နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, August 15, 2009

ဒါရှိတယ်ဆိုပြီး ဒီလိုမလုပ်နဲ့...


ဒေဝဒတ်အကြောင်း...

ထိုအခါ မြတ်စွာဘုရားသည် အနုပိယနိဂုံး၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီးလျှင် အစဉ်အတိုင်း ဒေသစာရီ လှည့်လည် တော်မူလတ်သော် ကောသမ္ဗီပြည်သို့ ရောက်တော်မူ၍ ထိုကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်ထီးတည်း ကိန်းအောင်းသော ဒေဝဒတ်အား-

''ငါ့အား များသော လာဘ်သပ်ပကာကို ဖြစ်စေနိုင်မည့် အဘယ်သို့သော သူကို ငါသည် ကြည်ညိုစေရအံ့နည်း'' ဟု အကြံဖြစ်၏၊

ထိုနောက် ဒေဝဒတ်အား-
''ဤအဇာတသတ် မင်းသားသည် ငယ်လည်း ငယ်၏၊ နောင်လည်း ကောင်းစား လတ္တံ့ ၊ ငါ့အားများစွာသော လာဘ်သပ်ပကာကို ဖြစ်စေမည့် ယင်းအဇာတသတ် မင်းသားကို ကြည်ညိုစေရမူ ကောင်းလေစွ'' ဟု အကြံ ဖြစ်ပြန်၏။

ထိုနောက် ဒေဝဒတ်သည် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်းပြီးလျှင် သပိတ် သင်္ကန်းကို ယူ၍ အစဉ်အတိုင်း ဖဲခွာသွားသည် ရှိသော် ရာဇဂြိုဟ်ပြည်သို့ ရောက်၏။ ထိုအခါ ဒေဝဒတ်သည် မိမိအသွင်ကို ဖျောက်ပြီးလျှင် သူငယ် အသွင် ဖန်ဆင်းလျက် ခါး၌ မြွေကို ပတ်၍ အဇာတသတ် မင်းသား၏ ရင်ခွင်၌ ထင်ရှားဖြစ်ပေါ်လာ၏။

ထိုအခါ အဇာတသတ် မင်းသားသည် ကြောက်၏၊ ထိတ်၏၊ ရွံရှာ၏၊ တုန်လှုပ်၏။
ထိုအခါ ဒေဝဒတ်သည် အဇာတသတ် မင်းသားအား-

''မင်းသား သင်သည် ကျွန်ုပ်ကို ကြောက်သလော'' ဟု မေး၏။
''မှန်ပါ ကြောက်ပါ၏၊ သင် အဘယ်သူနည်း'' ဟု (ပြန်၍ မေး၏)။
''ငါ ဒေဝဒတ်တည်း'' ဟု (ဆို၏)။
''အသျှင်ဘုရား အသျှင်ဘုရားသည် အသျှင်ဒေဝဒတ်ဖြစ်မူ မိမိ အသွင်ဖြင့် သာလျှင် ထင်ရှားဖြစ်ပါလော့'' ဟု (လျှောက်၏)။

ထိုအခါ ဒေဝဒတ်သည် သူငယ်အသွင်ကို ဖျောက်ပြီးလျှင် ဒုကုဋ် သပိတ်သင်္ကန်း ကို ဆောင်လျက် အဇာတသတ်မင်းသား၏ ရှေ့၌ ရပ်၏။ ထိုအခါ အဇာတသတ် မင်းသားသည် ဒေဝဒတ်အား ဤတန်ခိုးပြာဋိဟာအားဖြင့် အလွန် ကြည်ညိုသည် ဖြစ်၍ ရထား ငါးရာတို့ဖြင့် ည နံနက် ဆည်းကပ်၏၊ ဆွမ်းအုပ်ငါးရာတို့ကိုလည်း ပို့စေ၏။

ထိုအခါ လာဘ်သပ်ပကာ အကျော်အစောဖြင့် နှိပ်စက် လွှမ်းမိုးထားသော စိတ်ရှိသော ဒေဝဒတ်အား ''ငါသည် ရဟန်းသံဃာကို ဆောင်အံ့'' ဟူသော အလိုဆန္ဒသည် ဖြစ်ပေါ်လာ၏။ ထိုစိတ် ဖြစ်သည်နှင့် တစ်ပြိုင်နက် ဒေဝဒတ်သည် ထိုတန်ခိုးမှ လျှောလေ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်၏ အလုပ်အကျွေးဖြစ်သော ကကုဓမည်သော ကောဠိယ မင်းသားသည် ယခုပင် စုတေ၍ တစ်ခုသော စိတ်ဖြင့် ပြီးသော ကိုယ်သို့ 'နတ်ပြည်သို့' ရောက်၏။ ထိုကကုဓ နတ်သားအား မဂဓတိုင်း ဂါမခေတ် နှစ်ခု သုံးခုလောက် မျှသော ခန္ဓာကိုယ်ကို ရ၏၊ ထိုကကုဓနတ်သားသည် ထိုခန္ဓာကိုယ်ကို ရခြင်းဖြင့် မိမိကို လည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မနှိပ်စက်စေ၊ ထိုအခါ ကကုဓ နတ်သားသည် အသျှင် မဟာမောဂ္ဂလ္လာန်ထံသို့ ချဉ်းကပ်ပြီးနောက် ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်ကာ''

