နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, September 14, 2009

ငြင်းခုံခြင်း၏ အကြောင်းရင်းကို မှတ်သားပါ...

ဝိဝါဒမူလသုတ် - (ဝိဝါဒ= ငြင်းခုံခြင်း၊ ဆန်ကျင်သောစကား။ မူလ= အကြောင်းရင်း၊ အမြစ်၊ အရင်း၊ ဆေးမြစ်)

ရဟန်းတို့ ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်ပါးတို့တည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁... အမျက် ထွက်တတ်၏၊
၂... ရန်ငြိုး ဖွဲ့တတ်၏၊
အမျက်ထွက်တတ် ရန်ငြိုးဖွဲ့တတ်သော ရဟန်းသည်...
၃... မြတ်စွာဘုရား၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊
၎... တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊
၅... သံဃာတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊
၆... အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့ မရှိ။

ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှုမရှိ တရားတော်၌ ရိုသေမှု တုပ်ဝပ်မှု မရှိ သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေသော အကျင့်သိက္ခာ၌ ဖြည့်ကျင့်လေ့ မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများ အစီးအပွါးမဲ့ရန် လူအများ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

ရဟန်းတို့ ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို သင်တို့သည် မိမိသန္တာန်၌ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ အကယ်၍ မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လ ပြုကုန်လော့၊ ရဟန်းတို့ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ အကယ်၍ မတွေ့မြင် ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း ၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကြကုန်လော့။

ဤသို့ ကျင့်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည် မည်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ကျေးဇူးကို ချေဖျက်တတ်၏၊ အပြိုင် ပြုတတ်၏။ပ။ ငြူစူတတ်၏၊ ဝန်တိုတတ်၏၊ စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏၊ မကောင်းသော အလိုရှိ၏၊ မှားသောအယူရှိ၏၊ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူကို မြဲစွာ ယူတတ်၏၊ စွန့်လွှတ်နိုင်ခဲ၏။

ရဟန်းတို့ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်သူ မိမိအယူကို မြဲစွာ ယူတတ်သူ စွန့်လွှတ်နိုင်ခဲသူ ရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေ တုပ်ဝပ်မှု မရှိ၊ တရားတော်၌လည်း ရိုသေ တုပ်ဝပ်မှုမရှိ၊ သံဃာတော်၌လည်း ရိုသေ တုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိ။

ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိ တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှုမရှိ သံဃာတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေသော အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့ မရှိသည့် ရဟန်းသည် သံဃာ့ဘောင်၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများ အစီးအပွါးမဲ့ရန် လူအများ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

ရဟန်းတို့ သင်တို့သည် ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ၊ အကယ်၍ တွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လကို ပြုကုန်လော့။

ရဟန်းတို့ သင်တို့သည် ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ၊ အကယ်၍ မတွေ့မြင် ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကုန်လော့၊ ဤသို့ ကျင့်ကုန်သည် ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ်သည် ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည်မည်၏၊

ရဟန်းတို့ ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်မျိုးတို့တည်း ဟု မိန့်တော်မူ၏။ 36

၆ - ဝိဝါဒမူလသုတ်၊ ဒေဝတာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, September 13, 2009

သင့်အတွက် ပွါးစီးမှု ရှိသော လယ်မြေကောင်း...

ခေတ္တသုတ် - (လယ်၊ လယ်မြေ၊ မယား၊ ကိုယ်)


ရဟန်းတို့ ...
အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော လယ်၌ စိုက်ပျိုးအပ်သော မျိုးစေ့သည်
အကျိုးများ၏၊ သာယာဖွယ် များ၏၊ ပွါးစီးမှု ရှိ၏။

အဘယ်အင်္ဂါရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ...

၁... လယ်မြေသည် အမြင့်အနိမ့် မရှိ၊
၂... ကျောက်ခဲ ကျောက်စရစ်လည်း မရှိ၊
၃... ဆပ်ပြာလည်း မပေါက်၊
၎... ထွန်ကြောင်းလည်း နက်၏၊
၅... ရေဝင်ပေါက်နှင့်လည်း ပြည့်စုံ၏၊
၆... ရေထုတ်ပေါက်နှင့်လည်း ပြည့်စုံ၏၊
၇... ရေမြောင်းနှင့်လည်း ပြည့်စုံ၏၊
၈... ကန်သင်းနှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော လယ်မြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည်
အကျိုးများ၏၊ သာယာဖွယ်များ၏၊ ပွါးစီးမှုရှိ၏။

