နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 7, 2010

ဘယသုတ်... ဘေး

ဘယသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော် မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် ''အသျှင်ဘုရား'' ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

ရဟန်းတို့ ...

ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံး တို့သည်
သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊
ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ဖြစ်ပေါ်သမျှသော မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' အားလုံးတို့သည်
သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊
ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ဖြစ်ပေါ် သမျှသော စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' အားလုံးတို့သည်
သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊
ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ရဟန်းတို့ ကျူမိုး ကျူကာ အိမ်မှသော် လည်းကောင်း၊ မြက်မိုး မြက်ကာ အိမ်မှသော်လည်းကောင်း လောင်စွဲလွင့် ထွက်သော မီးသည် လေလုံကုန်သော အတွင်း အပြင် အင်္ဂတေ လိမ်းကျံအပ်ကုန်သော စေ့စပ်သော တံခါး ဘောင် တံခါးရွက် ရှိကုန်သော လုံသော လေသာပြူတင်း ရှိကုန်သော အထွတ်တပ်အပ်ကုန်သော အိမ်ကြီး အိမ်ကောင်း တို့ကိုလည်း လောင်ကျွမ်းသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ဖြစ်ပေါ် သမျှသော မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ဖြစ်ပေါ်သမျှသော စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ရဟန်းတို့ ဤသို့လျှင် သူမိုက်သည် ကြောက်လန့်ခြင်း ဘေးနှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် ကြောက်လန့်ခြင်း ဘေးနှင့်စပ်လျက် မရှိ၊ သူမိုက်သည် မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' နှင့် စပ်လျက် မရှိ၊ သူမိုက်သည် စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' နှင့် စပ်လျက် မရှိ။ ရဟန်းတို့ ပညာရှိကြောင့် ကြောက်လန့်ခြင်းဘေး ဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' ဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' ဖြစ်ပေါ်ခြင်း မရှိ။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''သူမိုက်ဟု သိကြောင်း တရားသုံးမျိုး တို့ကို ရှောင်ကြဉ်၍ ပညာရှိဟု သိကြောင်း တရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု မိန့်တော်မူ၏။ 1

၁ - ဘယသုတ်၊ ဗာလ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Saturday, June 5, 2010

သင်တို့လည်း ဤသို့ ကျင့်ရပေမည်...

စုံသလားမမေးနဲ့...
ချစ်သားရဟန်းတို့အတွက် ပြည့်စုံလှပေသော မြတ်ဗုဒ္ဓ၏ အဆုံးအမ...
ဒကာဒကာမတို့ သင်တို့လည်း ကျင့်ရပေမည်...

သည်တစ်ချီတော့ သိက္ခာဝါကြီးသူတို့ကို ဦးစားပေးရန် မလို...





ဝစ္စကုဋိ၌ ကျင့်ရမည့်ဝတ် -

(၀စ္စ=မစင်၊ ကျင်ကြီး။ ကုဋီ= အိမ်)




အိမ်သာသွားလျှင် ကျင့်ရမည့် ကျင့်ဝတ်...

ထိုအခါ ဗြာဟ္မဏ ဇာတ်ရှိသော ရဟန်းတစ်ပါးသည် ကျင်ကြီး စွန့်ပြီးလျှင် ''ယုတ်ညံ့၍ အနံ့မကောင်းသော ဤကျင်ကြီးကို မည်သူ သန့်သက်ရေ ဆေးအံ့နည်း'' ဟု ဆေးခြင်းငှာ အလို မရှိ၊ ထိုရဟန်း၏ ဝစ္စမဂ်၌ ပိုးလောက်သည် တည်၏။ ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ ငါ့သျှင် အသို့နည်း သင်သည် ကျင်ကြီး စွန့်ပြီးလျှင် သန့်သက်ရေ မဆေးသလောဟု မေးကုန်၏၊ ငါ့သျှင်တို့ မဆေးသည် မှန်၏ဟု ပြော၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် ကျင်ကြီး စွန့်ပြီးလျှင် သန့်သက်ရေ မဆေးဘိ သနည်း'' ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြ ကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်း သင်သည် ကျင်ကြီး စွန့်ပြီးလျှင် သန့်သက်ရေ မဆေးဟူသည် မှန်သလောဟု စိစစ် မေးမြန်းတော်မူ၏။ ''မှန်ပါသည် မြတ်စွာဘုရား'' ဟု လျှောက်၏။ပ။ ကဲ့ရဲ့တော်မူ၍။ပ။ တရား စကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ကျင်ကြီး စွန့်ပြီးလျှင် ရေရှိလျက် မဆေးဘဲ မနေအပ်၊ မဆေးသော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏''။

ထိုအခါ ရဟန်းတို့သည် ကျင်ကြီး အိမ်၌ သီတင်းကြီး အစဉ်အတိုင်း ကျင်ကြီးကို စွန့်ကုန်၏၊ ရဟန်းငယ်တို့သည် ရှေးဦးစွာ လာကုန်သော်လည်း ကျင်ကြီး သွားလိုလျက် ဆိုင်းငံ့ရ ကုန်၏၊ ထိုရဟန်းငယ်တို့သည် ကျင်ကြီးကို အောင့်ရသဖြင့် မူး၍ လဲကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ မှန်သလော။ပ။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ရဟန်းတို့ ကျင်ကြီး အိမ်၌ သီတင်းကြီး အစဉ်အတိုင်း ကျင်ကြီးကို မစွန့်အပ်၊ စွန့်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏။ ''ရဟန်းတို့ ရောက်လာသော အစဉ်အတိုင်း ကျင်ကြီး စွန့်ရန် ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလွန် လျင်စွာလည်း ကျင်ကြီးအိမ်သို့ ဝင်ကုန်၏၊ သင်းပိုင်ကို မ၍လည်း ဝင်ကုန်၏၊ ညည်းတွားလျက်လည်း ကျင်ကြီးကို စွန့်ကုန်၏၊ ဒန်ပူ ခဲကုန်လျက်လည်း ကျင်ကြီးကို စွန့်ကုန်၏၊ ကျင်ကြီးတွင်း ပြင်ပ၌လည်း ကျင်ကြီးကို စွန့်ကုန်၏၊ ကျင်ငယ်ခွက် ပြင်ပ၌လည်း ကျင်ငယ်ကို စွန့်ကုန်၏၊ ကျင်ငယ် ခွက်၌လည်း တံတွေးကို ထွေးကုန်၏၊ ကြမ်းတမ်းသော ကနုတံဖြင့်လည်း သုတ်ကုန်၏၊ သုတ်ပြီး ကနုတံကိုလည်း ကျင်ကြီး တွင်း၌ ချကုန်၏၊ အလွန် လျင်စွာလည်း ထွက်ကုန်၏၊ သင်းပိုင်ကို ပင့်မ၍လည်း ထွက်ကုန်၏၊ စပ်စပ် အသံပြုလျက်လည်း သန့်သက်ရေ ဆေးကုန်၏၊ သန့်သက်ရေ ဆေးခွက်၌လည်း ရေကို ချန်ထား ကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလွန် လျင်စွာလည်း ကျင်ကြီး အိမ်သို့ ဝင်ကုန်ဘိ သနည်း၊ သင်းပိုင်ကို ပင့်မ၍လည်း ဝင်ကုန်ဘ သနည်း၊ ညည်းတွား ကုန်လျက်လည်း ကျင်ကြီးကို စွန့်ကုန်ဘိ သနည်း၊ ဒန်ပူ ခဲကုန်လျက်လည်း ကျင်ကြီးကို စွန့်ကုန်ဘိ သနည်း၊ ကျင်ကြီး တွင်း ပြင်ပ၌လည်း ကျင်ကြီးကို စွန့်ကုန်ဘိ သနည်း၊ ကျင်ငယ်ခွက် ပြင်ပ၌လည်း ကျင်ငယ်ကို စွန့်ကုန်ဘိ သနည်း၊ ကျင်ငယ်ခွက်၌လည်း တံတွေးကို ထွေးကုန်ဘိ သနည်း၊ ကြမ်းတမ်းသော ကနုတံဖြင့်လည်း သုတ်ကုန်ဘိ သနည်း၊ သုတ်ပြီး ကနုတံကိုလည်း ကျင်ကြီးတွင်း၌ ချကုန်ဘိ သနည်း၊ အလွန် လျင်စွာလည်း ထွက်ကုန်ဘိ သနည်း၊ သင်းပိုင်ကို ပင့်မ၍လည်း ထွက်ကုန်ဘိ သနည်း၊ စပ်စပ် အသံပြုလျက်လည်း သန့်သက်ရေ ဆေးကုန်ဘိ သနည်း၊ သန့်သက်ရေ ဆေးခွက်၌လည်း ရေကို ချန်ထားကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ မှန်သလော။ပ။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။ပ။ ကဲ့ရဲ့တော်မူ၍။ပ။ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို- 373

ရဟန်းတို့ သို့ဖြစ်လျှင် ရဟန်းတို့အား ကျင်ကြီးအိမ်၌ ကျင့်ရမည့် ဝတ်ကို ပညတ်အံ့၊
ယင်းကျင့်ဝတ် အတိုင်း ရဟန်းတို့သည် ကျင်ကြီးအိမ်၌ ကျင့်ရမည်။

