နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, December 26, 2008

သောမနဿသုတ်- (၀မ်းမြောက်ပါသည်၊ နှစ်သက်ပါသည်)

သောမနဿသုတ်- (၀မ်းမြောက်ပါသည်၊ နှစ်သက်ပါသည်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ကိုယ်ချမ်း သာခြင်း စိတ်ချမ်းသာခြင်းများလျက် နေရ၏။ ထိုရဟန်းသည် အာသဝေါတရားတို့ ကုန်ခြင်း၏ အကြောင်းကို အားထုတ်အပ်သည် ဖြစ်၏။

အဘယ် နှစ်ပါးတို့နည်း-

၁။ သံဝေဂဖြစ်စေတတ်သော အရာတို့၌ သံဝေဂဖြစ်ခြင်း၊
၂။ သံဝေဂဖြစ်သူအား အကြောင်းအားလျော်စွာ အားထုတ်ခြင်း။

ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ကိုယ် ချမ်းသာခြင်း စိတ်ချမ်းသာခြင်း များလျက် နေရ၏။ ထိုရဟန်းသည် အာသဝေါ တရားတို့ ကုန်ခြင်း၏ အကြောင်းကိုအား ထုတ်အပ်သည် ဖြစ်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက် သဘောကို -
''ပညာရှိသော ကိလေသာကို ပူပန်စေတတ်သည့် လုံ့လရှိသော ရင့်ကျက်သော ပညာရှိသော ရဟန်းသည် သံဝေဂ ဖြစ်စေတတ်သော အရာတို့၌ ပညာဖြင့် ဆင်ခြင်၍ သံဝေဂ ဖြစ်သည်သာတည်း။
ဤသို့ ပြင်းထန်သော လုံ့လရှိလျက် မတုန်မလှုပ်မူ၍ ငြိမ်သက်စွာ ဖြစ်ခြင်းရှိသော စိတ်၏ တည်ကြည်မှုကို အားထုတ်၍ နေလေ့ရှိသော ရဟန်းသည် ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်နိုင်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၁ဝ - သောမနဿသုတ်၊ ပဌမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။