နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, December 3, 2008

ဝတပဒသုတ်- (ကျင့်ဝတ်)

ဝတပဒသုတ်- (ကျင့်ဝတ်)

သာဝတ္ထိနိဒါန်း...
ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်က ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာဆောက်တည်အပ်ကုန်ပြီ၊ ယင်းခုနစ်ပါး ကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည် ၏ အဖြစ်ကြောင့် သိကြားမင်း၏ အဖြစ်ကို ရ၏၊

ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ဟူသည် အဘယ်တို့နည်း-

(၁) အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေးမွေးမြူသူ ဖြစ်ပါအံ့၊
(၂) အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိသူ၊
(၃) အသက်ထက်ဆုံး သိမ်မွေ့သော စကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊
(၄) အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့ မရှိသူ ဖြစ်ပါအံ့၊
(၅) အသက်ထက်ဆုံး လွတ်လွတ် စွန့်ကြဲခြင်းရှိသူ၊ ပေးလှူရန် အခါခပ်သိမ်း စင်ကြယ်သောလက်ရှိသူ၊ စွန့်လှူခြင်း၌ မွေ့လျော်သူ၊ သူတစ်ပါးတို့ တောင်းခံခြင်း ငှါ ထိုက်သူ၊ ပေးကမ်းလှူဒါန်း ဝေဖန်ခြင်း၌ မွေ့လျော်သူဖြစ်၍ ၀န်တိုခြင်းကင်း သော စိတ်ဖြင့် အိမ်ကို အုပ်စိုးနေသူ ဖြစ်ပါအံ့၊
(၆) အသက်ထက်ဆုံး မှန်သော စကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊
(၇) အသက်ထက်ဆုံး အမျက်ထွက်ခြင်း မရှိသူ {{အကယ်၍ ငါ့အား အမျက်ထွက် ခြင်း ဖြစ်စေကာမူ ထိုအမျက်ကို လျင်စွာသာလျှင် ပယ်ဖျောက်နိုင်သူ}} ဖြစ်ပါအံ့၊ ဤသည်တို့တည်း။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်က ခုနစ်ပါးကုန်သော ဤ ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာဆောက်တည်အပ်ကုန်ပြီ၊ ယင်းခုနစ်ပါး ကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည် ၏ အဖြစ်ကြောင့် သိကြားမင်း၏ အဖြစ်ကို ရပြီဟု ဟောတော်မူ၏။

၁ - ၀တပဒသုတ်၊ ဒုတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။