ကျင်ကြီးအိမ်သို့ သွားသော ရဟန်းသည် ပြင်ပ၌ ရပ်လျက် ချောင်းဟန့် ရမည်၊
အတွင်း၌ ထိုင်နေသော ရဟန်းတို့သည်လည်း ချောင်းဟန့် ရမည်၊
သင်္ကန်းတန်း ဝါး၌ လည်းကောင်း၊ သင်္ကန်းတန်းကြိုး၌ လည်းကောင်း
သင်္ကန်းကို တင်ပြီးလျှင် မနှေးမလျင် ကျင်ကြီး အိမ်သို့ ကောင်းစွာ ဝင်ရမည်၊
အလွန် လျင်စွာ မဝင်အပ်၊
သင်းပိုင်ကို ပင့်မ၍ မဝင်အပ်၊
ကျင်ကြီး စွန့်ရာ ခြေနင်းခုံ၌ ရပ်လျက် သင်းပိုင်ကို ပင့်မရမည်၊
ညည်းတွားလျက် ကျင်ကြီးကို မစွန့်အပ်၊
ဒန်ပူခဲလျက် ကျင်ကြီးကို မစွန့်အပ်၊
ကျင်ကြီးတွင်း ပြင်ပ၌ ကျင်ကြီးကို မစွန့်အပ်၊
ကျင်ငယ်ခွက် ပြင်ပ၌ ကျင်ငယ်ကို မစွန့်အပ်၊
ကျင်ငယ်ခွက်၌ တံတွေးကို မထွေးအပ်၊
ကြမ်းတမ်းသော ကနုတံဖြင့် မသုတ်အပ်၊
ကနုတံကို ကျင်ကြီးတွင်း၌ မချအပ်၊
ကျင်ကြီးစွန့်ရာ ခြေနင်းခုံ၌ ရပ်လျက် ဖုံးလွှမ်းရမည်၊
အလွန် လျင်စွာ မထွက်အပ်၊
သင်းပိုင်ကို ပင့်မ၍ မထွက်အပ်၊
သန့်သက်ရေ ဆေးရာ ခြေနင်းခုံ၌ ရပ်လျက် သင်းပိုင်ကို ပင့်မရမည်၊
စပ်စပ် အသံပြုလျက် မဆေးအပ်၊
သန့်သက်ရေ ဆေးရန် ခွက်၌ ရေကို ချန်မထားအပ်၊
သန့်သက်ရေ ဆေးရာ ခြေနင်းခုံ၌ ရပ်လျက် ဖုံးလွှမ်းရမည်၊
ကျင်ကြီးအိမ်ကို ကျင်ကြီး လိမ်းကျံမူ ဆေးကြော ရမည်၊
သုံးပြီး ကနုတံခွက်သည် ပြည့်မူ ကနုတံကို စွန့်ရမည်၊
ကျင်ကြီး အိမ်၌ အမှိုက်ရှိမူ ကျင်ကြီး အိမ်ကို တံမြက် လှည်းရမည်၊
အကျည်၌ အမှိုက်ရှိမူ အကျည်ကို တံမြက် လှည်းရမည်၊
ပရိဝုဏ်၌ အမှိုက်ရှိမူ ပရိဝုဏ်ကို တံမြက် လှည်းရမည်၊
တံခါးမုခ်၌ အမှိုက်ရှိမူ တံခါးမုခ်ကို တံမြက်လှည်းရမည်၊
သန့်သက်ရေအိုး၌ ရေမရှိမူ သန့်သက်ရေအိုး၌ ရေလောင်းရမည်။
ရဟန်းတို့ ဤသည်ကား ရဟန်းတို့၏ ကျင်ကြီးအိမ်၌ ကျင့်ရမည့် ဝတ်တည်း၊
ယင်းကျင့်ဝတ်အတိုင်း ရဟန်းတို့သည် ကျင်ကြီးအိမ်၌ ကျင့်ရမည် ဟု မိန့်တော်မူ၏။
374

၁ဝ - ဝစ္စကုဋိ၌ ကျင့်ရမည့်ဝတ်၊ ၀တ္တက္ခန္ဓက၊ စူဠ၀ဂ်ပါဠိတော်။








ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, May 19, 2010

မရိုသေခြင်းအမှု...


အနာဒရိယ သိက္ခာပုဒ် - (မရိုသေခြင်း)

မသင့်သောအမှုများ တွေ့ကြသော် ကဲ့ရဲ့ခြင်းသည် သူတော်ကောင်းတို့၏အလုပ် ဖြစ်ပေသည်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ အသျှင်ဆန္နသည် မကျင့်အပ်သော အကျင့်ကို ပြုကျင့်၏၊ ရဟန်းတို့သည် ''ငါ့သျှင်ဆန္န္ဒ ဤသို့သဘောရှိသော အမှုကို မပြုပါလင့်၊ ဤအမှုသည် ရဟန်းတို့အား မအပ်'' ဟု ပြောဆိုကုန်၏။

ထိုအသျှင်ဆန္နသည် မရိုသေခြင်းကို စွဲ၍ ပြုကျင့်မြဲ ပြုကျင့်သည်သာလျှင်တည်း။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဆန္နသည် မရိုသေခြင်းကို ပြုဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

မရိုသေခြင်းကို ဘုရားရှင် လက်ထက်က ရဟန်းတော်များသည် နှစ်သက်ခြင်းမရှိ ဘုရားရှင်လည်း နှစ်သက်ခြင်းမရှိ... အမျိုးမျိုးသော အကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူပေသည်... အရှင်ဆန္နသည် မည်သည့်အရာအပေါ်တွင် မရိုသေခြင်း ဖြစ်ပေသနည်း...?


''ဆန္န သင်သည် မရိုသေခြင်းကိုပြု၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ ပ ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် မရိုသေခြင်းကို ပြုဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ 340

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 103,54-341

မြတ်ဗုဒ္ဓသည် သိက္ခာပုဒ်များ မထုတ်ခင်ကတောင် ရဟန်းနဲ့ မလျှော်သောအမှု လူများကဲ့ရဲ့ဖွယ်အမှုမျိုး ပြုလုပ်ခဲ့သော် မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ျားဟု ကဲ့ရဲ့ခဲ့ပေသည်... သိက္ခာပုဒ်ထုတ်ပြီးနောက် ဖေါက်ဖျက်ကျူးလွန်ကြလျှင် ဘယ်လောက်များ ကဲ့ရဲ့လိုက်လေမည်နည်း...? ဆင်ခြင်ဖွယ်ရာပင်...
''မရိုသေခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြ ကုန်လော့ဟု မိန့်တော်မူ၏။


အနာဒရိယသိက္ခာပုဒ် အဖွင့်

မရိုသေခြင်းနှစ်မျိုးရှိပါသည်...

၁။ ပုဂ္ဂိုလ်၌ မရိုသေခြင်း၊
၂။ တရားတော်၌ မရိုသေခြင်းဟူ၍ မရိုသေခြင်း နှစ်မျိုး ရှိ၏။

ပုဂ္ဂိုလ်၌ မရိုသေခြင်း မည်သည် ရဟန်းတစ်ပါးက ပညတ်တော်ဖြင့် ပြောဆိုလာသည် ရှိသော် အပြောခံရသော ရဟန်းက ''ဤ ပြောဆိုလာသူ ရဟန်းသည် နှင်ထုတ်အပ်သူတည်း၊ ရှုတ်ချအပ်သူတည်း၊ ကဲ့ရဲ့အပ်သူတည်း၊ ဤ ပြောဆိုလာသူ ရဟန်း၏ စကားကို လိုက်နာသင့်သည် မဟုတ်'' ဟု မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။

ယခုခေတ်တွင်တော့ ရဟန်းတော်များ တစ်ပါးနှင့်တစ်ပါး အရှင်ဘုရား သည်အပြစ် သည်အာပတ် ဖြစ်နေပါတယ်ဘုရား ရယ်လို့... ပြောဆိုမည့်သူ ရှိတော့ ရှိသည်... ရှားမည်... ဒါဆို ပြောသူလည်းမရှိ အပြောခံရသူလည်းမရှိ ပြန်ပြောရန်လည်း မလိုတော့သည့်အတွက် သည်ပါစိတ် သည်အာပတ် မသင့်လောက်တော့ပါပေ...

တရားတော်၌ မရိုသေခြင်း မည်သည် ရဟန်းတစ်ပါးက ပညတ်တော်ဖြင့် ပြောဆိုလာသည် ရှိသော် ဤတရားသည် အဘယ်သို့လျှင် ပျောက်မူလည်း ပျောက်ရာအံ့နည်း ပျက်စီးမူလည်း ပျက်စီးရာအံ့နည်း ကွယ်မူလည်း ကွယ်ရာအံ့နည်း ဟုသော်လည်းကောင်း၊ ထိုပညတ်တော်ကို မကျင့်လို၍သော် လည်းကောင်း မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။ 342

အကယ်၍များ အပြစ်ပြဆုံးမသော ရဟန်းတော်များရှိခဲ့သော် ဘုရားအလိုကျ သာဓုခေါ်ရပေမည်... ဆရာတော်ဘုရားများကတော့ မိမိတို့၏ တပည့်များကို ၀ိနည်း စည်းကမ်းအရ ပြောဆို ဆုံးမကြပေသည်... တပည့်များကလည်း လိုက်နာကြပေမည်... ၀ိနည်းတော်အရ ဆုံးမသည်ကို မလိုက်နာ တရားအပေါ် ပျက်ရယ်ပြုခဲ့သော်... ပါစိတ်= (ကုသိုလ်စိတ်မှ လျောကျတယ်... သည်ပုဂ္ဂိုလ်မှာ ကုသိုလ်စိတ် မရှိဘူးတဲ့)...

ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည် ဖြစ်၍ မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ မရိုသေခြင်းကို ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။ ပညတ်တော် မဟုတ်သော စကားဖြင့် ပြောဆိုလာသည် ရှိသော် ''ဤစကားသည် ခေါင်းပါးခြင်းငှါ မဖြစ်၊ ကိလေသာကို ခါထုတ်ခြင်းငှါ မဖြစ်၊ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ မဖြစ်၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ မဖြစ်၊ လုံ့လကို အားထုတ်ခြင်းငှါ မဖြစ်'' ဟု မရိုသေခြင်းကို ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းမဟုတ်သောသူသည် ပညတ်တော်ဖြင့်သော် လည်းကောင်း၊ ပညတ်တော် မဟုတ်သော စကားဖြင့်သော် လည်းကောင်း ပြောဆိုလာသည် ရှိသော် ''ဤစကားသည် ခေါင်းပါးခြင်းငှါ မဖြစ်၊ ကိလေသာကို ခါထုတ်ခြင်းငှါ မဖြစ်၊ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ မဖြစ်၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ မဖြစ်၊ လုံ့လကို အားထုတ်ခြင်းငှါ မဖြစ်''ဟု မရိုသေခြင်းကို ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်း မဟုတ်သောသူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ရဟန်းမဟုတ်သောသူ၌ ရဟန်း မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ 343

ရဟန်းမဟုတ်သူ လူတွေက အာပတ်အပြစ်ရှိ၍ဖြစ်စေ မရှိပဲဖြစ်စေ မသင့်သော အမှုမို့ ပြောဆိုလာရင်တောင် လက်ခံရမယ်... တရားအပေါ် မရိုမသေ မလုပ်ရပါပေ... လူတွေ အပြစ်ပြ ပြောဆိုတာ လက်မခံခဲ့လျှင် ဒုက္ကဋ်= (မကောင်းသော လုပ်ဆောင်ချက်... လူအများ ကဲ့ရဲ့ဖွယ်)...