ရဟန်းတို့ ...
ဤအတူသာလျှင် အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော သမဏဗြာဟ္မဏတို့၌ ပေးလှူ အပ်သော အလှူသည် အကျိုးများ၏၊ အာနိသင်များ၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့မှုရှိ၏။

အဘယ်အင်္ဂါရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ သမဏဗြာဟ္မဏတို့သည်

၁... မှန်ကန်သော အယူရှိကုန်၏၊
၂... မှန်ကန်သော အကြံ ရှိကုန်၏၊
၃... မှန်ကန်သော စကား ရှိကုန်၏၊
၎... မှန်ကန်သော အလုပ် ရှိကုန်၏၊
၅... မှန်ကန်သော အသက်မွေးမှု ရှိကုန်၏၊
၆... မှန်ကန်သော အားထုတ်မှု ရှိကုန်၏၊
၇... မှန်ကန်သော အောက်မေ့မှု ရှိကုန်၏၊
၈... မှန်ကန်သော တည်ကြည်မှု ရှိကုန်၏။

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော သမဏဗြာဟ္မဏတို့၌ ပေးလှူအပ်သော အလှူသည် အကျိုးများ၏၊ အာနိသင်များ၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့မှုရှိ၏ ဟု မိန့်တော်မူ၏။

ကောင်းသောလယ်၌ စိုက်ပျိုးအပ်သော ပြည့်စုံသော မျိုးစေ့သည် မိုးကောင်းစွာ ရွာသည်ရှိသော် စပါး၏ ပြည့်စုံခြင်း ဘေးရန် မရှိမှုနှင့် ပြည့်စုံခြင်း ကြီးပွါးမှုနှင့် ပြည့်စုံခြင်း ပြန့်ပြောမှုနှင့် ပြည့်စုံခြင်း အသီး၏ ပြည့်စုံခြင်း ဖြစ်သကဲ့သို့၊ ဤအတူ ပြည့်စုံသော သီလရှိသော သမဏဗြာဟ္မဏတို့၌ ပေးလှူအပ်သော ပြည့်စုံသော ဘောဇဉ်သည် ထိုသူတော်ကောင်း ပြုအပ်သော ကောင်းမှု ပြည့်စုံသောကြောင့် (ကုသိုလ်တရားတို့၏) ပြည့်စုံခြင်းကို ဆောင်တတ်၏။ ထို့ကြောင့် ဤလောက၌ ပြည့်စုံခြင်းကို အလိုရှိသော ပြည့်စုံသော ပုဂ္ဂိုလ်သည် ပြည့်စုံသော ပညာရှိတို့ကို မှီဝဲကုန်ရာ၏၊ ဤသို့ မှီဝဲကုန်သော် ပြည့်စုံခြင်းတို့သည် ပြီးမြောက်ကုန်၏။

ဝိဇ္ဇာ (သုံးပါး), စရဏ (တစ်ဆယ့်ငါးပါး)နှင့် ပြည့်စုံသော သူ၌ စိတ်၏ ပြည့်စုံခြင်းကို ရ၍ ကံ၏ ပြည့်စုံခြင်းကို ပြု၏၊ အကျိုး၏ ပြည့်စုံခြင်းကို ရ၏။ ဟုတ်တိုင်းမှန်စွာ လောကကို သိ၍ (ဝိပဿနာ) ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းသို့ ရောက်၍ (သောတာပတ္တိ) မဂ်ဉာဏ်နှင့် ပြည့်စုံခြင်းကို အစွဲပြု၍ ပြည့်စုံသော စိတ်ရှိသူသည် (အရဟတ္တဖိုလ်သို့) ရောက်၏၊ အလုံးစုံသော အညစ်အကြေးကို ခါတွက်လျက် နိဗ္ဗာန်နှင့် ပြည့်စုံခြင်းသို့ ရောက်၍ အလုံးစုံသော ဝဋ်ဆင်းရဲတို့မှ လွတ်၏၊ ထိုအလုံးစုံသော ဝဋ်ဆင်းရဲတို့မှ လွတ်ခြင်းသည် အလုံးစုံတို့နှင့် ပြည့်စုံခြင်း မည်၏။ 34

၎ - ခေတ္တသုတ်၊ မှ၊ ဒါနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သင့်အတွက် ပွါးစီးမှု မရှိသော လယ်မြေ...

