓိပညာသိက္ခာ ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့် 'သိက္ခာ' တို့သည် ဤသုံးမျိုး တို့တည်း ဟု မိန့်တော်မူ၏။ 90

၉ - ပဌမ သိက္ခတ္တယသုတ်၊ သမဏ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, August 5, 2010

သင်တို့လည်း ဤသို့ ကျင့်ရပေမည်...


စုံသလားမမေးနဲ့...
ချစ်သားရဟန်းတို့အတွက် ပြည့်စုံလှပေသော မြတ်ဗုဒ္ဓ၏ အဆုံးအမ...
ဒကာဒကာမတို့ သင်တို့လည်း ကျင့်ရပေမည်...

သည်တစ်ချီတော့ သိက္ခာဝါကြီးသူတို့ကို ဦးစားပေးရန် မလို...

Wednesday, August 4, 2010

ကိလေသာကင်းသော၊ အပြစ်မရှိသော...


အနင်္ဂဏသုတ် မှ... (ကိလေသာကင်းသော၊ အပြစ်မရှိသော)


အသျှင်မဟာမောဂ္ဂလာန်က ''ငါ့သျှင်သာရိပုတြာ ငါ့အား ဥပမာတစ်ခု ပေါ်လာပါသည်'' ဟု အသျှင်သာရိပုတြာအား လျှောက်ကြား၏။

ငါ့သျှင်မောဂ္ဂလာန် ထို့ပမာကို ဖော်ပြောပါလော့ ဟု မိန့်ဆို၏။

ငါ့သျှင် ငါသည် အခါတစ်ပါး၌ တောင်တို့ဖြင့်။ ခံရံထားသော ရာဇဂြိုဟ်ပြည်၌ နေပါသည်။ ငါ့သျှင် ငါသည် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံ ဝင်သောအခါ ယာဉ်လုပ်သမား၏သား သမီတိသည် ယာဉ်၏ အကွပ်တံကူကို ရွေနေစဉ် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းသည် အနီး၌ ရပ်တည်နေပါသည်။

ငါ့သျှင် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းအား-
''ဤယာဉ်လုပ်သမား၏သား သမီတိသည် ဤအကွပ်တံကူ၏ ဤသည့်အကွေး ဤသည့် အကောက် ဤသည့် အနာအဆာကို ရွေခဲ့ပါမူ ဤအကွပ်တံကူသည် အကွေးအကောက် အနာအဆာ ကင်းလျက် စင်ကြယ်သည် ဖြစ်၍ အနှစ်၌ တည်ရာ၏'' ဟု စိတ်အကြံ ဖြစ်ပေါ်လာ၏။

ငါ့သျှင် ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်း၏ စိတ်အကြံ အတိုင်း ယာဉ်လုပ်သမား၏သား သမီတိသည် ထိုအကွပ်တံကူ၏ ထိုသည့်အကွေး ထိုသည့်အကောက် ထိုသည့် အနာအဆာကို ရွေလေ၏။ ငါ့သျှင် ထိုအခါ ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်းသည် ''မိမိစိတ်ဖြင့် သူတစ်ပါး စိတ်ကို သိသကဲ့သို့ ရွေလေယောင်တကား'' ဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ နှစ်သက် ဝမ်းမြောက်သော စကားကို မြွက်ဆိုလေ၏။

ငါ့သျှင် ဤဥပမာအတူပင် အကြင် ပုဂ္ဂိုလ်တို့သည်...

ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန်ဘဲ အသက်မွေးမှုအတွက်သာ ရဟန်းပြုကုန်၏၊
သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသူများ မဟုတ်ကြကုန်၊