''ငါတို့ ဆရာများ၏ ပါဠိသင်ခြင်းသည် ဤသို့ ဖြစ်၏၊ အဋ္ဌကထာသင်ခြင်းသည် ဤသို့ ဖြစ်၏'' ဟု ဆိုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 344

မသင့်သောအမှုများ တွေ့ကြသော် များများ ကဲ့ရဲ့နိုင်ကြပါစေ...

၎ - အနာဒရိယသိက္ခာပုဒ်၊ ၆-သုရာပါန၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။







ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, May 17, 2010

သုံးယူဇနာအလွန် သိုးမွေး ပစ္စည်းများ သယ်ယူမှု...


ဧဠကလောမ - (သိုးမွေးချည်)

သုံးယူဇနာအလွန် သိုးမွေး ပစ္စည်းများ သယ်ယူမှု...

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ရဟန်းတစ်ပါးသည် ကောသလ ဇနပုဒ် သာဝတ္ထိမြို့သို့ သွားစဉ် လမ်းခရီးအကြား၌ သိုးမွေးတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုအခါ ထိုရဟန်းသည် ထိုသိုးမွေးတို့ကို ဧကသီဖြင့် အထုပ်ဖွဲ့၍ ယူသွား၏။

လူတို့သည် ထိုရဟန်းကို မြင်၍ ''အသျှင်ဘုရား အသျှင်သည် အဘယ်မျှလောက်သော အဖိုးဖြင့် ဝယ်အပ်ပါကုန်သနည်း၊ အဘယ်မျှလောက် အမြတ်ကို ရပါမည်နည်း''ဟု ပြက်ရယ် ပြောင်လှောင် ကြကုန်၏၊ ထိုရဟန်းသည် ထိုလူတို့က ပြက်ရယ် ပြောင်လှောင်အပ်ရကား မျက်နှာမလှ ဖြစ်လေ၏၊

သိုးမွေးများကို ကျွန်ုပ်တို့ ဧကသီသင်္ကန်းဖြင့် ထုပ်ပိုးပြီး အလှူခံစရာ မလိုတော့သည့် အတွက်ကြောင့် ဤအဖြစ်အပျက်နဲ့ပါတ်သက်၍ လူအများ၏ အကဲ့ရဲ့ ခံရဖွယ် မရှိတော့ဟု ထင်မိပါသည်...

ထိုအခါ ထိုရဟန်းသည် သာဝတ္ထိမြို့သို့ သွား၍ ထိုသိုးမွေးတို့ကို ရပ်လျက်ပင် ပစ်ချလိုက်၏။ ရဟန်းတို့သည် ထိုရဟန်းကို ''ငါ့သျှင် သင်သည် အဘယ့်ကြောင့် ဤသိုးမွေးတို့ကို ရပ်လျက်ပင် ပစ်ချလိုက် သနည်း'' ဟု မေးကြကုန်၏။

ငါ့သျှင်တို့ ဖြစ်သမျှအကြောင်းစုံကို ပြောရလျှင် ဤသိုးမွေးတို့၏ အကြောင်းကြောင့်ပင် ငါ့ကို လူတို့က ပြောင်လှောင်အပ်သည် မဟုတ်လော ဟု ဆို၏။

ငါ့သျှင် သင်သည် ဘယ်မျှဝေးသော အရပ်မှ ဤသိုးမွေးတို့ကို ဆောင်လာသနည်းဟု မေးကြ ပြန်ရာ။

ငါ့သျှင်တို့ သုံးယူဇနာထက် ကျော်လွန်ပါသည်ဟု ဆို၏။

အလိုနည်းသော ရဟန်းတို့သည် ''ရဟန်းသည် သုံးယူဇနာထက်အလွန် သိုးမွေးတို့ကို အဘယ့်ကြောင့်ဆောင်လာဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့သည် ထိုရဟန်းကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

ရှေးယခင်ကတော့ ရဟန်းတော်များ အမြင်မတော် ပြုမူလာခဲ့လျှင် လူများကလည်း ကဲ့ရဲ့ပြစ်တင် ပျက်ရယ်ပြုကြသည်... အလိုနည်းသော ရဟန်းများကလည်း ကဲ့ရဲ့ပြစ်တင် ပြောဆိုကြပေသည်... ခုခေတ်လူများကတော့ မည်သို့လာသည် မပြောနိုင်...

''ရဟန်း သင်သည် သုံးယူဇနာထက်အလွန် သိုးမွေးတို့ကို ဆောင်လာ၏ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် သုံးယူဇနာထက်အလွန် သိုးမွေးတို့ကို ဆောင်လာဘိသနည်း၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းနှင့်မလျော် သိုးမွေးတစ်ထုပ် သင်္ကန်းနဲ့ ထုပ်လာသည့်အတွက် မြတ်ဗုဒ္ဓမှ မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ျားတဲ့... နာဖွယ်ကောင်းတယ်... မြတ်ဗုဒ္ဓကို ပြောတာမဟုတ်ပါ... အထုပ်ကြီးနဲ့ လုပ်တဲ့အပြုအမူကိုပါ...


ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 571

ပညတ်သိက္ခာပုဒ်

''ရှည်သော ခရီးသို့ သွားသော ရဟန်းအား သိုးမွေးတို့သည် ဖြစ်ပေါ်ကုန် ငြားအံ့၊ အလိုရှိသော ရဟန်းသည် ခံယူရာသည်၊ ခံယူပြီးနောက် ဆောင်ယူမည့်သူ မရှိခဲ့သော် သုံးယူဇနာတိုင်တိုင် မိမိလက်ဖြင့် ဆောင်ယူနိုင်သည်၊ အကယ်၍ ထိုသုံးယူဇနာထက် အလွန်ဆောင် ယူငြားအံ့၊ ဆောင်ယူမည့်သူ မရှိသော်လည်း ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 35, 16- 572

မိတ်ဆွေတစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါသည်... သိုးမွေးဟု ဆိုသည့်အတွက် တခြားပစ္စည်းမပါဟု မိန့်ပါသည်... စာအတိုင်းဆိုရင်လည်း ဟုတ်တာပါပဲ... တရားတော်များသည် လေးနက်လှပေသည်... သမဏ အနေနဲ့ ထုပ်ပိုးကြီးနဲ့ သွားနေတာလည်း မတော်တာ အမှန်ပါပဲလေ...

သိုးမွေးထုပ်ကြီးနဲ့ မသွားဖို့ ဆင်ခြင်ပါလေ...

၆ - ဧဠကလောမသိက္ခာပုဒ်၊ ကောသိယ၀ဂ်၊ နိဿဂ္ဂိယအခန်း၊ ပါရာဇိကဏ်ပါဠိတော်။






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, May 11, 2010

ရွှေငွေ အလှူခံမှု...


မြတ်ဗုဒ္ဓ ဤအချိန်မှစ လူ့စည်းစိမ်တို့ကို စွန့်လွှတ်ပေပြီ



ရွှေငွေမဟုတ်သည်၌ ရွှေငွေဟု ထင်မှတ်၍ အလှူခံသည်တောင်
ကဲ့ရဲ့ဖွယ်အပြစ် ဖြစ်ပေသေးသည် တကား

ရွှေငွေ အလှူခံမှု...

ရူပိယသိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် အမျိုးတစ်မျိုး၏ အိမ်သို့ ကပ်သော အမြဲဆွမ်းဝတ်ရှိသော ရဟန်းဖြစ်၏၊ ထိုအမျိုး၌ အကြင် ခဲဖွယ်သည် လည်းကောင်း၊ ဘောဇဉ်သည် လည်းကောင်း ဖြစ်အံ့၊ ထိုခဲဖွယ်ဘောဇဉ်မှ သာကီဝင်မင်းသား အသျှင်ဥပနန္ဒ အတွက် အဖို့ 'အစု' ထားရ၏။

ထိုအခါ ညချမ်းအချိန်တွင် ထိုအမျိုး၌ စမဲဟင်းလျာ ဖြစ်ပေါ်၏၊ ထိုစမဲဟင်းလျာမှ သာကီဝင် မင်းသား အသျှင်ဥပနန္ဒ၏ အဖို့ကို ဖယ်ထား၏၊ ထိုအမျိုး၏ ကလေး 'သူငယ်' သည် နံနက် စောစောထ၍ ''အကျွန်ုပ်အား စမဲဟင်းလျာကို ပေးကြလော့''ဟု ငို၏၊ ထိုအခါ ထိုယောက်ျားသည် ဇနီးကို ''အသျှင့်အတွက် အဖို့ 'အစု' ကို ကလေး 'သူငယ်' အား ပေးလော့၊ အခြား ဟင်းလျာကို ဝယ်၍ အသျှင့်အား လှူကုန်အံ့'' ဟု ပြောဆို၏။

ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူဆောင်ကာ ထိုအမျိုးထံသို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်၏၊ ထိုအခါ ထိုယောက်ျားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို ''အသျှင်ဘုရား ယမန်နေ့ ညချမ်းအချိန်က စမဲဟင်းလျာ ဖြစ်ပေါ်ပါသည်၊ ထိုစမဲဟင်းလျာမှ အသျှင့်အတွက် အဖို့ 'အစု' ကို ထားပါသည်၊ အသျှင်ဘုရား ဤကလေး 'သူငယ်' သည် နံနက်စောစော ထ၍ 'အကျွန်ုပ်အား စမဲဟင်းလျာကို ပေးကြလော့'ဟု ငိုပါသည်၊ အသျှင့်အတွက် အဖို့ 'အစု'ကို ကလေး 'သူငယ်' အား ပေးရပါသည်၊ အသျှင်ဘုရား အသပြာဖြင့် အဘယ်ကို ဆောင်လာရပါမည်နည်း''ဟု လျှောက်၏။