အသျှင်ဘုရား လာဘ်သပ်ပကာ အကျော်အစောဖြင့် နှိပ်စက် လွှမ်းမိုးထားသော စိတ်ရှိသော ဒေဝဒတ်အား 'ငါသည် ရဟန်းသံဃာကို ဆောင်အံ့' ဟူသော အလိုဆန္ဒသည် ဖြစ်ပေါ်ခဲ့ပါပြီ၊ အသျှင်ဘုရား ထိုစိတ် ဖြစ်သည်နှင့် တစ်ပြိုင်နက် ဒေဝဒတ်သည် ထိုတန်ခိုးမှ လျှောခဲ့ပါပြီ'' ဟု လျှောက်၏။ လျှောက်ပြီးနောက် အသျှင် မဟာမောဂ္ဂလ္လာန်ကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုနေရာ၌ပင် ကွယ်ပျောက်လေ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည်
မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်ကာ-

''အသျှင်ဘုရား အကျွန်ုပ်၏ အလုပ်အကျွေးဖြစ်သော ကကုဓမည်သော ကောဠိယ မင်းသားသည် ယခုပင် စုတေလျက် တစ်ခုသော စိတ်ဖြင့် ပြီးသော ကိုယ်သို့ 'နတ်ပြည်သို့' ရောက်ပါ၏၊ ထို နတ်သားအား မဂဓတိုင်း ဂါမခေတ် နှစ်ခု သုံးခု လောက်ကြီးသော ခန္ဓာကိုယ်ကို ရပါ၏၊ ထို နတ်သားသည် ထိုခန္ဓာကိုယ်ကို ရခြင်းဖြင့် မိမိကို လည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မနှိပ် စက်စေပါ။ အသျှင်ဘုရား ထိုအခါ ကကုဓ နတ်သားသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးနောက် အကျွန်ုပ်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပါ၏၊ အသျှင်ဘုရား တစ်ခုသော နေရာ၌ ရပ်ပြီးသော ကကုဓ နတ်သားသည် အကျွန်ုပ်အား-

''အသျှင်ဘုရား လာဘ်သပ်ပကာ အကျော်အစောဖြင့် နှိပ်စက် လွှမ်းမိုးထားသော စိတ်ရှိသော ဒေဝဒတ်အား 'ငါသည် ရဟန်းသံဃာကို ဆောင်အံ့' ဟူသော အလိုဆန္ဒ ဖြစ်ပေါ်လာ၏၊ အသျှင်ဘုရား ထိုစိတ် ဖြစ်သည်နှင့် တစ်ပြိုင်နက် ဒေဝဒတ်သည် ထိုတန်ခိုးမှ လျှောခဲ့ပြီ'' ဟု လျှောက်ပါသည်။ ဤစကားကို လျှောက်ပြီးနောက် အကျွန်ုပ်ကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုနေရာ၌ပင် ကွယ်ခဲ့ပါ၏'' ဟု လျှောက်၏။

မောဂ္ဂလ္လာန် သင်၏ စိတ်ဖြင့် ကကုဓနတ်သားစိတ်ကို ပိုင်းခြား၍ သိသလော၊ ကကုဓနတ်သား ပြောသမျှစကား အလုံးစုံသည် ပြောဆိုတိုင်းပင် ဖြစ်သလော၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်သလော ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်၏ စိတ်ဖြင့်လည်း ကကုဓ နတ်သားစိတ်ကို ပိုင်းခြား၍ သိပါ၏၊ ကကုဓနတ်သား ပြောသမျှစကား အလုံးစုံသည် ပြောဆိုတိုင်းပင် ဖြစ်ပါ၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်ပါဟု (လျှောက်၏)။

မောဂ္ဂလ္လာန် ဤစကားကို စောင့်စည်းလော့။
မောဂ္ဂလ္လာန် ဤစကားကို စောင့်စည်းလော့။

ယခုအခါ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် မိမိကိုယ်ကို ကိုယ်တိုင်ပင် ထင်ရှားပြုလိမ့်မည်။ 333

ဒေဝဒတ်အကြောင်း၊ ပဌမအခန်း၊ သံဃဘေဒကက္ခန္ဓက၊ စူဠဝဂ်ပါဠိတော်။ ၀ိနယ။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သတို့သမီးတို့ ဤသို့ကျင့်ရမည်...




ဥဂ္ဂဟသုတ် - (သင်ယူခြင်း၊ ခံယူခြင်း)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ မုလေး 'မြတ်လေး'တော၌ သီတင်းသုံး နေတော်မူ၏၊ ထိုစဉ်အခါ မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား-

''အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန်အတွက် ကိုယ်တော်မြတ်ပါ လေးပါး တပည့်တော်၏ ဆွမ်းကို အလှူခံတော်မူပါ'' ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရား၏ လက်ခံတော် မူခြင်းကိုသိ၍ နေရာမှထကာ ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ဖဲခွါသွားလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုညဥ့်လွန်သဖြင့် နံနက်အချိန်၌ (သင်္ကန်း)ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟ၏အိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့် တိုင်အောင် တားမြစ်သည့် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။

ထို့နောက် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဘုရား အကျွန်ုပ်၏ ဤသမီးပျိုတို့သည် လင်ယောက်ျားတို့ အိမ်သို့ လိုက်ပါသွားကြရပါလိမ့်မည်၊ မြတ်စွာဘုရားသည် ထိုသမီးပျိုတို့ကို သွန်သင်တော် မူပါ ဆုံးမတော်မူပါ၊ ယင်းသို့ သွန်သင် ဆုံးမခြင်းသည် ထိုသမီးပျိုတို့အား ကာလရှည်မြင့်စွာ အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်ရာပါ၏'' ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုသမီးပျိုတို့အား-