စဉ်းလဲတတ်ကုန်၏၊
လှည့်ပတ်တတ်ကုန်၏၊
လိမ်လည် ကောက်ကျစ် တတ်ကုန်၏၊
ပျံ့လွင့် ကုန်၏၊
မာန်ထောင် ကုန်၏၊
လျှပ်ပေါ်လော်လည်ကုန်၏၊
နှုတ်ထွက် ကြမ်းကုန်၏၊
ပရမ်းပတာ ပြောဆိုကုန်၏၊
ဣနြေ္ဒတံခါး ပိတ်ဆို့ မထားကုန်၊
အစားအစာ၌ အတိုင်းအရှည်ကို မသိကုန်၊
နိုးကြားမှု၌ အားမစိုက်ကုန်၊
ရဟန်းတရား၌ မငဲ့ကွက်ကုန်၊
သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားမှု မရှိကုန်၊
လာဘ်များရန်သာ ကျင့်ကုန်၏၊
အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ နာယူကုန်၏၊
ဆုတ်ယုတ်ကြောင်း၌ ရှေ့သွား ပြုကုန်၏၊
နိဗ္ဗာန် 'ဥပဓိ ဝိဝေက'၌ တာဝန်မဲ့ ဖြစ်ကြကုန်၏၊
ပျင်းရိကုန်၏၊
လုံ့လ နည်းကုန်၏၊
သတိ ကင်းကုန်၏၊
ဆင်ခြင်ဉာဏ် မရှိကြကုန်၊
မတည်ကြည် ကြကုန်၊
စိတ်လေကြ ကုန်၏၊
ပညာမဲ့ကြ ကုန်၏၊
ထိုင်းအ,သူများ ဖြစ်ကြ ကုန်၏၊

အသျှင်သာရိပုတြာသည် ဤတရား ဒေသနာတည်းဟူသော ပဲခွပ်ဖြင့် ထိုပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ)စိတ်ဖြင့် သိသကဲ့သို့ ရွေလေယောင်တကား။

အကြင် အမျိုးသားတို့သည်ကား သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ မစဉ်းလဲ တတ်ကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါး ပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက် ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေလေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ (အဆုံးအမ သာသနာတော်ကို) လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန်'ဥပဓိ ဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ ဝီရိယ ရှိကုန်၏၊ (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်နေ ကုန်၏၊ သတိရှိ ကုန်၏၊ ဆင်ခြင်Óဏ် ရှိကုန်၏၊ တည်ကြည် ကုန်၏၊ စိတ်မလေလွင့်ကုန်၊ ပညာ ရှိကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို ကြားကြကုန်၍ ''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်း သုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု (အမြိုက်အရသာကို သောက်ကုန်ဘိသကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း) နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင် တကား။

ငါ့သျှင် ဥပမာသော်ကား ငယ်ရွယ်နုပျို၍ အလှပြင်လေ့ရှိသည့် ဦးခေါင်းနှင့် တကွ ရေချိုးပြီးသော မိန်းမ၊ သို့မဟုတ် ယောက်ျားသည် ကြာပန်းကို ဖြစ်စေ၊ မိုးဆွေပန်းကို ဖြစ်စေ၊ စစ်ကြီးပန်း စံပယ်ပန်းကို ဖြစ်စေ ရခဲ့သော် လက်နှစ်ဖက်ဖြင့် ခံယူကာ ဦးခေါင်းပေါ်၌ ပန်ဆင်ရာ သကဲ့သို့ အကြင်အမျိုးသားတို့သည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြု ကြကုန်၏၊

မစဉ်းလဲကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ စိတ်မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါးပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက်ကုန်၏၊ ရဟန်း တရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ လုံ့လ ရှိကြကုန်၏၊ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ် နေကုန်၏၊ သတိ ရှိကုန်၏၊ ဆင်ခြင်ဥာဏ် ရှိကုန်၏၊ တည်ကြည်ကုန်၏၊ စိတ်မလေလွင့် ကုန်၊ ပညာရှိ ကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို နာကြားရ ကုန်၍-

''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်းသုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု အမြိုက်အရသာကို သောက်ကုန်ဘိ သကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင်တကား'' ဟု လျှောက်ကြား၏။

ဤသို့လျှင် ထိုအဂ္ဂသာဝက ရဟန္တာ အရှင်မြတ်ကြီး နှစ်ပါးတို့သည် အချင်းချင်း ကောင်းစွာ ဟောပြောသော စကားကို ဝမ်းမြောက်ကြလေ ကုန်သတည်း။ 63

၅ - အနင်္ဂဏသုတ်၊ မှ၊ မူလပရိယာယ၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆရာငါးဦးကိုပြခြင်း...