ဒါယကာ အသပြာကို ငါ့အား စွန့်လှူပြီး ဖြစ်သလောဟု မေး၏။

မှန်ပါသည် အသျှင်ဘုရား စွန့်လှူပြီးပါပြီဟု လျှောက်၏။

ဒါယကာ ငါ့အား ထိုအသပြာကိုပင် ပေးလော့ဟု ဆို၏။

ထိုအခါ ထိုယောက်ျားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒအား အသပြာကို ပေးလှူပြီးနောက် ''ငါတို့သည် ရွှေငွေကို ခံယူသကဲ့သို့ ဤအတူပင် ဤသာကီဝင် မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည် ရွှေငွေကို ခံယူကြကုန်၏''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုယောက်ျား၏ စကားကို ကြားကြသည်သာတည်း။
အလှူဒကာသည် အလွန်တော်သည့် လူတော်ဖြစ်ပေသည်... ငိုနေသော သားကို ကြွေးပြီးနောက် အစားဝယ်၍ လှူရန် စီစဉ်ပေသေးသည်... လှူသည့်အခါ တွင်လည်း ဘုရားသားတော် အဆင်ပြေစေရန်နှင့် စိတ်တိုင်းကျ ဘုဉ်းပေးနိုင်စေရန် ရည်ရွယ်၍ မည်သည့်ပစ္စည်း ၀ယ်၍ လှူရမည်နည်းဟု လမ်းဖွင့် ပေးထားပေသေးသည်... ဤသို့ အခွင့်ပေးထားတာတောင် အသျှင်ဥပနန္ဒသည်ကား အရှက်ကင်းမဲ့စွာဖြင့် ဒါယကာ ငါ့အား ထိုအသပြာကိုပင် ပေးလော့ဟု တောင်းနေပေသေးသည်... ရှား၏... ယခုခေတ်တွင် ဤလိုရဟန်းမျိုး ရှိမည်မထင်ပါပေ... ထို့ကြောင့် ရှေးယခင်က အသျှင်ဥပနန္ဒကား ကဲ့ရဲ့ခံရပေသည်... အပြစ်ပြောခံရပေသည်... ယခုခေတ်တွင်ကား ဤကိစ္စနှင့်ပတ်သက်၍ ကဲ့ရဲ့ခံရသည်ဟူ၍ မကြားရပါပေ...

အလိုနည်းသော ရဟန်းတို့သည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် အဘယ့်ကြောင့် ရွှေငွေကို ခံယူဘိသနည်းဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့သည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ဥပနန္ဒ သင်သည် ရွှေငွေကို ခံယူ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် ရွှေငွေကို ခံယူသနည်း၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ ပ။

ရွှေငွေ အလှူခံယူမှုနှင့် ပါတ်သက်၍ လူများကလည်း ကဲ့ရဲ့ကြသည်...
အလိုနည်းသော ရဟန်းများကလည်း ကဲ့ရဲ့ကြပေသည်...
မြတ်ဗုဒ္ဓမှလည်း မဂ်ဖိုလ်မှ အချည်းနှီးသောယောက်ျားဟူ၍ ကဲ့ရဲ့ပေသေးသည်...
မဂ်ဖိုလ် နိဗ္ဗာန် လိုလားသူ ဘုရားသားတော်များ စဉ်းစားသင့်ပေသည်...

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 852

ပညတ်သိက္ခာပုဒ်

အကြင် ရဟန်းသည် ရွှေ ငွေကို ကိုယ်တိုင်သော်လည်း ခံယူ ငြားအံ့၊
သူတစ်ပါးကိုသော်လည်း ခံယူစေငြားအံ့၊
အနီး၌ ချထားအပ်သည်ကိုသော်လည်း သာယာငြားအံ့၊
ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်သင့်၏ ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။
37, 18 - 583

မဟာယာန ဗုဒ္ဓဘာသာကတော့ ဤသိက္ခာပုဒ် အရေးမလုပ် ဖဲ့ထုတ်သွားပေပြီ...
ကျွန်ုပ်တို့ကတော့ အရေးလုပ် ဖဲ့မထုတ်နိုင်ပေ...
သူတော်ကောင်းကြီးများ လမ်းစဉ်အတိုင်း ဆက်လက်ကျင့်သုံးနေမည်သာ...
ဝိနယဓမ္မတို့ ဖဲ့မထုတ်လျှင် ထေရ၀ါဒ ခေါ်ဆိုပေသည်...

၈ - ရူပိယသိက္ခာပုဒ် အဖွင့်

အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟု အလိုရှိအပ်၏။
ရွှေ မည်သည် ဘုရားအဆင်းတော်နှင့်တူသော ဝတ္ထုကို ဆိုအပ်၏။
ငွေ မည်သည် အသပြာ ကြေးပိုက်ဆံ သစ်သားပိုက်ဆံ ချိပ်ပိုက်ဆံ အရောင်းအဝယ် ဖြစ်နိုင်သမျှ ဝတ္ထုတည်း။
ခံယူငြားအံ့ဟူသည် ကိုယ်တိုင်ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ခံယူစေငြားအံ့ဟူသည် အခြားသူကို ခံယူစေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အနီး၌ ချထားအပ်သည်ကိုသော်လည်း သာယာငြားအံ့ဟူသည် ဤ (ရွှေငွေ) သည် အသျှင့်အတွက် ဖြစ်စေဟု အနီး၌ ချထားအပ်သည်ကို သာယာငြားအံ့၊ စွန့်ခြင်း ဝိနည်းကံ ရှိ၏။ သံဃာအလယ်၌ စွန့်ရမည်။

ရဟန်းတို့ ဤသို့ စွန့်ရမည်။
ထို ရွှေငွေ ခံသော ရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ကြီးကုန်သော ရဟန်းတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ် ချီလျက်-

''အသျှင်ဘုရားတို့ အကျွန်ုပ်သည် ရွှေငွေကို ခံယူမိပါ၏၊ ဤအကျွန်ုပ်၏ ရွှေငွေသည် စွန့်ခြင်း (ဝိနည်းကံ) ရှိပါသည်၊ အကျွန်ုပ်သည် ဤရွှေငွေကို သံဃာတော်အား စွန့်ပါသည်''ဟု ဆိုရာ၏။ စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် အာပတ်ကို ခံယူရမည်၊ အကယ်၍ ထိုအရပ်သို့ အရံစောင့်သော်လည်းကောင်း၊ ဥပါသကာသော် လည်းကောင်း လာအံ့၊ ထိုသူကို ''ငါ့သျှင် ဤ (ရွှေငွေ) ကို သိလော့''ဟု ပြောရမည်၊ အကယ်၍ ထိုသူသည် ''ဤ (ရွှေငွေ) ဖြင့် အဘယ်အရာကို ဆောင်လာရပါမည်နည်း''ဟု ဆိုအံ့၊ ''ဤမည် ဤမည်သော အရာကိုဆောင်ခဲ့''ဟု မဆိုရ၊ ထောပတ်ကိုသော်လည်းကောင်း၊ ဆီကိုသော်လည်းကောင်း၊ ပျားရည်ကို သော်လည်းကောင်း၊ တင်လဲကိုသော် လည်းကောင်း အပ်စပ်သည်ကို ပြောရမည်၊ အကယ်၍ ထိုသူသည် ထို (ရွှေငွေ) ဖြင့် လဲလှယ်၍ အပ်စပ်သည်ကို ဆောင်ခဲ့အံ့၊ ရွှေငွေခံယူသော ရဟန်းကို ထား၍ ရဟန်းအားလုံးတို့ပင် သုံးဆောင်အပ်၏။

အကယ်၍ ဤသို့ ထို (ရွှေငွေလဲလှယ်မည့်) သူကို ရအံ့၊ ဤသို့ ရခြင်းသည် ကောင်း၏၊ အကယ်၍မရအံ့၊ ထိုသူကို ''ဒါယကာ ဤရွှေငွေကို စွန့်ပစ်လော့''ဟု ပြောရမည်၊ ထိုသူသည် အကယ်၍ စွန့်ပစ်အံ့၊ ဤသို့ စွန့်ပစ်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ပစ်အံ့၊ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းကိုရွှေငွေစွန့် ရဟန်းဟု သမုတ်ရမည်၊ ၄င်းရဟန်းသည် ဆန္ဒာဂတိသို့ မလိုက်ရာ၊ ဒေါသာဂတိသို့ မလိုက်ရာ၊ မောဟာဂတိသို့ မလိုက်ရာ၊ ဘယာဂတိသို့ မလိုက်ရာ၊ စွန့်အပ် မစွန့်အပ်သည်ကိုလည်း သိရာ၏။

ရဟန်းတို့ ဤသို့ သမုတ်ရမည်၊ ရှေးဦးစွာ ရဟန်းကို တောင်းပန်ရမည်၊ တောင်းပန်ပြီးနောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။ 584

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ သံဃာသည် ဤ မည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်၏၊ အကြင်အသျှင်အား ဤမည်သော ရဟန်းကို ရွှေငွေစွန့် ရဟန်းဟု သမုတ်ခြင်းကို နှစ်သက်၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်းမရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်းရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်ဟု သိစေရမည်။

သမ္မုတိရပြီးသော ထိုရဟန်းသည် အမှတ်နိမိတ်ကို မပြုဘဲ ကျစေရမည် 'စွန့်ပစ်ရမည်'၊ အကယ်၍ အမှတ်နိမိတ်ကို ပြု၍ ကျစေအံ့ 'စွန့်ပစ်အံ့'၊ ဒုက္ကဋ်အာပတ် သင့်၏။ 585

ရွှေငွေ၌ ရွှေငွေဟု ထင်မှတ်ခြင်းရှိ၍ ရွှေငွေကို ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ရွှေငွေ၌ ယုံမှားရှိ၍ ရွှေငွေကို ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ရွှေငွေ၌ ရွှေငွေမဟုတ်ဟု ထင်မှတ်ခြင်းရှိ၍ ရွှေငွေကို ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ရွှေငွေမဟုတ်သည်၌ ရွှေငွေဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရွှေငွေမဟုတ်သည်၌ ယုံမှားခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရွှေငွေမဟုတ်သည်၌ ရွှေငွေမဟုတ်ဟု ထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။
အရံတွင်း၌သော် လည်းကောင်း၊ တည်းခိုရာ ဇရပ်တွင်း၌သော် လည်းကောင်း၊ ကိုင်ယူ၍သော် လည်းကောင်း၊ ကိုင်ယူစေ၍သော် လည်းကောင်း ''ဥစ္စာရှင်သည် ဆောင်ယူလတ္တံ့''ဟု ထားအံ့၊ အာပတ်မသင့်။ ရူးသော ရဟန်း အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။ 586

၈ - ရူပိယသိက္ခာပုဒ်၊ ကောသိယ၀ဂ်၊ နိဿဂ္ဂိယ အခန်း၊ ပါရာဇိကဏ်ပါဠိတော်။

ဝိနည်း ၀ိနယ




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, May 6, 2010

အရှက်မရှိသော ရဟန်းယုတ်တို့တဲ့...