၁...
''သတို့သမီးတို့ ထိုသို့ လျှောက်ထားသောကြောင့် ဤအရာ၌ ဤသို့ ကျင့်ကြရမည် 'သင်တို့ အကျိုးစီးပွါးကို လိုလား၍ သနား စောင့်ရှောက်တတ်သော မိဘတို့သည် သနား စောင့်ရှောက်မှုကို အကြောင်းပြု၍ ထိမ်းမြားမည် ဖြစ်သော လင် ယောက်ျား၏ ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိသူ နောက်မှ အိပ်လေ့ရှိသူ အဘယ်ကို ပြုရအံ့နည်း ဟု နာခံလေ့ရှိသူ နှစ်ခြိုက်ဖွယ် ပြုလုပ်လေ့ရှိသူ ချစ်ခင်ဖွယ် စကားကို ဆိုလေ့ရှိသူတို့ ဖြစ်ကုန်အံ့''ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ကြရမည်။

၂...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''မိမိ ခင်ပွန်းသည်က ရိုသေ လေးစားအပ်သည့် အမိ အဖ သမဏဗြာဟ္မဏဖြစ်သော ပုဂ္ဂိုလ်တို့ကို အရိုအသေ ပြုကုန်အံ့၊ အလေးအမြတ် ပြုကုန်အံ့၊ မြတ်နိုးကုန်အံ့၊ ပူဇော်ကုန်အံ့၊ မိမိထံသို့ လာသူတို့ကိုလည်း နေရာထိုင်ခင်း ပေးခြင်း ရေတည်ခြင်းဖြင့် ပူဇော်ကြကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ကြရမည်။

၃...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''သိုးမွေး ဝါဂွမ်း ဟူသော လင်ယောက်ျား၏ အိမ်တွင်းမှုတို့၌ ကျွမ်းကျင်၍ မပျင်းရိဘဲ ထိုအိမ်တွင်းမှု၌ အကြောင်း ဥပါယ်ဖြစ်သော စူးစမ်းမှု ပညာနှင့် ပြည့်စုံသည့်ပြင် ကိုယ်တိုင် ပြုလုပ်ရန် စီမံရန် စွမ်းနိုင်သူတို့ ဖြစ်ကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။

၎...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''အိမ်တွင်းသားဖြစ်သည့် လင် ယောက်ျား၏ ကျွန် အစေခံ၊ အလုပ်သမား ဖြစ်သော အတွင်းလူ အပေါင်းတို့၏ ပြုလုပ်ပြီးသည်ကိုလည်း ပြုလုပ်ပြီးဟု သိကုန်အံ့၊ မပြုလုပ်ရသေးသည်ကိုလည်း မပြုလုပ်ရသေး ဟု သိကုန်အံ့၊ မမာမကျန်းသူတို့၏လည်း အားရှိသည် မရှိသည်ကို သိကုန်အံ့၊ ထိုအတွင်းလူအပေါင်းအား ခဲဖွယ်ကို လည်းကောင်း၊ ဘောဇဉ်ကို လည်းကောင်း အသီးသီး မိမိတို့ ရထိုက်သောအဖို့ အစုဖြင့် ဝေဖန်ကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။

၅...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''လင်ယောက်ျား ဆောင်ယူ လာမည့် ဥစ္စာ, စပါး, ငွေ, ရွှေကို စောင့်ရှောက် လုံခြုံစေသဖြင့် ပြီးစီး ပြည့်စုံ စေကုန်အံ့၊ ထိုပစ္စည်းအပေါ်၌ အပျော်မကြူး မခိုးမဝှက် အရက် မသောက်ကုန် သည် ဖြစ်၍ မပျက်မစီး စေကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤ အတိုင်းသာ သင်တို့ ကျင့်ကြရမည်။

သတို့သမီးတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ နှစ်သက်ဖွယ် ကိုယ်ရှိသော နတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရ၏ ဟု (မိန့်တောမူ၏)။

''အကြင် ယောက်ျားသည် အခါခပ်သိမ်း အမြဲမပြတ် ပြင်းစွာ အားထုတ်သည် ဖြစ်၍ ကြောင့်ကြစိုက်လျက် မိမိမယားကို မွေးမြူ၏၊ ကောင်းသော မိန်းမသည် အလုံးစုံ အလိုရှိရာကို ဆောင်ယူ မွေးမြူသော မိမိအရှင် ထိုခင်ပွန်းလင်ကို မထီ လေးစား မပြု။ ကောင်းသော မိန်းမသည် ငြူစူသော အကျင့်ဖြင့်လည်း မိမိလင်ကို မခြုတ်ခြယ်၊ ပညာရှိ မိန်းမသည်လင်၏ ရိုသေ လေးစားအပ်သူ ပုဂ္ဂိုလ်အားလုံးကို လည်း မြတ်နိုးပူဇော်၏။ အကြင်မိန်းမသည် ထကြွလုံ့လရှိ၏၊ ပျင်းရိခြင်း မရှိ၊ ချီးမြှောက် ထောက်ပံ့ထားသော အခြွေအရံ ပရိသတ်လည်း ရှိ၏၊ လင်၏ နှစ်လိုဖွယ်ကို ကျင့်၏၊ စုဆောင်းပေးသော ပစ္စည်းကိုလည်း ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်၏။ လင်၏ အလိုသို့ လိုက်လျက် ဤအတိုင်းကျင့်သော ထိုမိန်းမသည် မနာပ,မည်သော နတ်တို့၏ နေရာ (နိမ္မာနရတိ) ဘုံသို့ ရောက်ရလေသတည်း''။ 33

၃ - ဥဂ္ဂဟသုတ်၊ သုမနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, August 13, 2009

မုယောမုံ့ကို လှူဒါန်း၍...


ဂေါပါလဝိမာနဝတ္ထု

ရှေးဘဝ သူတပါးနွားမတို့ကို စောင့်ရှောက်ရသော လူဆင်းရဲဖြစ်စဉ် အသျှင် မောဂ္ဂလ္လာန် ကြွလာတော်မူ၍ ကြည်ညိုသဖြင့် ပုဝါနွမ်းဖြင့် ထုပ်ထားသော မုယောမုံ့ကို လှူဒါန်းခဲ့ပြီးလျှင် ပဲခင်းကို နွားမစားရန် လျင်မြန်စွာ အပြေးတွင် မြွေခဲ၍ သေဆုံးရာ တာဝတိံသာနတ်ပြည်၌ ခြောက်ဆယ့်လေးယောက်သော နတ်ကချေသည်တို့၏ အဖျော်အဖြေကို ခံလျက် လဝန်းကဲ့သို့သော ဗိမ္မာန်တွင် ပျော်စံရသောနတ်သား...