ခေတ္တသုတ် - (လယ်၊ လယ်မြေ၊ မယား၊ ကိုယ်)

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော လယ်၌ စိုက်ပျိုးအပ်သော မျိုးစေ့သည်
အကျိုးမများ၊ သာယာဖွယ်မများ၊ ပွါးစီးမှု မရှိ။

အဘယ်အင်္ဂါရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ လယ်မြေသည်

၁... အမြင့် အနိမ့်လည်း ဖြစ်၏၊
၂... ကျောက်ခဲ ကျောက်စရစ်လည်း ရှိ၏၊
၃... ဆပ်ပြာလည်း ပေါက်၏၊
၎... ထွန်ကြောင်းလည်း မနက်၊
၅... ရေဝင်ပေါက်နှင့်လည်း မပြည့်စုံ၊
၆... ရေထုတ်ပေါက်နှင့်လည်း မပြည့်စုံ၊
၇... ရေမြောင်းနှင့်လည်း မပြည့်စုံ၊
၈... ကန်သင်းနှင့်လည်း မပြည့်စုံ။

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော လယ်မြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် အကျိုးမများ၊ သာယာဖွယ်မများ၊ ပွါးစီးမှု မရှိ။

ရဟန်းတို့ ...
ဤအတူသာလျှင် ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော သမဏဗြာဟ္မဏတို့၌ ပေးလှူအပ်သော အလှူသည် အကျိုးမများ၊ အာနိသင်မများ၊ တန်ခိုးမကြီး၊ ကြီးသော ပျံ့နှံ့မှု မရှိ။

အဘယ်အင်္ဂါ ရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ သမဏဗြာဟ္မဏတို့သည်

၁... မှားသော အယူရှိကုန်၏၊
၂... မှားသော အကြံ ရှိကုန်၏၊
၃... မှားသော စကားရှိကုန်၏၊
၎... မှားသော အလုပ်ရှိကုန်၏၊
၅... မှားသော အသက်မွေးမှု ရှိကုန်၏၊
၆... မှားသော အားထုတ်မှု ရှိကုန်၏၊
၇... မှားသော အောက်မေ့မှု ရှိကုန်၏၊
၈... မှားသော တည်ကြည်မှု ရှိကုန်၏။

ရဟန်းတို့ ...
ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော သမဏဗြာဟ္မဏတို့၌ ပေးလှူအပ်သော အလှူ သည် အကျိုးမများ၊ အာနိသင်မများ၊ တန်ခိုးမကြီး၊ ကြီးသော ပျံ့နှံ့မှု မရှိ။ 34

၎ - ခေတ္တသုတ်၊ မှ၊ ဒါနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တရားငါးမျိုးနှင့်ပြည့်စုံသော ရဟန်းသည် သာသနာမှ ရွေ့လျောရ၏၊...

ဝစနသုတ် - (စကား၊ ဆိုခြင်း၊ ဟောခြင်း၊ သဒ္ဒါ၊ ပါဠိ)


ရဟန်းတို့ တရား ငါးမျိုးနှင့်ပြည့်စုံသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်း တရား (သာသနာတော်) ၌ မတည်နိုင်။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ...

၁... ယုံကြည်မှု 'သဒ္ဓါ' မရှိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

၂... ရှက်မှု 'ဟိရီ' မရှိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

၃... ကြောက်လန့်မှု 'သြတ္တပ္ပ' မရှိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

၎... ပျင်းရိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

၅... သိမှု 'ပညာ' မရှိသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား၌ မတည်နိုင်။

ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ရွေ့လျောရ၏၊
သူတော်ကောင်းတရား (သာသနာတော်)၌ မတည်နိုင်။ 8

၈ - ဝစနသုတ်၊ မှ၊ သေခဗလဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, September 12, 2009

မြတ်စွာဘုရား၏ စကားတော်ကို သက္ကတဘာသာဖြင့် မတင်အပ်...


ခုဒ္ဒကဝတ္ထုက္ခန္ဓက-မှ...

ထိုအခါ ယမေဠကရွာ၌ ကုဋမည်သော ပုဏ္ဏားမျိုး ရဟန်းညီနောင် နှစ်ဦးတို့ ရှိကုန်၏၊ အပြော အဆိုကောင်း အသံကောင်းသူတို့ ဖြစ်ကုန်၏။ ထိုရဟန်း ညီနောင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြကာ မြတ်စွာဘုရားအား-