အရှက်မရှိသော ရဟန်းယုတ်တို့တဲ့...



ကုလဒူသကသိက္ခာပုဒ် မှ...

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ အဿဇိ ပုနဗ္ဗသုကမည်သော အရှက်မရှိကြသော ရဟန်းယုတ်တို့သည် ကီဋာဂိရိ၌ ကျောင်းထိုင် ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏။

သင်္ဂါယနာတင် မထေရ်မြတ်ကြီးတို့ဘုရား ဤပုဂ္ဂိုလ်မျိုးကို ရဟန်းယုတ်လို့ ခေါ်ဆိုတာ အတော်သင့်လျော်ပါပေတယ် ဘုရား... သာဓုပါဘုရား...

ထိုရဟန်းတို့သည် ဤသို့သဘောရှိသော အကျင့်ဆိုးတို့ကို ပြုကျင့်ကြကုန်၏၊ ပန်းပင်ငယ်ကို စိုက်ကုန်၏ စိုက်စေကုန်၏၊ ရေသွန်းလောင်းကုန်၏ ရေသွန်းလောင်း စေကုန်၏။ ဆွတ်ခူးကုန်၏ ဆွတ်ခူးစေ ကုန်၏၊ သီကုံးကုန်၏ သီကုံးစေကုန်၏၊ ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို ပြုကုန်၏ ပြုစေကုန်၏၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို ပြုကုန်၏ ပြုစေကုန်၏၊ ပန်းတံကို ပြုကုန်၏ ပြုစေကုန်၏၊ ပန်းလက်ကောက်ကို ပြုကုန်၏ ပြုစေကုန်၏၊ ဦးဆောက်ပန်းကို ပြုကုန်၏ ပြုစေကုန်၏၊ နားသွယ်ပန်းကို ပြုကုန်၏ ပြုစေကုန်၏၊ ရင်လွှမ်းပန်းကို ပြုကုန်၏ ပြုစေကုန်၏။


သစ်ပင်တော့ စိုက်ဖူးခဲ့ပါ၏ ပန်းတော့ မပေးခဲ့ပါ... တပည့်တော် ရဟန်းယုတ်ထဲ ပါနေပြီလားတော့ မသိ...။ တစ်ချို့ကိုယ်တော်များတော့ နံပါတ်တွေ ပေးနေကြပါတယ်ဘုရား... ဗေဒင်လေးလည်း ဟောပေးကြပါတယ်... ကျန်းမာရေးအတွက် ယတြာလေးလည်း လုပ်ပေးနေကြပါတယ် ဘုရား... ကုသိုလ်အညွှန့် တုံးသွားတဲ့ လူတွေ အတော် ကြည်ညိုကြပါတယ် ဘုရား...

ထိုရဟန်းတို့သည် အမျိုးမိန်းမ အမျိုးသမီးကြီး အမျိုးသမီးငယ် အမျိုးချွေးမ အမျိုးကျွန်မတို့၏ အကျိုးငှါ ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ပန်းတံကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ပန်းလက်ကောက်ကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ဦးဆောက်ပန်းကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ နားသွယ်ပန်းကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ရင်လွှမ်းပန်းကို ဆောင်ကုန်၏ ဆောင်စေကုန်၏။

ထိုရဟန်းတို့သည်-
အမျိုးမိန်းမ အမျိုးသမီးကြီး အမျိုးသမီးငယ် အမျိုးချွေးမ အမျိုးကျွန်မတို့နှင့် အတူ-

လာပါပြီ... ပုနဗ္ဗသုက ရဟန်းယုတ်တို့ လုပ်ခဲ့တဲ့ အလုပ်တွေ... နည်းပါဘူး...

တစ်ခုတည်းသော ခွက်၌လည်း စားကုန်၏၊
သောက်ရေခွက် တစ်ခုတည်း၌လည်း သောက်ကုန်၏။
တစ်နေရာတည်း၌လည်း ထိုင်ကုန်၏၊
တစ်ညောင်စောင်းတည်း၌လည်း အိပ်ကုန်၏၊
တစ်ခင်းတည်းလည်း အိပ်ကုန်၏၊
တစ်ခြုံတည်းလည်း အိပ်ကုန်၏၊
တစ်ခင်းတစ်ခြုံတည်းလည်း အိပ်ကုန်၏၊
အခါမဲ့၌လည်း စားကုန်၏၊
သေကိုလည်း သောက်ကုန်၏၊
ပန်း နံ့သာ နံ့သာပျောင်းကိုလည်း ဆောင်ကုန်၏၊
ကလည်းကကုန်၏၊
သီဆိုလည်း သီဆိုကုန်၏၊
တီးမှုတ်လည်း တီးမှုတ်ကုန်၏၊
မြူးထူးစံပယ်လည်း၁ မြူးထူးစံပယ်ကုန်၏၊
ကချေသည်မ၏ အလိုက်လည်း ကကုန်၏။
ကချေသည်မ၏ အလိုက်လည်း သီဆိုကုန်၏၊
ကချေသည်မ၏ အလိုက်လည်း တီးမှုတ်ကုန်၏။
ကချေသည်မ၏ အလိုက်လည်း စံပယ်ကုန်၏။
အဆိုသည်မ၏ အလိုက်လည်း ကကုန်၏။
အဆိုသည်မ၏ အလိုက်လည်း သီဆိုကုန်၏။
အဆိုသည်မ၏ အလိုက် လည်း တီးမှုတ်ကုန်၏။
အဆိုသည်မ၏ အလိုက်လည်း စံပယ်ကုန်၏။
ဆိုင်းသမ၏ အလိုက်လည်း က ကုန်၏။
ဆိုင်းသမ၏ အလိုက်လည်း သီဆိုကုန်၏။
ဆိုင်းသမ၏ အလိုက်လည်းတီးမှုတ်ကုန်၏။
ဆိုင်းသမ၏ အလိုက်လည်း စံပယ်ကုန်၏။
စံပယ်သော မိန်းမ၏ အလိုက်လည်းကကုန်၏။
စံပယ်သော မိန်းမ၏ အလိုက်လည်း သီဆိုကုန်၏။
စံပယ်သော မိန်းမ၏ အလိုက်လည်းတီးမှုတ်ကုန်၏။
စံပယ်သော မိန်းမ၏ အလိုက်လည်း စံပယ်ကုန်၏။
ရှစ်ကွက်ကျားကိုလည်း ကစားကုန်၏။
ဆယ်ကွက်ကျားကိုလည်း ကစားကုန်၏။
ကောင်းကင်ကျားကိုလည်း ကစားကုန်၏။
ဖိုးလမင်းကျားကိုလည်း ကစားကုန်၏။
ဇယ်တောက်ခြင်းဖြင့်လည်း ကစားကုန်၏။
အန်စာဖြင့်လည်း ကစားကုန်၏။
ကျည်းသားရိုက်ခြင်းခြင့်လည်း ကစားကုန်၏။
စုတ်ခတ်ရေးခြင်းဖြင့်လည်း ကစားကုန်၏။
ဂေါ်လီ ကစားခြင်းဖြင့်လည်း ကစားကုန်၏။
ပိပီမှုတ် သဖြင့်လည်း ကစားကုန်၏။
ထွန်ငယ်ဖြင့်လည်း ကစားကုန်၏။
ကျွမ်းထိုးခြင်းဖြင့်လည်း ကစားကုန်၏။
စကြာဖြင့်လည်း ကစားကုန်၏။
ခြင်ခွက်ငယ်ဖြင့်လည်း ကစားကုန်၏။
ရထားငယ်ဖြင့်လည်း ကစားကုန်၏။
လေးငယ်ဖြင့်လည်း ကစားကုန်၏။
အက္ခရာဝှက်ခြင်းဖြင့်လည်း ကစားကုန်၏။
စိတ်အကြံ ဖော်ခြင်းဖြင့်လည်း ကစားကုန်၏။
ကျိုး ယောင် ကန်းယောင်ပြု၍လည်း ကစားကုန်၏။
ဆင်ကြန် အတတ်ကိုလည်း သင်ကုန်၏။
မြင်းကြန် အတတ်ကိုလည်း သင်ကုန်၏။
ရထားအတတ်ကိုလည်း သင်ကုန်၏။
လေးအတတ်ကိုလည်း သင်ကုန်၏။
သန်လျက်အတတ်ကိုလည်း သင်ကုန်၏။
ဆင်၏ ရှေ့မှလည်း ပြေးကုန်၏။
မြင်း၏ ရှေ့မှလည်း ပြေးကုန်၏။
ရထား၏ ရှေ့မှလည်းပြေးလွှား လမ်းသလားကုန်၏။
လေလည်း ချွန်ကုန်၏။
လက်ပမ်းပေါက်လည်း ခတ်ကုန်၏။
လက်ပမ်းလည်း လုံးကုန်၏။
လက်ဝှေ့လည်း သတ်ကုန်၏။
ကပွဲ၏ အလယ်၌လည်း ဒုကုဋ်ကို ဖြန့်ခင်း၍-
ကချေသည်မကို ''နှမ ဤနေရာ၌ ကလော့'' ဟုဆိုကုန်၏။
ကောင်းစွ ကောင်းစွ ငါ့နှမဟု ကောင်းချီးလည်း ပေးကုန်၏။
နဖူးတင်ထား လက်ချောင်းများကိုလည်း ပေးကုန်၏။
အမျိုးမျိုးသော အကျင့်ဆိုးတို့ကိုလည်း ပြုကျင့်ကုန်၏။ 431


ဒကာဒကာမတို့ ရဟန်းယုတ်တွေကို ကြည့်ညိုကြပြီဆိုရင်တော့... ရဟန်းကောင်းတွေ အတွက် နေစရာ စားစရာ ရှားပါးတော့မယ်... သူတော်ကောင်းတရားတွေ ရှားပါးတော့မယ်... အောက်မှာ လာပါပြီ သူတော်ကောင်း ရဟန်းတစ်ပါး... ဆွမ်းငတ်တော့မည်...