လက်ကောက် လက်ကြပ်စသော လက်ဝတ်တန်ဆာတို့ကို ဝတ်ဆင်အပ်သော၊ များသော အခြံအရံရှိသော၊ ကြာမြင့်စွာတည်သော မြင့်သော ဗိမာန်၌ လမင်းကဲ့သို့ (တင့်တယ်စွာ ထိုင်နေသော) ဂေါပါလကနတ်သားကို ရဟန်းတော် (အသျှင် မဟာမောဂ္ဂလ္လာန်)သည် မြင်၍ မေး၏။ 1159

တန်ဆာဆင်ယင်ထားသော၊ ပန်းတို့ကို ပန်ဆင်သော၊ ကောင်းစွာ ဝတ်ရုံထားသော၊ ကောင်းသော နားတောင်းလည်း ရှိသော၊ ဆံမုတ်ဆိတ် ပြုပြင်ထားသော၊ လက်ဝတ် တန်ဆာတို့ကို ဝတ်ဆင်ထားသော သင် နတ်သားသည် များသော အခြံအရံရှိသည် ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌ လဝန်းကဲ့သို့ တင့်တယ်၏။ 1160

နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ် ရှိကုန်သော၊ ကောင်းသော သဘောရှိကုန်သော၊ များမြတ်သော စည်းစိမ် ရှိကုန်သော၊ တာဝတိံသာ နတ်ပြည်၌ နေလေ့ ရှိကုန်သော၊ ခြောက်ကျိပ် လေးယောက်သော နတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏၊ သင့်ကို ဝမ်းမြောက်လည်း ဝမ်းမြောက် စေကြကုန်၏။ 1161

အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံခြင်းသို့ ရောက်သော သင် နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း ဟု (အသျှင်မဟာ မောဂ္ဂလ္လာန်က မေး၏)။ 1162

ထိုနတ်သားသည် (အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍) ဝမ်းမြောက် ဝမ်းသာ။ပ။ ဤ (မျက်မှောက် ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။ 1163

အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘဝ လူဖြစ်ခဲ့စဉ်က သူတစ်ပါး နွားမတို့ကို ပေါင်းရုံး၍ စောင့်ရှောက်ခဲ့ရပါ၏၊ ထိုအခါ ရဟန်းမြတ် (အသျှင်မောဂ္ဂလ္လာန် အရှင်ဘုရား)သည် အကျွန်ုပ်၏ အနီးသို့ ရောက်လာပါ၏၊ နွားမတို့သည် လည်း ပဲပင်တို့ကို စားခြင်းငှါ သွားကြပါကုန်၏။ 1164

အရှင်ဘုရား ထိုအခါ (အကျွန်ုပ်အား) ယခုအခါ ပြုရန် ကိစ္စနှစ်မျိုး ရှိ၏၊ နှစ်မျိုးစလုံးကို ပြုအပ်၏ဟု ကြံအောက်မေ့ပြီးမှ အကျွန်ုပ်သည် သင့်လျော်သော အားဖြင့် ဖြစ်သော အမှတ်သညာကို ရသောကြောင့် ပေးလှူအံ့ဟု နှလုံးပြုလျက် မုယောမုန့်ထုပ်ထားသော ပုဝါနွမ်းကို (ခံယူစေသည်၏ အစွမ်းဖြင့် အရှင်ဘုရား၏ လက်၌) တင်ထား လှူဒါန်းခဲ့ပါ၏။ 1165

အရှင်ဘုရား (ပဲခင်းရှင်၏ ပဲတည်းဟူသော) ဤဥစ္စာကို ဤ(နွားအပေါင်း)သည် မဖျက်ဆီးမီ ထိုအကျွန်ုပ်သည် ပဲခင်းဆီသို့ အဆောတလျင် ပြေးသွားခဲ့ပါ၏၊ ထိုအရပ်၌ အကျွန်ုပ် အဆောတလျင် ပြေးသွားစဉ် အကျွန်ုပ်၏ ခြေတို့ကို အဆိပ်ထန်သော မြွေဟောက်သည် ကိုက်ခဲ့ပါ၏။ 1166


အရှင်ဘုရား ထိုအကျွန်ုပ်သည် (ထိုအခါ၌) ဆင်းရဲခြင်းသို့ ရောက်ခဲ့ပါ၏၊ သေလောက်သော ဆင်းရဲသည် နှိပ်စက်အပ်ပါ၏၊ ရဟန်းတော်သည်လည်း အကျွန်ုပ်ကို ချီးမြှောက်ခြင်းငှါ ထိုမုယောမုန့်ထုပ်ကို ကိုယ်တိုင်ဖြေ၍ မုယောမုန့်ကို သုံးဆောင်တော်မူ၏၊ အကျွန်ုပ်သည် ထိုလူ၏ အဖြစ်မှ စုတေ၍ သေလွန်ခဲ့သော် နတ်ဖြစ်ပါ၏။ 1167

(အရှင်ဘုရား) အကျွန်ုပ်သည် ထိုမုယောမုန့်ကို ပေးလှူသော ကုသိုလ်ကံကို သာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာခြင်း ၏ အကြောင်းဖြစ်သော ကံ၏ အကျိုးကိုလည်း မိမိကိုယ်တိုင် ခံစားရပါ၏၊ အရှင်ဘုရားအရှင် ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော် မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည်) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေစွာ ရှိခိုးပါ၏။ 1168