''အသျှင်ဘုရား ယခုအခါ ရဟန်းတို့သည် အမည်အမျိုးမျိုး ရှိပါကုန်၏၊ အနွယ် အမျိုးမျိုး ရှိပါကုန်၏၊ ဇာတ်အမျိုးမျိုး ရှိပါကုန်၏၊ အမျိုးအသီးသီးမှ ထွက်၍ ရဟန်းပြုပါကုန်၏။ ထိုရဟန်းတို့သည် မိမိတို့ဘာသာဖြင့် မြတ်စွာဘုရား၏ စကားကို ဖျက်ဆီးပါကုန်၏၊ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် မြတ်စွာ ဘုရား၏ စကားကို သက္ကတဘာသာဖြင့် တင်ပါကုန်အံ့'' ဟု လျှောက်ကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် ''အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ စကားကို သက္ကတဘာသာဖြင့် တင်ပါကုန်အံ့'' ဟု အဘယ့်ကြောင့် ပြောဆိုကုန်ဘိ သနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ သင်တို့ လျှောက်ဆိုသော အမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ ပ ။
ကဲ့ရဲ့တော်မူပြီး၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ ကို-

''ရဟန်းတို့ မြတ်စွာဘုရား၏ စကားတော်ကို သက္ကတဘာသာဖြင့် မတင်အပ်၊ တင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ မိမိတို့ ဘာသာဖြင့် မြတ်စွာဘုရား၏ စကားကို သင်ယူခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။ 285

၅ - ခုဒ္ဒကဝတ္ထုက္ခန္ဓ၊ စူဠဝဂ်ပါဠိတော်၊ ဝိနည်းပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆွမ်းခဲဖွယ်ကို ပေးလှူသူသည်...

ဘောဇနသုတ်

ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည်
အလှူခံပုဂ္ဂိုလ်တို့အား ငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည် မည်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ...

၁... အသက်ကို ပေးလှူသည် မည်၏။
၂... အဆင်းကို ပေးလှူသည် မည်၏။
၃... ချမ်းသာကို ပေးလှူသည် မည်၏။
၎... ခွန်အားကို ပေးလှူသည် မည်၏။
၅... ပညာကို ပေးလှူသည် မည်၏။

အသက်ကို ပေးလှူသည် မည်ခြင်းကြောင့်...
နတ်သက်သော် လည်းကောင်း၊ လူသက်သော် လည်းကောင်း ရှည်ရန်ဖြစ်၏၊

အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့်...
နတ်အဆင်းသော် လည်းကောင်း၊ လူအဆင်းသော် လည်းကောင်း လှရန်ဖြစ်၏၊

ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့်...
နတ်ချမ်းသာသော် လည်းကောင်း၊ လူချမ်းသာသော် လည်းကောင်း ရရန်ဖြစ်၏၊

ခွန်အားကို ပေးလှူသည် မည်ခြင်းကြောင့်...
နတ်ခွန်အားသော် လည်းကောင်း၊ လူခွန်အားသော် လည်းကောင်း ကြီးရန်ဖြစ်၏၊

ပညာကိုပေးလှူသည် မည်ခြင်းကြောင့်...
နတ်ပညာသော် လည်းကောင်း၊ လူပညာသော် လည်းကောင်း ရှိရန်ဖြစ်၏၊

ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ဤငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည် မည်၏ ဟု မိန့်တော်မူ၏။

ပညာရှိ ပုဂ္ဂိုလ်သည် အသက်အလှူကို ပေးလှူ၏၊ ခွန်အားအလှူကို ပေးလှူ၏၊ အဆင်းအလှူကို ပေးလှူ၏၊ ပညာအလှူကို ပေးလှူ၏၊ ထက်မြက်သော ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ချမ်းသာကို ပေးလှူ၏၊ ထိုပညာရှိသည် ချမ်းသာကို ရရှိ၏။ အသက်ကို လည်းကောင်း၊ ခွန်အားကို လည်းကောင်း၊ အဆင်းကို လည်းကောင်း၊ ချမ်းသာကို လည်းကောင်း၊ ပညာကို လည်းကောင်း ပေးလှူ သောကြောင့် ဖြစ်လေရာရာ ဘုံဘဝ၌ အသက်ရှည်ခြင်း အခြံအရံ ပေါများခြင်း ဖြစ်ရာသတည်း။ 37

၇ - ဘောဇနသုတ်၊ သုမနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, September 10, 2009

သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်လိုသော်...