ထိုအခါ ရဟန်းတစ်ပါးသည် ကာသိတိုင်း ဇနပုဒ်၌ ဝါမှ ထပြီး၍ မြတ်စွာဘုရားကို ဖူးမြော်ရန် အလို့ငှါ သာဝတ္ထိမြို့သို့ သွားသည်ရှိသော် ကီဋာဂိရိသို့ ရောက်၏၊ ထိုအခါ နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ကြည်ညိုဖွယ်ဆောင်သော ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်းဖြင့် ချအပ်သော မျက်လွှာရှိသည်ဖြစ်၍ ဣရိယာပုထ်နှင့် ပြည့်စုံသော ထိုရဟန်းသည် ကီဋာဂိရိသို့ ဆွမ်းအလို့ငှါ ဝင်၏။


မြတ်ဗုဒ္ဒရဲ့ အဆုံးအမကို ရရှိထားသူတစ်ဦးရဲ့ နေထိုင်သွားလာမှု ဣနြေ္ဒပြည့်စုံမှု ကြည်ညိုဖွယ် ကောင်းလှပါပေတယ်... ဒါပေမဲ့ သူတောင်းတရား သူတော်ကောင်းအကျင့်ကို သူတို့က မနှစ်သက်ကြတော့ဘူးတဲ့... ရဟန်းယုတ်တို့ကိုသာ နှစ်သက် ကြည်ညိုကြကုန်ပြီ... ဒကာဒကာမတို့ရဲ့ စစ်မှန်တဲ့ သဒ္ဓါတရားတွေ ပျက်စီးကုန်ပြီ... အဖျက်ဆီး ခံလိုက်ရပြီ...

လူတို့သည် ထိုရဟန်းကိုမြင်၍ ''ထုန်ထိုင်းထိုင်း နုန့်နဲ့နဲ့ ဒေါသထွက်သကဲ့သို့ မျက်မှောင်ကုပ်၍ သွားသော ဤသူကား အသူနည်း၊ ချဉ်းကပ်သော ဤသူအား အဘယ်သူသည် ဆွမ်းကို လှူလတ္တံ့နည်း၊ ငါတို့၏ အသျှင်အဿဇိ ပုနဗ္ဗသုက တို့သည်ကား သိမ်မွေ့ကုန်၏၊ ပြေပြစ်ကုန်၏၊ နှုတ်ချိုကုန်၏၊ ပြုံးခြင်းလျှင် ရှေ့သွား ရှိကုန်၏၊ ကြွပါ ကြွပါဟု ဖော်ရွေစွာ ကြိုဆိုလေ့ရှိကုန်၏၊ ချိုသာကြည်လင် ပေါ်လွင်သော မျက်နှာရှိကုန်၏၊ ဦးစွာ ဆိုလေ့ရှိကုန်၏၊ ထိုအသျှင်တို့အားသာလျှင် ဆွမ်းကို လှူသင့်ပေ၏'' ဟု ပြောဆို ကြကုန်၏။

ဥပါသကာ တစ်ယောက်သည် ကီဋာဂိရိ၌ ဆွမ်းအလို့ငှါ လှည့်လည်သော ထိုရဟန်းကို မြင်လေသော် ထိုရဟန်းအထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ ''အသျှင်ဘုရား ဆွမ်းကို ရခဲ့ပါ၏ လော'' ဟု လျှောက်၏။

ဒါယကာ ဆွမ်းကို မရခဲ့သေးဟု ပြန်ပြော၏။ 432


ဝိနည်း သိက္ခာပုဒ်တို့နှင့် ဘုရားစကား နားထောင်တော်မူသော အရှင်ကောင်းမှာ ယခုထိ ဆွမ်းမရရှိသေးပေ... ဗုဒ္ဓဘာသာဝင်များ အသိ သတိရှိကြပါလေ... ရဟန်းဆိုတာ ဘာလဲ ဘယ်လိုလဲ အမှန်သိရှိကြပါစေ... သင်တို့ အမှန်သိရှိကြမှ မြတ်ဗုဒ္ဓသာသနာ အဓွန့်ရှည်ပေမည်... ရဟန်းသူတော်ကောင်းတွေ ပစ္စည်းလေးပါး ရှာပါးလာပါက... သူတော်ကောင်း ရဟန်းတို့ ရှားပါးလာပေလိမ့်မည်... ထိုအခါ ပုနဗ္ဗသုကလို ရဟန်းယုတ်မျိုး တိုးပွားလာပါလိမ့်မည်... ထိုသည့်နောက်ဝယ် အရည်းကြီး သာသနာ...

၁၁၃၃ - ကုလဒူသကသိက္ခာပုဒ် -မှ- သံဃာဒိသိသ်အခန်း၊ ပါရာဇိကဏ်ပါဠိတော်။

၁။ စံပယ်ခြင်း=
မိန်းမတို့၏ တဏှာရာဂကြောင့်ဖြစ်ပေါ်လာသော အမူအရာ ကြိယာအထူးတည်း။








ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ သာဓု... သာဓု... သာဓု...။

Monday, May 3, 2010

ဝတ်လာသော သင်္ကန်းကို မတရား အလှူခံခြင်း...


စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ် - (စီဝရ=သင်္ကန်း။ ပဋိဂ္ဂဟဏ=ခံယူခြင်း၊ ၀န်ခံခြင်း)
သည်ကိုယ်တော် တော်တော်ဆိုး...
ဘိက္ခုနီမ ထံမှ အောက်ပိုင်းဝတ်တဲ့ သင်းပိုင်များ အလှူခံရတယ်လို့...
ဘာလုပ်ချင်လို့များပါလိမ့် ဥဒါယီ...

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသော အခါ ဥပ္ပလဝဏ် ဘိက္ခုနီမသည် သာဝတ္ထိမြို့၌ နေ၏။

ထိုအခါ ဥပ္ပလဝဏ်ဘိက္ခုနီမသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် သာဝတ္ထိမြို့သို့ ဆွမ်းအလို့ငှါ ဝင်၏၊ သာဝတ္ထိမြို့၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခွါပြီးလတ်သော် နေ့သန့်စင်ရာအလို့ငှါ အန္ဓဝန်တောသို့ ချဉ်းကပ်၏၊ အန္ဓဝန်တောသို့သက်ဝင်ပြီးနောက် သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်ရန် ထိုင်၏၊ ထိုအခါ ခိုးမှုကို ပြုပြီးသောခိုးသူတို့သည် နွားကို သတ်ပြီး၍ အမဲသားကို ယူကာ အန္ဓဝန်(အန္ဓ=အကန်း)တောသို့ ဝင်ကုန်၏။

ခိုးသူကြီးသည် သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်လျက် ထိုင်နေသော ဥပ္ပလဝဏ် ဘိက္ခုနီမကို မြင်လတ်သော် ''အကယ်၍ ငါ၏ သားများ ညီငယ်များ မြင်ကြပါမူ ဤဘိက္ခုနီမကို ညှင်းဆဲကြလိမ့်မည်''ဟု ကြံစည်၍ အခြားလမ်းဖြင့် သွား၏၊ ထိုအခါ ခိုးသူကြီးသည် အမဲသားကျက်လတ်သော် ကောင်းမြတ်သော အမဲသားတို့ကို ယူ၍ ဖက်ဖြင့် ထုပ်ပြီးလျှင် ဥပ္ပလဝဏ် ဘိက္ခုနီမ၏အနီး သစ်ပင်ရင်း၌ ဆွဲပြီးနောက် ''အကြင်ရဟန်း ပုဏ္ဏားသည် မြင်၏၊ ထိုသူအား ပေးလှူအပ်သည်သာတည်း၊ ဆောင်ယူစေ'' ဟု ဆို၍ ဖဲသွား၏။
ခိုးသူကြီး၏ ဘိက္ခုနီမအပေါ် မဖျက်ဆီးလိုသော စိတ်ဓါတ်... သူတစ်ပါး ဖျက်ဆီးမည်ကို မလိုလားသော စိတ်ဓာတ်... အလှူခံမြင်လျှင် လှူဒါန်းလိုသော စိတ်ဓာတ်... ငါလှူတာကွ ဆိုတဲ့ ဂုဏ် မယူချင်တဲ့ စိတ်ဓာတ်... တို့သည် လေးစားဖွယ် အတုယူဖွယ် ဖြစ်ပေသည်... မိမိတို့တစ်တွေ ခိုးသူကြီးထက် သာသင့်ပေသည်...