ဆရာငါးဦးကိုပြခြင်း


မောဂ္ဂလ္လာန် လောက၌ ဆရာငါးဦးတို့သည် ထင်ရှား ရှိကုန်၏၊
ငါးဦးတို့ကား အဘယ်သူတို့နည်း။

မောဂ္ဂလ္လာန် ဤလောက၌ ဆရာအချို့သည်...
စင်ကြယ်သော သီလ မရှိဘဲလျက် ''စင်ကြယ်သော သီလ ရှိ၏''၊ ''ငါ၏ သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် စင်ကြယ်သော သီလ မရှိဘဲလျက် 'စင်ကြယ်သော သီလ ရှိ၏'၊ 'ငါ၏ သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူဤဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏။ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှားလတ္တံ့'' ဟု သိကုန်၏။ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် သီလမှ စောင့်ကုန်၏။ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ သီလမှ စောင့်ခြင်းကို တောင့်တ၏။


မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာ အချို့သည် စင်ကြယ်သော အသက်မွေးခြင်း မရှိဘဲလျက် ''စင်ကြယ်သော အသက် မွေးခြင်း ရှိ၏''၊ ''ငါ၏ အသက် မွေးခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် စင်ကြယ်သော အသက် မွေးခြင်း မရှိဘဲလျက် 'စင်ကြယ်သော အသက် မွေးခြင်း ရှိ၏'၊ 'ငါ၏ အသက် မွေးခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ်သော စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏၊ အကြင်အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှားလတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် အသက် မွေးခြင်းမှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ အသက် မွေးခြင်းမှ စောင့်ခြင်းကို တောင့်တ၏။


မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာ အချို့သည် မစင်ကြယ်သော တရားဟောခြင်း ရှိလျက် ''စင်ကြယ်သော တရား ဟောခြင်း ရှိ၏''၊ ''ငါ၏ တရား ဟောခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော တရားဟောခြင်း ရှိလျက် 'စင်ကြယ်သော တရား ဟောခြင်း ရှိ၏'၊ 'ငါ၏ တရား ဟောခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏။ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် တရား ဟောခြင်းမှ စောင့်ကုန်၏။ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ တရား ဟောခြင်းမှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာအချို့သည် မစင်ကြယ်သော ပြောကြားခြင်း ရှိလျက် ''စင်ကြယ်သော ပြောကြားခြင်း ရှိ၏''၊ ''ငါ၏ ပြောကြားခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော ပြောကြားခြင်းရှိလျက် 'စင်ကြယ်သော ပြောကြားခြင်း ရှိ၏'၊ 'ငါ၏ ပြောကြားခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန် အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ ထား၏၊ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလာန် ဤသို့သော ဆရာကို တပည့်တို့သည် ပြောကြားခြင်းမှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ ပြောကြားခြင်းမှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာအချို့သည် မစင်ကြယ်သော ဉာဏ် အမြင်ရှိလျက် ''စင်ကြယ်သော ဉာဏ် အမြင် ရှိ၏''၊ ''ငါ၏ ဉာဏ် အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော ဉာဏ်အမြင် ရှိလျက် 'စင်ကြယ်သော ဉာဏ် အမြင် ရှိ၏'၊ 'ငါ၏ ဉာဏ် အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေး ပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏၊ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် ဉာဏ်အမြင်မှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ ဉာဏ်အမြင်မှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် လောက၌ ဤဆရာ ငါးဦးတို့သည် ရှိကုန်၏။
မောဂ္ဂလ္လာန် ငါမူကား စင်ကြယ်သော သီလ ရှိသောကြောင့် ''စင်ကြယ်သော သီလ ရှိ၏''၊ ''ငါ၏သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ငါ့ကိုလည်း တပည့်တို့သည် သီလမှ မစောင့်ကုန်၊ ငါသည်လည်း တပည့်တို့၏ သီလမှ စောင့်ခြင်းကို မတောင့်တ။ စင်ကြယ်သော အသက်မွေးခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော တရား ဟောခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော ပြောကြားခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော ဉာဏ်အမြင် ရှိသောကြောင့် ''စင်ကြယ်သော ဉာဏ်အမြင် ရှိ၏''၊ ''ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ငါ့ကိုလည်း တပည့်တို့သည် ဉာဏ်အမြင်မှ မစောင့်ကုန်၊ ငါသည်လည်း တပည့်တို့၏ ဉာဏ်အမြင်မှ စောင့်ခြင်းကို မတောင့်တ ဟု မိန့်တော်မူ၏။ 334