ကိံသီလသုတ် - (ဘယ်အကျင့်သီလရှိသနည်း) (ကိံ= အဘယ်နည်း)

အဘယ်သို့သော ဝါရိတ္တသီလရှိသူ အဘယ်သို့သော စာရိတ္တသီလရှိသူ အဘယ်သို့ ကံတို့ကို ပွါးများသူသည် သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်နိုင်ပါသနည်း၊ မြတ်သော အရဟတ္တဖိုလ်သို့လည်း ရောက်နိုင်ပါသနည်း။ 327-1

ပညာဂုဏ် ဇာတ်အရွယ်အားဖြင့် ကြီးသူတို့အား ရိုသေရာ၏၊ ငြူစူခြင်း မရှိရာ၊ အလေးပြုထိုက်သူ တို့ကို ဖူးမြော်ရန် အခါကိုလည်း သိရာ၏၊ တရားနာရန် ရခဲသော ခဏကို သိသည်ဖြစ်၍ ဟောကြားအပ်သော သမထဝိပဿနာ စကားကို လည်းကောင်း၊ ကောင်းစွာ ဟောအပ်သော ဘုရားဂုဏ်တော် စသော တရားတို့ကို လည်းကောင်း ရိုသေစွာ နာယူရာ၏။ 328-2

သင့်လျော်သော ကာလ၌ ခက်ထန်သော မာန်ကို ကင်းအောင်ပြုလျက် ကိုယ်နှင့် စိတ်ကိုနှိမ့်ချကာ ဆရာတို့ထံသို့ ဆည်းကပ်ရာ၏၊ ပါဠိ၏ အနက်သဘောကို လည်းကောင်း၊ ပါဠိကို လည်းကောင်း၊ သီလကို လည်းကောင်း၊ မြတ်သော အကျင့်ကို လည်းကောင်း အောက်မေ့ရာ၏၊ ကောင်းစွာလည်း ကျင့်ရာ၏။ 329-3

သမထဝိပဿနာတရားလျှင် မွေ့လျော်ရာရှိသူ တရား၌ မွေ့လျော်သူ တရား၌ တည်သူ တရား အဆုံးအဖြတ်ကို သိသူ ဖြစ်ရာ၏၊ တရားကို ဖျက်ဆီးတတ်သည့် စကားကို မဟောပြောရာ၊ ကောင်းစွာ ဟောအပ်သော မှန်သော စကားတို့ဖြင့် ကာလကို ကုန်လွန်စေရာ၏။ 330-4

ရယ်မြူးခြင်းကို လည်းကောင်း၊ အကျိုးမဲ့ စကားပြောခြင်းကို လည်းကောင်း၊ ငိုကြွေးခြင်းကို လည်းကောင်း၊ အရာ မဟုတ်သည်၌ အမျက်ထွက်ခြင်းကို လည်းကောင်း၊ လှည့်ပတ်ခြင်း 'မာယာ' ကို လည်းကောင်း၊ အံ့ဖွယ်ပြုခြင်းကို လည်းကောင်း၊ တပ်မက်ခြင်းကို လည်းကောင်း၊ မာနကို လည်းကောင်း၊ ချုပ်ချယ်ခြင်းကို လည်းကောင်း၊ ကြမ်းကြုတ်ခြင်းကို လည်းကောင်း၊ ရာဂဖန်ရည်ကို လည်းကောင်း၊ ကာမဂုဏ်၌ မိန်းမောခြင်းကို လည်းကောင်း စွန့်ပယ်လျက် မာန်ယစ်ခြင်း ကင်းကာ စိတ်တည်ကြည်သည် ဖြစ်၍ ကျင့်ရာ၏။ 5

ကောင်းစွာဟောအပ်သော စကားတို့သည် သိမှု (သုတမယဉာဏ်)ဟူသော အနှစ်သာ ရရှိကုန်၏၊ အကြား အမြင် သုတသည်လည်း သိအပ်ပြီးသော တရားတို့၌ ကောင်းစွာထားမှု 'သမာဓိ' ဟူသော အနှစ်သာရရှိ၏၊ အကြင် သူသည် ရာဂစသည်တို့၏ အစွမ်းဖြင့် အဆောတလျင် ပြုလုပ်၏၊ ကုသိုလ်တရားတို့၌ မေ့လျော့တတ်၏၊ ထိုသူအား ပညာသည် လည်းကောင်း၊ အကြားအမြင်သည် လည်းကောင်း မတိုးပွါး။ 332-6

အကြင်ပုဂ္ဂိုလ်တို့သည် အရိယာတို့ ဟောကြားအပ်သော တရား၌ မွေ့လျော်ကုန်၏၊
ထိုပုဂ္ဂိုလ်တို့သည် နှုတ်အားဖြင့် လည်းကောင်း၊ စိတ်အားဖြင့် လည်းကောင်း၊ ကိုယ်အားဖြင့် လည်းကောင်း အတုမရှိ မြတ်ကုန်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှု အရိယမဂ်နှင့်ယှဉ်သော သမာဓိ၌ တည်ကုန်လျက် အကြားအမြင်၏ လည်းကောင်း ပညာ၏ လည်းကောင်း အနှစ် အရဟတ္တဖိုလ်ကို ရကုန်၏။ 333-7

၉ - ကိံသီလသုတ်၊ စူဠဝဂ်၊ သုတ္တနိပါတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, September 9, 2009

ကိုယ်ဖြင့် နှီးနှောခြင်း...