(အရှင်ဘုရား) နတ် မာရ်နတ်နှင့်တကွသော သတ္တလောက၌ အရှင်ဘုရားထက် ချီးမြှောက်တတ်သော အရှင်ဘုရားမှ တစ်ပါးသော ရဟန်း မရှိပါ၊ အရှင်ဘုရား သည် သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော် မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည်) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေစွာ ရှိခိုးပါ၏။ 1169

(အရှင်ဘုရား) ဤလောက၌ လည်းကောင်း, တမလွန်လောက၌ လည်းကောင်း အရှင်ဘုရားထက် ချီးမြှောက်တတ်သော အရှင်ဘုရားမှ တစ်ပါးသော ရဟန်း မရှိပါ၊ အရှင်ဘုရား အရှင်ဘုရားသည်သာလျှင် (အကျွန်ုပ်ကို) လွန်စွာ ချီးမြှောက်တော် မူအပ်ပါ၏၊ အရှင်ဘုရား (အကျွန်ုပ်သည်) ပြုအပ်သော ကျေးဇူးကို သိခြင်းကြောင့် အရှင်ဘုရားကို ရိုသေစွာရှိခိုးပါ၏ဟု လျှောက်ထား၏။

ခြောက်ခုမြောက်သော ဂေါပါလဝိမာနဝတ္ထု ပြီး၏။

၆ - ဂေါပါလဝိမာနဝတ္ထု၊ သုနိက္ခိတ္တဝဂ်၊ ဝိမာနဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကာမသုတ် - ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက်ကြကုန်၏...

ကာမသုတ် - (ချစ်ကြိုက်ခြင်း၊ လိုချင်တောင့်တခြင်း၊ စင်စစ်၊ အကယ်၍)

ရဟန်းတို့ သတ္တဝါတို့သည် များသောအားဖြင့် ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက်ကြကုန်၏။ ရဟန်းတို့ အမျိုးကောင်းသားသည် မြက်ရိတ် တံစဉ်နှင့် မြက်ထမ်း ထမ်းပိုးကို စွန့်ပစ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါမူ ''ယုံကြည်မှုဖြင့် ရဟန်းပြုသော 'သဒ္ဓါပဗ္ဗဇိတ' အမျိုးကောင်းသား'' ဟု ဆိုသင့်၏။

ထိုသို့ ဆိုသင့်ခြင်းသည် အဘယ်ကြောင့်နည်း။

ရဟန်းတို့ မည်သည့် ကာမဂုဏ်မျိုးမဆို ပျိုမျစ်နုနယ် ငယ်ရွယ်သူသာ ရနိုင်၏၊ ရဟန်းတို့ အောက်တန်းစား ကာမဂုဏ် ဖြစ်စေ အလတ်တန်းစား ကာမဂုဏ် ဖြစ်စေ အထက်တန်းစား ကာမဂုဏ်ဖြစ်စေ ကာမဂုဏ် အားလုံးတို့သည် ''ကာမဂုဏ်တို့'' ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။

ရဟန်းတို့ ပက်လက် အိပ်တတ်ကာမျှဖြစ်၍ နုနယ်ငယ်ရွယ်သော သူငယ်သည် အထိန်း၏ ပေါ့လျော့မှုကြောင့် သစ်သားစကို ဖြစ်စေ အိုးခြမ်းကွဲကို ဖြစ်စေ မျိုရာ၏၊ ထိုအရာကို အထိန်းသည် အလျင်အမြန် နှလုံးသွင်းပြီးလျှင် အလျင်အမြန် ထုတ်ယူရာ၏၊ အကယ်၍ အလျင်အမြန် ထုတ်ယူရန် မတတ်နိုင်ပါမူ လက်ဝဲ လက်ဖြင့် ဦးခေါင်းကို ကိုင်ကာ လက်ယာလက်ဖြင့် လက်ညှိုးကို ကွေး၍ သွေးနှင့် တကွသော်လည်း ထုတ်ယူရာ၏။ ထိုသို့ ပြုရခြင်းသည် အဘယ်ကြောင့်နည်း။ ရဟန်းတို့ သူငယ်ကို ညှဉ်းပန်းမှုသည်ကား ရှိပေ၏၊ မရှိဟု ငါ မဆို၊ ရဟန်းတို့ သို့ပင်ရှိလင့်ကစား အကျိုးကို လိုလား၍ အစီးအပွါးကို ရှာမှီးတတ် သနားစောင့် ရှောက်တတ်သော အထိန်းသည် သနား စောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ဤအမှုမျိုးကို ပြုလုပ်သင့်သည်သာတည်း။


ရဟန်းတို့ ထိုသူငယ် ကြီးပြင်းလာ၍ အသိဉာဏ် ရှိလောက်သောအခါ အထိန်းသည် ထိုသူငယ်၌ ကြည့်ရှုဖွယ် မလို၊ ဤအခါ၌ သူငယ်သည် မိမိကိုယ်ကို စောင့်ရှောက်နိုင်သူ ဖြစ်၏၊ မေ့လျော့တော့မည် မဟုတ်ချေ။

ရဟန်းတို့ ဤအတူပင် ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါ' ရှက်မှု 'ဟိရီ' ကြောက်လန့်မှု 'သြတ္တပ္ပ' အားထုတ်မှု 'ဝီရိယ' သိမှု 'ပညာ' တို့ဖြင့် ကုသိုလ် တရားတို့၌ (ပြုလုပ်သင့်သည်ကို) မပြုလုပ်သေးသမျှ ကာလပတ်လုံး ငါသည် ထိုရဟန်းကို စောင့်ရှောက် ထိန်းသိမ်းထားရမည်သာတည်း။