ဥပ္ပလဝဏ် ဘိက္ခုနီမသည်...
သမာဓိမှ ထလတ်သော် ခိုးသူကြီးပြောဆိုသော ဤစကားကို ကြား၏၊

ထိုအခါ ဥပ္ပလဝဏ်ဘိက္ခုနီမသည် ထိုအမဲသားကို ယူ၍ ဘိက္ခုနီမကျောင်းသို့ သွား၏၊ ဥပ္ပလဝဏ်ဘိက္ခုနီမသည် ထိုညဥ့်ကုန်လွန်သော အခါ၌ အမဲသားကို စီရင်၍ အပေါ်ရုံ 'ဧကသီ' ဖြင့် အထုပ်ကို ဖွဲ့ပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ဝေဠုဝန်ကျောင်း၌ ရှေးရှုရပ်တည်လေ၏၊
သမထကို ကျွမ်းကျင် နိုင်နင်းစွာ ပွားများထားသည်ရှိသော် အဝေးက အသံကိုလည်း ကြားနိုင်၏... သူတပါးအကြံအစည်ကိုလည်း သိနိုင်၏... မြေရှိုးမိုးပျံ လိုသလို လုပ်နိုင်ကြပေသည်... ဤအရှင်မသည်ကား တန်ခိုးကြီးပေစွ... ကျွန်ုပ်တို့အနီးမှာများ ဤအရှင်မလို ပုဂ္ဂိုလ်မျိုး ရှိခဲ့သော်... အတော်ရှက်စရာ ကောင်းပေဦးမည်... တွေးလိုက်သည့်အတွေးများ မိုးလင်းမှ မိုးချုပ်... (၀၀၀)။ သူတော်ကောင်းတရားများ ကျင့်ရပေဦးမည်...

ထိုအခါ မြတ်စွာဘုရားသည် ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏၊

အသျှင်ဥဒါယီသည် ကျောင်းစောင့် ကျန်ရစ်၏၊

ထိုအခါ ဥပ္ပလဝဏ်ဘိက္ခုနီမသည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီအား-

''အသျှင်ဘုရား မြတ်စွာဘုရား အဘယ်မှာပါနည်း''ဟု လျှောက်၏။
နှမ မြတ်စွာဘုရားသည် ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏ဟု ပြော၏။
အသျှင်ဘုရား ဤအမဲသားကို မြတ်စွာဘုရားအား လှူပါလော့ဟု လျှောက်၏။
နှမ သင်သည် မြတ်စွာဘုရားကို အမဲသားဖြင့် နှစ်သိမ့်စေအပ်ပြီ၊ အကယ်၍ သင်သည် ငါ့အား သင်းပိုင်ကို လှူပါမူ ငါ့ကိုလည်း သင်းပိုင်ဖြင့် နှစ်သိမ့်စေပြီးဖြစ်ရာ၏ဟု ပြော၏။ အသျှင်ဘုရား အကျွန်ုပ်တို့ မာတုဂါမတို့မည်သည် လာဘ်လာဘ ရှားပါးကြပါကုန်၏၊ ဤသင်္ကန်းသည်လည်း အကျွန်ုပ်၏ နောက်ဆုံးငါးထည်မြောက် သင်္ကန်းပါတည်း၊ အကျွန်ုပ်သည် မလှူနိုင်ပါဟု လျှောက်၏။
သည်ကိုယ်တော် တော်တော်စုတ်ပဲ့သည်... လာဘ်လာဘ ရှားပါးသော ဘိက္ခုနီ ထံမှ အလှူခံနေပေသည်... ခံသည့်အလှူကလည်း သင်္ကန်း အပေါ်တစ်ထည် အောက်တစ်ထည်သာ ရှိသူထံမှ အောက်ပိုင်းတစ်ထည်ကို အလှူခံနေ၏...
ဘယ်လိုစိတ်ကူးမျိုးပါလိမ့်... သိလိုပါက...

နှမ ဥပမာအားဖြင့် ယောက်ျားသည် ဆင်ကို လှူပြီး၍ ခါးဖွဲ့ကြိုး၌ ငြိကပ်ရာသကဲ့သို့၊ ဤအတူပင်သင်သည် မြတ်စွာဘုရားအား အမဲသားကို လှူပြီး၍ ငါ့အား သင်းပိုင်ကို မလှူရက်ဟု ပြော၏။
အလှူခံတစ်ချို့သည် အရှင်ဥဒါယီကဲ့သို့ပင် အလှူရှင်အပေါ်တွင် စကားဖြင့် မလှူပဲ မနေနိုင်အောင် နှိပ်စက်၍ အလှူခံတတ်ကြပေသေးသည်... မြတ်ဗုဒ္ဒ နှစ်သက်တော်မမူ ရှောင်ရှားသင့်ပေသည်...

ထိုအခါ ဥပ္ပလဝဏ် ဘိက္ခုနီမသည် အသျှင်ဥဒါယီ အတင်းအကြပ် ပြောအပ်သည်ဖြစ်၍ သင်းပိုင်ကိုလှူပြီးလျှင် ဘိက္ခုနီမကျောင်းသို့ သွား၏၊ ဘိက္ခုနီမတို့သည် ဥပ္ပလဝဏ် ဘိက္ခုနီမ၏ သပိတ်သင်္ကန်းကို လှမ်းယူကြလျက် ဥပ္ပလဝဏ် ဘိက္ခုနီမကို ''အသျှင်မ အသျှင်မ၏ သင်းပိုင်သည် အဘယ်မှာနည်း'' ဟု ဆိုကြကုန်၏။

သည်ဘိက္ခုနီမ အောက်ပိုင်းဝတ် သင်းပိုင်မပါပဲလာတယ်ဆိုတော့... ဧကန္တ ဆိုပြီး စာဖတ်သူများက တွေးနေကြဦးမည်... သည်လိုမှတ်ပါ အပေါ်ပိုင်း ဧကသီကို တစ်ကိုယ်လုံး လုံခြုံစွာပတ်၍ ကြွလာသည်လို့ မှတ်ခဲ့ပါ... ဘိက္ခုတွေလည်း မကောင်း ဘိက္ခုနီတွေလည်း မကောင်းဟု မထင်ကြစေကုန်...

ဥပ္ပလဝဏ် ဘိက္ခုနီမသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏၊ ဘိက္ခုနီမတို့သည် ''အသျှင်ဥဒါယီသည် ဘိက္ခုနီမ၏ သင်္ကန်းကို အဘယ့်ကြောင့် ခံယူဘိသနည်း မာတုဂါမသည် လာဘ်ရှားပါး၏'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏၊ အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဥဒါယီသည် ဘိက္ခုနီမ၏ သင်္ကန်းကို အဘယ့်ကြောင့် ခံယူဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့သည် အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ဥဒါယီ သင်သည် ဘိက္ခုနီမ၏ သင်္ကန်းကို ခံယူ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဥဒါယီ သင်နှင့် ဆွေမျိုးတော်စပ်သလော၊ ဆွေမျိုးမတော်စပ်သလောဟု မေးတော်မူရာ။ မြတ်စွာဘုရား ဆွေမျိုးမတော်စပ်ပါဟု လျှောက်၏။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဆွေမျိုးမတော်စပ်သော ယောက်ျားသည် ဆွေမျိုး မတော်စပ်သော မိန်းမ၏ သင့်တင့်သည်ကို လည်းကောင်း၊ မသင့်တင့်သည်ကို လည်းကောင်း၊ ရှိသည်ကို လည်းကောင်း၊ မရှိသည်ကို လည်းကောင်း မသိနိုင်၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ထိုသင်သည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၏ လက်မှ သင်္ကန်းကို ခံယူဘိ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျား ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 508

"ပထမပညတ်သိက္ခာပုဒ်နှင့် အနုပညတ်သိက္ခာပုဒ်"

''အကြင် ရဟန်းသည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၏ လက်မှ သင်္ကန်းကို ခံယူငြားအံ့၊ ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 509

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

နိဿဂ္ဂိပါစိတ်= (နိဿဂ္ဂိယ= စွန့်လွှတ်ရမည်။ ပါစိတ်=ကုသိုလ်စိတ်မှ လျောကျ) မလျော်သောအမှုကိုပြုလျှင် လူများကလည်း ကဲ့ရဲ့ကြသည်... ရဟန်း ရဟန်းမများကလည်း ကဲ့ရဲ့ကြသည် မြတ်ဗုဒ္ဓမှလည်း ကဲ့ရဲ့ပါသည်... သို့ကြောင့် ယခုအခါ ၀ိနည်းစည်းကမ်း ထုတ်ပြီးနောက် ဖေါက်ဖျက်ခဲ့သော် သင်တို့ များများ ကဲ့ရဲ့ကြပါလေ... သို့မှ ကျွန်ုပ်တို့ ရှက်သင့်သလောက် ရှက်ပြီး ပြုပြင်ကြပေလိမ့်မည်... သင်တို့ မကဲ့ရဲ့ပဲ မြှောက်ပေးနေပါက လည်းကောင်း... အူတူတူ အတတ လုပ်နေပါက လည်းကောင်း... ငါနဲ့မဆိုင် ဆိုပြီး ဖာသိဖာသာ နေကြပါက လည်းကောင်း ဗုဒ္ဓသာသနာ သက်တမ်း တိုပေလိမ့်မည်... ဗုဒ္ဓဘာသာဝင်များအပေါ် တာဝန်ရှိပေသည်...

ထိုအခါ ရဟန်းတို့သည် တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြ၍ ဘိက္ခုနီမတို့၏ လဲလှယ် 'ဖလှယ်' သော သင်္ကန်းကို မခံယူကြကုန်။ ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်တို့သည် ငါတို့၏ လဲလှယ်သော သင်္ကန်းကို မခံယူကုန် ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုဘိက္ခုနီမတို့၏ စကားကို ကြားကြသည်သာတည်း။

သူတော်ကောင်းများသည် စည်းကမ်း အပြည့်အစုံ မထုတ်ရသေးသည့်အတွက် သံသယရှိသော အမှုကို မလုပ်ကြပါပေ... ကြည်ညိုဖွယ် ကောင်းပါပေသည်... ၀ိနည်းစည်းကမ်း ထုတ်ပြီဟု သိသည်နှင့် တစ်ပြိုင်နက် သည်လို သူတော်ကောင်းများ ၀ိနည်းကို ကျော်၍ ကိလေသာ ထူထူဖြင့် ကျူးလွန်မည် မဟုတ်တော့ပေ... (ဘုရားမှလွဲ၍ အာပတ်သင့်သေးဆိုတာ... ထားတော့)

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောပြောတော်မူ၍ ရဟန်းတို့ကို ''ရဟန်းတို့ ရဟန်း၊ ဘိက္ခုနီမ၊ သိက္ခမာန် သာမဏေ၊ သာမဏေမဟူသော ဤသီတင်းသုံးဖေါ် ငါးဦးတို့၏ လဲလှယ်သော သင်္ကန်းကို ခံယူခြင်းငှါ ခွင့်ပြုသည်''ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 510

''အကြင် ရဟန်းသည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၏ လက်မှ သင်္ကန်းကို လဲလှယ်သည်မှ တစ်ပါး ခံယူငြားအံ့၊ ထိုရဟန်းအား နိဿဂ္ဂိ ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ ဟု မိန့်တော်မူ၏။ 511

၅ - စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်၊ စီဝရ၀ဂ်၊ နိဿဂ္ဂိယပါစိတ်အခန်း၊ ပါရာဇိကဏ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ သာဓု... သာဓု... သာဓု...။

Friday, April 30, 2010

ကြီးသူကိုမရိုသေ တိုးဝှေ့၍ နေရာယူမှု...