ဆရာငါးဦးကိုပြခြင်း၊ သံဃဘေဒက္ခန္ဓ၊ စူဠ၀ဂ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, July 19, 2010

ရဟန်းဖြစ်ပြီး ခိုး၍ ခြောင်း၍ နားထောင်မှု...


ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု




သိက္ခာပုဒ် အမှတ် ၁၂၇

ဥပဿုတိသိက္ခာပုဒ် - (ဥပဿုတိ=နားထောင်ခြင်း)


ရဟန်းဖြစ်ပြီး ခိုး၍ ခြောင်း၍ နားထောင်မှု...


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်း တို့သည် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ခိုက်ရန်ဖြစ်ကုန်၏။ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် ''ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အရှက်မရှိကုန်၊ ဤရဟန်းတို့နှင့် အတူ ခိုက်ရန်ဖြစ်ခြင်းငှါ မသင့်'' ဟု ပြောဆိုကုန်၏။

သီလကို ချစ်မြတ်နိုးသောသူတို့နှင့် သီလကို မနှစ်သက်သော ဆဗ္ဗဂ္ဂီရဟန်းတို့ အတူတွဲ၍ မရနိုင်ပေ... ခိုက်ရန်ဖြစ်တိုင်း နှစ်ဖက်လုံး မကောင်းဟု ပြောမဖြစ်နိုင်... ယုတ်ညံ့သူခြင်း ခိုက်ရန်ဖြစ်တတ်သလို... မြင့်မြတ်သူနှင့် ယုတ်ညံ့သူတို့လည်း ခိုက်ရန်ဖြစ်တတ်ပေသည်... မြင့်မြတ်သူခြင်းကား ဘယ်သောအခါမှ ခိုက်ရန်မဖြစ်တော့ပေ... (အရိယာသံဃာ)

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငါတို့ကို အရှက်မရှိ'' ဟု ဆိုကုန်ဘိသနည်း ဟူ၍ ပြောဆိုကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် အဘယ်သို့သော အခြင်းအရာဖြင့် ကြားကုန်သနည်းဟု ဆိုသည်ရှိသော် ငါတို့သည် အသျှင်တို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်၏ ဟု ပြောဆိုကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန် ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။ပ။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်ဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျားတို့ ဤ သင်တို့ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 469

''အကြင်ရဟန်းသည် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ 'ဤရဟန်းတို့ ပြောဆိုလတံ္တ့သော စကားကို နားထောင်အံ့' ဟု ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲ ရပ်တည်ငြားအံ့၊ ထိုရဟန်းအား ပါစိတ် အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 127 - 78 - 470

ယခင်က ချောင်းနားထောင်လျှင် မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ကျားဟုဆို၍ ပါစိတ်အာပတ် သင့်သည် ဆိုခဲ့သော်... ယခုခေတ်တွင် ချောင်း၍ အသံပါ ဖမ်းထားကြပေသေးသည် မည်သို့သော အာပတ်များ ဆက်သင့်မည် မပြောတတ်ပါ...