ရဟန်းဝိနည်း ဒုတိယ အပြစ်အကြီးဆုံးအုပ်စုမှ...

ရာဂစိတ်ဖြင့်
ယနေ့ဖွားသော အမျိုးသမီးလေးမှစ၍
မထိရ မကိုင်ရ
တို့ထိကိုင်တွယ်လျှင် ဤအပြစ်သင့်သည်။
အပြစ်သင့်လျှင် သာမန် အာပတ်ဖြေ ဒေသနာကြားရုံဖြင့် မပြေ။

ကာယသံသဂ္ဂ သိက္ခာပုဒ် - (ကိုယ်ဖြင့် နှီးနှောခြင်း)


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ အသျှင်ဥဒါယီ သည် တော၌ နေ၏၊

ထိုအသျှင်၏ကျောင်းသည် အလွန်လှပ၏၊ ရှုချင်ဖွယ်ကောင်း၏၊ စိတ်ကို ကြည်လင်စေတတ်၏၊ အလယ်၌ အခန်းရှိ၏၊ ထက်ဝန်းကျင်၌ စမြင်ဆောင် လှည့်ထား၏၊ ညောင်စောင်း 'ခုတင်'အင်းပျဉ် 'ခုံရှည်' ဘုံလျို 'ဖုံ' ခေါင်းအုံးကို ကောင်းစွာ ခင်းကျင်းထား၏၊ သောက်ရေ သုံးရေကို ကောင်းစွာ တည်ထား၏၊ ပရိဝုဏ်ကို ကောင်းစွာ တံမြက်လှည်းထား၏၊ များစွာသော လူတို့သည် အသျှင် ဥဒါယီ၏ကျောင်းကို ကြည့်လို၍ လာကြကုန်၏၊ ပုဏ္ဏား တစ်ယောက်သည်လည်း ဇနီးနှင့်တကွ အသျှင် ဥဒါယီထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် ဥဒါယီအား-

''အကျွန်ုပ်တို့သည် အသျှင်ဥဒါယီ၏ ကျောင်းကို ကြည့်လိုပါကုန်၏'' ဟု (ပြောသောအခါ) ''ပုဏ္ဏား သို့ဖြစ်လျှင် ကြည့်ပါ''ဟု သံကောက် 'သော့' ကို ယူ၍ မင်းတုပ်ကို နုတ်ပြီးလျှင် တံခါးကို တွန်း၍ ကျောင်းသို့ ဝင်လေ၏။ ထို ပုဏ္ဏားသည်လည်း အသျှင်ဥဒါယီ၏ နောက်မှ ဝင်လေ၏၊
ထိုပုဏ္ဏေးမ သည်လည်း ထို ပုဏ္ဏား နောက်မှ ဝင်လေ၏။

ထိုအခါ အသျှင်ဥဒါယီသည် လေသောက်တံခါး 'ပြူတင်း' အချို့ကို ဖွင့်လျက် လေသောက် တံခါး 'ပြူတင်း' အချို့ကို ပိတ်လျက် အခန်းကို အစဉ်လှည့်သွားပြီး လျှင် နောက်မှ လာ၍ ထို ပုဏ္ဏေးမ၏ အင်္ဂါကြီးငယ်တို့ကို သုံးသပ်ကိုင်တွယ်၏။

ထိုအခါ ထိုပုဏ္ဏားသည် အသျှင်ဥဒါယီနှင့် အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၍ ပြန်သွား၏။ ထို့နောက် ထိုပုဏ္ဏားသည် ဝမ်းမြောက်ရကား ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ရဟန်းတို့သည် မြင့်မြတ်တော်မူကြပါပေသည်။ ယင်း ရဟန်းတော်တို့သည် ဤကဲ့သို့တော၌ နေတော်မူကြပေသည်၊ အသျှင်ဥဒါယီသည် လည်း မြင့်မြတ်ပါပေသည်၊ ယင်းဥဒါယီသည်လည်း တော၌ နေတော်မူပေ သည်''ဟု ဝမ်းမြောက်သော စကားကို မြွက်ဆို၏။