ရဟန်းတို့ ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါ' ရှက်မှု 'ဟိရီ' ကြောက်လန့်မှု 'သြတ္တပ္ပ' အားထုတ်မှု'ဝီရိယ' သိမှု'ပညာ'တို့ဖြင့် ကုသိုလ်တရားတို့၌ ပြုလုပ်သင့်သည်ကို ပြုလုပ်သော ဤအခါ၌မူကား ငါသည် ထိုရဟန်း၌ ကြည့်ရှုဖွယ် မလို၊ ဤအခါ၌ ရဟန်းသည် မိမိကိုယ်ကို စောင့်ရှောက်နိုင်သူ ဖြစ်ပေ၏၊ မေ့လျော့တော့မည် မဟုတ်ချေ ဟု မိန့်တော်မူ၏။ 7

၇ - ကာမသုတ်၊ သေခဗလဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, August 12, 2009

စွန့်လွှတ်ခြင်းကို သူတော်ကောင်းတို့ ချီးမွမ်းကုန်၏...


သဇ္ဈာယသုတ် - (စီးဖြန်းခြင်း၊ သရဇ္ဈယ်ခြင်း)

အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ၌ ထိုရဟန်းသည် ရှေးက သရဇ္ဈာယ်ခြင်းများသည်ဖြစ်၍ အချိန်ကြာမြင့်စွာ နေခဲ့ပြီးမှ နောက်အခါ၌ ကြောင့်ကြမဲ့ ဆိတ်ဆိတ် နေလျက် ဖလသမာပတ် ချမ်းသာဖြင့် ကာလကို လွန်စေ၏၊

ထိုအခါထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်း၏ သရဇ္ဈာယ်သော တရားတော်ကို မကြားရသည် ဖြစ်၍ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

''ရဟန်း အဘယ့်ကြောင့် သင်သည် တရားတော်တို့ကို မသရဇ္ဈာယ်သနည်း၊ ရဟန်းတို့နှင့် ပေါင်းဖော်သောသူသည် တရားကို နာရသောကြောင့် မျက်မှောက် ဘဝ၌ ကြည်ညိုခြင်းကိုလည်းရပါ၏၊ ချီးမွမ်းခြင်းကိုလည်း ခံရပါ၏'' ဟု လျှောက်၏။

''ငါတို့သည် အရိယမဂ်သို့ မရောက်သေးမီ ရှေးအခါက တရားတော်တို့၌ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ဆန္ဒဖြစ်ပေါ်ခဲ့ပြီ၊ အရိယမဂ်သို့ ရောက်ပြီးသော အခါ၌မူကား မြင်အပ် ကြားအပ် တွေ့ထိအပ်သော တရားအားလုံးကို သိ၍ စွန့်လွှတ်ခြင်းကို သူတော်ကောင်းတို့ ချီးမွမ်းကုန်၏'' ဟု မိန့်ဆို၏။ 230

၁ဝ - သဇ္ဈာယသုတ်၊ ၀နသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, August 11, 2009

လောက၏ သာယာဖွယ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏...



ပဌမ အဿာဒသုတ် - (သာယာခြင်း)


ရဟန်းတို့ ငါသည် လောက၏ သာယာဖွယ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောက၌ ယင်းသာယာဖွယ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ သာယာဖွယ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ ငါသည် လောက၏ အပြစ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ ဖူး၏၊ လောက၌ ယင်း အပြစ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ အပြစ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ ငါသည် လောကမှ ထွက်မြောက် ရာကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောကမှ ထွက်မြောက်ရာကို သိရပြီ၊ လောကမှ ထွက်မြောက်ရာ ရှိရှိသမျှကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ် အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်တိုင်း မှန်စွာ ပိုင်ပိုင်နိုင်နိုင် မသိရသေးသမျှ ကာလပတ် လုံး နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ငါ ဝန်မခံခဲ့ပေ။ ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်
ဟုတ်တိုင်း မှန်စွာ ပိုင်ပိုင်နိုင်နိုင် သိသော အခါ၌မူကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွ သော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ''ငါ၏ အရဟတ္တ ဖိုလ်သည် မပျက်စီးနိုင်ပြီ၊ ဤဘဝသည် နောက်ဆုံးဘဝ ဖြစ်၏၊ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း သဘောသည် မရှိတော့ပြီ'' ဟု ငါ့အား (ပစ္စဝေက္ခဏာ) ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပြီဟု (မိန့်တော်မူ၏)။ 105

၂ - ပဌမ အဿာဒသုတ်၊ သမ္ဗောဓဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သီလဗ္ဗတသုတ်...

သီလဗ္ဗတသုတ် ...

ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည်- ''အာနန္ဒာ အသက်ဆံဖျား အားထုတ် အပ်သော အလေ့အကျင့် လည်းကောင်း၊ မြတ်သော အကျင့်ကို ကျင့်သုံးမှု လည်းကောင်း၊ အထင်အားဖြင့်ဖြစ်သော အမြတ်တရား လည်းကောင်း ထို အားလုံးသည် (လိုအပ်သော) အကျိုး ရှိပါသလော'' ဟု(မေးတော်မူ၏)။

အသျှင်ဘုရား ဤအရာ၌ မုချအားဖြင့် မဖြေဆိုသင့်ပါဟု (လျှောက်၏)။

အာနန္ဒာ သို့ဖြစ်လျှင် ဝေဖန်လော့ ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကြင် သို့သဘောရှိသော အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သောအကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့ကို မှီဝဲသောသူအား အကုသိုလ် တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏။

ဤသို့သဘောရှိသော အသက်ဆံဖျား အားထုတ်အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့သည် အကျိုးမရှိနိုင်ပါ။ အသျှင်ဘုရား အသက်ဆံဖျား အားထုတ်အပ်သော အလေ့ အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားတို့ကို မှီဝဲသောသူအား အကုသိုလ် တရားတို့ ဆုတ်ယုတ် ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွါးကုန်၏။