၈ - ဥပဿုတိသိက္ခာပုဒ် အဖွင့်

အကြင် ဟူသည် အကြင်သို့ သဘော ရှိသော။ပ။ ရဟန်း ဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း'' ဟူ၍ အလိုရှိ အပ်၏။ ရဟန်းတို့၏ ဟူသည် အခြားသော ရဟန်းတို့၏။ ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ဟူသည် အဓိကရုဏ်း ဖြစ်ကုန်သော။ စကားသံကို ကြားလောက်ရာအနီးအရပ်၌ ရပ်တည်ငြားအံ့ ဟူသည် ''ဤရဟန်းတို့၏ စကားကို ကြား၍ စောဒနာအံ့ အောက်မေ့စေအံ့ တစ်ဖန် ပြန်၍ စောဒနာအံ့ တစ်ဖန်ပြန်၍ အောက်မေ့စေအံ့ မျက်နှာမလှအောင် ပြုအံ့'' ဟု သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အကြင်အရပ်၌ ရပ်တည်လျက် နာကြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နောက်မှ သွားသော ရဟန်းသည် နာကြားအံ့ဟု နှလုံးပိုက်၍ လျင်လျင်မြန်မြန် သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အကြင်အရပ်၌ ရပ်လျက် နားထောင်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရှေ့မှ သွားသော ရဟန်းသည် နာကြားအံ့ဟု နှလုံးပိုက်၍ ချန်နေရစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အကြင်အရပ်၌ ရပ်တည်၍ နာကြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၏ တည်ရာအရပ်သို့လည်းကောင်း၊ နေရာအရပ်သို့ လည်းကောင်း၊ အိပ်ရာအရပ်သို့ လည်းကောင်း လာ၍ တိုင်ပင်သည်ရှိသော် ချောင်းဟန့်ရမည်၊ သိစေရမည်၊ အကယ်၍မူလည်း ချောင်းမဟန့်ငြားအံ့ အကယ်၍မူလည်း မသိစေငြားအံ့၊ ပါစိတ် အာပတ် သင့်၏။ ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲဟူသည် စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေခြင်းငှါ တစ်စုံတစ်ခုသော အခြားအကြောင်းသည် မရှိ။ 471

ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၏ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်း မဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့။ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ 472

''ဤရဟန်းတို့၏ စကားကို ကြား၍ ရှောင်ကြဉ်အံ့ အထူးရှောင်ကြဉ်အံ့ ငြိမ်းစေအံ့ မိမိကိုယ်ကို လွတ်စေအံ့'' ဟု နှလုံးသွင်း၍ သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 473

၈ - ဥပဿုတိသိက္ခာပုဒ်၊ သဟဓမ္မိက၀ဂ်၊ ဘိက္ခုပါစိတ်အခန်း။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, July 13, 2010

လောဘ, ဒေါသ, မောဟ တရားတို့သည်...


ပုရိသသုတ်

လောဘ, ဒေါသ, မောဟ တရားတို့သည်...

သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား အဘယ်မျှကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါလည်းကောင်း၊ ဆင်းရဲခြင်းငှါ လည်းကောင်း၊ ချမ်းသာစွာ မနေရခြင်းငှါ လည်းကောင်း ဖြစ်ပါကုန်သနည်း'' ဟု လျှောက်၏။

မင်းကြီး သုံးပါးသော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်ကုန်၏။

အဘယ်သုံးပါးတို့နည်းဟူမူ-

၁...
မင်းကြီး လိုချင်မှု 'လောဘ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

၂...
မင်းကြီး အမျက်ထွက်မှု 'ဒေါသ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

၃...
မင်းကြီး တွေဝေမှု 'မောဟ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

မင်းကြီး ဤသုံးပါးကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အခွံလျှင် အနှစ်ရှိသော ဝါးပင်၊ကျူပင်စသော အပင်ကို မိမိအသီးသည် ညှဉ်းဆဲ ဖျက်ဆီးသကဲ့သို့၊ မိမိကိုယ်တွင်း၌ ဖြစ်ကုန်သော လောဘ, ဒေါသ, မောဟ တရားတို့သည် မကောင်းသော စိတ်ရှိသော သတ္တဝါကို ညှဉ်းဆဲဖျက်ဆီးကုန်၏ ဟု မိန့်တော်မူ၏။ 113

၂ - ပုရိသသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။