ဤသို့ ဆိုလတ်သော် ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏားအား ''ထိုအသျှင်ဥဒါယီ၏ မြင့်မြတ်သော သဘောသည် အဘယ်မှာ ရှိအံ့နည်း၊ သင်သည် ငါ၏ အင်္ဂါ ကြီးငယ်တို့ကို သုံးသပ်ကိုင်တွယ် သကဲ့သို့၊ ဤအတူပင် ရဟန်းဥဒါယီသည်လည်း ငါ၏ အင်္ဂါကြီးငယ်တို့ကို သုံးသပ် ကိုင်တွယ်လေပြီ''ဟု ပြောဆို၏။

ထိုအခါ ထိုပုဏ္ဏားသည် ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်ကုန်သော ရဟန်းတို့သည် အရှက်မရှိကုန်၊ သီလမရှိကုန်၊ မမှန်သည်ကို ဆိုလေ့ရှိကုန်၏၊ သို့စင်လျက် ဤရဟန်းတို့က တရားကို ကျင့်လေ့ရှိကုန်၏။ ညီညွတ်မျှတသော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ မြတ်သည်ကို ကျင့်လေ့ရှိကုန်၏၊ အမှန်ကို ဆိုလေ့ရှိကုန်၏၊ သီလရှိကုန်၏၊ ကောင်းသောသဘော ရှိကုန်၏ဟု ဝန်ခံကြတုံ ဘိ၏၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် မရှိတော့ပြီ၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် ပျောက်ပျက်ခဲ့လေပြီ၊ ဤရဟန်းတို့အား အဘယ်မှာ ရဟန်းအဖြစ် သူတော် သူမြတ်အဖြစ်သည် ရှိမည်နည်း၊ ဤရဟန်းတို့သည် ရဟန်းအဖြစ် သူတော်သူမြတ် အဖြစ်မှ ကင်းကွာကုန်ပြီ၊ အဘယ့်ကြောင့် ဥဒါယီရဟန်းသည် ငါ့မယား၏ အင်္ဂါကြီးငယ် တို့ကို သုံးသပ် ကိုင်တွယ်လေဘိသနည်း။

အမျိုးမိန်းမ 'အိမ်ထောင်ရှင်မ' အမျိုးသမီးကြီး 'အပျိုကြီး' အမျိုးသမီးငယ် 'အပျို' အမျိုးချွေးမ အမျိုး အစေခံမ တို့သည် အရံတွင်းသို့လည်းကောင်း၊ ကျောင်းသို့ လည်းကောင်း သွားရန် မသင့်လျော်တော့ပေ၊ အမျိုးမိန်းမ အမျိုးသမီးကြီး အမျိုးသမီးငယ် အမျိုးချွေးမ အမျိုးအစေခံမတို့သည် အရံတွင်းသို့ လည်းကောင်း၊ ကျောင်းသို့လည်းကောင်း သွားကြပါကုန်မူ ထိုအမျိုးသမီးတို့ကိုလည်း သာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ဖျက်ဆီး ကုန်ရာ၏''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုပုဏ္ဏား၏ စကားကို ကြားကုန်ရကား အကြင်ရဟန်းတို့သည် အလိုနည်းပါးကုန်၏၊ ထိုရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် မိန်းမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်း သို့ ရောက်လေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။

ထို့နောက် ထိုရဟန်းတို့သည် အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အသျှင်ဥဒါယီကို-

''ဥဒါယီ သင်သည် မိန်းမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်၏ဟူ သည် မှန်သလော'' ဟု စိစစ်မေးမြန်း တော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ ''မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သောယောက်ျား ဤအပြုအမူသည် ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် အသင်သည် မိန်းမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်လေဘိသနည်း။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့် တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော။ပ။ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူသည်မဟုတ်ပါလော။

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား ဤ သင်ပြုမိသောအမှု သည် မကြည် ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့သည် ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 269

ပညတ်သိက္ခာပုဒ်နှင့် သိက္ခာပုဒ်အဖွင့်...