ဤသို့သဘောရှိသော အသက် ဆံဖျား အားထုတ် အပ်သော အလေ့အကျင့်, မြတ်သော အကျင့်ကို ကျင့်သုံးမှု, အထင်အားဖြင့် ဖြစ်သော အမြတ်တရားသည် အကျိုးရှိနိုင်ပါ၏ဟု (လျှောက်၏)။

အသျှင်အာနန္ဒာသည် ဤစကားကို လျှောက်၏၊

မြတ်စွာဘုရားသည် နှစ်သက်တော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် ''ငါ့စကားကို မြတ်စွာဘုရား နှစ်သက်တော် မူပါပေသည်'' ဟု ထိုင်ရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြုလျက် ဖဲခွါသွားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာ ဖဲသွား၍ မကြာမီပင် ရဟန်းတို့ကို ''ရဟန်းတို့ အာနန္ဒာကား ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ် သာတည်း၊ ယင်းသို့ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်ဖြစ်လင့်ကစား ထို အာနန္ဒာနှင့် ပညာအရာ ထပ်တူထပ်မျှ တူညီသူကို ရလွယ်သော သဘောရှိသည် မဟုတ်ပေ'' ဟု မိန့်တော်မူ၏။ 79

၈ - သီလဗ္ဗတသုတ်၊ အာနန္ဒဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, August 10, 2009

ရဟန်းတို့ ရာဟုလာကို ဤသို့ ရှင်သာမဏေ ပြုပေးရမည်...

ရာဟုလာ ဝတ္ထု...

တစ်ရံရောအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူ ပြီးလျှင် ကပိလဝတ်ပြည်သို့ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူ လတ်သော် ထိုကပိလဝတ်ပြည်သို့ ရောက်တော်မူ၍ သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းကြီး၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် သုဒ္ဓေါဒန သာကီဝင်မင်းကြီး၏ နန်းတော်သို့ ချဉ်းကပ်ပြီးနောက် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ ရာဟုလာ၏ မယ်တော် (ယသော်ဓရာ) ဒေဝီသည် ရာဟုလာမင်းသားကို ''ချစ်သား ရာဟုလာ ဤရဟန်းသည် သင်၏ အဖတည်း၊ သွားလော့ အမွေတောင်း ချေလော့'' ဟု ပြောဆို၏။

ထိုအခါ ရာဟုလာ မင်းသားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ''ရဟန်း သင်၏ အရိပ်သည် ချမ်းအေးလှစွာ၏''ဟုဆို၍ မြတ်စွာဘုရား၏ ရှေ့၌ ရပ်တည်၏။

မြတ်စွာဘုရားသည် နေရာမှ ထ၍ ဖဲခွါ ကြွသွားတော်မူသောအခါ ရာဟုလာ မင်းသား သည် ''ရဟန်း အကျွန်ုပ်အား အမွေပေးပါလော့၊ ရဟန်း အကျွန်ုပ်အား အမွေပေးပါလော့'' ဟု ဆိုလျက် မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို ''ချစ်သား သာရိပုတ္တရာ သင်သည် ရာဟုလာမင်းသားကို ရှင်ပြုပေးလေလော့'' ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ရာဟုလာမင်းသားကို အဘယ်သို့ ရှင်ပြုပေးရပါ အံ့နည်း ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ သရဏဂုံသုံးပါးတို့ဖြင့် ရှင်သာမဏေ ပြုခြင်းကို ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့ ရှင်သာမဏေ ပြုပေးရမည်၊

၁...
ရှေ့ဦးစွာ ဆံမုတ်ဆိတ်တို့ကို ပယ်စေ၍၊

၂...
ဖန်ရည် ဆိုးသော အဝတ်တို့ကို ဝတ်ရုံစေပြီးလျှင်၊ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံ 'ဧကသီ' ကို စံပယ်တင်စေ၍ ရဟန်းတို့၏ ခြေတို့ကို ရှိးခိုးစေကာ ဆောင့်ကြောင့်ထိုင်စေပြီးလျှင် လက်အုပ်ချီစေလျက် 'ဤသို့ ဆိုလော့' ဟု ပြောဆိုရမည်။

၃...
'မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။

နှစ်ကြိမ်မြောက်လည်း...
'မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။

သုံးကြိမ်မြောက်လည်း...
'မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ ဟု ဆိုလော့ဟု ပြောဆိုရမည်။
(((ကိုရင်ဝတ်လျှင် ဤသုံးမျိုးသာ လိုပါသည်)))

''ရဟန်းတို့ ဤသုံးပါးသော သရဏဂုံတို့ဖြင့် ရှင်သာမဏေပြုခြင်းကို ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ အရှင်သာရိပုတ္တရာသည် ရာဟုလာမင်းသားကို ရှင်ပြုပေးလေ၏။

ထိုအခါ သုဒ္ဓေါဒနသာကီဝင်မင်းကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် သုဒ္ဓေါဒန သာကီဝင်မင်းကြီးသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအား ဆုတစ်ခုကို တောင်းလိုပါ၏'' ဟု လျှောက်၏။

ဂေါတမအနွယ်ဖြစ်သောမင်းကြီး...
မြတ်စွာဘုရားတို့သည် ဆုပေးခြင်းမှ လွန်မြောက်ကုန်၏ ဟု (မိန့်တော်မူရာ) -