အနုပခဇ္ဇ သိက္ခာပုဒ် - (တိုးဝှေ့၍)


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြတ်သောအိပ်ရာ နေရာတို့ကို နှောင့်ယှက်ကုန်၏၊ မထေရ်ကြီးရဟန်းတို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို ထစေကုန်၏၊ ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့အား ''ငါတို့သည် အဘယ်သို့သော အကြောင်းဥပါယ်ဖြင့် ဤကျောင်း၌သာလျှင် ဝါတွင်း သုံးလ ပတ်လုံးနေရပါကုန်အံ့နည်း'' ဟု အကြံဖြစ်၏။

ထို့နောက် ဆဗ္ဗဂ္ဂီ ရဟန်းတို့သည်

''ကျဉ်းမြောင်း ကျပ်တည်းသော ရဟန်းသည် ဖဲသွားလတ္တံ့'' ဟု ကြံ၍
မထေရ်ကြီး ရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မထေရ်ကြီး ရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။


မြတ်ဗုဒ္ဓသာသနာ၏ ချစ်စရာကောင်းသော အတုယူဖွယ်ကောင်းသော ဓလေ့တစ်ခုသည်ကား မိမိထက် သိက္ခာ- ရဟန်းဝါ- ရဟန်းဖြစ်ရက် ကြီးသောသူကို ရိုသေလေးစားရပေသည်... တစ်ရက် တစ်မနက် တစ်မိနစ်သာ ကြီးပါစေ ရိုသေရမည် လေးစားရမည်... ဆွမ်း သင်္ကန်း ကျောင်း ဆေး စသည်ကို နေရာဦး ပေးရပေမည်... သို့အတွက် ရဟန်းတော်များ မိမိတို့ ရဟန်းဖြစ်သော နေ့ရက် အချိန်တို့ကို မှတ်သားထားကြရပေသည်... ကောင်းလှပါပေ၏... တစ်ချို့ လူမျိုးများတွင်လည်း ဤကဲ့သို့ လူကြီးကို လေးစားသောဓလေ့ကို တွေ့ရှိရပေသေးသည်... ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကို ငဲ့ညှာသော ဓလေ့များ တိုးပွားပါစေ...


''ရဟန်းတို့ သင်တို့သည် မထေရ်ကြီး ရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မထေရ်ကြီးရဟန်း တို့ကို တိုးဝှေ့၍ အိပ်ကုန်ဘိသနည်း၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ သင်တို့ ပြုမိသော အမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါ လည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 119

''အကြင်ရဟန်းသည် သံဃိကကျောင်း၌ ရှေးဦးနေလင့်သော ရဟန်းကို သိလျက် တိုးဝှေ့၍ 'အကြင်ရဟန်းအား ကျဉ်းမြောင်း ကျပ်တည်းလတ္တံ့၊ ထိုရဟန်းသည် ဖဲသွား လတ္တံ့'ဟု အကြောင်းတစ်ပါး မရှိဘဲ ဖဲသွားစေလိုခြင်းကိုသာ အကြောင်းပြု၍ အိပ်ခြင်းကို ပြုငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 65 - 16-120

၆ - အနုပခဇ္ဇသိက္ခာပုဒ် အဖွင့်

အကြင် ဟူသည် အကြင်သို့ သဘော ရှိသော။ပ။

ရဟန်း ဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း'' ဟူ၍ အလိုရှိအပ်၏။

သံဃိကကျောင်း မည်သည် သံဃာအား ပေးလှူအပ် စွန့်လှူအပ်သော ကျောင်းတည်း။
သိ၏ မည်သည် သီတင်းကြီး 'သိက္ခာဝါကြီးသူ'ဟူ၍ သိ၏၊
သူနာဟူ၍ သိ၏၊ သံဃာသည် ပေးအပ်သူ ဟူ၍ သိ၏။
တိုးဝှေ့၍ ဟူသည် အနီးသို့ တိုးဝင်၍။
အိပ်ခြင်းကို ပြုငြားအံ့ ဟူသည် ညောင်စောင်း၏ သော်လည်းကောင်း၊
အင်းပျဉ်၏သော် လည်းကောင်း၊
ဝင်သော ရဟန်း၏ သော်လည်းကောင်း၊
ထွက်သော ရဟန်း၏ သော်လည်း ကောင်း၊
အနီးဥပစာ၌ အိပ်ရာ နေရာကို ခင်းသော် လည်းကောင်း၊
ခင်းစေသော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ထိုင်မူလည်း ထိုင်ငြားအံ့၊ အိပ်မူလည်း အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အကြောင်းတစ်ပါးမရှိဘဲ ဖဲသွား စေလိုခြင်း ကိုသာ အကြောင်းပြု၍ ဟူသည် တိုးဝှေ့၍ အိပ်ခြင်းငှါ တစ်ပါးသော အကြောင်းတစ်စုံတစ်ရာမရှိ။ 121

သံဃိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိလျက် တိုးဝှေ့၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ်သင့်၏။ သံဃိကကျောင်း၌ ယုံမှားရှိ၍ တိုးဝှေ့၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ သံဃိကကျောင်း၌ ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိလျက် တိုးဝှေ့၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ညောင်စောင်း၏ သော်လည်းကောင်း၊ အင်းပျဉ်၏ သော်လည်းကောင်း၊ ဝင်သော ရဟန်း၏ သော်လည်း ကောင်း၊ ထွက်သော ရဟန်း၏ သော်လည်းကောင်း၊ အနီးဥပစာကို 'ပတ်ဝန်းကျင် တစ်တောင့်ထွာကို' ထား၍ အိပ်ရာနေရာကို ခင်းသော်လည်းကောင်း၊ ခင်းစေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ ထိုင်သော် လည်းကောင်း၊ အိပ်သော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ ကျောင်း၏ ဥပစာ၌ သော်လည်းကောင်း၊ စည်းဝေးရာဇရပ်၌ သော်လည်းကောင်း၊ မဏ္ဍပ်၌ သော်လည်းကောင်း၊ သစ်ပင်ရင်း၌ သော်လည်းကောင်း၊ လွင်တီးခေါင်၌ သော်လည်းကောင်း၊ အိပ်ရာနေရာကို ခင်းသော် လည်းကောင်း၊ ခင်းစေသော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ ထိုင်သော် လည်းကောင်း၊ အိပ်သော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ ပုဂ္ဂလိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ပုဂ္ဂလိကကျောင်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ်သင့်၏။ ပုဂ္ဂလိကကျောင်းကို ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိရာ၌ သူတစ်ပါး၏ ပုဂ္ဂလိကကျောင်းဖြစ်မူ ဒုက္ကဋ်အာပတ် သင့်၏။ မိမိ၏ ပုဂ္ဂလိက ကျောင်းဖြစ်မူ အာပတ် မသင့်။ 122

နာဖျား၍ ဝင်နေအံ့၊ အချမ်းအပူနှိပ်စက်၍ ဝင်နေအံ့၊ အာပတ် မသင့်။ ဘေးရန်များကြောင့် ဝင်နေသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 123


ဆဗ္ဗဂ္ဂိယ (ခြောက်ပါးသော ရဟန်းတစ်စု) တို့သည် ဘုရားရှင် လက်ထက်က အတော်ဆိုးသော ရဟန်းအုပ်စု ဖြစ်ပေသည်... ပြောမရဆိုမရ အုပ်စုမျိုး... သူတို့ကြောင့် ၀ိနည်းများပေါ်ပေါက်ရသည် များလှပေ၏... ယခုခေတ်တွင်ကော ဆဗ္ဗဂ္ဂီလို ရဟန်းမျိုး ရှိသေးလား မပြောတတ်ပါပေ... သာသနာအတွက် ဆူငြှောင့်များကိုတော့ တွေ့ရှိလာပါက မြတ်ဗုဒ္ဓ၏ သားသမီးများ မိမိတတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်း ကာကွယ် သင့်ပေသည်... အိပ်မောကျ မနေသင့်ပေ...


၆ - အနုပခဇ္ဇသိက္ခာပုဒ်၊ ၂-ဘူတဂါမ၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။
ဝိနည်း ၀ိနယ

သံယောဇဉ်တို့သည် ပုပ်ဆွေးကုန်၏...

နာဝါသုတ် - (လှေ)


ရဟန်းတို့ ခြောက်လတို့ပတ်လုံး ရေ၌ အပြန်ပြန် အခေါက်ခေါက် သွားလာ၍ ဆောင်းဥတု၌ ကုန်းပေါ်သို့ တင်ထားသော သမုဒ္ဒရာကူး ကြိမ်ချုပ်လှေ၌ လေနေပူတို့ဖြင့် နှိပ်စက်အပ်ကုန်သော ချုပ်ဖွဲ့ထားသော ကြိမ်တို့သည် ရွာသွန်းသော မိုးရေတို့ဖြင့် စွတ်စိုအပ်သည်ဖြစ်၍ အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေး ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေးကုန်၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား အဘယ်သို့လျှင် သံယောဇဉ် တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေးကုန် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု 'ရာဂ' ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ' ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု 'ရာဂ' ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'ကို ပွားများ၏။

ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေးကုန်၏ဟု မိန့်တော်မူ၏။ 158

၁ဝ - နာဝါသုတ်၊ ဗလကရဏီယ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။