အကြင် ရဟန်းသည် ရာဂဘီလူး ပူးဝင်အပ်သည်ဖြစ်၍ ဖောက်ပြန်သော စိတ်ဖြင့် မာတုဂါမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ငြားအံ့၊ လက်ကို ကိုင်ခြင်းသို့လည်းကောင်း၊ ဆံထုံးကို ကိုင်ခြင်းသို့လည်းကောင်း၊ တစ်ပါးပါးသော အင်္ဂါကြီးငယ်ကို သုံးသပ်ကိုင်တွယ်ခြင်းသို့ လည်းကောင်း ရောက်ငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏၊
ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ 270-2


၂ - ကာယသံသဂ္ဂသိက္ခာပုဒ် အဖွင့်

အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟု အလိုရှိ အပ်၏။

ရာဂဘီလူးပူးဝင်အပ်သည် ဖြစ်၍ မည်သည် အလွန်တပ်မက်သည် ဖြစ်၍ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ ဖွဲ့နှောင်ရစ်ပတ်အပ်သော စိတ်ရှိသည်ဖြစ်၍။ ဖောက်ပြန်ဟူသည် တပ်မက်သော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ အမျက်ထွက်သော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ တွေဝေသော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ သို့ရာတွင် တပ်မက်သောစိတ်ကို ဤအရာ၌ ''ဖောက်ပြန်''ဟု အလိုရှိအပ်၏။

မာတုဂါမ မည်သည် လူမိန်းမတည်း၊
ဘီလူး (နတ်)မ မဟုတ်၊
ပြိတ္တာမ မဟုတ်၊
တိရစ္ဆာန်မ မဟုတ်၊
အယုတ်ဆုံးအားဖြင့် ယနေ့မွေးဖွားသော သူငယ်မတည်း၊
အရွယ်ကြီးသော မိန်းမ၌ ဆိုဖွယ်ရာ မရှိသည်သာတည်း။
အတူဟူသည် အတူတကွတည်း။
ကိုယ်လက် နှီးနှောခြင်းသို့ ရောက်ငြားအံ့ဟူသည် လွန်ကျူးမှုကို ဆို၏။

တံတောင်ဆစ်ကို အစပြု၍ လက်သည်းဖျားတိုင်အောင် လက်မည်၏။
ဆံထုံး မည်သည် ဆံပင်သက်သက်တို့သည် လည်းကောင်း၊
ချည်နှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ပန်းနှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ငွေနှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ရွှေနှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ပုလဲသွယ်နှင့်ရောသော ဆံပင်တို့သည် လည်းကောင်း၊
ပတ္တမြားကုံးနှင့် ရောသော ဆံပင်တို့သည် လည်းကောင်း ဆံထုံးမည်၏။
အင်္ဂါကြီးငယ် မည်သည် လက်ကိုလည်းကောင်း၊ ဆံထုံးကိုလည်းကောင်း ထား၍ အကြွင်းသည် အင်္ဂါကြီးငယ်မည်၏။ 271

ကာယသံသဂ္ဂ သိက္ခာပုဒ်၊ သံဃာဒိသိသ်အခန်း၊ ပါရာဇိကဏ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

နတ်မိုက်က ဤသို့ဆို၏...

နန္ဒနသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊ ''အသျှင်ဘုရား'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တာဝတိံသာနတ်ပြည်၌ ဖြစ်သော နတ်သား တစ်ယောက်သည် နန္ဒဝန်ဥယျာဉ်၌ နတ်သမီးအပေါင်း ခြံရံလျက် နတ်၌ ဖြစ်ကုန်သော ကာမဂုဏ်ငါးမျိုးတို့ဖြင့် ကုံလုံ ပြည့်စုံစွာ ပျော်မြူးစံပယ်နေစဉ် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏-

နတ်မိုက်က ဤသို့ဆို၏...
''အကြင်သူတို့သည် များသော အခြံအရံရှိကုန်သော သုံးကျိပ်ကုန်သော နတ်သားတို့၏ နေရာ နန္ဒဝန်ဥယျာဉ်ကို မမြင်ဖူးကုန်၊ ထိုသူတို့သည် ချမ်းသာကို မသိကုန်'' ဟု ရွတ်ဆို၏။

ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် နတ်သားတစ်ယောက်သည် ထိုနတ်သားကို ဂါထာဖြင့် ပြန်၍ရွတ် ဆို၏-

နတ်လိမ္မာက ဤသို့ပြန်ပြော၏...
''နတ်မိုက် ရဟန္တာတို့၏ စကားကို ဆိုလိုသော အခြင်းအရာဖြင့် သင်မသိ၊ ပြုပြင် စီရင်အပ်သော 'သင်္ခါရ' တရားအားလုံးတို့သည် အမြဲ မရှိကုန်၊ ဖြစ်တတ် ပျက်တတ်သော သဘောရှိကုန်၏၊ ဖြစ်ပြီးလျှင် ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ငြိမ်းရာ နိဗ္ဗာန်သည်သာ ချမ်းသာ၏'' ဟု ပြန်၍ ရွတ်ဆို၏။ 11

၁ - နန္ဒနသုတ်၊ နန္ဒနဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။