အသျှင်ဘုရား တောင်းမည့်ဆုသည် အပ်လည်း အပ်ပါ၏၊
အပြစ်လည်း မရှိပါ ဟု လျှောက်၏။

ဂေါတမအနွယ် ဖြစ်သော မင်းကြီး ဆိုလော့ ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရား ရဟန်းပြုစဉ်က အကျွန်ုပ်အား အတိုင်းမသိသော ဆင်းရဲ 'ဒုက္ခ' ဖြစ်ရပါ၏၊ နန္ဒမင်းသား ရဟန်းပြုသည် ရှိသော် ထို့အတူပင် ဆင်းရဲ 'ဒုက္ခ' ဖြစ်ရပါ၏၊ ရာဟုလာ ရဟန်း ပြုရာ၌ကား လွန်ကဲသော ဆင်းရဲ 'ဒုက္ခ' ဖြစ်ရပါ၏။ အသျှင်ဘုရား သား၌ ချစ်ခြင်းသည် အရေပါးကို ဖောက်ထွင်း၍ အရေထူကို, အရေထူမှ အသားကို, အသားမှ အကြောကို, အကြောမှ အရိုးကို ဖောက်ထွင်း၍့ ရိုးတွင်း ခြင်ဆီသို့ ထိအောင် တည်ပါ၏။ အသျှင်ကောင်းတို့သည် အမိအဖတို့ ခွင့်မပြုသော သားကို ရှင်ရဟန်း ပြုမပေးပါရန် တောင်းပန်ပါသည် အသျှင်ဘုရားဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် သုဒ္ဓေါဒန သာကီဝင်မင်းကြီးအား တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကိုဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေတော်မူ၏။

ထိုအခါ သုဒ္ဓေါဒနသာကီဝင်မင်းကြီးသည် မြတ်စွာဘုရားက တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ဤသို့သော အကြောင်းအရာကြောင့် တရားစကား ကို ဟောတော်မူ၍ ရဟန်းတို့ကို- ''ရဟန်းတို့ အမိအဖတို့ ခွင့်မပြုသော သားကို ရှင်ရဟန်းပြုမပေးရ၊ ရှင်ရဟန်း ပြုပေးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏'' ဟု မိန့်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီးလျှင် သာဝတ္ထိပြည်သို့ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည် ရှိသော် ထိုသာဝတ္ထိပြည်သို့ ရောက်တော် မူ၍ ထိုသာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ အသျှင်သာရိပုတ္တရာ၏ အလုပ်အကျွေးဒါယကာသည် ''မထေရ်သည် ဤသူငယ်ကို ရှင်ပြုပေးတော်မူပါ'' ဟု အသျှင်သာရိပုတ္တရာထံသို့ သူငယ်ကို စေလွှတ်၏။ ထိုအခါ အသျှင်သာရိပုတြာအား ''မြတ်စွာဘုရားသည် ရဟန်းတစ်ပါး တည်း သာမဏေနှစ်ယောက်တို့ကို မလုပ်ကျွေးစေအပ်ဟု ပညတ် တော်မူ၏၊ ငါ့အားလည်း ဤရာဟုလာ သာမဏေသည် ရှိ၏၊ ငါသည် အဘယ်သို့ ကျင့်ရပါ အံ့နည်း'' ဟု အကြံ ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။

''ရဟန်းတို့ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းတစ်ပါးသည် သာမဏေ နှစ်ယောက်တို့ကို လုပ်ကျွေးစေရန်လည်းကောင်း အကြင်မျှလောက်သော သာမဏေတို့ကို သွန်သင်ဆုံးမခြင်းငှါ စွမ်းနိုင်၏၊ ထိုမျှလောက်သော သာမဏေ တို့ကို လုပ်ကျွေးစေရန်လည်းကောင်း ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။ 105

၄၁ - ရာဟုလာ ဝတ္ထု၊ မဟာခန္ဓက၊ မဟာဝဂ်ပါဠိတော်။ ယသောဓရာ



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အကြောင်းငါးမျိုးတို့ဖြင့် ချီးမြှောက်အပ်သည်...

အနုဂ္ဂဟိတသုတ် - (ချီးမြှောက်အပ်သည်)

ရဟန်းတို့ အကြောင်းငါးမျိုးတို့ဖြင့် ချီးမြှောက်အပ်သည့် မှန်ကန်သော အယူ 'သမ္မာဒိဋ္ဌိ' သည် စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု (မဂ်ဖိုလ်သမာဓိ) အကျိုးလည်း ရှိ၏၊ စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု (မဂ်ဖိုလ်သမာဓိ) အကျိုးအာနိသင်လည်း ရှိ၏၊ ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးလည်း ရှိ၏။ ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုး အာနိသင်လည်း ရှိ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ...
ဤသာသနာတော်၌ မှန်ကန်သော အယူ 'သမ္မာဒိဋ္ဌိ' ကို...

သီလဖြင့်လည်း ချီးမြှောက်အပ်၏။
အကြားအမြင်ဖြင့်လည်း ချီးမြှောက်အပ်၏။
ဆွေးနွေးမှုဖြင့်လည်း ချီးမြှောက်အပ်၏။
သမထဖြင့်လည်း ချီးမြှောက်အပ်၏။
ဝိပဿနာဖြင့်လည်း ချီးမြှောက်အပ်၏။

ရဟန်းတို့
ဤ အကြောင်းငါးမျိုးတို့ဖြင့်
ချီးမြှောက်အပ်သော မှန်ကန်သောအယူ 'သမ္မာဒိဋ္ဌိ' သည်

စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးလည်း ရှိ၏၊
စိတ်၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုး အာနိသင်လည်း ရှိ၏၊
ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုးလည်း ရှိ၏။
ပညာ၏ (ကိလေသာမှ) လွတ်မြောက်မှု အကျိုး အာနိသင်လည်း ရှိ၏ ဟု မိန့်တော်မူ၏။ 25

၅ - အနုဂ္ဂဟိတသုတ်၊ ပဉ္စင်္ဂကဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။